ချု့ယွင် ကွင်းပြင်၌ဖြစ်သည်။
ယခင်(၂)ရက်လောက်က ကွင်းပြင်တစ်ခုလုံး လူများဖြင့် စည်းကားနေခဲ့ပြီး ပွဲကြည့်စင်များ၌ ပုရိတ်များဖြင့် နေရာလပ်မရှိအောင် ပြည့်နေခဲ့သည်။ ယနေ့ထိုထက်ပင်ပိုစည်ကားနေ၏။
ကွင်းပြင်၌ ပြိုင်ကွင်း (၁၈) ခုရှိ နေသေးသည်။ ထိုပြိုင်ကွင်းများ၏ နောက်၌ ခုံများကို အတန်းလိုက်စီထားသည်။ ယခင်နေ့ အဖွဲ့လိုက် ပြိုင်ပွဲမှ အထုတ်ပယ်ခံလိုက်ရသော သူများ ထို ခုံတန်းများ၌ ထိုင်နေကြ၏။
လူအယောက် (၁၇၀၀) ရှိရာ (၁၈၀) လောက်သာ အလှည့်ကျ ထုတ်ပယ်သည့်အဆင့်သို့ တက်သွားခဲ့သည်။
(၉၀) ရာခိုင်နှုန်းကျော် ထုတ်ပယ်ခံလိုက်ရသည်။
ရှောင်ချိစွေသည် ယခင်နေ့များကကဲ့သို့ လေထဲ၌ ဓားကိုကျောလွယ်ကာ ရပ်နေ၏။ သူလက်ကို အောက်တည့်တည့် ဆိုက်ချ လိုက်သောအခါ ရုတ်ရုတ်သဲသဲဖြစ်သော လူများ ငြိမ်ကျသွား၏။
ထို့နောက် အင်္ကျီလက်အတွင်းမှ စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ဖြေးညှင်းစွာ ဖတ်ပြလိုက်သည်။
“အဖွဲ့လိုက်ပြိုင်ပွဲကနေအဆင့် အလှည့်ကျ ထုတ်ဖယ်ခြင်း အဆင့်ထိ တက်ရောက်လာနိုင်ခဲ့တဲ့ ရဲရင့်တဲ့ ကျင့်ကြံသူ (၁၈၀) ကို လက်ခုပ်သံ လေးနဲ့ ဂုဏ်ပြုပေးလိုက်ကြရအောင်”
“ဆိုတော့ ဒီနှစ် အလှည့်ကျ ထုတ်ဖယ်ပွဲကိုလည်း ပြိုင်ကွင်း (၁၈) ခုမှပဲ ကျင်ပမှာဖြစ်တယ်။ ပြီးတော့ အဖွဲ့လိုက်ပြိုင်ပွဲက သက်ဆိုင်ရာ ဗိုလ်ဆွဲသွားတဲ့သူတွေက ဒီပြိုင်ကွင်း (၁၈) ခုရဲ့ ဘုရင်တွေဖြစ်လာမယ်။ ကိုယ်ကျမယ့် ပြိုင်ဘက်ကိုကြတော့ မဲနှိုက်ပြီး ရွေးချယ်ကြရမှာဖြစ်တယ်”
ပြောပြီးနောက် အပြာရောင်ကျောက်စိမ်းပြားသဏ္ဌာန် အစီအရင်တစ်ခုကိုထုတ်ယူလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များ ထိုးသွင်းလိုက်ရာ ၎င်းအစီအရင်ကျောက်စိမ်းပြား တုန်ခါသွား၏။
ထို့နောက် ပြိုင်ကွင်း(၁၈) ခုအထက်၌ ကြီးမားသော ဖန်သားပြင်ကြီး ပေါ်လာသည်။ ပြိုင်ပွဲ၀င်များအားဤ ဖန်သားပြင်များမှ တစ်ဆင့် ရွေးချယ် ဖော်ပြခြင်းပြုမည်ဖြစ်သည်။
တိတ်ဆိတ်နေသော လူစုကြီး ပြန်၍ ဆူညံစပြုလာခဲ့၏။ စုရှောင်ရှန်သူတို့အား ငြိမ်ရန် အချက်ထက်ပေးလိုက်သည်။ သူ့တွင်ပြောစရာကျန်သေး၏။
“ဒီအလှည့်ကျထုတ်ပယ်တဲ့ ပွဲမှာ နေရာ (၆၄) နေရာထား ပေးထားတယ်။ ဒီနေရာတွေမပြည့်ခင် (၃) ကြိမ်ဆက်တိုက် အနိုင်ရတဲ့ တွေသူပဲ နောက်တစ်ဆင့်ကို တက်လှမ်းခွင့်ရှိမယ်”
“ပြိုင်ကွင်းအတွင်းမှာရှိတဲ့ လူတိုင်း တိုက်ခိုက်ခွင့် (၂) ကြိမ်ရရှိမယ်။ ပြိုင်ကွင်းဘုရင်တွေလည်းဒီလိုပဲ”
“ဆိုတော့ မင်းကို သန်မာတဲ့ပြိုင်ဘက်တွေနဲ့ (၂) ကြိမ်တွေ့လို့ ရှုံးနိမ့်သွားရင် နောက်နှစ်အတွက် ပြင်ဆင်ထားလိုက်တော့ပေါ့။ မဟုတ်လည်း အထုပ်အပိုးပြင်ပြီး နန်းတော်က ထွက်သွားရုံပေါ့”
ရှောင်ချိစွေ ရယ်လိုက်ရင်း စက္ကူစကို ခေါက်ပြီး အင်္ကျီထဲပြန်ထည့်လိုက်သည်။
“ပြိုင်ပွဲအခု… စပြီ”
ကြေငြာချက်ပြီးသွားသည်နှင့် ပွဲကြည့်ပုရိသတ်များ ပို၍ စိတ်လှုပ်ရှားလာကြသည်။
ထုတ်ပယ်ခံလိုက်ရသည့်သူများ ပြိုင်ပွဲဖိအားအောက်၌ မရှိတော့သောကြောင့် စိတ်လှုပ်ရှားနေကြသည်။ သူတို့တုန်းက ကြောက်ရွံ့မှုကို ခံစားခဲ့ရသဖြင့် ဤသို့ မပျော်နိုင်ပါချေ။ ထို့ကြောင့် သူတို့ အားပေးသည့် ပြိုင်ပွဲ၀င်များအား သံကုန်ဟစ်ပြီး အားပေးလိုက်သည်။
“ဂိုဏ်းတူ ညီအကိုတို့ အကောင်းဆုံးကြိုးစားနော်”
“ဂိုဏ်းတူ အကို ကြီးချောင် ပထမ နေရာ ရအောင်ယူ”
“စုရှောင်ရှန် ငါတို့ရှိတယ် အားတင်းထား”
“အားးးးး။ ကျိုးစွန်းငါတို့လိုဘာမှမဟုတ်တဲ့ကောင်တွေ ဂုဏ်ယူရအောင် မင်းကလုပ်ပေးလိုက်တာပဲ။ ချစ်တယ်…”
ပြိုင်ကွင်းအတွင်း၌ တုန်ုတုန်ယင်ယင်ဖြင့် ရပ်နေသော ကျိုးစွန်းလန့်ဖျပ်သွားသည်။ သူ ဤ အလှည့်ကျ ထုတ်ပယ်ပွဲသို့ ဘာမှ မလုပ်ဘဲနှင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အားငယ်မိ၏။
သူ့ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ သူ့နားတွင်ရှိသောသူများ၏ ကျင့်ကြံခြင်းအဆင့်များမှာ အဆင့်(၈)၊ အဆင့်(၉) သို့မဟုတ် အဆင့်(၁၀) များဖြစ်ကြသည်။ ‘ငါကျင့်ကြံခြင်းအဆင့်(၃) ကျိုးစွန်းက ဒီမှာဘာလို့ သူတို့လို ဆရာကြီးတွေကြားထဲမှာမှ လာရပ်နေတာလဲ’ တွေးလိုက်သည်။
“ဂိုဏ်းတူအကိုလျှို ကျုပ်နေလို့မကောင်းဘူး”
လျှိုကျန်း၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။ “ထျန်းစန်စိတ်ဝိညာဉ်နန်းတော်တစ်ခုလုံးမှာ ကျင့်ကြံခြင်းအဆင့်လေးနိမ့်နိမ့်လေးနဲ့ ဒီမှာ လာရပ်ရဲတာ ကျုပ်ပထမဆုံးဘဲထင်တယ်”ဟု ကိုယ့်ကိုယ်ကိုယ် ပြက်ရယ်ပြုလိုက်သည်
လျှိုကျန်း အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး “စိတ်လျော့။ မင်းက ပထမဆုံးဖြစ်ပေမယ့် တစ်ယောက်တည်းတော့ မဟုတ်ဘူး”
ကျိုးစွန် သူ့ကို မော့ကြည့်လိုက်သည်။
လျှိုကျန်းသူ၏ အဆင့်(၆) ကျင့်ကြံခြင်းအဆင့်အား ဖော်ပြလိုက်ပြီး “ငါလည်း မင်းလိုပဲ ခံစားနေရတာ” ဟု တီးတိုးပြောလိုက်သည်။
ဤပြိုင်ပွဲအတွင်း ကျင့်ကြံခြင်းအဆင့်နိမ့်သူများအကြား စုရှောင်ရှန်မှာ အတည်ငြိမ်ဆုံးဖြစ်သည်။ ဆိုရသော် ကျင့်ကြံခြင်းအဆင့်ပေါ်တွင် အမှီအခို ပြုခြင်းမရှိသဖြင့် သူ့တွင် မားမား မတ်မတ်ရပ်နိုင်သည့် အရည်အချင်းရှိသည်။
ပွဲကြည့်စင်မှ သူ့အား အားပေးသံများမှာ အလွန်ကျယ်လောင်လှသောကြောင့် သူ့လိုလူပင် သည်းမခံနိုင်တော့ကာ နားနှစ်ဖက်ကို အုပ်ထားလိုက်ရသည်။ “ဘာလို့ ငါ့ကို တောင့်ထား ငါတို့ရှိတယ်လို့ ပြောနေကြတာလဲဟ။ ပြီးတော့ ဘာ သူတို့ ဂုဏ်ယူရအောင် လုပ်ပေးပါတုန်း။ ငါ့ကို လာဆဲနေကြ တာတော့မဟုတ်ဘူး မလား”
စုရှောင်ရှန် လမ်းမြန်မြန်လျှောက်လိုက်သည်။ ပြိုင်ကွင်း (၁၈) ထဲ ၀င်၍ ပြိုင်ပွဲဘုရင် အလျှင်အမြန်ဖြစ်ချင်လိုက်သည်။ သို့သော် အကာအကွယ်အစီအရင်ကို ဖြတ်သွားပြီးနောက် ပွဲကြည့်ပုရိသတ်များ၏ အသံများပျောက်ကွယ်သွားသည်။ ထို့အတူ အသိပေးချက် ဖန်သားပြင်ပါ ပျောက်ကွယ်သွား၏။
[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၄၃]
[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၁၄]
[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၈]
“…”
ခြေတစ်လှမ်းနောက်ပြန်ဆုတ်လိုက်ရာ အသိပေးချက်များ တစ်ခုပြီးတစ်ခုပြန်ပေါ်လာသည်။ ပင်ကိုယ်မှတ်များ အများကြီးမရသော်လည်း ပင်ကိုယ်မှတ်များ ဆက်တိုက် ၀င်လာနေ၏။
စုရှောင်ရှန်၏ ကျော၌ သစ်သားဓားတစ်ချောင်းလွယ်ထားသည်။ ရုတ်တရက် နောက်သို့လှည့်လိုက်ပြီး ပွဲကြည့် ပုရိတ်သတ်များဘက် လက်ဝှေ့ယမ်းပြလိုက်၏။
“ကျေးဇူး။ အာလုံးကိုကျေးဇူး…”
“ခုလို အားပေးတဲ့အတွက်လည်း ၀မ်းသာရပါတယ်…”
“မင်းတို့ရဲ့ မျှော်လင့်ချက် တွေအတိုင်း အကောင်းဆုံးကြိုးစားသွားမှာမို့ ပိုပြီးအားပေးကြဦး…”
“ချစ်တယ်နော်။ ရော့အသဲယူ…”
တကယ်က သူ့ကိုအားပေးနေသည့် ပုရိသတ်များ မအေးစက်သွားခင် သံကိုရိုက်လိုက်ခြင်းဖြစ်သည်။ သို့သော် စုရှောင်ရှန်၏ ဤသို့သော တုန့်ပြန်ချက်ကြောင့် လူတိုင်း ကြက်သီးထသွားကြသည်။
“စုရှောင်ရှန် ဘာဖြစ် နေတာလဲ”
“လူတိုင်း ကွင်းထဲ၀င်ပြီးနေပြီ သူက ဘာလို့ အပြင်မှာ ပတ်ပြေးနေသေးတာ”
“အူတူအတတနဲ့ ကြည့်လိုက်ကြဦး။ ပြိုင်ကွင်းဘုရင်တစ်ယောက်နဲ့ လုံး၀ကို မတူတာ”
“ငါလည်းအဲ့လိုတွေးနေတာ။ သူ့ ကျင့်ကြံခြင်းအဆင့်က(၆) လေးနဲ့ ငါ့ထက် (၂) ဆင့်တောင်နိမ့်တာ ဘယ်လို ပြိုင်ကွင်း ဘုရင်ဖြစ်လာလဲမသိဘူး”
ကွင်းပြင်တစ်လွှားပတ်ပြေးနေရင် စုရှောင်ရှန် အသိပေးချက် ဖန်သားပြင်ကို ကြည့်လိုက်သည်။ လူအုပ်ကြီး အလွန်စိတ်အားထက်သန်နေသည့်ဟန်ရသည်။ လက်ကို ဝှေ့ယမ်း နေရင်းမှ သူ့ဖန်သားပြင်၌ အဆက်မပြတ် အသိပေးချက်များကိုဖတ်လိုက်သည်။
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၂၂၃]
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၄၆]
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၃၄၃]
အကဲ့အရဲ့ခံနေရသော်လည်း ပုရိတ်သတ်က ပင်ကိုယ်မှတ် အများကြီးပေးနေသည့်အတွက် သူ မမှုချေ။
“ကဲ့ရဲ့ကြ။ မင်းတို့ကဲ့ရဲ့လေ ကောင်းလေပဲ”
“မင်းတို့ကဲ့ရဲ့လို့ ငါ့ပင်ကိုယ်မှတ်တွေ ပိုများသွားတာပဲရှိတယ်”
တစ်ခဏအတွင်း သူ၏ ပင်ကိုယ်မှတ်များ ဂဏာန်းလေးလုံး ဖြစ်သွားသည်။ ယယခင်ကကဲ့သို့ အရိုက်ခံစရာ မလို လက်ပြရုံဖြင့် ရနေခြင်းဖြစ်သည်။
ပြိုင်းကွင်း(၁၈) အတွင်း စုရှောင်ရှန်အားမတွေ့သည့်အတွက် ကြီးကြပ်သူ ဂနာမငြိမ်ဖြစ်နေ၏။
“ဒီကောင်ဘာလို့ ရောက်မလာသေးတာလဲ”
ထို့နောက် အရင်တစ်ခေါက်က ခြေနှစ်ဖက်ပူးကပ်၍ လာသော စုရှောင်ရှန်ကို သတိရသွားပြီး စဉ်းစားလိုက်သည်။
“သူဒီတစ်ခါလည်း အဲ့လို အလွန်အကျွံလုပ်မလာလောက်ပါဘူးနော်”
ထို့နောက် ပြိုင်ကွင်းအပြင်ဘက်သို့ ထွက်ကြည့်လိုက်၏။
ယခင်တစ်ခေါက်တွေ့ကြုံခံစားလိုက်ရသည်များအား အိမ်ရောက်သောအခါ ပြန်ဆင်ခြင်ကြည့်၏။ စုရှောင်ရှန်ကြောင့် ဒေါသလွယ်လွယ်ထွက်ပြီး တည်တည်ငြိမ်ငြိမ် မရှိသည်ကို သိလိုက်ရသည်။
ကြီးကြပ်သူ တစ်ယောက်အနေနှင့် ထိုသို့ ပြုမူမိသဖြင့် သူ့ကိုယ်သူ ပြက်ရယ်ပြုလိုက်၏။
သို့ဖြင့် သူ၏ စိတ်ကိုပြန်ပြင်ဆင်ခဲ့ရာ ယခု အလှည့်ကျ ထုတ်ပယ်ခြင်း ပွဲသို့ရောက်သော် ဈာန်ပင် ရနေပြီဖြစ်သည်။
သို့သော် ၎င်းစိတ်အခြေအနေက ပြိုင်ကွင်းအပြင်ဘက်မှ အခြေအနေအားမြင်သော် ပျောက်ခြင်းမလှ ပျောက်သွား၏။
ဒီကောင်ဘာလုပ်နေတာလဲဟ။
အခြားပြိုင်ကွင်းမှ ပြိုင်ပွဲ၀င်များအားလုံး စတင်မဲနှိုက်နေကြချိန် ဤ စုရှောင်ရှန်က ပြိုင်ဘက်ကို ရင်ဆိုင်ရမည့်အစား အလေလွင့်နေ၏။ စုရှောင်ရှန်သည် ပြိုင်ကွင်းဘုရင် တစ်ယောက်ဖြစ်သည်။ သို့သော် အဆိုပါ ပြိုင်ကွင်းဘုရင်က ယခု ချု့ယွင်ကွင်းပြင်တစ်လျှောက်လုံး ပတ်ပြေးနေ၏။
ယခင်တစ်ခေါက်ပြိုင်ပွဲကြောင့် ဒေါသထွက်ရသည်ဆိုလျှင် ယခုတစ်ခေါက် သူ့အဆုပ်များ ပေါက်ကွဲလုမတတ်ဖြစ်သွား၏။ ဤသည်တောင် ပြိုင်ပွဲမစရသေးချေ။
“စု… ရှောင်… ရှန်”
သူ့နာမည်ကို ခေါ်လိုက်သံကြားရာ စုရှောင်ရှန် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့အား ခင်မင်သည့် မျက်နှာ အမူအရာဖြင့် ကြည့်နေသော ကြီးကြပ်သူကို တွေ့လိုက်ရသည်။ သို့သော် သူ့အမူအရာမှာ ထူးဆန်းနေပြီး အံကြိတ်ထားသည်နှင့် အလားတူနေသည်။
“ပြိုင်ပွဲက စောစောစီးစီး စတော့မှာလား” စုရှောင်ရှန် ပြောရင်း ဒိုင်စီသို့ လျှောက်သွားလိုက်သည်။ “ဒါပေမယ့် ကျုပ်တို့ ပြိုင်ပွဲ၀င်တွေ အကောင်းဆုံးအခြေအနေမှာရှိအောင် မိနစ် (၃၀) အနား ပေးထားတယ်မဟုတ်ဘူးလား”
‘ဒီကောင် စည်းကမ်းတွေတော့ ကောင်းကောင်းသိသားပဲ’ ကြီးကြပ်သူတွေးလိုက်သည်။
“အော်… ဒါမင်း အကောင်းအဆုံးအခြေအနေ ရောက်အောင်လုပ်နေတာပေါ့” ဒိုင်လူကြီး၏ မျက်နှာ မဲမှောင်သွားသည်။
“ဟုတ်တယ်” စုရှောင်ရှန် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် “ကျုပ်အခု သွေးနွေးအောင်လို့ အပြေးလေ့ကျင့်နေတာ။ လှုပ်လှုပ်ရှားရှားရှိမှ အား မွေးနိုင်မှာ လေ။ ဒါမှ ယှဉ်ပြိုင်တဲ့အခါ အဆင်သင့်ဖြစ်နေမှာ” ဟုလေးလေးနက်နက်ပြောလိုက်သည်။
ခန္ဓာကိုယ်တစ်ခုလုံး ဒေါသကြောင့် တုန်ယင် နေသော ကြီးကြပ်သူ အသက်ကို ခပ်ပြင်းပြင်းရှိုက် လိုက်သည်။ အဆုံးတွင် သူစိတ်လျော့လိုက်ပြီး “၀င်တော့” ဟု တစ်ခွန်းတည်းပြောကာ ဘာမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွား၏။
စုရှောင်ရှန် ဤကြီးကြပ်သူ ထူးထူးဆန်းဆန်းပြုမူနေသည်ဟုခံစားလိုက်ရသည်။ သို့သော် သူဘာမှ မပြောသာပဲ ပြိုင်ကွင်းထဲသို့ ၀င်လိုက်ရ၏။ ထင်ထားသည့်အတိုင်းပင်။ ကွင်းထဲ၀င်လိုက်သည်နှင့် အသိပေးချက်ဖန်သားပြင် တိတ်ဆိတ် ငြိမ်ကျသွား၏
ပင်ကိုယ်မှတ်တွေအများကြီး အလဟသတ်ကြီးကွာ…
စုရှောင်ရှန်၏ ရှာဖွေတွေ့ရှိချက်များအရ အခြေအနေတစ်ခုတွင် ပင်ကိုယ်မှတ်များရရှိရန် အခြားသူတစ်ဦး၏ စိတ်ခံစားချက်များ၊ အပြောစကားများနှင့် အပြုအမူတို့နှင့် နီးကပ်သော အကွာအဝေးတစ်ခုတွင် သူရှိနေရန်လိုအပ်ကြောင်း သိလိုက်ရသည်။
ယခု ဤသို့ အစီအရင်ဖြင့် ခြားနားခံလိုက်ရပါက မည်သည့် ပင်ကိုယ်မှတ်ကိုမှ သူရတော့မည်မဟုတ်ချေ။ ထိုနည်းတူစွာ အခြားသူတစ်ဦးက သူ့အား အလွန်ဝေးကွာသောနေရာမှ ကြိတ်ပုန်းဝေဖန်လျှင်လည်း မရနိုင်ပေ။
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် မျက်လုံးပြူးသွားသည်။
‘ဒီမှာကျုပ်တို့ နှစ်ယောက်ပဲရှိတာ ခင်ဗျား သိပ် မသိသာ လို့ မရဘူးလား’
ထိုအချိန် အကာအကွယ်အစီအရင်၏ အထက်ရှိ ဖန်သားပြင် တွင် တစ်စုံတစ်ခုပေါ်လာသည်။
ဘယ်ဘက်၌ရှိသော စုရှောင်ရှန်၏ နာမည်မှာ မပြောင်းမလဲရှိနေစဲဖြစ်သည်။ သို့သော် ဖန်သားပြင်၏ ညာဘက် ရုတ်တရက် တောက်ပလာခဲ့သည်။ အချိန်တစ်ခုကြာသော် အလင်းရောင်မှိန်သွားခဲ့ပြီး နာမည်တစ်ခုပေါ်လာ၏။
“တိရှင်းအယ်”
ပြိုင်ကွင်းအတွင်းသို့ လှပသော ကောင်မလေး တစ်ယောက်၀င်လာခဲ့သည်။ သူမသည် စိတ်ဝိညာဉ် ကျင့်ကြံခြင်း အဆင့်(၈) ရှိ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူမ၏ နောက်ကျော၌ အပြာရောင်ဓားတစ်ချောင်းကို လွယ်ထားရင်
ခါးသီးသောအမူအရာဖြင့် လျှောက်လာခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးကို အသားပေးသည့် စုရှောင်ရှန်ကဲ့သို့သော လူမျိုးနှင့် သူမ ရင်မဆိုင်ချင်ပေ။ အကယ်၍ ဖြစ်နိုင်ပါက သူ အခြား ဓားသမားတစ်ယောက်နှင့်သာ ရင်ဆိုင်ချင်မိသည်။
သို့ဆိုလျှင် သူမ ရှုံးနိမ့်သွားလျှင်တောင် အတွေ့အကြုံရလိုက်ဦးပေမည်။
သို့သော် သူမတွင် ရွေးချယ်စရာခွင့်မရှိပါပေ။ အဆုံး၌ ပြိုင်ကွင်းအတွင်းသို့ ၀င်လာပြီး အနည်းငယ်ဦးညွှတ်ကာ မိတ်ဆက်လိုက်သည်။ “နေကောင်းလား ဂိုဏ်းတူအကိုစု”
စိတ်ဝိညာဉ်နန်းတော်အတွင်းသို့ စုရှောင်ရှန်ထက် (၁) နှစ်နောက်ကျပြီးမှ ၀င်လာသောကြောင့် သာမန်အားဖြင့် သူ့ကို ‘ဂိုဏ်းတူအကို’ ဟု တပ်ခေါ်ရပေသည်။
‘မဟုတ်ဘူးလေ။ ဒီလိုလုပ်လို့မရဘူးလေ’
စိတ်ဓာတ်ကျနေသောအမူအရာဖြင့် ၀င်လာသော တိရှင်းအယ်ကို တွေ့သော် တစ်ခုခု မှားမှန်းသူသိလိုက်သည်။ ဒီကောင်မလေး အရှုံးပေးချင်နေတာများလား။
‘နင့်နောက်က လွယ်လာတဲ့ ဓားနဲ့ထိုးရင် ငါဒဏ်ရာရနိုင်တာမှန်ပေမယ့် ပင်ကိုယ်မှတ်သာ ရမယ်ဆို နင်ဓားကိုင်ထားလည်း ငါချမှာပါ’
‘ဒါပေမယ့် မျက်နှာအမူအရာကိုကြည့်လိုက်ဦး။ နင်က အဆင့်(၈)လေ။ ငါ့ထက်တောင် (၂) ဆင့်မြင့်တာ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်လေး ထားလို့မရဘူးလား။
စုရှောင်ရှန်တစ်ယောက် ဤမိန်းကလေး ကြီးကြပ်သူပွဲစရန် ပြောလိုက်သည်နှင့် အရှုံးတန်းပေးမည်စိုး၍ ချက်ချင်း “ပွဲမစခင်ကတည်းက အရှုံးပေးတာက နင့်ကိုယ်နင်ရော နင့်ပြိုင်ဘက်ရောကိုပါ မလေးစားရာရောက်တယ်။ ပြီးတော့ ဒါက စိတ်ဝိညာဥ်ကျင့်ကြံသူတိုင်းကို စော်ကားလိုက်သလိုပဲ။ လက်မြှောက်အရှုံးပေးလိုက်ရူံနဲ့ ပွဲပဲပြီးသွားမှာ။ ဒါပေမယ့် ဒီအရာကြီးက နင့်ဘ၀ တစ်လျှောက်လုံးအမဲစက်ကြီးလိုဖြစ်လာမှာ။ အဲ့လို လုပ်နိုင်ရဲ့လား”
ဤသည်ကိုကြားသော် တိရှင်းအယ် ကြက်သေသေသွားသည်။ ထိုသို့သော အတွေးမျိုး သူမ ခေါင်းထဲအမှန် တကယ်၀င်လာခဲ့သည်။
သို့ရာတွင် သူမထံတွင် ရှုံးနိမ့်ခွင့် (၂) သာရှိသည်ကို ပြန်တွေးပြီးနောက် တုန့်ဆိုင်းနေခဲ့၏။
ယခု စုရှောင်ရှန်၏ ပြောစကားကိုကြားသော် အဖြစ်မှန်ကို လက်ခံပြီး အကောင်းဆုံး ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။
“ကျေးဇူးပါ ဂိုဏ်းတူအကိုစု။ ကျွန်မ သိပါပြီ”
[ကျေးဇူးအတင်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
စုရှောင်ရှ ခပ်သဲ့သဲ့ ရယ်လိုက်သည်။ သူ၏အမူအရာက ဤကောင်မလေးအပေါ် လက်မလျော့ သေးကြောင်း ပြသနေသည်။
ပြိုင်ပွဲမစရသေးခင် သူ ကောင်းမှု တစ်ခုလုပ်နိုင်လိုက်၏။ နမိတ်ကောင်း လက္ခဏာကောင်းတစ်ခုဖြစ်သည်။
ကြီးကြပ်သူပင်သူ့ကို ကြည့်သည့်အကြည့်များ ပြောင်းသွားခဲ့သည်။ အမြဲတမ်းသူ့အား စိတ်တိုအောင် လုပ်သည့် စုရှောင်ရှန်၏ ပါးစပ်မှ ဤကဲ့သို့စကားမျိုးထွက်လာလိမ့်မည်ဟု သူမထင်ထားချေ။ ၎င်းမှာ သူ၏ စရိုက်ဖြင့် လုံး၀ မကိုက်ချေ။
ကြီးကြပ်သူ မှင်သက်နေရာမှ သတိပြန်၀င်လာပြီး လက်ကို အောက်သို့ ဆိုက်ချလိုက်ကာ ပြိုင်ပွဲစလိုက်သည်။ “အသင့်ပြင်… စ”