အပိုင်း (၁၀၂၇)

ဓားသမားများ၏တိုက်ပွဲ

ကောင်းကင်မှ ဓားသမားများ ကျဆင်းလာလျှင် အနီးတစ်ဝိုက်မှ လူများအားလုံးကို သတိထားမိစေသည်။ ထိုဓားသမားများကို ကြည့်ကာ လူအတော်များများမှာ အံ့အားသင့်ကြ၏။

“လီဟန်ဓားနန်းတော်က ဓားသမားတွေ…”

အင်ပါယာရှားဘုံ အတွင်းမှ နံပါတ်တစ် ဓားနန်းတော်၏ လှုပ်ရှားမှုသည် သေချာပေါက် လူအများ၏ အာရုံစိုက်မှုကို ခံရပေသည်။ လီဟန်ဓားနန်းတော်မှ လူများ ဆင်းသက် လာသည်ကိုမြင်လျှင် အဝေးမှ လူများသည်လည်း စိတ်ဝင်တစား လာရောက် ကြည့်ရှုကြ၏။

ထိုလူများသည် ရီဝူချင်းတို့သ ုံးယောက်အား ကြည့်ကြသည်။ သည်တန်ခိုးရှင်များက မည်သူတွေ ဖြစ်ကြသနည်း။

“လုချွန်… လီဟန်ဓားနန်းတော်…” တစ်ယောက်က ဓားသမားများ၏ ခေါင်းဆောင်ကို ကြည့်ကာ အံ့အားသင့် သွားကြသည်။ သည်သုံးယောက် မည်သူတွေ ဖြစ်ကြသနည်း။ လီဟန်ဓား နန်းတော်က လီဟန်နန်းတော်မှ တပည့်များအား ဦးဆောင်ကာ ရောက်လာ၏။ လုချွန်ကား ကျူးထန်အဆင့်တွင် နံပါတ် ၉ ချိတ်သူဖြစ်သည်။

လုချွန်ကား ကျူးထန်အဆင့်ဝင် ဖြစ်သလို ကွန်းရှီ အဆင့်အမြင့်ဆုံး၌ ရှိကာ ရှန့်ထိုဖြစ်ရန် သိပ်မလိုတော့ပေ။

“လီဟန်ဓားနန်းတော်…” အားလုံးက လတ်တလောတွင် ဘာဖြစ်နေသည်ကို နားလည် လိုက်ကြသည်။ ပြောကြသည်မှာ လီဟန်ဓား နန်းတော်၏တပည့် ပေ့ချိန်ရန်သည် ကျူးထန်နန်းတော်၌ ရီဖူရှင်း၏ တိုက်ခိုက်မှုကြောင့် သက်စောင့်ဝိညာဉ် ပျက်စီးခဲ့ရ၏။

သည်လူများမှာ အင်ပါယာရှားဘုံ၌ နံပါတ်တစ် ဓားနန်းတော်မှ ဖြစ်ကြ၏။ ဤသို့ဆိုလျှင် တော်ဝင်ကျဲနန်းတော်က အထက်ဘုံသို့ တက်လာသည်နှင့် တစ်ဖက်နယ်၏ ပိုင်နက်ထဲသို့ ကျော်လွန် ရောက်ရှိလာသည်ဟု ပြောနိုင်ပေတော့သည်။

အထက်ဘုံသည်ကား ပြည်နယ်ကိုးခု မဟုတ်ပေ။

“သွားမယ်…” စုချွဲက အသာအယာ ပြောလျှင် သူတို့ သုံးယောက်သည် လျှပ်စီးတန်းအလား နောက်ဆုတ် သွားကြ၏။

ထိုစဉ် လီဟန်ဓား နန်းတော်မှ တပည့်များက မြန်ဆန်စွာဖြင့် သူတို့၏ ပြေးလမ်းများကို ပိတ်ကြသည်။ မမြင်ရသော ဓားအသိများ လေထဲ ပြည့်နှက်လာခဲ့ကာ ပတ်ဝန်းကျင် လေထုမှာလည်း အလွန် ထက်ရှလာခဲ့၏။

လုချွန်က သူတို့ သုံးယောက်အား ကြည့်ကာ ပြောသည်… “ခင်ဗျားတို့ သုံးယောက်က ကွန်းရှီတွေပဲ … ကျုပ်တို့က ကျူးထန်နန်းတော်ရဲ့ စည်းမျဉ်းအတိုင်း စိန်ခေါ် တိုက်ခိုက်ပါ့မယ်”

သည်အရာက သူတို့ဆရာ၏ အမိန့်ဖြစ်သည်။ သူတို့က အရင် ရှုံးနိမ့်ခဲ့စဉ်က အတိုင်း စည်းမျဉ်း စည်းကမ်းများဖြင့် တိုက်ခိုက် ရပေမည်။ ထိုအရာက အင်ပါယာရှားဘုံ အတွင်းမှ ဓားပညာတွင် နံပါတ် ၁ တော်ဝင်မြေ၏ မာနတရားလည်း ဖြစ်သည်။

သည်လူများမှာ အထက်ဘုံသို့ ယခုမှ ရောက်လာကာ ရှန့်ထိုများ ပါဝင်သည်ကို သိသည့်တိုင် လီဟန် ဓားနန်းတော်သည် ထိုကိစ္စနှင့် ပတ်သက်၍ သိပ်စိတ်မပူပေ။

ရီဝူချင်း၊ စုချွဲနှင့် ကျွေ့ချိန်ချူတို့ ထံမှလည်း ပြင်းထန်သော ဓားအသိမျာ ထွက်ပေါ် လာကြသည်။ ကြောက်မက်ဖွယ် ဓားအရှိန်အဝါများ သူတို့ကို လာရောက် ရစ်ပတ်ကြ၏။ သူတို့က ထွက်မသွားနိုင်မှတော့ တိုက်ခိုက်ရပေမည်။

“သူတို့တွေကို ကျင့်ကြံခြင်း အဆင့်တွေ ဖျက်ဆီးလိုက် … လက်တစ်ဖက်ပြတ် ဓားသမားရဲ့ သက်စောင့်ဝိညာဉ်ကို ချန်ထား… ”

လုချွန်၏အသံသည် အေးစက်နေ၏။ ပေ့ချိန်ရန်ကား သူ၏ဂိုဏ်းတူညီ ဖြစ်သည်။ သူ့သက်စောင့်ဝိညာဉ် ပျက်စီးသွားခြင်း အတွက် သူတို့က ပြန်လည် လက်စားချေရန် လိုသည်။

“မြန်မြန် ထွက်သွားရအောင် … သိပ်ပြီးတော့ အချိန်မဆွဲနဲ့…” စုချွဲက ရီဝူချင်းနှင့် ကျွေ့ချိန်ချူတို့အား ပြောသည်။ သူတို့အားလုံးမှာ ကွန်းရှီ ဖြစ်ကြသော်လည်း ရန်သူများမှာလည်း အထက်ဘုံမှ ထိပ်သီး ပါရမီရှင်များ ဖြစ်ကြ၏။

ထို့ကြောင့် သူတို့အနေဖြင့် များစွာ သတိထားရန် လိုပေသည်။

ထို့အပြင် သူတို့ အုပ်စုသည်လည်း တခြားလူများနှင့် သီးခြား ကွဲထွက်နေသေးသည်။

လီဟန်ဓားနန်းတော်မှ ဓားသမား တစ်ယောက်သည် လေထဲသို့ ခုန်တက်လာခဲ့၏။ သူ့အဝတ်အစားများမှ မီးတောက် အလင်းများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်သည် နေမင်းတစ်စင်း အလား ပူလောင်လာ၏။ နတ်ဘုရား မီးတောက်များသည် ကောင်းကင်၌ လောင်ကျွမ်းလာခဲ့ကာ ကြောက်မက်ဖွယ် ဓားအရောင်အဝါများဖြင့် ပေါင်းစပ်သည်။ ချက်ချင်းပင် ဓားလောကဓာတ် တစ်ခု ဖြစ်တည်လာခဲ့သည်။

ဓားသည် နေမင်း မီးတောက်နှင့် ဓားအသိတို့ ပေါင်းစပ်ထားခြင်း ဖြစ်ပြီး လေဟာနယ်ကိုပင် လောင်ကျွမ်းစေနိုင်ဟန် ရှိသည်။

“ချူချိန်ရန် … နေမင်းမီးတောက်… ”

အဝေးမှ ကြည့်နေကြသူများ အားလုံးမှာ ပထမဆုံး တိုက်ခိုက်လိုက်သော ဓားသမားကို ကြည့်ကြသည်။ သူကား လီဟန်ဓား နန်းတော်မှ ပါရမီရှင်တစ်ဦး ဖြစ်သော ချူချိန်ရန် ဖြစ်သည်။

သို့ဆိုလျှင် လီဟန်ဓား နန်းတော်မှ ရင်ဆိုင် တိုက်ခိုက်နေသူများမှာ မည်သူများ ဖြစ်ကြသနည်း။

သည်လူများက အဘယ်ကြောင့် ဤသုံးယောက်ကို လာရောက် တိုက်ခိုက်ရသနည်း။ အဘယ်ကြောင့် ကျူးထန်နန်းတော် စည်းမျဉ်းများကို ထုတ်ဖော် ကြေညာ ရသနည်း။

သူ့ဘယ်ဘက် တစ်ယောက်ကလည်း စတင် လှုပ်ရှားသည်။ ထိုသူသည် ပါးသောဓားကို ကိုင်ဆောင်သည်။ ဓားသည် ပုစဉ်းတောင်ပံအလား ပါးလွှာကာ အလွန်တရာ ပေါ့ပါးဟန် ရှိသည်။ ဓားကို ကိုင်ဆောင်သူ သည်လည်း လေဓာတ် သဘာဝကို ပိုင်နိုင်ဟန်ရပြီး မြန်ဆန်စွာ တိုက်ခိုက်နိုင်သည်။

“လီချိန်ဖန်း … နွေဦးလေဓား …” ထိုသူက ပြောသည်။ လီဟန်ဓား နန်းတော်နှင့် ပတ်သက်၍ သိနားလည်သူတို့မှာ ထိုသူ၏ နာမည်ကို ကြားသည်နှင့် မှတ်မိကြ၏။

တတိယမြောက်လူက တိုက်ခိုက်သည်။ သည်လူမူကား တခြားလူမျာနှင့် ကွဲပြား ခြားနား၏။ သူက ကြီးမားလေးလံသော ဓားကို ကိုင်ဆောင်သည်။ ဓားသည် အသွားမရှိဘဲ တုံးတိကာ ဖြတ်တောက်နိုင်စွမ်း ရှိဟန်မတူ။ သူသည် အရပ်ရှည်ပြီး ခွန်အားကြီးဟန် ရှိသည်။ သူက ဓားသမား တစ်ယောက်နှင့်ပင် မတူသော်လည်း မည်သူမှ သူ့အား အထင်မသေးပါ။

လီဟန်ဓားနန်းတော်၌ အားနည်းသောသူများ မရှိပေ။ အထူးသဖြင့် ဝမ်မင်သည် အလွန် ခွန်အားကြီးသော ဓားသမား ဖြစ်သည်။

သူတို့သုံးယောက်က သုံးနားတြိဂံပုံစံဖြင့် လေထဲတွင် ရပ်နေကြသည်။ သူတို့၏ ကိုယ်ရောင် ကိုယ်ဝါများမှာ ရင့်သီးပြီး ပြင်းထန်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ သည်တိုက်ပွဲတွင် တစ်ဖက်လူများမှာ မရှုမလှ ရှုံးနိမ့်ရတော့မည်ဟု တွေးကြသည်။

လီဟန်ဓား နန်းတော်မှ တိုက်ခိုက် ဖျက်ဆီးလိုသော သူမှာ မည်သို့ လွတ်မြောက် နိုင်မည်နည်း။

ဘုန်း…

ကြီးမားသော ဖိအားတစ်ခု ဆင်းသက်လာခဲ့ကာ ထိုလောကဓာတ် တစ်ခုတည်းက အားလုံးကို တင်းကျပ်သော ခံစားချက်များ ပေး၏။ ဝမ်လင်က သူ၏ဓားကို ဝှေ့ယမ်းကာ ဝင်ရောက်လာခဲ့ပြီး ကောင်းကင်မှ ခုတ်သည်။ ချက်ချင်းပင် လေထုသည် ပြင်းထန်စွာ ပိုင်းဖြတ်ခံရပြီး တစ်ဖက် တစ်ချက်တွင် မုန်တိုင်းများ ထန်လာခဲ့သည်။

ရီဝူချင်းတို့ သုံးယောက်က ထိုမြင်ကွင်းကို ကြည့်လျှင် မရေမတွက်နိုင်သော ဧရာမဓားကြီးများ ဆင်းသက် လာသည်ဟု ခံစားကြရပြီး ဓားသည် သူတို့၏ ဝိညာဉ်များအား အပိုင်းပိုင်းအစစ ဖြတ်တောက်လိုဟန် ရှိသည်။

ချက်ချင်းပင် သူတို့ သုံးယောက်သည် ကြီးမားသော ဖိအားများကို ခံစားရပြီး လှုပ်ရှားရန်ပင် ခက်ခဲလာခဲ့သည်။ သူတို့ရပ်နေသော မြေပြင်သည်ပင် အက်ကွဲလာခဲ့၏။

အဝေးမှ လူများသည်ပင် ထိုဖိအားများကို ခံစားမိဟာ နောက်ဆုတ်ကြသည်။

ရီဝူချင်း၊ ကျွေ့ချိန်ချူနှင့် စုချွဲတို့သည် ထိုမုန်တိုင်းများ၏ အလယ်တွင် ရှိသည်။ သူတို့၏ ဓားအရောင်အဝါများသည် မြစ်ရေများအလား ဖြစ်ပေါ်လာကာ ဧရာမဓားကြီးထံသို့ တိုက်စား သွားခဲ့ကြ၏။ သူတို့အားလုံးမှာ ကွန်းရှီအဆင့်၌ ရှိကြသော်လည်း တစ်ဖက်မှ အဆင့်မြင့် ကွန်းရှီများနှင့် ယှဉ်လျှင် များစွာ လိုနေပေသေးသည်။ သူတို့က ရှန့်ထိုကျန့်၏ ဆေးစမ်းသပ်မှု ကိုသာ ခံယူထားခြင်း မရှိလျှင် သည်ဓားတစ်ချက်မျှက သူတို့အား ကြီးစွာ ထိခိုက်စေန ိုင်ပေသည်။

ချူချိန်ရန်ကလည်း မီးတောက်ဓားဖြင့် ဝှေ့ယမ်း တိုက်ခိုက်လိုက်သည်။ နေရောင်ခြည်တန်း များသည် ပြင်းထန်သော ပူလောင်မှုများနှင့်အတူ သူတို့ သုံးယောက်ထံသို့ တိုးဝင်လာခဲ့၏။ ထိုအခိုက်တွင် သူတို့၏ စိတ်အသိများအား လာရောက် ပိုင်းဖြတ်သော မီးတောက်ပူများအား ခံစားလိုက်ကြရသည်။

ဝမ်မင်၊ ချူချိန်ရန်၊ လီချူဖန်းတို့ အားလုံးသည် ကွန်းရှီ အဆင့်အမြင့်ဆုံး၌ ရှိနေခဲ့ကြပေသည်။

လီဟန်ဓားနန်းတော်သည် မောက်မာ ဝင့်ကြွားသော်လည်း ရန်သူများအား အထင်မသေး ရဲကြပေ။ သည်လူများသည် ပြည်နယ်ကိုးခု၌ ပြိုင်ဘက် ကင်းကြ၏။ ထို့အပြင် သူတို့သည် ယခင်က ကျူးထန် အဆင့်ဝင်များကိုပင် အနိုင်ယူဖူး ကြသည်။

လီချူဖန်းလည်း တိုက်ခိုက်သည်။ သူက ဓားကို ထုတ်သည်နှင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ တစ်ဖက်လူ သုံးယောက်ထံသို့ လွင့်သွား၏။ ထောင်ပေါင်း များစွာသော ဓားပုံရိပ်များသည် လေဟာနယ်ကိုခွင်းကာ ရီဝူချင်းတို့ထံသို့ ရောက်လာသည်။

သူတို့ သုံးယောက်ပေါင်းစပ် တိုက်ခိုက်လျှင် အားမှာ ပြင်းထန်လွန်းရာ ရှန့်ထိုအဆင့်အောက်မှ မည်သူမဆို ခုခံရန် ခက်ခဲပေမည်။

ရီဝူချင်း၊ ကျွေ့ချိန်ချူနှင့် စုချွဲတို့အားလုံးမှာ မုန်တိုင်းအလယ်၌ ပိတ်မိနေကြသည်။ ရီဝူချင်းထံမှ လင်းလက်သော ဓားအရောင်အဝါများ ဖြာထွက်လာခဲ့ကာ သူ့ခန္ဓာကိုယ်သည်လည်း ထူးဆန်းသော စွမ်းအားများ မွေးဖွားပေးသည်။

သူ့နဖူးမှ ငွေရောင် ဓားငယ်တစ်လက် ထွက်လာပြီး ဓားဝိညာဉ်သည် ပြိုးပြိုးပြက်ပြက် လင်း၏။ ထောင်ပေါင်း များစွာသော ဓားအသိများသည် အရာအားလုံးကို ဖြတ်တောက် ကြတော့သည်။ သူတို့အား လာရောက် တိုက်ခိုက်သော စိတ်ဝိညာဉ် ဓားများမှာလည်း အစိတ်စိတ် ကြေပျက် သွားရတော့သည်။

ငွေဓားငယ်က ပြင်းထန်စွာ တုန်ခါလျှင် ကြောက်မက်ဖွယ် ဓားအရောင်အဝါတစ်ခု ဖြစ်ပေါ်လာသည်။ ငွေဓားငယ်အား ဗဟိုပြုလျက် ဧရာမဓားကြီး တစ်လက် ဖြစ်လာသည်။ ရွှေရောင်ခြည်များသည် ဧရာမ ဓားကြီးအား ရစ်သိုင်းထား၏။ ထူးဆန်းသော ဓားအလင်းနှစ်ခုသည် ထိုအခိုက်တွင် အလွန်လင်းလက် တောက်ပသည်။

“ကွဲစမ်း…” ရီဝူချင်းက ပြောလျှင် သူ့မျက်လုံးများမှ ဓားအလင်းတစ်ခု ထွက်လာဟန် ရှိသည်။ သူက လေထဲသို့ လက်ညှိုးထိုး လိုက်သည်နှင့် ဧရာမဓားကြီးသည် ပြင်းထန်သော ထွင်းဖောက်ခြင်း လောကဓာတ်နှင့်အတူ တစ်ဖက်ဓားထံသို့ ဦးတည် လာခဲ့သည်။

ထိုအခိုက်တွင် ဓားအသိများ အားလုံးမှာ အပိုင်းပိုင်း ပြတ်တောက် ကြရ၏။

“ရန်ဟောင်ဓားအသိ….” လုချွန်က ရီဝူချင်းအား ကြည့်သည်။ သူဂိုဏ်းတူညီသည် သည်လူ၏ ဓားအသိကို လောဘဇောကပ်မိရာမှ ပျက်စီးခဲ့ရ၏။

လက်ရှိတွင် ရန်ဟောင်ဓား အသိကို ပိုင်ဆိုင်သော ရီဝူချင်းသည် ထိုဓားအရှိန်အဝါဖြင့် အလွန် အားကောင်းဟန် ရှိသည်။

ဝမ်မင်က ဓားသင်္ကေတ တစ်ခုအား ဖန်တီးလိုက်ကာ ကြီးမားသော ဓားကြီးသည် ပိုမိုပြင်းထန်သော ဖိအားကို ပေး၏။ ကောင်းကင်ထက်တွင် အဆုံးအစမဲ့သော ဓားများ ပေါ်ထွက် လာခဲ့တော့သည်။ ဓားတစ်လက်စီက ကြီးမားသော ဖိအားများကို ဖြစ်ပေါ်စေ၏။

“ဖြတ်စမ်း…” ဝမ်မင်က အေးစက်စွာ ပြောသည်။ ဧရာမ ဓားကြီးမားသည် လျှပ်စီးတန်းများ အလား တစ်ဖက်လူ သုံးယောက်ထံသို့ ကျဆင်း လာကြတော့သည်။

ကြောက်မက်ဖွယ် မုန်တိုင်းများ ရီဝူချင်းကို ရစ်ပတ်လာခဲ့သည်။ ရန်ဟောင်ဓား အသိသည် သူ့သက်စောင့်ဝိညာဉ်နှင့် ပေါင်းစပ်နေခဲ့ရာ မရေမတွက်နိုင်သော ဓားများ ပေါ်ပေါက်လာခဲ့ပြီး မိုးစက်များပမာ ကျဆင်းလာခဲ့သော ဓားများကို ရင်ဆိုင်ခုခံ၏။ သူ့သက်စောင့်ဝိညာဉ်မှ ဖြစ်ပေါ်လာသော ဧရာမဓားကြီးသည် တစ်ဖက်လူ၏ ဓားနှင့် ရင်ဆိုင်မိကာ ကြောက်မက်ဖွယ် စွမ်းအင်ပြိုကွဲမှုများ ဖြစ်လာသည်။ နောက်ဆုံးတွင် တစ်ဖက်လူ၏ ဧရာမဓားကြီးသည် တတိတိ ပျက်စီးပြိုလဲ သွားတော့သည်။

“ပြေး… ” ရီဝူချင်းထံမှ စကားတစ်ခွန်းတည်း ကြားလိုက်ရသည်။ သူက လျှပ်စီးတန်းအလား ပြောင်းလဲ ပြေးထွက်သွား၏။ ဓားဝိညာဉ်သည်ကား သူ့ထက် မြန်ဆန်စွာပင် ဝမ်မင်ထံသို့ ဦးတည် သွားခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset