တော်ဝင်ကျဲ နန်းတော်၌ နေရောင်များ ကျဆင်းနေရာ ကောင်းကင် လှေကားသည် ရွှေရောင်များ လင်းလက် တောက်ပနေ၏။ ရီဖူရှင်းနှင့် တခြားလူများက အောက်သို့ ဆင်းလာခဲ့ကြရာ အဖြူရောင် ဆံပင်ဖြင့် လူငယ်ကား ထူးခြား ဆန်းကြယ်သော ဆွဲဆောင်မှုကို ပေး၏။ သူက လူအုပ်ကြီးအား တစ်ချက် ကြည့်ကာ ရှန့်ထိုလီ၊ ရှန့်ထိုရှားနှင့် တခြားသော ရှန့်ထိုများအား ပြောသည်… “ထိုင်ကြပါ… ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျာ …”
ရှန့်ထိုရှား၊ မှန်နန်းတော် သခင်မနှင့် တခြားသော သူများက ထိုင်လျှင် ရီဖူရှင်းနှင့် တော်ဝင်ကျဲ နန်းတော်မှ လူများကလည်း ထိုင်ကြသည်။ တော်ဝင်ကျဲ နန်းတော်သည် အိမ်ရှင်ဖြစ်ရာ သူတို့က အလယ်ဗဟိုတွင် ထိုင်ရသည်မှာ ထုံးစံဖြစ်ပေ၏။
ရီဖူရှင်းက ဗဟိုနေရာ၊ ရာရာနှင့် ကျေးရွာ ခေါင်းဆောင်သည် ရီဖူရှင်း၏ ဘယ်ဘက်၊ ရှန့်ထိုကျန့်နှင့် ထောင်ကျန်းတို့က ညာဘက်ခြမ်းတို့တွင် အသီးသီး ထိုင်ကြ၏။ ကြီးကျယ် ခမ်းနားသော မဟာ တော်ဝင်မြေ လေးခုတို့မှ တန်ခိုးရှင်များသည် ရီဖူရှင်း၏ အနီးတွင် ထိုင်ကြရ၏။ ထိုသို့သော အပြင်အဆင်က ပြည်နယ်ကိုးခုမှ လူများအား မြေရိုင်းပြည်နယ်၏ အင်အားကို ကောင်းကောင်း ခံစားမိစေ၏။
ဘေးဘက်တွင် နန်းဆောင် သခင်များ ဖြစ်ကြသော ဓားသခင်၊ ရန်ရှောင်၊ ဓားမိစ္ဆာ၊ ထို့ကျန်းနှင့် တခြားလူများ ရှိနေကြ၏။ တစ်ဦး တစ်ယောက်ချင်းစီသည် မြေရိုင်းပြည်နယ်၌ နာမည် ကျော်ကြားကြ၏။
ပြည်နယ်ကိုးခုမှ တော်ဝင်မြေများ အားလုံးသည် လခြမ်းကွေး သဏ္ဌာန်ဖြင့် ထိုင်နေကြပြီး ရှားကလန်မှ ဘယ်ဘက်၊ ပြည်နယ်ကိုးခု ညီလာခံက ညာဘက်နှင့် သူတို့နောက်တွင် ဗာဂျာရာဒေသ၊ ယွီကလန်နှင့် တခြားသော တော်ဝင်မြေများ အားလုံးသည် သူတို့၏အဆင့် ရပ်တည်မှုအလိုက် အစဉ်အတိုင်း ထိုင်ကြရသည်။ ထူးခြား သွားသည်ကား အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေသုံးခုနှင့် ယိကလန်တို့သည်သာ ထောင့်ကျသော နေရာများ၌ ထိုင်ကြရ၏။ အကြောင်းပြချက်ကိုမူ အားလုံးက ရှင်းရှင်းလင်းလင်း သိကြပေ၏။
ကျိရှားနန်းတော် အုပ်စုထဲတွင် ပိုင်လွေလီသည်လည်း ပါဝင်၏။ လက်ရှိ မြေရိုင်းပြည်နယ်၏ ခမ်းနားမှုကို ကြည့်ကာ သူသည်လည်း နှစ်သိမ့်ကျေနပ်မိ၏။ ရီဖူရှင်းကား သူ့ဆရာ၏ ရည်မှန်းချက်ကို ပြီးပြည့်စုံအောင် ဖြည့်ဆည်း ပေးခဲ့ပေသည်။
ရီဖူရှင်းက လူထု ပရိသတ်များအား ကြည့်ကာ ဖြည်းညင်းစွာ ပြောသည် … “ပြည်နယ်ကိုးခု ညီလာခံဆိုတာ ပြည်နယ်ကိုးခုက လူငယ်တွေ အတွက် အမြင့်ဆုံးသော အဆင့်အတန်းကို ဖော်ညွှန်းတဲ့ ပြိုင်ပွဲပဲ။ တော်ဝင်မြေတွေ အကုန်လုံးက ထူးကဲတဲ့ ပါရမီရှင်တွေဟာ အချင်းချင်း ယှဉ်ပြိုင်ပြီးတော့ မိမိတို့ရဲ့ စစ်မှန်သော စွမ်းအားတွေကို ထုတ်ဖော်ရာ နေရာလည်း ဖြစ်တယ်။ ဒါကြောင့် ပြည်နယ်ကိုးခု ညီလာခံဟာ အရင်ကနဲ့ နည်းနည်း ကွဲပြား ခြားနားတယ်။ ပြည်နယ်ကိုးခုက တော်ဝင်မြေတွေကပဲ ပြိုင်ပွဲမှာ ပါဝင်တဲ့ ပုံစံအစား ပြိုင်ပွဲဝင်ခွင့်တွေကို ပြည်နယ်ကိုးခုက လူတွေ အကုန်လုံး ညီတူမျှတူ ကြိုးစားပိုင်ခွင့် ပေးတယ်။ ကျုပ်လိုချင်တာက ပြည်နယ်ကိုးခုမှာ တော်ဝင်မြေတွေက အာဏာ ချိန်ခွင်ချာကို ညီတူမျှတူ ခွဲဝေတာမျိုး မဟုတ်ဘဲ တကယ့် ထူးခြား ထက်မြက်တဲ့ ပါရမီရှင်တွေ ထွက်ပေါ်လာဖို့ပဲ”
“အရင်နှစ်တွေမှာ မြေရိုင်း ပြည်နယ်က ပြည်နယ်ကိုးခုနဲ့ သီးခြား ကင်းကွာ နေခဲ့တယ်။ ဒါကြောင့် ပြင်ပလောကရဲ့ စွမ်းရည်တွေကို မသိနားမလည်ခဲ့လို့ ပြည်နယ်ကိုးခုရဲ့ ယေဘုယျ အရည်အသွေးနဲ့ ယှဉ်ရင် နောက်မှာ ကျန်ခဲ့တယ်။ ဒီတစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံမှာ မြေရိုင်းပြည်နယ်ရဲ့ ပြိုင်ပွဲဝင်တွေက အနည်းဆုံး ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါ ကိစ္စမရှိဘူး။ မြေရိုင်း ပြည်နယ်က လူတွေက ပြိုင်ပွဲကို ကြည့်ရှုပြီး ပိုပြီး ကြိုးစားလာဖို့ပဲ မျှော်လင့်တယ်။ မဟာလမ်းစဉ်က ရှည်လျားပြီး အန္တရာယ် များတယ်။ ခိုင်မာတဲ့ ဇွဲသတ္တိနဲ့ပဲ အဆုံးစွန်သော ခရီးကို လျှောက်လှမ်း နိုင်လိမ့်မယ်”
ရီဖူရှင်း၏ တည်ငြိမ်သော အသံသည် မြေရိုင်းပြည်နယ်မှ လူများ၏ နားစည်ကို လာရောက် ရိုက်ခတ်သည်။ လူအများအပြားက သူတို့၏ သွေးများ ဆူပွက်လာသည်ဟု ခံစားကြရသည်။ ကျင့်ကြံခြင်း လမ်းစဉ်သည် ရှည်လျားကာ အန္တရာယ်များ၏။ ခိုင်မာသော ယုံကြည်ချက်ဖြင့်သာ အဝေးသို့ ရောက်နိုင်သည်။ မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခုတွင် နောက်ဆုံး၌ ကျန်နေခဲ့လျှင်ကို ဘာဖြစ်သနည်း။ ရီဖူရှင်းတို့က မြေရိုင်းပြည်နယ်အား အမြင့်ဆုံးသို့ ဆွဲတင်နိုင်ခဲ့သည် မဟုတ်ပေလော။
