အပိုင်း (၁၀၂၉)

လီရန်ရှန့်ထိုဓား

ထိုအခိုက်တွင် လုချွန်သည် အဝေးသို့ လွင့်စဉ်သွားခဲ့ကာ လူတိုင်း၏ နှလုံးများမှာလည်း ဆောင့်နင်း ခံရသလို တုန်ခါသွားကြ၏။ လက်သီးချက်ကား ပြင်းထန်လွန်းရာ သာမန် အသွေးအသားဖြင့် မည်သို့ ခံနိုင်ရည် ရှိမည်နည်း။

လက်သီးချက်က လုချွန်၏ အသက်ဓာတ် တစ်ဝက်ခန့်အား စားသုံး သွားလောက် ပေသည်။

တိုက်ပွဲအား စောင့်ကြည့် နေကြသူများ အားလုံးသည် ထိတ်လန့်တကြား ဖြစ်သွားကြ၏။ သည်တစ်ကြိမ် အင်ပါယာ ရှားဘုံအတွင်းမှ ထိပ်သီးဓား ပညာ အင်အားစုသည် ရှီတန်ခိုးရှင် တချို့နှင့် ရင်ဆိုင်ရန် အလွန်အင်အား ကောင်းသော အစုအဖွဲ့ တစ်ခုအား စေလွှတ်ခဲ့ကြ၏။ ပုံမှန်အားဖြင့် တစ်ဖက် လူများမှာ သေချာပေါက် မရှုမလှ ရှုံးနိမ့် ရတော့မည်ဟု အားလုံးက တွေးကြသည်။ သို့သော် ထွားကျိုင်း သန်မာသော လူငယ် တစ်ယောက်သည် နတ်ဆိုး တစ်ပါးအလား ဆင်းသက် လာခဲ့ရာ လုချွန်ကဲ့သို့သော စွမ်းအားကြီးသူပင် ဖိနှိပ် ချိုးနှိမ်ခံရ၏။

“ငါ သူ့ကိုပြီးခဲ့တဲ့ နှစ်အနည်းငယ်က မြင်ဖူးတယ် … သူ့နာမည်က ကျူးထန် နန်းတော် ကျောက်တိုင်မှာ ရှိနေတုန်းပဲ။ ဒါပေမဲ့ သူက အဲဒီတုန်းက မိုရှီအဆင့်ကိုပဲ စိန်ခေါ်ခဲ့တာ …” လူတချို့က ထိတ်လန့်တကြား ဆိုကြသည်။ တစ်ယောက်က သတိတရဖြင့် ဝင်ပြောသည် … “သူက ပြည်နယ်ကိုးခုက လာတာ …”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခဏတစ်ဖြုတ် ပေါ်လာတဲ့ တန်ခိုးရှင်တွေ မလား …” လူအများအပြားက ထိုစဉ် အချိန်အခါ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲကို ကြားသိခဲ့ ကြပေသည်။ ထိုစဉ်ကလည်း အထက်ဘုံ၌ ရီဖူရှင်းတို့ကြောင့် များစွာ လှုပ်ခတ်ခဲ့ ရပေသည်။ မည်သို့ဆိုစေ ပြည်နယ်ကိုးခုမှ လူများသည် ကျူးထန် ကိုးလွှာသို့အထိ တက်ရောက် နိုင်ခဲ့ကြသလို ထိုစိန်ခေါ်ပွဲအား မင်းသမီး ကိုယ်တိုင်လည်း တက်ရောက် ခဲ့ပေသည်။

“ဟုတ်တယ် … ဒီလူက သူတို့ အထဲက တစ်ယောက်ပဲ …” ထိုလူက စိတ်နှလုံး တုန်ယင်စွာဖြင့် ပြောသည်။ လီဟန် ဓားနန်းတော်က အဘယ်ကြောင့် သည်မျှ အားကောင်းသော အစုအဖွဲ့အား စေလွှတ်သည်ကို သူတို့ နားလည် လိုက်ကြသည်။ ကျူးထန် နန်းတော် အဆင့်အား တက်ရောက် နိုင်သူများမှာ သာမန်များ မဟုတ်ပေ။

လီဟန် ဓားနန်းတော်၏ တပည့် ပေ့ချိန်ရန်သည် ကျူးထန် နန်းတော်၌ သက်စောင့် ဝိညာဉ် ဖျက်ဆီးခြင်း ခံရစဉ်က လီဟန် ဓားနန်းတော်မှ တပည့် အများအပြားလည်း ထိုနေရာတွင် ရှိနေခဲ့သည်။

ပေ့ချိန်ရန်သည် မည်သို့ဆိုစေ လီဟန် ဓားနန်းတော်မှ ဖြစ်ပေသည်။ ထို့ကြောင့် လုချွန်က သည် သုံးယောက်တို့၏ ကျင့်ကြံခြင်းအား ဖျက်ဆီးမည်ဟု ကြေညာ မောင်းခတ်ခြင်းမှာ ထူးဆန်း သည်တော့ မဟုတ်ပေ။

သို့သော်လည်း တစ်ကြိမ် တစ်ခါက ကျူးထန် နန်းတော် ကိုးလွှာသို့ ရောက်လာ ဖူးခဲ့သော သည်လူငယ်သည် သူ့အား ချိုးနှိမ်ရန်လည်း လုံလောက်သော စွမ်းအားရှိသည်ကို လုချွန် အနေဖြင့် သိခဲ့ဟန် မတူပေ။

အထက်ဘုံ အတွင်းမှ လူအများအပြားသည် ထိုနှစ် အနည်းငယ်ခန့်က ဖြစ်ပွားခဲ့သော စိန်ခေါ်ပွဲအား ကြားသိခဲ့ ကြပေသည်။ ထိုသုံးယောက်မှာ အားကောင်းသည်ကို သိခဲ့ကြသော်လည်း သူတို့ မည်မျှ အားကောင်းသည်ကိုမူ အတိအကျ မသိခဲ့ကြပေ။

ယနေ့ သူတို့က ထိုသုံးယောက်ထဲမှ တစ်ယောက်အား တွေ့မြင်ကြ ရပြီဖြစ်သည်။

ယခင် နှစ်အနည်းငယ်ခန့်က ကောလာဟလများနှင့် ယှဉ်ပါက သူကား ပိုမို၍ပင် အားကောင်း နေသေးသည်။

ဘုန်း …

ယူချင်းက နောက်တစ်လှမ်း လှမ်းကာ လွင့်စဉ် သွားသော အရိပ်သဏ္ဌာန် နောက်သို့ လိုက်သည်။ သူ့အား ကြီးမားသော အရှိန်အဝါများ ရစ်ပတ်ထားပြီး ပတ်ဝန်းကျင်ကိုပင် ဖိနှိပ်ထားနိုင်ဟန် ရသည်။

ရီဖူရှင်းက ယခင် ဖြစ်ပွားခဲ့ဖူးသော ပြဿနာတို့ကြောင့် အထက်ဘုံသို့ လာရာတွင် ရှန့်ထို တချို့တို့အား ခေါ်ခဲ့ရ၏။ သို့သော်လည်း သူတို့က အထက်ဘုံသို့ ရောက်သည်နှင့် ပြဿနာက ဆိုင်းမဆင့် ဘုံမဆင့် ရောက်လာခဲ့၏။ မှန်သည် သည်အရာက ဘာဆိုလိုသည်ကို ယူချင်း သိ၏။ မိမိတို့ လှုပ်ရှားမှုများအား အမြဲမပြတ် စောင့်ကြည့် နေသူများ ရှိနေသည်။

မဟုတ်လျှင် သူတို့က ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာစရာ အကြောင်း မရှိပေ။

ယူချင်း၏ လှုပ်ရှားမှုများကို လီဟန် ဓားနန်းတော်မှ တန်ခိုးရှင်များ မြင်ကြလျှင် သူတို့သည် လုချွန်၏ ဘေးနားသို့ ရောက်လာကြပြီး ပြင်းထန်သော ဓား အသိများအား ထုတ်လွှတ်ကြသည်။ သူတို့ တည်ရှိရာနေရာမှ ဓားကွန်ချာ တစ်ခု ဖြစ်ပေါ် လာဟန်ရသည်။

ဘုန်း …

ကျယ်လောင်သော အသံနှင့်အတူ ယူချင်း၏ နောက်၌ ဗုဒ္ဓနှင့် နတ်ဆိုးတို့ တစ်ပြိုင်နက်တည်း ပေါ်လာကာ ကြီးမားသော အရှိန်အဝါအား ထုတ်လွှတ်သည်။ သူတို့၏ လက်ဝါးများ တစ်ပြိုင်နက်တည်း ဆန့်ထုတ်လျှင် ယူချင်းကလည်း မဟာဗောဓိ လက်ဝါးအား ထုတ်လွှတ်ပြီး ထိုတန်ခိုးရှင်များအား တိုက်ခိုက်သည်။

လီဟန် ဓားနန်းတော်မှ ဓားသမားများသည် တစ်ပြိင်နက်တည်း အားဖြင့် သူတို့၏ ဓားများကို ဝှေ့ယမ်း လိုက်ကြသည်နှင့် သူတို့ထံသို့ လွင့်စဉ်လာသော လက်ဝါးပုံရိပ်များ အားလုံးမှာ အစိတ်စိတ် ကွဲကြေ သွားသည်။ ယူချင်းက ရှေ့သို့ တက်လာခဲ့လျှင် မြေပြင်က တုန်ခါသည်။ ဓားသမားများ၏ ဓားတို့သည် ယူချင်းအား ချိန်ရွယ်ထားကာ သတ်ဖြတ်လိုသော သဘောကို ပြသည်။ ဓားများအားလုံး တစ်ခုတည်း အဖြစ် ပေါင်းစပ်သွားကာ ယူချင်းထံသို့ ထိုးသွင်းသည်။

သူ့ခန္ဓာကိုယ်အား ရစ်ပတ် ထားသော နက်ရွှေရောင် ချပ်ဝတ်သည် ဖြိုဖျက်၍ ရနိုင်ဟန် မတူသော်လည်း ယခု လီဟန်ဓား အသိကြောင့် ချပ်ဝတ်သည် တစတစ ပြိုပျက် လာခဲ့သလို စိတ်ဝိညာဉ် စွမ်းအား တစ်ခုသည်လည်း ယူချင်း၏ စိတ်နယ်ပယ်ထဲသို့ လာရောက် တိုက်ခိုက်သည်။ တကယ်၍ သူ့နေရာတွင် တခြား တစ်ယောက် ဆိုပါက သူတို့၏ခန္ဓာကိုယ်မှာ သန်းပေါင်း များစွာသော အစိတ်အပိုင်းများ အဖြစ်  ပြောင်းလဲ သွားတော့မည့်ဟန် ရှိသည်။

သို့သော်လည်း ယူချင်း၏ ရုပ်ခန္ဓာမှာ သာမန်လူ တစ်ယောက်၏ အကန့်အသတ်ထက်ကို အဆများစွာ ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ တော်ဝင် စစ်ပွဲအပြီး၌ သူသည်လည်း ရှန့်ထိုကျန့်၏ ဆေးစမ်းသပ်မှုကို ခံယူခဲ့ကာ သူ့ခန္ဓာကိုယ် သန်မာမှုသည် ရှန့်ထို အဆင့် တစ်ယောက် နီးပါးပင် ရှိလာခဲ့သည်။ ထို့အရာက လူအများအပြား ဝန်းရံ တိုက်ခိုက်၍ ကျော်ဖြတ် နိုင်သော အရာ မဟုတ်ပေ။ ဝင်္ကပါဖြင့် စုဖွဲ့ တိုက်ခိုက်ခြင်း ဖြင့်သာ အနည်းငယ် မျှော်လင့်ချက် ရှိနိုင်ပေသည်။

ဂါး … ကျယ်လောင်သော ဟိန်းသံသည် ကောင်းကင်တစ်ခွင်ကို တုန်ခါ သွားဟန်ရ၏။ ခြင်္သေ့အော်သံသည် လူတိုင်း၏ နားစည်မှ တစ်ဆင့် စိတ်နှလုံးကိုပင် လာရောက် ရိုက်ခတ်၏။ လီဟန်ဓားနန်းတော်မှ လူများသည် သူတို့၏ခေါင်းများ ပေါက်ကွဲ ထွက်လုမတတ် ခံစားလိုက်ရပြီး များမကြာမီ လက်သီး တစ်ချက်သည် လေထုကို ခွင်းလျက် ဝင်ရောက် လာသည်ကိုသာ မြင်လိုက်ရကာ လူအများအပြား အဝေးသို့ လွင့်စဉ် သွားခဲ့ကြသည်။

လီဟန်ဓား နန်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များပင် ထိုတိုက်ခိုက်မှုအား မရပ်တန့်နိုင်ပေ။ မည်သို့သော ခွန်အားပေနည်း။

ဘုန်း…

နောက်ထပ် ခြေတစ်လှမ်းနှင့်အတူ ယူချင်းက လုချွန်ထံသို့ တိုက်ရိုက် တက်လှမ်း လာခဲ့သည်။ ထိုအချိန်တွင် လုချွန်သည် မြေပြင်၌ ပြန်လည် ထရပ်လိုက်ပြီ ဖြစ်၏။ သူက ရီဝူချင်းအား ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သော ရတနာဓားကိုပင် ကိုင်ဆောင် ထား၏။

နတ်ဆိုးတစ်ပါးအလား သဏ္ဌာန်က သူ့ထံသို့ လှမ်းလာသည်ကို မြင်လျှင် လုချွန်မှာ အကြီးအကျယ် ချောက်ချားသည်။ သူ့အား အလင်းတန်းများ ရစ်ပတ်လာခဲ့ကာ သူ့နောက်၌ သူ့သက်စောင့်ဝိညာဉ် ထွက်ပေါ် လာခဲ့သည်။ သိသာစွာပင် ပြည်နယ်ကိုးခုမှ သည်လူသန်ကြီးအား လုချွန်တစ်ယောက် ကြောက်လန့် နေမိပြီဖြစ်သည်။

ယူချင်းအပေါ်တွင် ဗုဒ္ဓနှင့် နတ်ဆိုး အလင်းရောင်တို့သည် လောင်ကျွမ်းနေပြီး လုချွန်ထံမှ တော်ဝင်ရတနာ၏ အငွေ့အသက်ကို ခံစားမိသည်နှင့် ယူချင်းကလည်း တွန့်ဆုတ်ခြင်း မပြုဘဲ ရတနာပုဆိန်ကို ထုတ်ကာ လုချွန်အား ခုတ်ပိုင်း လိုက်တော့သည်။

“ပြတ်တောက်စမ်း…” လုချွန်က လက်နှစ်ဖက်အား အပေါ်သို့ မြှောက်လျက် ရှေ့သို့ တက်ရောက်လာခဲ့လျှင် ရုတ်တရက် သူ့ခေါင်းပေါ်မှ ဧရာမ ဓားကြီးတစ်လက်က ကျဆင်း လာခဲ့တော့သည်။

ရတနာ ပုဆိန်ကလည်း ဝှေ့ယမ်း တိုက်ခိုက်လျှင် ရုတ်တရက် တော်ဝင် ရတနာဓားမှ ထုတ်လွှတ်သော ဓားအရှိန်အဝါသည် နှစ်ပိုင်း ကျိုးပြတ်သွားပြီး ပြိုလဲသည်။ ယူချင်းကလည်း ထိုအရှိန်အဟုန်ဖြင့်ပင် လုချွန်ထံသို့ ခုတ်ချလိုက်၏။

ကျယ်လောင်သော အသံနှင့်အတူ ရတနာပုဆိန်က တော်ဝင် ရတနာဓားအား ကျဆင်းလာခဲ့ပြီး လုချွန်၏ ခန္ဓာကိုယ်အား တန်ပြန်ရိုက်သည်။ သူက ဒေါသတကြီး အော်ဟစ်ကာ ဆက်လက်၍ တောင့်ခံလျှင် ဓားစွမ်အားများ အမှန်တကယ် ဆက်လက် ပေါက်ကွဲသည်။

ဗုဒ္ဓနှင့် နတ်ဆိုးတို့ ကောင်းကင်ထက်တွင် ပေါ်ပေါက်လာခဲ့ကာ သူတို့၏ စွမ်းအားများသည် အပေါ်မှနေ၍ ဆင်းသက်လာပြီး ဓားစွမ်းအားများကို တစ်ဖန် ဖိနှိပ်ကြ၏ လုချွန်သည် ဝုန်းခနဲ ပြိုကျကာ မြေပြင်သို့ ဒူးထောက်သည်။ မြေပြင်၌ အက်ကွဲကြောင်းများ ဖြစ်လာခဲ့ပြီး လေးဖက်လေးတန် ဆန့်တန်းသွား၏။

“တော်လောက်ပြီ …” ကောင်းကင်ထက်မှ မဟာလမ်းစဉ်၏ စွမ်းအားများနှင့်အတူ ကျယ်လောင်သော အမိန့်သံတစ်ခု ရောက်ရှိလာခဲ့သည်။ လူအများအပြား၏ စိတ်နှလုံးများ ဆောင့်တက် သွားခဲ့ကြကာ ကောင်းကင်ထက်သို့ မော့ကြည့်ကြ၏။ သူတို့အားလုံးက တိမ်များ ရွေ့လျားကာ လေများ လှုပ်ရှားပြီး မမြင်ရသော မဟာလမ်းစဉ် စွမ်းအားများ စီးဆင်း လာခဲ့သည်ကို မြင်ကြ၏။

လေထုသည် ယူချင်းထံသို့ ဖိအားပေးလာပြီး သူ့အား ရပ်တန့်ရန် ပြောသည်။

ယူချင်းက ကောင်းကင်ထက်သို့ ထူးမခြားနားစွာ တစ်ချက်ကြည့်ကာ သူ၏ ရတနာပုဆိန်အား ဆက်လက်၍ ဖိအားပေးကာ ခုတ်ချလိုက်သည်။ လုချွန်၏ပါးစပ်မှ သွေးများ ဆက်လက်၍ စီးကျလာခဲ့ကာ သူ့ခန္ဓာကိုယ်မှာလည်း ပြိုလဲလာခဲ့ပြီး အသက်ဘေးဖြင့် အလွန် နီးလာခဲ့တော့သည်။

“အတင့်ရဲတယ် …”

အေးစက်သော အသံတစ်သံကို ကြားကြရကာ ပြင်းထန်သော ဓားအသိတစ်ခု စတင်ဖွဲ့စည်း လာခဲ့၏။ ထိုအခိုက်တွင် ကောင်းကင်သည် အက်ကွဲလာခဲ့ပြီး ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဓားတစ်လက် ဖြစ်ပေါ်လာခဲ့သည်။ ဓားသည် မိုင်သုံးထောင်ခန့်ကို ကျော်ဖြတ်ကာ လျှပ်စီး၏အဟုန်ကို သယ်ဆောင်လျက် ယူချင်းထံသို့ ရောက်လာခဲ့သည်။

ဓားတစ်ချက်တွင် ကောင်းကင်နှင့်မြေပြင် ပြိုလဲ၏။ အဝေးတွင် အားလုံးသည် အရူးအမူး နောက်ဆုတ်ကြ၏။ သို့သော် သူတို့သည် အစိုးရိမ်လွန် နေခဲ့ခြင်းဖြစ်ကာ ဓား၏ပိုင်ရှင်က ဓားအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ အလွန် ကောင်းမွန်ပြီး ပတ်ဝန်းကျင်အား ထိခိုက်စေခြင်း မရှိဘဲ ယူချင်းကိုသာ ဦးတည်သည်ကို တွေ့ကြရ၏။

ယူချင်းက လေထဲသို့ ကြည့်လိုက်လျှင် ဓားသည် သူ့ထံသို့ မြန်ဆန်စွာ ရောက်လာခဲ့ရာ ယူချင်းက ရတနာပုဆိန်အား ပြန်လည် ပင့်ယူလိုက်ပြီး ဓားအား ခုတ်ပိုင်းသည်။

ဓားသည် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပြီး ပုဆိန်ဖြင့် ပင့်ကာ ခုခံသော ယူချင်းသည် နောက်သို့ အဆက်မပြတ် ဆုတ်သွားခဲ့ရသလို သူဆုတ်သွားရာ မြေပြင်တွင်လည်း စွပ်ကြောင်းကြီး တစ်ခု ဖြစ်ကျန်ခဲ့၏။ အဆုံးမဲ့သော ဓားအဟုန်သည် သူ့အား ထွင်းဖောက်လိုဟန်ဖြင့် အရူးအသွပ် ဖိအားပေးနေခဲ့သည်။

မာန်သွင်း အော်ဟစ်သံတစ်ခုနှင့် အတူ ယူချင်း၏ခိုင်မာသော အရံအတားသည် ဓားအဟုန်ကြောင့် ပြိုပျက်သွားခဲ့ကာ ပါးစပ်မှ သွေးများ စီးကျလာခဲ့၏။ ဓားသည်လည်း ကောင်းကင်ထက်သို့ ပြန်လည် ပျံသန်းသွားခဲ့၏။

အားလုံးက ကောင်းကင်သို့ ထိတ်လန့်တကြား ကြည့်ကြသည်။ မိုင်သုံးထောင်ဓား …။ သူတို့အားလုံးသည် ဓားကို မည်သူ ထုတ်လိုက်သည်ကို သိလိုက်ကြ၏။

လီဟန်ဓားနန်းတော် … လီရန်ရှန့်ထိုဓား …။

လီရန်ရှန့်ထိုဓားသည် အထက်ဘုံ၌ပင် အဆင့်အတန်း မြင့်မားသော ရှန့်ထိုတစ်ပါး အဖြစ် နာမည် ကျော်ကြား၏။ သူကား လုချွန်၏ ဆရာဖြစ်ကာ လီဟန်ဓား နန်းတော်၌ လေ့ကျင့်ပြီး သူ့စွမ်းရည်များမှာလည်း အလွန်တရာ နက်ရှိုင်းသည်။

ထိုအခိုက်တွင် ကောင်းကင်ထက်တွင် ရှိနေသော အသွင်သဏ္ဌာန် တစ်ခုအား ခပ်ရေးရေးမျှ မြင်ကြရ၏။ ထိုသူကား လီရန်ရှန့်ထိုဓား ဖြစ်ကာ ပေ့ချိန်ရန်က ဒူးထောက် အကူအညီ တောင်းခံရသောသူလည်း ဖြစ်၏။ စွေ့ရန်ရှန့်ထိုဓားက တော်ဝင်ကျဲ နန်းတော်မှ လူများအား ကိုယ်တိုင် ရင်မဆိုင်နိုင်သည်ကို သိနားလည်ရာ သူက ပေ့ချိန်ရန်အား လီဟန်ဓား နန်းတော်သို့ ခေါ်လျက် သူ့ဆရာကို အကူအညီ တောင်းစေခဲ့၏။

လီရန်ရှန့်ထိုဓားသည် စွေ့ရန်ရှန့်ထိုဓား၏ အကြံအစည်ကို ကောင်းကောင်း သိနားလည် သော်လည်း သူ့တပည့်က ဒူးထောက်ကာ တောင်းပန်နေသည်ကို မြင်လျှင် သူသည် မည်သို့မှ တောင့်မခံနိုင်တော့ဘဲ လီဟန်ဓား နန်းတော်မှ သူ့တပည့်များအား စေလွှတ်ကာ ရီဖူရှင်း၏လူများထံသို့ ကျူးထန်နန်းတော် စည်းမျဉ်းများ အတိုင်း စိန်ခေါ် တိုက်ခိုက်စေခဲ့၏။

သို့သော် လီရန်ရှန့်ထိုဓားက သူ၏အတော်ဆုံး တပည့်များကို စေလွှတ်ကာ ရီဖူရှင်း၏ လူများအား တိုက်ခိုက်စေခဲ့သည့်တိုင် သူ့လူများမှာ မရှုမလှ ရှုံးနိမ့်ခဲ့ရ၏။

ပုံရိပ်သဏ္ဌာန် ဝေဝေဝါးဝါးက ယူချင်းအား ကြည့်သည်။ အောက်ဘုံ၌ ဤသို့သော တစ်စုံတစ်ယောက် ရှိနေခြင်းမှာ လုံးဝ မထင်ထားစရာကိစ္စ ဖြစ်၏။

သည်တိုက်ပွဲတွင် သူတို့က အရှုံးကို ဝန်ခံရပေမည်။

“လုချွန် ရှုံးနိမ့်ခဲ့မှတော့ လီဟန်ဓား နန်းတော်က မင်းကို နောက်ပိုင်း မနှောင့်ယှက်တော့ဘူး။ ဒီကိစ္စ ဒီမှာ အဆုံးသတ်မယ်” လီရန်ရှန့်ထိုဓားက အသာအယာ ပြောသည်။ လုချွန်ကား မရှုမလှရှုံးနိမ့်ခဲ့ရာ သူတို့ဘက်မှ မည်သူမှ ယူချင်းအား အနိုင်မယူ နိုင်တော့သည်မှာ သေချာ၏။ သူက လူငယ် မျိုးဆက်များအား တိုက်ခိုက်ခြင်းကပင် လူအများကြား ရယ်မော လှောင်ပြောင်ဖွယ်ရာ ဖြစ်နေပေတော့မည်။

အမှန်တရားကား သူက ဝင်မပါခဲ့သင့်ပေ။ သို့သော် ယူချင်းက လုချွန်အား အမှန်တကယ် သတ်ဖြတ်လိုသော ပုံစံကို မြင်သောအခါ သူ့အနေဖြင့် လုချွန် အသတ်ခံရမည်ကို သည်အတိုင်း လက်ပိုက်ကြည့်နေ၍ မရတော့ပေ။

ယူချင်းမှာ သွေးအလိမ်းလိမ်း ဖြစ်နေသော်လည်း လီရန်ရှန့်ထိုဓားအား ဒေါသတကြီး ကြည့်နေဆဲဖြစ်၏။ သို့သော် သူ၏ဒေါသမှာ ဘာမှ အရာမရောက်သည်ကို သူ နားလည်၏။

လီဟန်ဓား နန်းတော်သည် အထက်ဘုံ၌ အဆင့်အတန်း အမြင့်ဆုံးသော ဓားပညာကို လက်ဆင့်ကမ်းပေးသော တော်ဝင်မြေ တစ်ခုဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်သည်လည်း ပြည်နယ်ကိုးခု၌ အင်အားအကြီးဆုံး ဖြစ်သော်လည်း လီဟန်ဓား နန်းတော်နှင့် ယှဉ်ရန် များစွာ လိုပေသေးသည်။ တော်ဝင်စစ်ပွဲ၏ စည်းမျဉ်းများ သည်လည်း သည်နေရာတွင် အသုံးမဝင်ပေ။

ထိုအခိုက်တွင် ကျယ်လောင်သော အသံတစ်ခုအား ကြားလိုက် ကြရသည်။ အားလုံးက သူတို့၏နားစည်မှာ ပြင်းထန်စွာ လှုပ်ယမ်း လာသည်ဟု ခံစားကြရ၏။ သူတို့က အဝေးသို့ လှမ်းကြည့်လျှင် သူတို့ဘက်သို့ အလင်းတန်းတစ်ခု ပျံသန်း လာသည်ကို မြင်ကြ၏။ လီရန်ရှန့်ထိုဓားက ထိုနေရာသို့ ရုတ်တရက် လှမ်းကြည့်လိုက်ကာ ပြောသည် … “မင်းတို့အားလုံး ပြန်ကြတော့ …”

စကား ဆုံးသည်နှင့် သူသည် အလင်းတန်း အသွင်သို့ ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ တက်သွား၏။ ထိုအခိုက်တွင် သူ့ထံမှ ထုတ်လွှတ်သော စွမ်းအားသည် မူလကထက် များစွာ အားကောင်း လာခဲ့၏။

ကောင်းကင်ထက်တွင် ဓားများ ဖြစ်ပေါ်လာခဲ့ကာ ရှေ့ဆုံးတွင် ဓားတစ်လက်ကို ဗဟိုပြုလျက် ပျံသန်းလာသော ဓားဝင်္ကပါ တစ်ခုအား မြင်ကြရသည်။ ဓားသည် မြန်လွန်းသဖြင့် သာမန် မျက်လုံးဖြင့် လိုက်မှီရန်ပင် ခက်ခဲပေသည်။

လီရန်ရှန့်ထိုဓား အရိပ် သဏ္ဌာန်သည်လည်း ဓားအလင်းတန်း အသွင်သို့ ပြောင်းလဲသွားကာ တစ်ဖက်မှ ပျံသန်းလာသော ဓားထံသို့ ဦးတည်လိုက်၏။

ဓားနှစ်လက် လေထဲတွင် ရင်ဆိုင်မိကြလျှင် ကြောက်မက်ဖွယ် ကောင်းသော လေလှိုင်းများ ကောင်းကင်တွင် ပေါက်ကွဲ ဖြစ်ပေါ်လာ၏။

“မြန်မြန် ဆုတ်ကြဟေ့…” လူအများအပြားက အချင်းချင်း အော်ဟစ် သတိပေးကြကာ နောက်ကို ဆုတ်ကြသည်။ မိုင်တစ်ရာ ဝန်းကျင်မှ အဆောက်အဦများမှာ ရုတ်တရက် ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ရှီအဆင့်အောက်မှ တန်ခိုးရှင်များမှာ သွေးများပင် အန်ကျကြပြီး ရှီအဆင့်များမှာလည်း ထိတ်လန့်တကြား ဆုတ်ကြရ၏။

လက်ရှိတွင် သူတို့အားလုံး ကြီးစွာ စိတ်လှုပ်ရှား နေကြသည်။ သူတို့က ပြင်းထန်သော တိုက်ပွဲများကိုသာ တွေ့မြင်ခဲ့ကြရသည် မဟုတ်ပေ။ သူတို့က ရှန့်ထိုဓားတို့၏ တိုက်ပွဲများကိုလည်း တွေ့မြင် ကြရတော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset