အပိုင်း ( ၁၀၂၆)

ဂျီယူနှင့်ပတ်သက်သော သတင်းများ

ရီဖူရှင်း မျက်မှောင်ကြုတ် လိုက်သည်။ ရှားရှင်းယွန်က သူ့အား သတင်းများကို ပြောပြလိုခဲ့သော်လည်း ယခု အပြင်မှာ စောင့်ခိုင်းနေ၏။ သူမ တော်ဝင်ကျဲ နန်းတော်သို့ ရောက်လာစဉ်က သူမအပေါ်  ရီဖူရှင်း၏ အပြုအမူအား မကျေမနပ် ဖြစ်ခဲ့သည်မှာ ထင်ရှား၏။

ထိုစဉ်က ရှားရှင်းယွန်သည် သူ၏ အိပ်ဆောင် အတွင်းသို့အထိ တိုက်ရိုက် ဝင်ရောက်လာခဲ့ရာ ရီဖူရှင်းက သူမအား မလေးမစား ပြောဆို ပြုမူခဲ့ပေသည်။

“ဟူး…” ရီဖူရှင်းက ဟွာဂျီယူနှင့် ပတ်သက်သည်ဟု မိမိကိုယ်ကို သတိပေးကာ အစေခံ မိန်းကလေးအား ပြောသည်… ”မင်းသမီးကို အသိပေးပေးပါ… ကျုပ်က မင်းသမီး နန်းတော် လာစဉ်က မလေးမစား ပြုခဲ့တာတွေ အတွက် ပြန်တောင်းပန်ချင် ပါတယ်လို့…”

“မင်းသမီးက ပြောခဲ့တယ်။ ဒီနေ့ သူမက ဧည့်သည်တွေ မတွေ့တော့ဘူး။ ဒါက နောက်ဆုံး ပြောတာပဲ” အစေခံမိန်းကလေး၏ သဘောထားက အနည်းငယ်မျှပင် မပြောင်းလဲပေ။

ရီဖူရှင်းက အစေခံ မိန်းကလေးအား တစ်ချက် ကြည့်သည်။ ရီဖူရှင်း၏ မျက်လုံးများမှ အေးစက်သော အငွေ့အသက် တချို့အား ခံစားရလျှင် မိန်းကလေးသည် သူ့အား စေ့စေ့မကြည့်မရဲဘဲ ခေါင်းငုံ့၏။

သူက အဝေးမှ ကြီးမား ခန့်ညားသော နန်းတော်ကြီးအား ကြည့်သည်။ ရှားရှင်းယွန်က တခြား ကိစ္စတွင် လက်စားချေသည် ဆိုပါက ရီဖူရှင်းအနေဖြင့် စိတ်ထဲ သိပ်ထားမည် မဟုတ်ပေ။ သို့သော်လည်း သည်ကိစ္စသည် အလွန် အရေးကြီး၏။

“မင်းသမီးကို အသိပေးပေးပါ … ကျုပ် မနက်ဖြန်မှ ထပ်လာပါ့မယ်” ရီဖူရှင်းက အစေခံ မိန်းကလေးကို ပြောကာ ကျေးရွာ ခေါင်းဆောင်ကို ပြောသည်… ”အဘ … သွားရအောင်…”

ရှားရှင်းယွန်၏ အပြုအမူအတွက် သူ လုပ်နိုင်သည့်အရာ ဘာမှ မရှိပေ။

“သူ့ကို ခေါ်လာခဲ့…” အထက်မှ အသံတစ်သံအား ကြားကြရသည်။ ရီဖူရှင်းက နောက်မလှည့်ခင်ပင် သူ့ခြေလှမ်းများအား ရပ်လိုက်ရ၏။ ဤတွင် အစေခံ မိန်းကလေးက ပြောသည်… ”ကျွန်မနဲ့ လိုက်ခဲ့ပါ…”

ရီဖူရှင်းက ရှေ့သို့ တက်သွားကာ ကောင်းကင် နန်းတော်သို့ ဦးတည် လိုက်သည်။

ကျေးရွာ ခေါင်းဆောင်က အပြင်၌ စောင့်နေခဲ့၏။ သည်နေရာကား အင်ပါယာရှား နန်းတော်ဖြစ်ပြီး သည်နေမြေအတွင်း အလုံခြုံဆုံး နေရာလည်းဖြစ်၏။

ရီဖူရှင်းတို့က လှပခမ်းနားသော နေရာများအား ဖြတ်ကျော်ပြီးနောက် တံတားတစ်ခု တည်ဆောက်ထားသော ရေကန်တစ်ခုသို့ ရောက်လာကြ၏။ ထိုနေရာတွင် ယောက်ျားဝတ်စုံဖြင့် မိန်းကလေး တစ်ယောက်သည် ရေကန်အား ရပ်ကြည့်နေ၏။

“ရီဖူရှင်းက မင်းသမီးကို နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။

ရှားရှင်းယွန်က သူ့အား အေးစက်စွာ ကြည့်ကာ ဘာမှ မပြောပေ။

“နင်က တခြားလူဆီက အကူအညီ တောင်းရင်တောင် ဒီလို မျက်နှာထား တင်းတင်းနဲ့လား…” ရှားရှင်းယွန်က ရီဖူရှင်း၏ အမူအရာကို ခံစားမိကာ ပြောသည်။

“ကျုပ်က မင်းသမီးကို တင်းတင်းမာမာ မဆက်ဆံရဲပါဘူး။ နန်းတော်မှာ ဖြစ်ခဲ့တာတွေက ကျုပ်အမှားပါ။ ဒီအတွက် ကျုပ် တောင်းပန်ပါတယ်။ မင်းသမီးက စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်” ရီဖူရှင်းက တီးတိုးပြောသည်။

“ဘယ်လောက် ဟန်ဆောင်ကောင်းလဲ…” ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။ ရီဖူရှင်းက သူမအား ကြည့်ကာ ဖော်မပြတတ်သော ခံစားချက်များကို ရသည်။

သူ၏စိတ်ထဲတွင် ဘာဖြစ်နေသည်ကို ရှားရှင်းယွန် သိပေသည်။ သူမက အေးစက်စွာ ပြောသည်… ”ငါက ပြီးခဲ့တဲ့ သုံးနှစ်က တော်ဝင်စစ်ပွဲကို ကြည့်ခဲ့တယ်။ ဟွာဂျီယူက ဘုရင်မတစ်ပါးရဲ့ စွမ်းအားကို ငှားရမ်းသုံးစွဲခဲ့တာ သေချာတယ်။ ငါက အဲဒီစွမ်းအားတွေနဲ့ ပတ်သက်လောက်တယ်လို့ ယူဆရတဲ့ သူမနဲ့အတူ သွားရောက်ခဲ့တဲ့ နေရာတချို့ကို လေ့လာ စုံစမ်းခဲ့တယ်။ အဲဒီ ဘုရင်မရဲ့ လေ့ကျင့်တဲ့ နည်းစနစ်က ထူးခြားတယ်”

ရီဖူရှင်းက တိတ်ဆိတ်စွာ နားထောင်နေပြီးမှ မေးသည်… ”အဲဒီ ဘုရင်မရဲ့ လေ့ကျင့်ပုံက ဘယ်လို ထူးခြားတာပါလဲ…”

“ရှင်က အခု အထက်ဘုံမှာ လာလေ့ကျင့်တယ်။ အထက်ဘုံမှာ ဘုံဘယ်နှခု ရှိလဲ သိလား…”

“ကျွန်တော် မသိဘူး …” ရီဖူရှင်းက ခေါင်းယမ်းသည်။

“မဟာလမ်းစဉ်မှာ ဘုံသုံးထောင် ရှိတယ်” ရှားရှင်းယွန်က ရီဖူရှင်းကို ပြောသည်…” ဒါကြောင့် ငါက အောက်ဘုံနဲ့ အထက်ဘုံက လူတွေကိုခေါ်ပြီး အင်ပါယာရှား နယ်မြေရဲ့ အပြင်ဘက်မှာ သွားလေ့ကျင့်တယ်။ ဒါပေမဲ့ ငါတို့က နယ်မြေ အများကြီးသို့ ရောက်ခဲ့ရင်တောင်မှ တကယ့် ဘုံသုံးထောင်နဲ့ယှဉ်ရင် အရမ်း သေးငယ်လွန်းတယ်”

ရီဖူရှင်းက အနည်းငယ် အံ့အားသင့် သွားပြီးမှ အေးသည်… ”ဒါက ကျုပ်ဇနီးနဲ့ ဘာပတ်သက်နေလဲ မသိဘူး”

“အဲဒီအပျက်အစီး နယ်မြေက ဘုံသုံးထောင်ရဲ့ ထိပ်သီး ပုဂ္ဂိုလ်တစ်ဦး ထားခဲ့တဲ့နေရာပဲ။ အတွေးတစ်ခုတည်းက ဘုံသုံးထောင်လုံးကို ဖြန့်ကြက်နိုင်တယ်။ ရှင့်ဇနီးဝိညာဉ်က မပျက်မစီးဘဲ ရှိနေခဲ့လို့ သေချာတာက အဲဒီပုဂ္ဂိုလ်ကြီးက သူမကို ဆောင်ယူ သွားခဲ့တာပဲ။ ဒါကြောင့် သူမအနေနဲ့ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိနေသေးတယ်” ရှားရှင်းယွန်က ပြန်ပြောသည်။

ရီဖူရှင်း စိတ်လှုပ်ရှား သွားသည်။

မဟာလမ်းစဉ်၏ ဘုံသုံးထောင်…။ နတ်ဘုရား အတွေးသည် ဘုံသုံးထောင်သို့ ဖြန့်ကြက်၏။

ထိုမျှ ကြီးမားသော စွမ်းအား ပိုင်ရှင်သည်သာ ဟွာဂျီယူအား ကယ်တင်လိုပါက အလွန်ဖြစ်နိုင်ချေ ရှိပေသည်။

ထိုသို့ တွေးမိလျှင် သူ့ခေါင်းများ ပူလောင် လာသည်။ သူကား သုံးနှစ်လုံးလုံး မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ပျက်လက်ပျက် ဖြစ်မှုတို့ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ ယခု သူ မည်သို့ ခံစားနေရမည်ကို တွေးနိုင်ပေသည်။

“မင်းသမီး … အဲဒီ ပုဂ္ဂိုလ်ကြီးက ဘယ်သူလဲ မသိဘူး…” ရီဖူရှင်းက မေးသည်။

“ဒါက နင်နဲ့ အလှမ်းဝေးတယ် … နင်က သူမကို တွေ့ချင်ရင်တောင် လက်ရှိ အနေအထားနဲ့တော့ မဖြစ်နိုင်ဘူး။ ကြိုးစား လေ့ကျင့်ပြီးတော့ ရှန့်ထိုအဆင့်သို့ မြန်မြန် တက်ပါ” ရှားရှင်းယွန်က ပြောသည်။

ရီဖူရှင်းက သူမအား စိုက်ကြည့်လျှင် သူမက အေးစက်စွာ ပြောသည်… ”ငါပြောခဲ့တာက အမှန်တရားတွေပဲ။ နင် ယုံတာ မယုံတာ ငါ့ကိစ္စ မဟုတ်ဘူး။ ငါက နောက်ထပ် ဘာမှ ပြောတော့မှာ မဟုတ်ဘူး”

ထို့နောက် သူမက တစ်ဖက်သို့ လှည့်ကာ ရေကန်အား မျက်နှာမူသည်။

သူမက ထိုသို့ ပြုမူသည်ကိုမြင်လျှင် သူ့အနေဖြင့် နောက်ထပ် သတင်းများကို ရရှိတော့မည် မဟုတ်ကြောင်း ရီဖူရှင်း သိသည်။ သူက ဦးညွှတ်ကာ ပြောသည်… ”မင်းသမီးကို ကျေးဇူးတင်ပါတယ်။ ကျုပ် ပြန်လိုက်ပါဦးမယ်”

ထို့နောက် ရီဖူရှင်း နောက်လှည့်ကာ ထိုနေရာမှ ထွက်ခွာ လာခဲ့သည်။

ရှားရှင်းယွန်ဘေး၌ အသံမပေး ဘာမပေးဘဲ လူတစ်ယောက် ပေါ်လာသည်။ ထိုသူကား အင်ပါယာရှား ကိုယ်တိုင်ဖြစ်၏။