ဤတစ်ကြိမ် ပြည်နယ်ကိုးခု ညီလာခံ၌ ယူချင်းလည်း မရှိသလို ဟွာဂျီယူသည်လည်း မရှိတော့ပေ။ ထို့ကြောင့် ယခင်နှစ် များစွာကလို စွမ်းဆောင်ရည် ကောင်းများ ရှိနိုင်တော့မည် မဟုတ်ပေ။ သို့သော်လည်း မည်သူမှ ဂရုမစိုက်ပေ။ ယနေ့တွင် ပြည်နယ်ကိုးခု ညီလာခံအား မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်၌ ကျင်းပသည်။ ရှန့်ထိုများ အားလုံး ရောက်ရှိလာခြင်းက သမိုင်းဝင်သော ဂုဏ်ရောင် ထွန်းပြောင်မှု ဖြစ်သည်။ ထိုအရာနဲ့ နှိုင်းယှဉ်ပါက ပြည်နယ်ကိုးခု ညီလာခံ၏ ရည်ရွယ်ချက်မှာ သိပ်အရေး မပါတော့ပေ။ ယခုနှစ် ပြည်နယ်ကိုးခု ညီလာခံသည် နှစ်တစ်ရာအတွင်း အကြီးကျယ်ဆုံး ဖြစ်ရာ ထို့ကြောင့်ပင် ယခုနှစ် ပြည်နယ်ကိုးခု ညီလာခံ၏ အဆင့် ရပ်တည်မှုမှာလည်း သိပ်အရေးမပါတော့ပေ။
ရီဖူရှင်းက ပြောပြီးသည်နှင့် ရီဖူရှင်းဘေးတွင် ရပ်နေသော ထောင်ကျန်းက ပြောသည် … “ဒီနှစ် ပြည်နယ်ကိုးခု ညီလာခံရဲ့ ဆုလာဘ်တွေကတော့ တော်ဝင်ရတနာ ဆယ်ခုဖြစ်တယ်။ ဆုလာဘ်တွေကို ထိပ်ဆုံး ဆယ်ယောက်သို့ ချီးမြှင့်မယ်။ မင်းတို့အားလုံး အကောင်းဆုံး ကြိုးစားကြမယ်လို့ ကျုပ် မျှော်လင့်တယ်”
ပြီးခဲ့သော တော်ဝင်စစ်ပွဲ၌ တော်ဝင်ကျဲ နန်းတော်သည် တော်ဝင်ရတနာ အများအပြားအား သိမ်းဆည်း ရရှိခဲ့၏။ ယနေ့ တော်ဝင်ကျဲ နန်းတော်သည် အလွန် ချမ်းသာ ကြွယ်ဝသည်ဟု ပြောနိုင်ရာ သူတို့အတွက် တော်ဝင်ရတနာ ဆယ်ခုအား ဆုလာဘ်အဖြစ် ထားရှိခြင်းမှာ ကြီးမားသော ကိစ္စမဟုတ်ပေ။ ထိုအရာက ယနေ့ ရောက်ရှိလာကြသော ရှန့်ထိုများအား တော်ဝင်ကျဲ နန်းတော်က လေးစားမှုကို ပြသခြင်းလည်း ဖြစ်သည်။
“ပြိုင်ပွဲရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ကြေညာပြီးတော့ စကြရအောင် …” ရီဖူရှင်းက ကြည်လင် ပြတ်သားစွာ ပြောသည်။ ချက်ချင်းပင် ဓားမိစ္ဆာနှင့် ဝမ်ရှမ်းတို့က စင်မြင့်ထက်သို့ တက်ကာ ပြိုင်ပွဲကို ကြည့်ကြသည်။ ပြည်နယ်ကိုးခုမှ ရှန့်ထိုများ အားလုံး၏ ရှေ့မှောက်တွင် ပါရမီရှင်များ အားလုံးမှာ အကောင်းဆုံး ကြိုးစားကြသည်။ ပြိုင်ပွဲမှာ ပြင်းထန်သော်လည်း ထိခိုက် အနာတရများ မရှိခဲ့ပေ။ ထိုအရာကပင် ပြည်နယ်ကိုးခု၏ လက်ရှိ လိုလားချက် ဖြစ်သည်။ လတ်တလော ဖြစ်ပွားခဲ့ပြီးသော တော်ဝင်စစ်ပွဲကြောင့် အင်အားစုများမှာ ငြိမ်းချမ်းမှုကို ပိုမို လိုလားလာခဲ့ကြသည်။
မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များသည် ညီလာခံ၌ စိတ်အား အထက်သန်ဆုံးသော ပြိုင်ပွဲဝင်များ ဖြစ်ကြသည်။ မြေရိုင်းပြည်နယ်မှ ပါရမီရှင်များသည် အကောင်းဆုံး ကြိုးစားခဲ့ကြ သော်လည်း သုံးယောက်သည်သာ ထိပ်ဆုံး အယောက် တစ်ရာ အဆင့်သို့ ဝင်ရောက်ခဲ့ပြီး ထိပ်ဆုံး လူဆယ်ယောက် အတွင်းသို့ မူကား မည်သူမှ မဝင်ရောက်ခဲ့ပေ။ သို့သော် မြေရိုင်းပြည်နယ်မှ လူများက သိပ်ဂရုမစိုက်ကြပေ။
သည်တစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံသည် ပြီးဆုံးရန် တစ်လခန့် ကြာမြင့်ခဲ့သည်။ တော်ဝင်မြေများမှ လူများသည် ညီလာခံ ပြီးဆုံးသောအခါ အသီးသီး ထွက်ခွာကြပြီး ယိကလန်သည် ထိုအထဲ၌ အမြန်ဆုံး ဖြစ်သည်။ သို့သော် ရီဖူရှင်းက မြေရိုင်းပြည်နယ်မှ လူများအား ဆက်လက် ကျန်နေရစ်စေသည်။ ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့က ထွက်မသွားသေးပဲ ရီဖူရှင်း ဘာလုပ်မည်ကို ဆက်လက် စောင့်ကြည့်ကြ၏။
မြေရိုင်းပြည်နယ်မှ လူသူ ပရိသတ်များသည် ထွက်မသွားသေးပဲ ကောင်းကင်လှေကား ပေါ်တွင် ရပ်နေသော ရီဖူရှင်းအား ကြည့်နေကြသည်။
ရီဖူရှင်းက ထရပ်ကာ မြေရိုင်းပြည်နယ်မှ လူများအား ကြည့်သည် … “အားလုံး သိတဲ့အတိုင်း မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်ကျဲ နန်းတော်က တော်ဝင်စစ်ပွဲကို ရင်ဆိုင်ပြီးတော့ အခု ပြည်နယ်ကိုးခုမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီ။ ဒါကပဲ တော်ဝင်ကျဲ နန်းတော်ရဲ့ ဘိုးဘေးတွေ အလိုလားဆုံး ဆန္ဒပဲ။ ဒါပေမဲ့ ကျုပ်က တော်ဝင်ကျဲ နန်းတော် တစ်ခုတည်းသာ မဟုတ်ဘဲ မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကျင့်ကြံခြင်းရဲ့ အကောင်းဆုံး အထောက်အပံ့တွေ ရရှိစေလိုတယ်။ ကျုပ် ရှေးဟောင်း မြေရိုင်းဒေသ ကော့တေးမှာ လေ့ကျင့်တုန်းက ကျုပ်ဆရာ သင်ပေးခဲ့တာ တစ်ခု ရှိတယ်။ တန်ခိုးရှင်တွေက လွတ်လပ်တဲ့ စိတ်နှလုံးကို မွေးမြူသင့်ပြီး တစ်ကိုယ်ကောင်း မဆန်သင့်ဘူး။ အခွင့်အလမ်းတွေကို တခြား လူတွေနဲ့အတူ ဝေမျှသင့်တယ်။ အတိတ်တုန်းက ကျုပ်ဆရာဟာ ဒီလမ်းစဉ်ကို လျှောက်လှမ်းခဲ့သလို တော်ဝင်ကျဲ နန်းတော်နဲ့ ရှန့်ထိုကျင့်တို့ကလည်း အလားတူ ဆန္ဒမျိုးရှိတယ်။ အခု ကျုပ်က နန်းတော်သခင် အနေနဲ့ ဘိုးဘေးတွေရဲ့ ဆန္ဒတွေကို တကယ် လက်တွေ့ဖြစ်အောင် လုပ်ဆောင် ပေးချင်တယ်”
“မြေရိုင်းပြည်နယ် ကျုံးကျိုးမြို့မှာ ထင်းဆွေ နန်းတော်ကို တည်ဆောက်ပြီး စီနီယာရှန့်ထိုက နန်းတော်သခင် အဖြစ် တာဝန်ယူလိမ့်မယ်။ မြေရိုင်းပြည်နယ်ရဲ့ မြောက်ဘက် ဒေသမှာ ကျူးကော့ နန်းတော်ကို တည်ထောင်ပြီး စီနီယာ ကျူးကော့ချန်းဖန်က နန်းတော်သခင် အနေနဲ့ တာဝန်ယူလိမ့်မယ်။ မြေရိုင်းပြည်နယ်ရဲ့ အနောက်ဘက် ဒေသမှာ အာခီမီနန်းတော်ကို တည်ထောင်ပြီး စီနီယာယူစီက နန်းတော်သခင် အဖြစ် တာဝန်ယူလိမ့်မယ်။ မြေရိုင်းပြည်နယ်ရဲ့ တောင်ဘက် ဒေသမှာ ရေခဲနန်းတော်ကို တည်ထောင်ပြီး စီနီယာယွန်ရှင်းက နန်းတော်သခင် အဖြစ် ဆောင်ရွက် လိမ့်မယ်။ အရှေ့ဘက်မှာ ကြယ်တာရာ နန်းတော်ကို တည်ထောင်ပြီး စီနီယာချန်းယွန်က နန်းတော်သခင် အဖြစ် ဆောင်ရွက်လိမ့်မယ်”
“ဒီနန်းတော် ငါးခုက တော်ဝင်ကျဲ နန်းတော်ရဲ့ ဂိုဏ်းခွဲတွေပဲ။ ကျုပ်က တော်ဝင်ကျဲ နန်းတော်ရဲ့ တန်ခိုးရှင်တွေကို နန်းတော်ငါးခုသို့ အညီအမျှခွဲဝေပြီး မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကျင့်ကြံခြင်း ပညာရပ်တွေ သင်ကြား ပို့ချစေမယ်။ ဒီအထဲမှာ ကောင်းမွန်တဲ့ စိတ်နေ သဘောထားရှိပြီး ကြိုးစားတဲ့ ပါရမီရှင်တွေကို ရွေးချယ်ပြီး တော်ဝင်ကျဲ နန်းတော်မှာ လေ့ကျင့်စေမယ်”
ရီဖူရှင်း၏ အသံက ကျယ်လောင်ကာ ကြည်လင် ပြတ်သားစွာဖြင့် မြေရိုင်း ပြည်နယ်မှ လူများထံသို့ ရောက်ရှိ သွားခဲ့သည်။ မရေမတွက်နိုင်သော လူများမှာ သွေးများ ဆူပွက်လာသည်ဟု ခံစားကြရသည်။ သူသည်ကား တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းဖြစ်သည်။ တော်ဝင်စစ်ပွဲ အပြီး၌ တော်ဝင်ကျဲ နန်းတော်သည် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသလို သူ၏ အချစ်ရဆုံး ဇနီးသည်လည်း တိုက်ပွဲ၌ ဆုံးပါးသွားခဲ့၏။ သူ၏ အမုန်းတရားများကြောင့် ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့အား တစ်ပြိုင်နက်တည်း တိုက်ခိုက် ဖျက်ဆီးခဲ့သည်။ သို့သော် ယနေ့တွင် သူသည် မြေရိုင်းပြည်နယ်မှ လူများအား ဂရုစိုက်ဆဲ ဖြစ်သည်။
ယူစီ၊ ကျူးကော့ချန်းဖန်၊ စုရှမ်း၊ ယွန်ရှင်း၊ ချန်းယွမ်နှင့် တခြား လူများသည် ရီဖူရှင်း၏ ဘေးတွင် ပြုံးလျက် ရပ်နေကြသည်။ ဤကိစ္စရပ်များမှာ သူတို့အားလုံး ဆွေးနွေး တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့ အားလုံးသည် တူညီသော ရည်မှန်းချက် တစ်ခုတည်း အတွက် ရီဖူရှင်းကို ထောက်ပံ့ ကူညီလိုကြ၏။ သူတို့က ယနေ့ အဆင့်ထိ လေ့ကျင့်နိုင်ခဲ့သည်မှာ ကောင်းမွန်သော အရာတစ်ခု ဖြစ်ပြီး မဟာလမ်းစဉ်ကို ကျင့်ကြံခြင်းအပြင် သူတို့သည် လောက ကောင်းကျိုးကိုလည်း သယ်ပိုးကြပေမည်။
ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့ သည်လည်း စိတ်လက် ပေါ့ပါးစွာဖြင့် ပြုံးမိကြသည်။ တစ်ဖက်တွင် လူအုပ်ထဲ၌ စီမင်ကလန်နှင့် တခြားသော ကလန်များမှာ စိတ်ပျက် သွားကြရသည်။ ယနေ့မှစ၍ မြေရိုင်းပြည်နယ်တွင် တော်ဝင်ကျဲ နန်းတော် တစ်ခုတည်းသာ ကြီးစိုးတော့မည် ဖြစ်ကာ ကလန်များနှင့် မိသားစုတို့မှာ အချိန်နှင့်အမျှ တဖြည်းဖြည်း အင်အား နည်းပါး သွားကြပေတော့မည်။
ရီဖူရှင်းက သူတို့အား အပြစ် မတင်ခဲ့သော်လည်း သူ၏ ပြုပြင် ပြောင်းလဲမှုက ကလန်များနှင့် မိသားစုများ၏ ကံကြမ္မာကို ပြောင်းလဲ စေသည်။ အရာအားလုံးမှာ အဆုံးသတ် သွားပြီဖြစ်ကာ တော်ဝင်ကျဲ နန်းတော်သည် ခေတ်သစ်တစ်ခုအား ဦးဆောင်လျက် အစပျိုးခဲ့ပြီ ဖြစ်သည်။
“ကျေးဇူးကြီးလှပါတယ် … နန်းတော်သခင် …” တညီတညာတည်း အော်ဟစ်သော အသံသည် ကောင်းကင်ယံသို့တိုင် မြည်ဟည်း သွားဟန်ရသည်။ ကောင်းကင်လှေကား အောက်တွင် မရေမတွက်နိုင်သော လူများက ရီဖူရှင်းအား ဦးညွှတ်ကြသည်။ သူတို့၏ မျက်လုံးများ၌ အလွန်တရာ လေးစားသော ပုံဟန်များ ရှိနေကြ၏။
ရှန့်ထိုရှားက ထိုမြင်ကွင်းကို ပြုံးလျက်ကြည့်ကာ သူ့ဘေးမှ ရှန့်ထိုလီအား ပြောသည်… “ကျုပ်တို့ သွားသင့်ပြီ”
“ကောင်းပြီ … သွားကြမယ်” ရှန့်ထိုလီက ခေါင်းညိတ်ကာ သူတို့ နှစ်ယောက်သည် ကိုယ်စီ တန်ခိုးရှင်များအား ဦးဆောင်လျက် ထွက်သွား ကြတော့သည်။
ရီဖူရှင်းက နောက်လှည့်ကာ ကောင်းကင် လှေကားပေါ်သို့ တက်လျှင် သူ့အနီးမှ လူများကလည်း နောက်မှ လိုက်ပါ တတ်ကြ၏။ ကောင်းကင်လှေကား အောက်၌ မရေမတွက်နိုင်သော လူများသည် အဖြူရောင်ဝတ် လူငယ်အား အင်မော်တယ် တန်ခိုးရှင် တစ်ပါးအလား လေးစား ကြည်ညိုစွာ ကြည့်နေကြဆဲ ဖြစ်သည်။
ပြည်နယ်ကိုးခု ညီလာခံမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဤအရာကပင် ခေတ်သစ်တစ်ခု၏ အစဖြစ်ပေမည်။
***