တောင်ထိပ်ငါးခုမှာ မိုးသစ်တောနှင့် ဘေးပတ်ပတ်လည်ရှိ ဒေသများ၏ကြားရှိ နယ်စပ်ဒေသတွင် တည်ရှိသည်။ မြစ်တစ်စင်းမှာ တတိယတောင်ထိပ်နှင့် စတုတ္ထတောင်ထိပ်တို့၏ကြားရှိ တောင်ကြားကိုဖြတ်၍ စီးဆင်းနေပြီး မိုးသစ်တောတစ်ခုလုံးထဲသို့ စီးဝင်နေ၏။
တစ်ခါတရံ အသွားချွန်ထက်သော ဆူးတောင်များ ရှိကြသည့် ငါးများမှာ ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာတတ်ပြီး ကြီမားသော ရေပွက်ကြီးများကို ဖန်တီးကာ မြစ်ထဲသို့ ပြန်၍ ငုပ်လျှိုးသွားလေ့ ရှိကြသည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထိုမြင်ကွင်းမှာ အလွန် အန္တရာယ်များသည်။
ဝမ်ပေါင်လဲ့မှာ တသွင်သွင် စီးဆင်းနေသော မြစ်ကြီးကိုကြည့်၍ အလွန် စိတ်လှုပ်ရှားသွား၏။ သူသည် သင်္ဘောပျံကြီးအား လေပေါ်တွင် ရစ်ဝဲနေအောင် ချိန်ညှိလိုက်ပြီးနောက် လက်ရန်းများ၏ ဘေးတွင်ရပ်ကာ ခေါင်းငုံ့၍ လက်ချောင်းများနှင့် ဆင်တူနေသော တောင်စဉ်တန်းကြီးကို ကြည့်လိုက်၏။
သူ၏ လက်ရှိအခြေအနေများမှာ အကောင်းဆုံးအနေအထားတွင် မရှိပါသော်လည်း စူးစမ်းရှာဖွေရေးနေရာဆီသို့ ယခုလို နီးကပ်စွာရောက်ခဲ့ပြီးမှ သေသေချာချာ မကြည့်ရှုခဲ့ရပါက သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားသည်။ ထို့ကြောင့် သူသည် အတွေးများထဲတွင် နစ်မျောသွားပြီးနောက် သူ၏မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။
” ငါ သွားကြည့်ရုံပဲ သွားကြည့်လိုက်မယ်ကွာ။ အန္တရာယ်တွေ အရမ်းများလာရင်လဲ ငါ ချက်ချင်း ပြန်လာလိုက်ရုံပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီး အသက်ပြင်းပြင်းရှူကာ သင်္ဘောပျံကြီးအား မြေပြင်ပေါ်သို့ ဆင်းသက်စေလိုက်၏။ သင်္ဘောပျံကြီးမှာ မြေပြင်နှင့်သိပ်မကွာသော အမြင့်တစ်နေရာသို့ ရောက်သွားသောအခါ သူသည် အကာအကွယ်စနစ်များကို ဖွင့်လိုက်ပြီးနောက် ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးအား အချိန်အတော်အတန် ကြာသည်အထိ ဆက်၍ သတိမေ့မြောနေစေရန်အတွက် သူ၏ဦးခေါင်းကို နောက်ထပ်တစ်ကြိမ် ကန်ကျောက်လိုက်ပြန်သည်။ ထိုသို့ကန်ကျောက်ပြီးမှသာ ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်၍ သင်္ဘောပျံကြီးပေါ်မှ ဆင်းသွား၏။
ဝမ်ပေါင်လဲ့မှာ မိုးသစ်တောထဲမှ တိုက်ပွဲကြီးကို ဖြတ်ကျော်ခဲ့ရပြီးနောက် သူ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြတ်သားမှုများမှာ ပို၍ပင် သိသာထင်ရှားလာ၏။ ထို့ကြောင့် ယခုတွင် သူသည် မြေပြင်ပေါ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တွေ့ဝေတုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ရှေ့သို့လှိမ့်သွားပြီး သစ်တောထဲသို့ ဝင်သွားလိုက်၏။
သူ၏ လှုပ်ရှားမှုများမှာ ချောမွေ့သေသပ်နေပြီ ဖြစ်သည်။ အကယ်၍ လူတစ်ယောက်ကသာ သူ့ကို ဘေးမှ စောင့်ကြည့်နေမည်ဆိုပါက လုံးဝန်းသော ခန္ဓာကိုယ်ကြီးတစ်ခု ပေါ့ပါးသွက်လက်စွာ ခုန်ပေါက်၍ သစ်ပင်များကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သေရေးရှင်ရေး တိုက်ပွဲကြီးထဲတွင် သစ်တောထဲ၌ လျင်မြန်ဖျတ်လတ်စွာ ရွေ့လျားသွားလာနိုင်သည့် အတွေ့အကြုံကို ရရှိခဲ့သည် မဟုတ်ပါလော။ သူသည် အတွေ့အကြုံရင့်ကျက်သောအဆင့်သို့ မရောက်သေးပါသော်လည်း အံ့သြဖွယ်ကောင်းသည့် အဆင့်တွင် ရှိနေပြီဖြစ်သည်။
ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ခါးကိုင်း၍ အလျင်အမြန် ရွေ့လျားနေပြီး သူ၏ ဘေးဘီဝဲယာကိုလည်း ဂရုစိုက်၍ အကဲခတ်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရပ်တန့်သွားလိုက် ခုန်ပေါက်လိုက် ဖြစ်နေ၏။ သူသည် ဖြောင့်ဖြူးနေသော လမ်းပေါ်မှ မသွားခဲ့ဘဲ အကွေ့အကောက်များစွာ ရှိသော လမ်းပေါ်မှတစ်ဆင့် ထိုတောင်ထိပ်ငါးခုနားသို့ ရောက်ရှိလာသည်။
ကောင်းကင်ပေါ်မှ ကြည့်လိုက်ပါက ထို တောင်ထိပ်ငါးခုမှာ ယခုလောက် ကြီးမားနေသည့်ပုံ မပေါ်ပေ။ သို့သော် သူသည် မြေပြင်ပေါ်မှနေ၍ ထိုနေရာဆီသို့ ချဉ်းကပ်လာသောအခါ ထိုတောင်ကြီးမှာ အလွန် ကြီးကျယ်ခမ်းနားသည့်ပုံ ပေါက်နေသည်။ အသွားချွန်ထက်နေသော ဓားငါးလက်နှင့်တူသည့် တောင်ထိပ်ငါးခု ရှိနေ၏။ ထိုတောင်ကြီး၏ တောင်စောင်းများမှာ အလွန် မတ်စောက်နေသောကြောင့် ကောင်းကင်ကြီးနှင့် ချိတ်ဆက်ထားသကဲ့သို့ပင် ဖြစ်နေသည်။
” ငါ့အဖေကတော့ အဲဒီနေရာရဲ့ ဝင်ပေါက်က တတိယတောင်ထိပ်ရဲ့ အခြေမှာ ရှိတယ်လို့ ပြောခဲ့တာပဲ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ခေါင်းငုံ့၍ တောင်ထိပ်ငါးခုအနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်သည်။
သူ ထိုအနားသို့ ရောက်လာသောအခါ ငှက်အမျိုးအစားပေါင်း များစွာ၏ မစင်များကို မြင်လိုက်ရသည်။ ၎င်းတို့ကြောင့် ဝမ်ပေါင်လဲ့မှာ ယုံကြည်မှုများ ပို၍ပင် ပြင်းထန်လာ၏။ သူ ရောက်နေသည့်နေရာမှာ ငှက်များ အနားယူရာ သို့မဟုတ် ခေတ္တမျှ ရပ်နားရာ နေရာတစ်ခုဖြစ်ကြောင်း သူက ရိပ်မိသွားသည်။ ပုံမှန်ဆိုလျှင် ထိုကဲ့သို့သော နေရာများတွင် အန္တရာယ် ကြီးကြီးမားမားမရှိနိုင်ပေ။ ထို့ကြောင့် သူကြုံရနိုင်သည့် အန္တရာယ်များမှာလည်း သိသိသာသာ နည်းပါးသွားမည် ဖြစ်သည်။
သိပ်မကြာခင် ဝမ်ပေါင်လဲ့မှာ ပထမတောင်ထိပ်ပေါ်သို့ အလျင်အမြန် တက်သွားပြီး တတိယတောင်ထိပ်ဆီသို့ ချဉ်းကပ်သွားနေပြီဖြစ်သည်။ သူသည် ထိုနေရာအထိ သင်္ဘောပျံကြီးကို မောင်းနှင်သွား၍ ရပါသော်လည်း ၎င်းမှာ တောင်ပေါ်ဒေသတစ်ခု ဖြစ်သောကြောင့် သင်္ဘောပျံကြီးကို ခပ်မြင့်မြင့် ပျံသန်းရမည် ဖြစ်သည်။ ထိုသို့သာ ဆိုပါက အခြားသူများမှာ ၎င်းကို အလွယ်တကူ မြင်သွားနိုင်သည်ဖြစ်ရာ ဘေးကင်းလုံခြုံမှု ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီးကို အဝေးတစ်နေရာသို့ မောင်းထွက်သွားပြီး မိုးသစ်တော၏အနားတွင် ရစ်ဝဲနေအောင် ပြုလုပ်ထားရန် ဆုံးဖြတ်လိုက်၏။ ထိုသို့ဆိုလျှင် သူသည် သူ၏ လမ်းကြောင်းများကို အလွယ်တကူ ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။
” တစ်ချက်လောက်ပဲ သွားကြည့်ပြီးတော့ အန္တရာယ်တစ်ခုခု ပေါ်လာတာနဲ့ တန်းပြီးပြန်လာခဲ့မယ် ”
ဝမ်ပေါင်လဲ့မှာ အနားသို့ရောက်လာလေလေ ပို၍သတိကြီးလာလေလေ ဖြစ်သည်။ သူသည် သူ၏ အရှိန်ကို လျှော့ချလိုက်ပြီး တတိယတောင်ထိပ်ဆီသို့ ရောက်သွားပြီးနောက် ခေါင်းငုံ့ကြည့်လိုက်သောအခါ မြစ်ရေထဲမှ ခုန်ထွက်လာသည့် ဧရာမ ငါးကြီးများကို မြင်လိုက်ရသည်။
” ဒီနေရာကနေသာ ငါ ပြုတ်ကျသွားလို့ကတော့…. ”
ဝမ်ပေါင်လဲ့မှာ ထိုအတွေးများကို ချက်ချင်းပင် ခေါင်းထဲမှ ထုတ်လိုက်ပြီး သူ၏ဘေးနားရှိ ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်သည်။ ထို့နောက် သူသည် ဘေးဘီဝဲယာကို အကဲခတ်လိုက်သောအခါ သူ၏ ဖခင် ပြောခဲ့သည့် နေရာကို ရှာတွေ့သွား၏။ သူ၏ မျက်လုံးများမှာ ရေပြင်အထက် တတိယတောင်ထိပ်ပေါ်ရှိ ကျောက်သားနံရံကြီး၏ အလယ်ဗဟိုတည်တည့်တည့်ကို စိုက်ကြည့်နေသည်။ ထိုနေရာတွင် သစ်ပင်ကြီးတစ်ပင်မှာ ခပ်စောင်းစောင်း အနေအထားအတိုင်း ပေါက်နေပြီး ၎င်း၏ အမြစ်များမှာ ကျောက်သားနံရံထဲရှိ အက်ကွဲကြောင်းများ၏ ကြားထဲတွင် နစ်ဝင်နေ၏။
ထိုသစ်ပင်ကြီး၏ဘေးတွင် ပို၍ပင် အရွယ်အစားကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရှိနေသည်။ ထိုအက်ကွဲကြောင်းကြီးမှာ ဝမ်ပေါင်လဲ့၏ ဖခင်နှင့် သူ၏ ရှေးဟောင်းသုတေသနအဖွဲ့တို့ ရှာဖွေတွေ့ရှိခဲ့သော စူးစမ်းရှာဖွေရေး နေရာ၏ ဝင်ပေါက်ပင် ဖြစ်သည်။
” အဲဒီ ရှေးဟောင်းသုတေသနအဖွဲ့က တော်တော်ကိုအထင်ကြီးဖို့ကောင်းတာပဲ။ ဒီလောက် ချောင်ထဲရောက်နေတဲ့ နေရာတစ်ခုကို ရအောင် ရှာနိုင်ခဲ့တာဆိုတော့ ”
ဝမ်ပေါင်လဲ့မှာ ထိုအက်ကွဲကြောင်းကြီးကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွား၏။ သူသာဆိုလျှင် ထို အက်ကွဲကြောင်းကြီးမှာ ဝင်ပေါက်ဖြစ်ကြောင်း လုံးဝသတိထားမိခဲ့မည် မဟုတ်ပေ။
” ငါ့အဖေ မူးမူးနဲ့ အချက်အလက် အမှားကြီးတွေ လျှောက်ပြောခဲ့တာတော့ မဟုတ်လောက်ပါဘူးနော် ”
ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းသွားပြီး သူတို့မှာ သားအဖများ ဖြစ်သောကြောင့် သူ၏ ဖခင်ကို ယုံကြည်နိုင်မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် သတိကြီးကြီးထား၍ ထိုကျောက်သားနံရံကြီးဆီသို့ စတင်တွယ်တက်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ကံကောင်းစွာဖြင့် ဖွံ့ထွားသွေးကြောအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် သူသည် ဝါးမျိုခြင်းသစ်စေ့ကိုလည်း ပိုင်ဆိုင်ထားသည်ဖြစ်ရာ ၎င်းကို ထိန်းချုပ်၍ စုပ်အားများကို ထုတ်လွှတ်နိုင်သောကြောင့် ကျောက်သားနံရံကြီးပေါ်သို့ တည်တည်ငြိမ်ငြိမ် တက်သွားနိုင်၏။ ထိုပညာရပ်ကြောင့် သူသည် နောက်ဆုံးတွင် သစ်ပင်ကြီး၏ ဘေးသို့ရောက်လာပြီး အက်ကွဲကြောင်း အပေါက်ဝနားသို့ ချဉ်းကပ်သွားလိုက်သည်။
သူသည် အတွင်းသို့ ချက်ချင်း ဝင်မသွားသေးဘဲ ဘေးပတ်ဝန်းကျင်ကို သတိကြီးကြီးထား၍ အကဲခတ်လိုက်၏။ ထိုကဲ့သို့ စစ်ဆေးပြီးမှသာ သူသည် လက်များဖြင့် အားပါပါတွန်းလိုက်ပြီး ခုန်တက်ကာ အက်ကွဲကြောင်းကြီးထဲသို့ ဝင်သွားလိုက်သည်။
သူ အထဲ ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအက်ကွဲကြောင်းကြီးထဲမှ လေအေးတစ်ချက် တိုက်ခတ်လာ၏။ ဝမ်ပေါင်လဲ့မှာမူ အသက်ပြင်းပြင်းရှူကာ သူ၏ ခန္ဓာကိုယ်အား ကျောက်သားနံရံကြီးနှင့် တင်းနေအောင် ကပ်ထားလိုက်ပြီး သတိကြီးကြီးထား၍ အရွယ်အစားပိုကြီးသော အက်ကွဲကြောင်းကြီးဆီသို့ ချဉ်းကပ်သွားတော့သည်။
” ဒီ အက်ကွဲကြောင်းကြီးက စောင်းနေတာလား ”
ဝမ်ပေါင်လဲ့မှာ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်ပြီးနောက် ဘေးပတ်ပတ်လည်ရှိ ကျောက်သားနံရံကြီးကို စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုအခါ ထိုအက်ကွဲကြောင်းကြီးမှာ သဘာဝအတိုင်း ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ဘဲ ကောင်းကင်ပေါ်မှ ပစ္စည်းတစ်ခု ပြုတ်ကျလာပြီးနောက် ထိုတောင်ကြီးကို ရိုက်ခတ်သွားသောကြောင့်သာ ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သူက သိလိုက်ရသည်။
” ဒီတောင်ကြီးက ကမ္ဘာ့အပြင်ဘက်က ပစ္စည်းတစ်ခုနဲ့ ရိုက်ခတ်ခံခဲ့ရတာတောင် အကောင်းအတိုင်း ရှိနေတုန်းပါလား ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပြီး ထိုအကြောင်းကို တွေးတောသုံးသပ်ကာ ရှေ့သို့ ဆက်သွားလိုက်၏။ သို့သော် သူသည် ထို အက်ကွဲကြောင်းကြီး၏ အဆုံးအထိ ရောက်သည့်တိုင်အောင် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။
ထိုနေရာမှာ အက်ကွဲကြောင်းကြီး၏ အဆုံးဖြစ်နေပါသော်လည်း ချိုင့်ကွက်ကြီးတစ်ခုကို သူ မြင်လိုက်ရသည်။ သို့သော် ထိုပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ သန့်ရှင်းနေပြီး ငှက်များ၏ အညစ်အကြေးများပင် မရှိသလို အခြား အမှိုက်သရိုက်များလည်း ရှိမနေပေ။
” ငါ့အဖေ ငါ့ကို လိမ်ပြောရင်လိမ်ပြောခဲ့တာ ဒါမှမဟုတ် သုတေသနအဖွဲ့ကပဲ တော်လွန်းလို့ ဒီနေရာမှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို ရှင်းလင်းနေအောင် ဖယ်ရှားသွားခဲ့တာပဲ ဖြစ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ ထို ချိုင့်ခွက်ကြီးထဲတွင်ရပ်၍ ဘေးဘီဝဲယာကို အကဲခတ်ရင်း အဖြေရှာမရဖြစ်နေ၏။
သူသည် ထိုနေရာထဲသို့ သတိကြီးကြီးထား၍ ဝင်ရောက်ခဲ့ပါသော်လည်း မည်သည့်အရာကိုမှရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး စိတ်ဓာတ်ကျသွားရသည်မှာ မထူးဆန်းချေ။ သူသည် ထိုနေရာကို နောက်ထက်တစ်ကြိမ် ထပ်၍ စေ့စေ့စပ်စပ် ရှာဖွေလိုက်ပါသော်လည်း နောက်ဆုံးတွင်မူ သက်ပြင်းအရှည်ကြီးချကာ လက်လျှော့လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် သူသည် ရပ်တန့်သွားပြီး ထိုချိုင့်ကွက်ကြီးကို ပြန်၍လှည့်ကြည့်လိုက်သည်။ သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏ သိုလှောင်လက်ကောက်ထဲမှ အနက်ရောင် မျက်နှာဖုံးကြီးကို ထုတ်ယူလိုက်၏။ သူသည် ထိုမျက်နှာဖုံးကြီးမှာ အမှန်တကယ်ပင် ထိုတောင်ကြီးနှင့် ရိုက်ခတ်ကာ ထိုနေရာသို့ ကျဆင်းလာခဲ့သော ပစ္စည်းတစ်ခု ဟုတ်၊ မဟုတ် သိချင်သောကြောင့် ၎င်းအား ချိုင့်ကွက်ကြီး၏ အလယ်သို့ ယူသွားလိုက်ပြီး နှိုင်းယှဉ်ကြည့်ရန် ပြင်လိုက်သည်။
သို့သော် သူ ထိုအနက်ရောင်မျက်နှာဖုံးကြီးကို ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ထိုမျက်နှာဖုံးထဲမှ ရောင်စုံအလင်းတန်းတစ်တန်း ထွက်ပေါ်လာသဖြင့် ပတ်ပတ်လည်ရှိ နံရံများ ဝင်းလက်တောက်ပသွားသည်။ ပုံရိပ်ယောင်နယ်မြေ အပြင်ဘက်တွင် ထိုကဲ့သို့ ဖြစ်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်လန့်သွားရသည်။ သူသည် ချက်ချင်းပင် နောက်သို့ဆုတ်သွားပါသော်လည်း ခြေလှမ်းသုံးလှမ်းခန့် လှမ်းလိုက်ပြီးနောက် ရပ်တန့်သွားပြီး ချိုင့်ကွက်ကြီး၏ အထက်ရှိ နေရာကို စိုက်ကြည့်နေလိုက်တော့သည်။ မျက်နှာဖုံးထံမှ ထွက်ပေါ်လာသောအလင်းမှာ မည်သည့် အကြောင်းကြောင့်မှန်းမသိ ပုံရိပ်တစ်ခုကို ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေ၏။
ထိုပုံရိပ်ထဲတွင် ယောက်ျား၊ မိန်းမ၊ အပျို၊ အအိုများသာမက သားရဲကြီးများ၏ ရုပ်အလောင်း မြောက်မြားစွာ ရှိနေ၏။ ၎င်းမှာ စစ်ပွဲတစ်ပွဲကို သရုပ်ဖော်ထားသည့် ပုံတစ်ပုံ ဖြစ်ရပေမည်။
ထိုစစ်မြေပြင်ကြီးမှာ အလွန် ကြီးမားပြီး နေရာအနှံ့အပြားတွင် ကျိုးပဲ့ပျက်စီးနေသော ရုပ်တုများစွာ ရှိနေကြသည်။ ၎င်းမှာ ပုံရိပ်တစ်ခုသာ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းကို ကြည့်နေရုံမျှဖြင့် သွေးညှီနံ့များကိုပါ ရနေသကဲ့သို့ ခံစားနေရ၏။
ထိုပုံရိပ်ကြီး တစ်ခုလုံး နီမြန်းနေပြီး ကောင်းကင်ယံမှ ဧရာမလက်ဝါးကြီးတစ်ဖက် အရှိန်အဟုန်ပြင်းစွာဖြင့် မြေပြင်ပေါ်သို့ ကျဆင်းလာနေသည်ကိုလည်း မြင်နိုင်သည်။
ထို ရဲရဲနီနေသော ကောင်းကင်ယံကြီးထဲရှိ နေမင်းပေါင်းများစွာ တစ်လုံးပြီးတစ်လုံး အလင်းရောင်များ ချုပ်ငြိမ်းသွားနေသည်ကိုလည်း ခပ်ရေးရေး မြင်နေရ၏။ ကောင်းကင်ယံရှိ အမြင့်ဆုံးတစ်နေရာတွင်မူ မျက်နှာတစ်ခုကို မှုန်ဝါးဝါး မြင်နိုင်၏။ သူသည် မြေပြင်ကြီးကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲမှ အေးစက်မှုများ ထွက်ပေါ်နေသည်ကို ခံစားမိနိုင်သည်။ မြေပြင်ပေါ်ရှိ လူအုပ်ကြီးထဲတွင်မူ လူတစ်ယောက်မှာ မတ်တတ်ရပ်နေပြီး သူ့အား ဘေးပတ်ပတ်လည်ရှိ လူများက ကာကွယ်ပေးထား၏။
ထိုလူမှာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အနက်ရောင် မျက်နှာဖုံးတစ်ခုကို တပ်ထားသည်။
ဝမ်ပေါင်လဲ့မှာ ထိုအမျိုးသမီးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမမှာ မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသည့် တိုင်အောင် သူ၏ စိတ်ထဲတွင် ချက်ချင်းပင် ရေရွတ်မိလိုက်၏။
” ပြိုင်စံရှား အလှပဂေး ”
ထိုအမျိုးသမီး၏ မျက်လုံးများထဲတွင် မခံမရပ်နိုင် ဖြစ်နေသော ခံစားချက်များနှင့် ပြတ်သားသောစိတ်ဓာတ်များ ကိန်းအောင်းနေ၏။ ထို့အပြင် သူမ၏ အကြည့်များထဲ၌ သတ်ဖြတ်လိုစိတ်များလည်း ပြည့်နှက်နေသည်။ သူမ၏ ပြိုင်ဘက်မှာ နတ်ဘုရားတစ်ပါး ဖြစ်နေလျှင်တောင် သူမမှာ ဂရုစိုက်နေမည် မဟုတ်ပေ။ သူမသည် ထိုနတ်ဘုရားများဘက်သို့ လှည့်ကာ သူတို့၏ မျက်နှာများကို စိုက်ကြည့်လိုက်ပြီး သူမ၏ ညာလက်ကို မြှောက်လိုက်သောအခါ ကြေးဖြင့်သွန်းလုပ်ထားသော စိမ်းဖန့်ဖန့်ရောင် ရှေးဟောင်းဓားတစ်လက် မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာ၏။ ထိုဓားထဲတွင် ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ကိန်းအောင်းနေသည်။ ထိုဓားကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီးမှာ ပြောင်းလဲသွားကာ အပြင်းအထန် တုန်ရီလာပြီး အချိန်များမှာလည်း ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။ ထိုဓားကြီးတစ်လက်သာ သူမ၏ဘေးတွင် ဝဲပျံနေ၏။
ဝမ်ပေါင်လဲ့မှာ ထိုဓားကြီးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်လုံးများ ကျွတ်ထွက်လာတော့မည်အလား ဖြစ်သွားသည်။ သူသည် မိုးကြိုးပစ်ခံလိုက်သလို ဖြစ်သွားပြီး သူ၏ အသိစိတ်များ ကယောင်ချောက်ချားဖြစ်သွား၏။ ထိုအချိန်တွင် အနက်ရောင်မျက်နှာဖုံးကြီးထဲမှ အလင်းရောက်မှာ မှေးမှိန်ပျောက်ကွယ်သွားသောကြောင့် သူ၏ ရှေ့မှ ပုံရိပ်ကြီးမှာလည်း တဖြည်းဖြည်းနှင့် မှုန်ဝါးလာပြီး ပျောက်ကွယ်သွား၏။ နောက်ဆုံးတွင် ဂူကြီးမှာ ပုံမှန်အနေအထားသို့ ပြန်ရောက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ဝေခွဲမရ ဖြစ်နေပြီး သူ၏ အသက်ရှူသံများမှာလည်း ပုံမှန်မဟုတ်တော့ပေ။ သူသည် အချိန်အတော်အတန်ကြာအောင် မတ်တတ်ရပ်နေလိုက်ပြီးမှ အသိစိတ် ပြန်ဝင်လာ၏။ ထို့အပြင် သူသည် ထိုနေရာမှထွက်ခွာလာသည့်တိုင်အောင် အံ့ဩတုန်လှုပ်ကာ မယုံကြည်နိုင်သော လေသံဖြင့် တတွတ်တွတ် ရေရွတ်နေဆဲပင်။
” အဲ့ဓားကြီးက… အဲ့ဓားကြီးက… ”
ဝမ်ပေါင်လဲ့မှာ ခေါင်းတယမ်းယမ်းနှင့် အက်ကွဲကြောင်းကြီးထဲမှ ပြန်ထွက်လာ၏။ သူသည် ကောင်းကင်ယံရှိ ဓားနေမင်းကြီးကို မော့ကြည့်လိုက်သောအခါ အလွန် အံ့အားသင့်သွားသလို မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ယောက်ယက်ခတ်နေသော ခံစားချက်များနှင့်အတူ သင်္ဘောပျံကြီးဆီသို့ ပြန်သွားလိုက်ပြီး သင်္ဘောပျံကြီးထဲတွင် အချိန်အတော်အတန်ကြာအောင် ထိုင်နေလိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး သင်္ဘောပျံကြီးကို မောင်းနှင်၍ ထွက်ခွာသွားတော့သည်။
သူ သတိမထားမိသည့် အချက်မှာမူ ထိုအခိုက်အတန့်တွင် မျက်ဝန်းတစ်စုံမှာ သူ၏ သင်္ဘောပျံကြီးကို စိုက်ကြည့်နေခြင်းပင် ဖြစ်သည်။ ထိုသင်္ဘောပျံကြီး ပျောက်သွားသောအခါမှသာ ထိုမျက်ဝန်းတစ်စုံမှာ အကြည့်လွှဲသွား၏။
သင်္ဘောပျံကြီးအား ကြည့်နေခဲ့သည့်လူမှာ တောင်ထိပ်ငါးခု၏ ဝင်ပေါက်တွင် ရပ်နေ၏။ နေဝင်နေပြီဖြစ်သောကြောင့် သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူသည် အဖြူရောင် ဝတ်ရုံရှည်ကြီးတစ်ထည်ကို ဆင်မြန်းထားပြီး သူ၏ အဖြူရောင်ဆံပင်များမှာ လေထဲတွင် မျောလွင့်နေသည်။
သူ၏နောက်တွင်မူ အနက်ရောင် မြူခိုးများရှိနေပြီး ထို မြူခိုးများထဲတွင် ရှေ့သို့ငေါထွက်နေသော ပါးစပ်နှင့် လူဝံတစ်ကောင်၏ မေးစေ့တို့ကို ပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ယောက် ရှိနေသည်။
သူ၏ဘေးတွင်မူ ခြင်ကြီးတစ်ကောင် တိတ်ဆိတ်စွာ ပျံဝဲနေ၏။
ဘာသာပြန်သူမှတ်စု။ ထိုလူငယ်လေးမှာ အာကန်း၏ ပထမဆုံးစာစဥ်ဖြစ်သော နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်စာစဥ်မှ ဝမ်လင်းဖြစ်ပေသည်။
ဆံပင်အဖြူနဲ့ကမှဝမ်လင်းဟ