ရှားရှင်းယွန်က အင်ပါယာရှားအား ကြည့်ကာ ပြောသည်… ”အဲဒီ ဘုရင်မရဲ့ လေ့ကျင့်မှုက ထူးခြားတယ် ဆိုတာ အဖေလည်း သိတာပဲ။ ဘုံသုံးထောင်မှာ မရေမတွက်နိုင်တဲ့ နတ်ဘုရား အတွေးတွေ ပြန့်ကျဲနေတာ ဖြစ်နိုင်တယ်။ တကယ်တော့ သူမက အဲဒီဘုရင်မရဲ့ လေ့ကျင့်ခြင်း ကြားခံတွေပဲ။ အဲဒီဘုရင်မက ဟွာဂျီယူကို ကယ်တင်နိုင်စွမ်း ရှိရင်တောင်မှ ဒီလိုလုပ်ဖို့ အခွင့်အရေးက အရမ်းနည်းတယ်။ သူ့ကို ဘာလို့ မျှော်လင့်ချက် ပေးတာလဲ အဖေ… ။ တကယ်လို့ သမီးတို့ ပြောလိုက်လို့ တစ်နေ့ သူ့မျှော်လင့်ချက်တွေ ပျက်စီးသွားရင် သူ ဘာဖြစ်သွားမလဲ…”

“သမီးက သူ့ကို သနားနေတာလား…” အင်ပါယာရှားက ရှားရှင်းယွန်ကို ကြည့်ကာ ပြုံးသည်။

ရှားရှင်းယွန်၏ မျက်လုံးများက တည်ငြိမ်နေဆဲ ဖြစ်သည်။

အင်ပါယာရှားက ပြုံးလျက် ဆက်ပြောသည်… ”ဒီကောင်လေးက စိတ်ခံစားချက် ပြင်းထန်တယ်။ ဒီလောကမှာ စိတ်အင်အားက အပြင်းထန်ဆုံးသော တွန်းအားပဲ။ ဒါက သူ့ကို ပိုပြီး ရှေ့ရောက်ဖို့ တွန်းအား ဖြစ်စေနိုင်မယ်။ ဒါကို သမီး မယုံဘူးလား”

“တကယ်လို့ အဲဒါက သူ့မျှော်လင့်ချက်တွေကို ပျက်စီးစေခဲ့ရင် ဒါက ပိုဆိုးတဲ့ ထိချက်ပဲ မလား…” ရှားရှင်းယွန်က မေးသည်။

“အဲဒီလိုနေ့ ရောက်လာရင်လည်း သူ့စိတ်က ပိုရင့်သန်လာမှာပဲ။ သူက အလွယ်တကူ ပျက်စီး သွားနိုင်တဲ့သူမျိုး မဟုတ်ဘူး။ သူ့ကို အထင်မသေးနဲ့…။ သမီး မမေ့နဲ့ … သူက သမီးကို အနိုင်ယူဖူးတယ်” အင်ပါယာရှားက ပြုံးသည်။ သူ၏ မျက်လုံးများက နူးညံ့ကာ နွေးထွေး၏။

“သူ့ စိတ်နေ စိတ်ထားကလည်း သဘောမကျစရာ ကောင်းတယ်လို့ သမီး ထင်တယ်ပေါ့…” အင်ပါယာရှားက ပြုံးလျက် မေးသည်။

ရှားရှင်းယွန် ပြန်မပြောပေ။ အင်ပါယာရှားက သူ၏သမီးအား ကြည့်ကာ ပုံမှန်အားဖြင့် သူမသည် မည်မျှ မာနကြီးမားသည်ကို သိနားလည် ပေသည်။ အဆင့်အတန်းအားဖြင့် ဖြစ်စေ၊ ပါရမီအားဖြင့်ဖြစ်စေ၊ သူမသည် အင်ပါယာရှားဘုံ အတွင်း၌ ပြိုင်ဘက်ကင်း ပေ၏။

သူမက သိမ်မွေ့စွာ ပြန်ပြောသော သူသည် သူမအား အနိုင်ယူဖူးသူသာ ရှိပေမည်။

တခြား တစ်ယောက်သာ ဆိုပါက သူမသည် သူတို့အား ဒူးတုန်ခြေတုန် ဖြစ်အောင် ခြောက်လှန့်ပြီး ဖြစ်ပေမည်။

“တကယ်ပဲ … သူက ဘယ်သူလဲ…” ရှားရှင်းယွန်က စိတ်ဝင်စားစွာ မေးသည်။ သူမက ရီဖူရှင်း၏ နောက်ကြောင်းကို လေ့လာ စုံစမ်းရာတွင် ထိုနေ့က ထူးဆန်းလ ျှို့ဝှက်သူတစ်ဦး အင်ပါယာရှား နန်းတော်သို့ ရောက်လာသည်ကို သူမသိသည်။

ထို့နောက်တွင်ပင် တော်ဝင်စစ်ပွဲမှ သတင်းများသည် အပြင်သို့ ပေါက်ကြားခွင့် မရှိကြောင်း အင်ပါယာရှားက တစ်ချက်လွှတ် အမိန့်ထုတ်ခဲ့၏။ များစွာသော လျှို့ဝှက် သက်တော်စောင့်များသည် အောက်ဘုံသို့သွားကာ စစ်ပွဲတွင် ပါဝင်ခဲ့သူများ၏ လှုပ်ရှားမှုများအား လေ့လာ စောင့်ကြည့်ခဲ့၏။

သူမ သိတတ်စ အရွယ်ကတည်းက သူမ၏အဖေသည် တစ်စုံတစ်ခု အပေါ်တွင် စိုးရိမ်ပူပန်ခြင်း ရှိသည်ကို ယခုမှ မြင်ဖူး သိဖူးခြင်း ဖြစ်၏။

“ငါလည်း သိချင်တယ်…” အင်ပါယာရှားက သူမ၏ဆံပင်များအား အသာအယာ ပွတ်သပ်ကာ ပြောသည်။ ထိုနေ့က ရောက်လာသော လူထူးလူဆန်း၊ နောက်ပိုင်း သူတွေ့ရှိကာ ကောက်ချက်ချမိသော အရာများဖြင့် ရီဖူရှင်း၏ နောက်ကြောင်းသည် ကြောက်စရာ ကောင်းသော လျှို့ဝှက်ချက်များဖြင့် ပတ်သက် နေကြောင်း နားလည်သည်။

သူမ၏ခေါင်းအား လာကိုင်သည့် သူမအဖေကို ရှားရှင်းယွန်က ဒေါသတကြီး ကြည့်သည်။

အင်ပါယာရှားက ရယ်မောကာ သူမ၏ခေါင်းကို ဆက်လက်၍ ကိုင်တွယ်နေခဲ့သည်။

အပြင်မှ လူများသာ ထိုမြင်ကွင်းကို ကြည့်ပါက သူတို့မှာ သေချာပေါက် အံ့အားသင့်ပေ လိမ့်မည်။ အင်ပါယာရှားသည် သူ၏သမီးကို လွန်စွာ ချစ်ခင်သည်ဟု လူအများက ပြောကြသည်။ သို့သော်လည်း အမှန်တရားကား ကောလာဟလများ ထက်ပင် စစ်မှန်ပေသေးသည်။

“ဒါပေမဲ့ သူဘယ်သူပဲ ဖြစ်ပါစေ … သူက မင်းကို စိတ်ဆိုးစေတာပဲ … သူ့ကို မင်းဆီမှာ ခစားပြီးတော့ မင်းအမိန့်ကို နာခံစေဖို့ ငါ အမိန့်ပေးလိုက် ရမလား…” အင်ပါယာရှားက ရယ်မောကာ ဆက်ပြောသည်… ”ဒီကောင်လေး ငြင်းရဲမလား ကြည့်မယ်လေ…”

ရှားရှင်းယွန်က ရီဖူရှင်းအား ဖိတ်ခေါ်စဉ် အချိန်အခါက သူမအား ရီဖူရှင်းက ငြင်းပယ်ခဲ့သည်ကို ပြန်တွေးမိကာ သည်ကမ်းလှမ်းချက်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်ဟု တွေးမိသည်။ သို့သော်လည်း ရီဖူရှင်း၏ မာနကြီးသော ရုပ်သွင်ကို ပြန်တွေးကာ ခေါင်းယမ်းသည်… ”မလိုပါဘူး…”

“ကောင်းပြီ… လိုတဲ့ အချိန်သာပြော…” အင်ပါယာရှားက ပြုံးလျက်ပြောကာ ထိုနေရာမှ ပျောက်ကွယ် သွားသည်။

***

တော်ဝင်ကျဲနန်းတော်မှ လူများ တည်းခိုခန်းသို့ ရောက်လာကြကာ အားလုံးသည် စုစည်းကြ၏။

ဓားသမား သုံးယောက်ဖြစ်သော ရီဝူချင်း၊ စုချွဲနှင့် ကျွေ့ချိန်ချူတို့သည် တော်ဝင်ကျဲ နန်းတော်၌လည်း အမြဲတမ်းအားဖြင့် အတူတကွ လေ့ကျင့်ကြသူများဖြစ်ကြ၏။

“အထက်ဘုံက အရမ်းကို စည်ကားတာပဲ … ငါထင်တာကတော့ တကယ်ကောင်းတဲ့ အရက်ဆိုင်တွေ ရှိလိမ့်မယ်” ကျွေ့ချိန်ချူက ရေရွတ်သည်။

“အရက်ဆိုင်က ပျင်းစရာ ကောင်းတယ်။ ဒီမှာ မိန်းကလေးတွေ အများကြီးပဲ…” စုချွဲက သိပ်မဝေးသော တစ်နေရာ၌ ရပ်နေသော မိန်းကလေး တန်ခိုးရှင် တစ်ဦးအား ကြည့်ကာ ပြောသည်။ သူမသည် လှ၏။

အထက်ဘုံမှ လူများမှာ တန်ခိုးအဆင့်အတန်း မြင့်မားသူများချည်း ဖြစ်ကြရာ သူတို့၏ ရုပ်ရည်များမှာလည်း ထူးခြား ကောင်းမွန် ကြပေသည်။

ရီဝူချင်းကား သူတို့နှစ်ဦး၏ စိတ်နေ သဘောထားများနှင့် ရင်းနှီးပြီးဖြစ်ရာ သူက သိပ်အလေး မထားပေ။ ကျွေ့ချိန်ချူသည် သေရည်ကို အမှန်တကယ် ကြိုက်နှစ်သက်ခြင်း ဖြစ်သော်လည်း စုချွဲကား အပြောမျှသာ ဖြစ်သည်။

စုချွဲက ရုတ်တရက် ရပ်လိုက်သည်။ သူတို့ တစ်ခုခုကို ခံစားမိလျှင် ရီဝူချင်းနှင့် ကျွေ့ချိန်ချူတို့လည်း ရပ်လိုက်ကြ၏။

စုချွဲကား လူသတ်ဓားကို လေ့ကျင့်သူဖြစ်ရာ သူ့အာရုံခံသည် သုံးယောက်ထဲ၌ အမြင့်ဆုံးဖြစ်သည်။ သူက သတ်ဖြတ်လိုသော အငွေ့အသက် တစ်ခုအား ခံစားမိ၏။

ထိုအခိုက်တွင် ဓားများကို စီးနင်းလာသော လူတစ်စု သူတို့ထံသို့ ရောက်လာသည်။ သူတို့အားလုံးထံမှ ထက်ရှသော အငွေ့အသက်များ ဖြာထွက်နေရာ ထိုသူတို့ အားလုံးမှာ ဓားသမားများ ဖြစ်ကြောင်း သိနိုင်သည်။

သူတို့က ရီဝူချင်းတို့ သုံးယောက်အား အေးစက်စွာ ကြည့်ကြ၏။

“ခင်ဗျားမှာ ကျုပ်တို့နဲ့ ကိစ္စတစ်ခုခု ရှိလား…” စုချွဲက မျက်မှောင်ကြုတ်ကာ ထိုအုပ်စုအား ကြည့်သည်။ သူတို့က အထက်ဘုံကို ယခုမှ ရောက်လာခြင်း ဖြစ်ပြီး တစ်ယောက်နှင့်မှ အပြောအဆို အထိအတွေ့ မရှိသေးပေ။

သို့မဟုတ် ရန်ငြိုးဟောင်းများ ဆိုခဲ့လျှင်ကော…

သည်လူများမှာ ဓားသမားများ အားလုံးဖြစ်ကြရာ မိမိတို့သုံးဦးမှာလည်း အမှန်တကယ် ဓားသမားများ ဖြစ်နေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset