မဟာလမ်းစဉ်၏ ဓားအသိသည် ကောင်းကင်တစ်ခွင်သို့ စီးဆင်းလာခဲ့ကာ ထိုနေရာ တစ်ခုလုံးအား ရိုက်ခတ် သွားခဲ့သည်။
မရေမတွက်နိုင်သော တန်ခိုးရှင်များသည် ထိုအခိုက်တွင် ဖြစ်ပေါ်လာသော ဟင်းလင်းပြင်ထက်မှ ကြောက်စရာ မြင်ကွင်းကြီးအား မော့ကြည့်ကြသည်။ ကောင်းကင်တွင် ဖိနှိပ်နိုင်သော ဓားအလင်း အရံအတားတစ်ခု ဖြစ်ပေါ် လာခဲ့၏။
ထိုအရာက ရှန့်ထို အရှိန်အဝါ ဖြစ်သည်။
ကောင်းကင်ထက်၌ ရှန့်ထိုဓားများ တိုက်ခိုက် နေကြ၏။
မည်သူတို့ ဖြစ်ကြသနည်း။
ထိုအခိုက်တွင် ဓားအသိများမှာ နေရာတိုင်းတွင် ရှိနေဟန်ရ၏။ မရေမတွက်နိုင်သော သူများသည် ကောင်းကင်ထက်မှ တိုက်ပွဲကို ထိတ်လန့်တကြား ကြည့်ကြ၏။
ရာရာသည် ဓားအသိ စက်ကွင်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေကာ မဟာလမ်းစဉ်၏ စွမ်းအားများသည် သူမ ဖြတ်သန်း ပျံသန်းလာရာ လမ်းတစ်လျှောက် စီးဆင်း နေခဲ့၏။ ထိုအခိုက်တွင် ကောင်းကင်၌ မရဏဓား ဝင်္ကပါသည် အလွန်အမင်း လင်းလက်၏။ အဆုံးအစမဲ့သော ဓားအသိသည် ဓားနှင့်အတူ ထွက်ပေါ် လာခဲ့လျှင် ပြင်းထန်သော ရင်ဆိုင် တိုက်ခိုက်မှုများ ဖြစ်ပွားသည်။ သူမ၏ဓားသည် တစ်ဖက်လူ၏ဓားအား အဆက်မပြတ် နောက်ဆုတ်စေ၏။ ပြင်းထန်သော စွမ်းအားလှိုင်းများ မှာလည်း နေရာအနှံ့ ရိုက်ခတ်နေဆဲဖြစ်ရာ လူအများမှာ နောက်သို့ ဆုတ်ပြီးရင်း ဆုတ်ကြရ၏။
ဤသို့ဆိုလျှင် တစ်ဖက်မှ တိုက်ခိုက်သူမှာ သေချာပေါက် မရဏဓား နတ်မယ်ဝင်စားသူ ဖြစ်ရပေတော့မည်။ သူမက ဤမျှလောက် အထိပင် အားကောင်း နေပြီလား။
ဘုန်း … ထိုအခိုက်တွင် အလွန်တရာ ပြင်းထန်သော ဓားချက်တွင် မိုင် သုံးထောင်ဓားသည် တစ်စတစ်စ ပြိုပျက်လာခဲ့ကာ ဖုန်မှုန့်များ အသွင်သို့ ပြောင်းလဲ ပျောက်ကွယ် သွားတော့သည်။ များမကြာမီ ထိုနေရာ တစ်ခုလုံးအား အေးစက်သော အသံတစ်ခု ရိုက်ခတ် လာခဲ့၏။
“လီဟန်ဓား နန်းတော်က ဓားသမားတွေ ဒီလိုပဲ ပြုမူနေမယ်ဆိုရင် ဓားသမားအဖြစ် မခံယူတာ ကောင်းမယ်။ ဒါက ဓားသမားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်”
အသံသည် မိုင်ထောင်ပေါင်း များစွာအထိ ပျံ့နှံ့သွားဟန် ရ၏။ မရေမတွက်နိုင်သော လူများသည် ထိုအသံကို ကြားကာ ပြင်းထန်စွာ တုန်လှုပ် သွားကြ၏။ လီဟန်ဓား နန်းတော်မှ လူများသည် ဂုဏ်သိက္ခာ ကင်းမဲ့ကြောင်း ပြောဆိုသော သူများ အမှန်တကယ် ရှိနေသည်။
လီဟန်ဓား နန်းတော်၏ တစ်နေရာတွင် အကြီးအကဲ တစ်ယောက်သည် ညည်းသံ တစ်ချက် ပေး၏။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့၏။ သူ့အနီးမှ ဓားအသိများသည်လည်း ကျဲပါးသွား၏။ လီရန်ရှန့်ထိုဓားက သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ကာ အဝေးဆီသို့ ကြည့်သည်။
မရဏဓား နတ်မယ် …
အတိတ်၌ မရဏဓား နတ်မယ်နှင့် လီဟန်ဓား သခင်တို့သည် အင်ပါယာရှားဘုံ၌ အတော်ဆုံး ဓားသမားများ အဖြစ် နာမည် ကျော်ကြားကာ သူတို့က အမှန်တကယ် နံပါတ်တစ်ဓားသမား နေရာအတွက် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့ဖူးကြ၏။
သို့ဖြင့် မရဏဓားနတ်မယ် ပြန်လာပြီဟု ဆိုနိုင်ပြီလော …
သူသည် ပုံမှန်အားဖြင့် သူမ၏ စကားကို ကြားပေသည်။ အမှန်တကယ်လည်း သူတို့ဘက်မှ ဦးဆုံး အမှား ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့အနေဖြင့် သူ့လက်ရင်း တပည့်တစ်ဦး အသတ်ခံရမည့် အရေးတွင် သည်အတိုင်း ထိုင်နေ၍လည်း မရပေ။ ထို့ကြောင့် သူက သိပ်မတွေးတော့။
လီဟန်ဓား နန်းတော်မှ ဓားသမားများ၏ ဂုဏ်သိက္ခာနှင့် ပတ်သက်၍မူကား သူတို့သည် အင်ပါယာရှားဘုံ အတွင်း၌ နှစ်ပေါင်းများစွာ ဂုဏ်သိက္ခာ ကြီးမားစွာ ရပ်တည်လာခဲ့သော ထိပ်သီး အင်အားစု ဖြစ်သည်။ ထိုအရာက တစ်နေ့ တစ်ရက်တည်း၊ လူတစ်ယောက်က ဝေဖန်ရုံမျှဖြင့် ပြောင်းလဲ သွားနိုင်သော ကိစ္စမဟုတ်ပေ။ လက်ရှိတွင် လီဟန်ဓား နန်းတော ဆရာသခင်သည်သာ အင်ပါယာရှားဘုံ အတွင်း၌ အတော်ဆုံး ဓားသမား ဖြစ်ပေသည်။
တိုက်ပွဲနေရာတွင် ဓားအသိများ တဖြည်းဖြည်း ကျဲပါး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကြီးမားသော ဖိအားများမှာလည်း ပျောက်ကွယ် သွားပြီဖြစ်သည်။ လူအများအပြားက သက်ပြင်း ရှိုက်လိုက်မိကြ၏။
မြေပြင်တွင် အက်ကွဲကြောင်းများစွာ ဖြစ်နေခဲ့သလို ပတ်ဝန်းကျင် အဆောက်အဦများ မှာလည်း အားလုံး ပျက်စီးခဲ့၏။ လူအများအပြားမှာ တိုက်ပွဲမှ စွမ်းအင် အပိုင်းအစများကြောင့် ဒဏ်ရာများပင် ရ၏။
ယူချင်းသည် အပျက်အစီးပုံထဲတွင် မားမားမတ်မတ် ရပ်နေဆဲဖြစ်သည်။ သို့သော်လည်း သူ့အား သွေးအလိမ်းလိမ်း ပေကျံနေသည်။ လူအများအပြားမှာ ထိတ်လန့်ကြ၏။ သူကား ရှန့်ထိုဓား တစ်ပါး၏ ဓားတစ်ချက်အား ခုခံခဲ့သည့်တိုင် မြေပြင်တွင် ရပ်နေဆဲ ဖြစ်သည်။ သူ့ရုပ်ခန္ဓာကား ရူးသွပ်ဖွယ် ကောင်းအောင် သန်မာသည်။
လီရန်ရှန့်ထိုဓားက အစွမ်းအကုန် တိုက်ခိုက်ခဲ့ခြင်း မဟုတ်သော်လည်း ထိုဓားချက်က ပုံမှန်အားဖြင့် ရှန့်ထိုတစ်ပါး၏ တိုက်ခိုက်မှုဖြစ်သည်။ သာမန် အဆင့်မြင့် ကွန်းရှီသာ ဆိုပါက ထိုနေရာတွင်ပင် မှုန့်ညက်ညက် ကြေသွားပြီ ဖြစ်သည်။
လူအများအပြားက သက်ပြင်း ရှိုက်လိုက်ကြသည်။ ပြည်နယ်ကိုးခုမှ လူများ သည်မျှ အားကောင်းမည်ဟု မထင်မှတ် ထားခဲ့ကြပေ။
လီရန်ရှန့်ထိုဓား ဝင်ပါလာသည်နှင့် သူတို့သည် စိန်ခေါ်ပွဲ၌ ရှုံးနိမ့်ခဲ့ပြီကို အားလုံးက နားလည်ကြ၏။
ယူချင်းက ပတ်ဝန်းကျင်အား ကြည့်သည်။ လီဟန်ဓား နန်းတော်မှ တန်ခိုးရှင်များကား ရှန့်ထိုနှစ်ပါး တိုက်ခိုက်မှု ဖြစ်ပွားကတည်းက ဆုတ်ခွာသွားကြပြီ ဖြစ်သည်။
သူတို့က မရှုမလှ ရှုံးနိမ့်ခဲ့ရာ သူတို့၏ အသက်ကို ကယ်တင်ရန် လီရန်ရှန့်ထိုဓားက ဝင်ပါခဲ့ရ၏။ ထို့ကြောင့် သူတို့သည် ဤနေရာတွင် ဆက်လက် မနေရဲကြတော့ပေ။
လီရန်ရှန့်ထိုဓား၏ ဓားချက်ကြောင့်သာ မဟုတ်ပါက လုချွန်မှာ ယူချင်း လက်ထဲ၌ သေပေသည်။
“မင်း အဆင်ပြေလား…” ယူချင်းက နောက်လှည့်ကာ ရီဝူချင်းအား ပြောသည်။
ရီဝူချင်းသည် မြေပြင်ပေါ်တွင် ထိုင်နေ၏။ သူ့သက်စောင့် ဝိညာဉ်သည် သူ့ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်၏။ သူ့ကိုယ်ရောင်ကိုယ်ဝါသည် တည်ငြိမ်ခြင်း မရှိပေ။ သူက တိုက်ပွဲ၌ ခွန်အားများ အလွန်အကျွံ အသုံးပြုခဲ့ရ၏။
“ငါ အဆင်ပြေတယ်…” ရီဝူချင်းက သွေးအလိမ်းလိမ်း ပေကျံနေသော ယူချင်းအား ကြည့်သည်။
အဝေးမှ အားကောင်းသော ဓားအသိတစ်ခုကို ခံစားကြရသည်။ ဓားတစ်လက်သည် လေထုကို ခွင်းလျက် ပျံသန်းလာခဲ့ကာ ဓားပေါ်တွင် လူနှစ်ယောက် ရပ်လျက် လိုက်ပါ လာကြသည်။
“နောက်ထပ် ရှန့်ထိုတစ်ပါးပဲ …” ဓားပေါ်တွင် စီးနင်း လိုက်ပါလာသော အဘိုးအိုအား ကြည့်ကာ အားလုံးမှာ ထိတ်လန့် ကြရသည်။ ယနေ့ ဘာတွေ ဖြစ်နေသနည်း။
အထက်ဘုံတွင် ရှန့်ထို အများအပြား ရှိကြသော်လည်း သည်အဘိုးအိုမှာ စွမ်းအားကြီးသူ တစ်ဦးအဖြစ် သတ်မှတ် နိုင်သည်။
ဓားပေါ်တွင် ရပ်နေသော နောက်ထပ် လူငယ် တစ်ယောက်သည်လည်း ထူးခြား ကောင်းမွန်သော ကိုယ်ရောင်ကိုယ်ဝါများ ရှိ၏။ သူ၏ဆံပင်မှာ နှင်းကဲ့သို့ ဖြူဆွတ်နေပြီး ရုပ်သွင်မှာ အလွန်တရာ ချောမောသည်။ သူ့မျက်လုံးများသည် အသက်ဓာတ်များဖြင့် လင်းလက်နေပြီး အဖြူရောင်ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။
ဆံပင်ဖြူ လူငယ်သည်လည်း မည်သူ ဖြစ်သနည်း။
ဆံပင်ဖြူလူငယ်က အောက်သို့ ဆင်းသက် လာခဲ့လျှင် ရှန့်ထိုသည် သူ့နောက်မှ လိုက်၏။ ထိုမြင်ကွင်းက အားလုံးကို အံ့အားသင့် စေသည်။
လူငယ်မှာ ခေါင်းဆောင် ဖြစ်ဟန်ရသည်။
ရီဖူရှင်းက အောက်သို့ ဆင်းသက် လာခဲ့လျှင် ယူချင်းနှင့် ရီဝူချင်းတို့က သူ့အား ကြည့်ကြသည်။
“ဘာဖြစ်ခဲ့တာလဲ …” ရီဖူရှင်း၏ မျက်လုံးများက အေးစက် နေ၏။ သူတို့က လာရာလမ်းတွင်ပင် ကျေးရွာ ခေါင်းဆောင်သည် ရာရာ၏ ဓားအရောင်အဝါကို ခံစားမိရာ သူတို့က မြန်ဆန်စွာ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့ ရောက်လာသောအခါ တိုက်ပွဲမှာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ သို့သော် ရီဝူချင်း၊ ယူချင်းနှင့် စုချွဲတို့မှာ ဒဏ်ရာ ရထားဟန် တူသည်။
“လီဟန်ဓား နန်းတော်ကလူတွေ …” ရီဝူချင်းက ပြောသည်။
ရီဖူရှင်း၏ မျက်လုံးများက အလွန်တရာ အေးစက်နေသည်။ ပေ့ချိန်ရန်သည် လီဟန်ဓား နန်းတော်မှ ဖြစ်သော်လည်း ပြဿနာရင်းမြစ်မှာ ပေ့ချိန်ရန်က ရီဝူချင်း၏ သက်စောင့်ဝိညာဉ်ကို လုယက်ခြင်းမှ စသည်။ ထို့ကြောင့်ပင် ရီဖူရှင်းက ကောင်းကင်ကိုးလွှာသို့ တက်ကာ ပေ့ချိန်ရန်၏ သက်စောင့်ဝိညာဉ်အား ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် ဓားပညာ၌ နံပါတ်တစ် အဆင့်အတန်း ရှိသော လီဟန်ဓား နန်းတော်သည် ပေ့ချိန်ရန်ဘက်မှ အမှန်တကယ် ရပ်တည်ပေးခဲ့ကြ သလား။
ထို့အပြင် ထိုလူများက မြန်ဆန်စွာ ရောက်ရှိ လာခဲ့ခြင်းမှာ မိမိတို့အား အောက်ဘုံတွင် ကတည်းက လေ့လာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ရပေမည်။
“မင်းတို့က ဘယ်လိုလုပ် ဒဏ်ရာရတာလဲ …” ရီဖူရှင်းက ယူချင်းအား ကြည့်ကာ မေးသည်။ လီဟန်ဓား နန်းတော်မှ လူများ လာရောက် တိုက်ခိုက်လျှင်ပင် ယူချင်းအား ဒဏ်ရာ ရစေရန် မဖြစ်နိုင်ပေ။
“ရှန့်ထိုတစ်ပါးက တိုက်ခိုက်ခဲ့တာ …” စုချွဲက အေးစက်စွာ ပြောသည် … “ဒီလိုမဟုတ်ရင် လီဟန်ဓား နန်းတော်က လူတွေ အကုန် သေနေလောက်ပြီ”
ရီဖူရှင်း၏ အမူအရာမှာ ပိုမို၍ အေးစက် လာခဲ့သည်။ လီဟန်ဓား နန်းတော်က သူတို့အား လာရောက် တိုက်ခိုက်ရုံမျှမက ရှန့်ထိုတစ်ပါးကပင် ယူချင်းအား ကိုယ်တိုင် တိုက်ခိုက်ခဲ့သည်။
အကယ်၍ သူတို့က ရှန့်ထိုများအား အထက်ဘုံသို့ ခေါ်ဆောင်လာခြင်း မရှိခဲ့လျှင် သူတို့၏ အခြေအနေမှာ အလွန်ဆိုးဝါး သွားပေလိမ့်မည်။
“ငါတို့ ပြန်ကြမယ် …” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူတို့က ကျေးရွာ ခေါင်းဆောင်၏ ဓားနှင့်အတူ အဝေးသို့ ပျံသန်း ပျောက်ကွယ် သွားကြတော့သည်။
“သူ့ဆံပင်တွေ ဘာလို့ ဖြူသွားရတာလဲ …” အချို့က ရီဖူရှင်းကို တွေ့မြင်ဖူးကြတာ သူ၏ပြောင်းလဲ သွားသော သွင်ပြင်အား ကြည့်ပြီး အံ့အားသင့် ကြရသည်။
တိုက်ပွဲသတင်းမှာ အထက်ဘုံသို့ မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။ လီဟန်ဓား နန်းတော်သည် အထက်ဘုံ၌ ဂုဏ်သတင်း ကြီးမားရာ ထိုတိုက်ပွဲ၏ သတင်းမှာလည်း လူအများအကြား စိတ်ဝင်စားစရာ ဖြစ်၏။
လူအများအပြားက လုချွန်အား အနိုင်ယူခဲ့သော ယူချင်းနှင့် ကျူးထန်နန်းတော် ကိုးလွှာ၌ ပေ့ချိန်ရန်၏ သက်စောင့်ဝိညာဉ်ကို ဖျက်ဆီးခဲ့သော ရီဖူရှင်းတို့သည် ရှန့်ထိုအဆင့် အောက်၌ အမြင့်ဆုံးသော စွမ်းရည်များအား ပိုင်ဆိုင်ကြသည်ဟု ဆိုကြသည်။ သူတို့သည် အင်ပါယာရှားဘုံ အတွင်းမှ အတော်ဆုံးသော ပါရမီရှင်များနှင့် နှိုင်းယှဉ် နိုင်သည်ဟု လူအများက ကောက်ချက် ချကြသည်။
ပြည်နယ်ကိုးခုမှ ထိုသို့သော သူများ ထွက်ပေါ် မလာခဲ့သည်မှာ အချိန် ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သတင်းများ ပျံ့နှံ့လာသောအခါ ပြည်နယ်ကိုးခုမှ ရီဖူရှင်းနှင့် ယူချင်းတို့၏ နာမည်မှာ အထက်ဘုံ၌ ပိုမို ကျော်ကြား လာခဲ့သည်။ ထိုနေ့တိုက်ပွဲ၌ အောက်ဘုံမှ ဓားသမား သုံးယောက်သည်လည်း ကျူးထန် နန်းတော်အဆင့်၌ ပါဝင်ရန် အရည်အချင်း ရှိသည်ဟု လူအများအပြားက သတ်မှတ် ပြောဆိုကြသည်။
လီဟန်ဓား နန်းတော်၏ ကောင်းကင် ၃၃လွှာ၌ တိမ်များ ရစ်သိုင်းနေသော တစ်နေရာ၌ လူတစ်ယောက်သည် မျက်လုံးကို မှိတ်လျက် လေ့ကျင့်နေသည်။
ဤနေရာ၌ လေ့ကျင့်နေသူများ အားလုံးမှာ လီဟန်ဓားသမား၏ သွေးမျိုးဆက်များ ဖြစ်ကြသည်။
ထိုအခိုက်တွင် ကျောက်လှေကား အတိုင်း လူတစ်ယောက်သည် ဓားတစ်လက်ကို လွယ်ပိုးလျက် အပေါ်သို့ တက်လာသည်။ သူက ထိုင်နေသော လူငယ်၏ရှေ့တွင် လာရပ်ကာ ဦးညွှတ်လျက် လေးစားစွာ ခေါ်သည် … “အစ်ကို …”
မျက်လုံးကို မှိတ်ကာ ထိုင်နေသော လူငယ်က သူ့ရှေ့သို့ ရောက်လာသော သူအား ကြည့်သည်။ သူက ပြုံးလျက်မေးသည် … “မင်းက ငါ့ဆီကိုလာဖို့ ဘယ်လိုလုပ် အချိန်တွေ အားနေတာလဲ …”
“လုချွန် … ဦးလေးလီရန်ရဲ့ တပည့်က … အစ်ကိုဆီက ဓားနဲ့ ပတ်သက်ပြီး ညွှန်ကြားပြသမှု တချို့ကို ခံယူလိုတယ်လို့ ပြောပြီး ရောက်နေပါတယ် …” ရောက်လာသူက ပြောသည်။
လူငယ်က နားမလည်စွာ ပြန်မေးသည် … “ဦးလေးလီရန်ရဲ့ တပည့်က ဘာလို့ ဦးလေးလီရန်ဆီမှာ မသင်ယူဘဲ ဒီကို လာရတာလဲ …”
“ဦးလေးလီယန်ရဲ့ တပည့် တစ်ယောက်ဖြစ်တဲ့ ပေ့ချိန်ရန်ဟာ စိန်ခေါ်ပွဲတစ်ခုမှာ သက်စောင့်ဝိညာဉ် ပျက်စီးခဲ့တယ်။ လုချွန်က သူ့အတွက် တစ်ဖက်လူကို သွားရောက် တိုက်ခိုက်ခဲ့ပေမဲ့ သူလည်း ထပ်ပြီးတော့ ရှုံးနိမ့်လာခဲ့တယ်။ ဦးလေးလီရန်သာ ဝင်မပါခဲ့ရင် လုချွန်လည်း အဲဒီနေရာမှာပဲ အသတ်ခံရ နိုင်တယ်။ ဒီအတွက်ကြောင့်ပဲ ဦးလေးလီရန် အပေါ် လူတွေက မကောင်း မြင်ခဲ့ကြရတယ်။ ကြည့်ရတာ အဲဒီတိုက်ပွဲမှာ လုချွန်က သူကိုယ်တိုင် မလုံလောက်သေးဘူး ဆိုတာ နားလည်ခဲ့ပြီး သူက ရှန့်ထို အဆင့်အောက်မှာ အမြင့်ဆုံးသော စွမ်းအားရှိတဲ့ လူတစ်ယောက်ဆီက ညွှန်ကြား ပြသမှုကို ခံယူလိုဟန် ရတယ်”
ရောက်လာသော လူငယ်က ပြုံးလျက် ဖြေသည်။ သူ့အစ်ကို၏ ကျင့်ကြံမှုသည် လီဟန်ဓား နန်းတော်၌ ရှန့်ထို အဆင့်အောက်တွင် နံပါတ်တစ်အဖြစ် သတ်မှတ်နိုင်ကာ အထက်ဘုံ၌ပင် သူနဲ့ယှဉ်နိုင်သောသူ လက်ချိုးရေ၍ ရသည်။
ထို့ကြောင့် လုချွန်က ယူချင်းထံတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် သူ့အစ်ကိုထံတွင် လာရောက် နည်းနာခံယူခြင်းမှာ သိပ်ထူးဆန်းသည် မဟုတ်ပေ။
“လုချွန်ကို ဒီလို တိုက်ခိုက်နိုင်တဲ့ လူတစ်ယောက် တကယ် ရှိနေတာလား။ သူက ဘယ်သူများဖြစ်မလဲ”
“ပြည်နယ်ကိုးခုက တစ်စုံတစ်ယောက်ပဲ … သူ့နာမည်က ယူချင်းလို့ ခေါ်တယ် …” ထိုလူက ပြောသည်။
“ကောင်းပြီ …” လူငယ်က ခေါင်းညိတ်ကာ ဆက်ပြောသည် … “လုချွန်ကို လာခဲ့ဖို့ ပြောလိုက် …”
“ကောင်းပါပြီ အစ်ကို …”
***
အင်ပါယာရှား နန်းတော်မှ အမိန့်တော် တစ်ခု ထွက်ပေါ်ခဲ့ရာ အားလုံးကို ထိတ်လန့်စေခဲ့သည်။
အမိန့်တော်က ပြောသည်မှာ ပြည်နယ်ကိုးခု မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်မှ နန်းတော်သခင် ရီဖူရှင်းအား မင်းသမီး၏ ကိုယ်ရံတော်အဖြစ် ခန့်အပ်ခဲ့ကာ သူ့အား အင်ပါယာရှား နန်းတော်သို့ ဝင်ထွက်ခွင့် ပေးအပ်ခဲ့သည်။
***