Switch Mode

အပိုင်း ( ၁၀၂၀)

ဒဏ္ဍာရီ

ပြည်နယ်ကိုးခုတွင် တော်ဝင်မြေများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိ လာခဲ့ကြသည်။ ရှန့်ထိုများ အားလုံးသည်လည်း နန်းတော်သို့ ရောက်ရှိ လာခဲ့ကြကာ ပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်မည့် သူများသည် ကျောက်နံရံ အရှေ့၌ လူအုပ်ကြီး အထဲတွင် ရောနှောကာ ရှိနေကြသည်။

ထိုအခိုက်တွင် ကောင်းကင်ထက်၌ ခွန်ပန်နှင့် နဂါးနက်များကို စီးနင်းလာသော လူအများအပြားအား တွေ့ကြရသည်။

“အဆုံးမဲ့ပင်လယ်က တော်ဝင်မြေသုံးခု ရောက်ရှိ လာခဲ့ကြပြီ …” လူအများအပြားက ရောက်လာသူများအား ခန့်မှန်း မိကြသည်။

“ပင်လယ် နန်းတော်က မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်သို့ အသနား လာခံပါတယ်”

“မြောက်ဘက် ချောက်နက်က တော်ဝင်ကျဲ နန်းတော်သို့ အသနား လာခံပါတယ်”

“နတ်ဘုရား ကမ်းပါးက အသနား လာခံပါတယ်”

ထိုအသံများမှာ တော်ဝင်မြေ သုံးခု၏ ခေါင်းဆောင်များ ကိုယ်တိုင်က သူတို့၏ စိတ်ရင်းများကို ဖွင့်ထုတ် ပြသရန် ပြောဆိုကြခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ မင်းသမီးကိုယ်တိုင် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့က ရီဖူရှင်း၏ တောင်းဆိုချက်များကို မင်းသမီးအား အသိသက်သေအဖြစ် သဘောတူညီထားခြင်း ဖြစ်ရာ ဟန်ဆောင်နေ၍ မရပေ။ သူတို့သည် ရွေးချယ်မှုများကို ပြုလုပ်ပြီးပြီဖြစ်၍ လက်ရှိတွင် မည်သို့ဖြစ်စေ ဂုဏ်သိက္ခာများအား ဘေးချိတ် ထားရတော့မည် ဖြစ်သည်။

ရုတ်တရက် ကွင်းပြင်ကြီး တစ်ခုလုံး တိတ်ဆိတ် သွားခဲ့သည်။ နန်းတော် အတွင်းမှ ကြိုဆိုသည့်အသံ ရောက်မလာခဲ့ပေ။ အရာအားလုံးမှာ တိတ်ဆိတ် နေခဲ့သည်။ တော်ဝင်မြေသုံးခုမှ တန်ခိုးရှင်များသည် ကျောက်နံရံရှေ့သို့ ဆင်းသက် လာခဲ့ကြကာ အများအပြားမှာ ခံစားချက်မျိုးစုံ ရောနှောလျက် ခေါင်းငုံ့ကြသည်။ တော်ဝင်မြေ ခုနစ်ခုက တော်ဝင်ကျဲ နန်းတော်အား ဝိုင်းရံ တိုက်ခိုက်ခဲ့ကြ သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့အတွက် သူတို့က တန်ဖိုး တစ်ခုအား ပေးဆပ် ရပေမည်။

ရှန့်ထိုများက ဦးညွှတ်ကာ အရိုအသေ ပေးကြ၏။ မြေရိုင်းပြည်နယ်မှ မရေမတွက်နိုင်သော လူများသည် ထိုမြင်ကွင်းအား ကြည့်ကာ ကြီးစွာ တုန်လှုပ်ကြသည်။ ယနေ့ ပြည်နယ်ကိုးခုမှ ရှန့်ထိုများ လာရောက်သည် သာမက အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုသည်လည်း ခွင့်လွှတ်ရန် အသနား လာခံကြသည်။

လူတစ်ယောက် ရှေ့သို့ တက်လာခဲ့ကာ ရှေးနတ်ဘုရား တစ်ပါးအလား ထည်ဝါ ခန့်ညားစွာဖြင့် ကောင်းကင် လှေကားပေါ်၌ ရပ်သည်။

“ရှန့်ထိုထောင်ကျန်း …” မြေရိုင်းပြည်နယ်မှ လူများ အားလုံးက ထိုပုဂ္ဂိုလ်အား လေးစား ဂုဏ်ယူစွာ ကြည့်ကြသည်။ သူကား တော်ဝင်ကျဲ နန်းတော်အား အဆုံးစွန်သော ခွန်အားဖြင့် ကာကွယ်ခဲ့သူ ဖြစ်သည်။ မြေရိုင်းပြည်နယ်မှ လူများက သူ့အား မည်သို့ ယုံကြည် ကိုးကွယ်ခြင်း မရှိဘဲ နေမည်နည်း။

“ခွင့်လွှတ်ဖို့ အသနား လာခံတာပဲလား …” ထောင်ကျန်းက အဆုံးမဲ့ ပင်လယ်မှ တော်ဝင်မြေသုံးခုကို အေးစက်စွာ ပြောသည်။

“အဆုံးမဲ့ပင်လယ်က တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းကို ပင်လယ်ဘုရင် အဖြစ် ခစားလိုပါတယ်။ ဒီနေ့ကစပြီး အဆုံးမဲ့ ပင်လယ်ကို ပင်လယ်ဘုရင်က အုပ်ချုပ်ပါတယ်” ပင်လယ် နန်းတော်မှ ပင်လယ်ရှန့်ထိုက ပြောသည်။

“နောက်ထပ် ရှိသေးတယ် …” ထောင်ကျန်းက  ဆက်ပြောသည်။

“ကျုပ်တို့ အားလုံးက တော်ဝင်ကျဲ နန်းတော်ရဲ့ စစ်ပွဲမှာ ကျဆုံးခဲ့သူတွေကို မြှုပ်နှံထားတဲ့ အမှတ်တရ အုတ်ဂူရှေ့မှာ အပြစ် ဝန်ခံပါမယ်” မြောက်ဘက် ချောက်နက် ရှန့်ထိုက တွန့်ဆုတ်စွာ ပြောသည်။ မင်းသမီးက သူတို့အား အမိန့်ပေးခဲ့ရာ မည်သို့ဖြစ်စေ လိုက်နာ ရပေမည်။

ထောင်ကျန်းက အဆုံးမဲ့ပင်လယ်မှ တန်ခိုးရှင်များအား အေးစက်စွာ ကြည့်ကာ ပြောသည် “မင်းတို့ အားလုံးက နန်းတော်သခင်ရီကို ပင်လယ်ဘုရင် အဖြစ် သတ်မှတ်ခဲ့မှတော့ ပင်လယ်ဘုရင်ရဲ့ အမိန့်က … ပြည်နယ်ကိုးခု ညီလာခံ ပြီးဆုံးတဲ့အခါ တော်ဝင်မြေ သုံးခုက သူတို့ရဲ့ ကျင့်ကြံခြင်း လမ်းစဉ် ပညာရပ်တွေကို ပင်လယ်ဘုရင် လေ့လာဖို့အတွက် တော်ဝင်ကျဲ နန်းတော်သို့ ဆောင်ယူ လာရမယ်။ သဘောမတူတာ ရှိလား”

တော်ဝင်မြေသုံးခုမှ တန်ခိုးရှင်များသည် အမှန်တကယ် ဝမ်းနည်း ခံစားရသော်လည်း သူတို့က လိုလိုလားလားပင် ခေါင်းညိတ် ကြရသည် … “သဘောမတူတာ မရှိပါဘူး”

“ပြီးတော့ ပင်လယ်ဘုရင်က အဆုံးမဲ့ ပင်လယ်က တန်ခိုးရှင်တွေကို ရံဖန်ရံခါ တောင်ဝင်ကျဲ နန်းတော်သို့ လာရောက် လေ့ကျင့်စေမယ်” ထောင်ကျန်းက ပြောသည်။

“သဘောတူပါတယ် …” အားလုံးက ခေါင်းညိတ်ကြသည်။

“ကောင်းပြီ … တော်ဝင်မြေ သုံးခုက တော်ဝင်ကျဲ နန်းတော်ရဲ့ လက်အောက်သို့ လိုလိုလားလား ဝင်ရောက်မှတော့ အခု နန်းတော် အတွင်းသို့ ဝင်နိုင်ပြီ” ထောင်ကျန်းက ပြောသည်။ သူက နောက်လှည့်ကာ အဆုံးမဲ့ပင်လယ်မှ တန်ခိုးရှင်များအား ဦးဆောင်လျက် နန်းတော် အတွင်းသို့ ဝင်ရောက် သွားခဲ့၏။

အဆုံးမဲ့ ပင်လယ်မှ တော်ဝင်မြေသုံးခုသည် လက်နက်ချ အညံ့ခံလိုက်ပြီး နောက်ပိုင်း ယနေ့အချိန်မှစ၍ အဆုံးမဲ့ ပင်လယ်တွင် ပင်လယ်ဘုရင် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

“နွေဦးပြည်နယ် ယိကလန်က တော်ဝင်ကျဲ နန်းတော်သို့ လာရောက်ပါတယ်” ကောင်းကင်ထက်မှ နောက်ထပ် အုပ်စုတစ်စု ဆင်းသက် လာသည်။ သို့သော်လည်း နန်းတော် အတွင်းမှ မည်သည့်အသံမှ ထွက်လာခြင်း မရှိရာ ယိကလန်အနေဖြင့် နန်းတော် အပြင်ဘက်၌ ရပ်တန့် လိုက်ကြရသည်။

“နွေဦးပြည်နယ် ယိကလန်က ပြည်နယ်ကိုးခု ညီလာခံသို့ တက်ရောက် လာပါတယ်” နောက်ထပ် အသံတစ်သံသည် သဘော မကျသည့်ဟန်ဖြင့် ထွက်ပေါ် လာသည်။

“ဝင်ပါ …” အသံကား တုံးတိတိ။

ယိကလန်မှ လူများမှာ အလွန်အမင်း မကျေမနပ် ဖြစ်နေကြပြီး ရှန့်ထိုယိ၏ မျက်နှာသည်လည်း သုန်မှုန်နေ၏။ ကြည့်ရသည်မှာ ရီဖူရှင်းသည် ရှေးနန်းတော်ရာ အတွင်းမှ တိုက်ပွဲအတွင်း ဖြစ်ရပ်များတွင် ယိကလန်ကို သဘောထား တင်းမာမှုများ ရှိနေသေးဟန် တူသည်။ သို့သော်လည်း ရှန့်ထိုယိ အနေဖြင့် သူ၏ဒေါသများကို ချိုးနှိမ် ထားရပေသည်။ လက်ရှိတွင် တော်ဝင်ကျဲ နန်းတော်သည် ယိကလန်အား အလွယ်တကူ ဖျက်ဆီးပစ်နိုင်၏။ ထို့ကြောင့် ရှန့်ထိုယိသည် မကျေမနပ် ဖြစ်သည့်တိုင် နန်းတော် အတွင်းသို့ သုန်မှုန်စွာ ဝင်၏။

အတန်ကြာလျှင် တခြား တော်ဝင်မြေများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိ လာခဲ့ကြသည်။ ကောင်းကင် လှေကားပေါ်၌ ဓားမိစ္ဆာ ပေါ်လာကာ အောက်ကို ငုံ့ကြည့်လျက် ပြောသည် … “ပြည်နယ်ကိုးခု ညီလာခံက အခု တရားဝင် စတင်ပြီ။ ပြည်နယ်ကိုးခုက နိုဘယ် တန်ခိုးရှင်တွေ အကုန်လုံး ကောင်းကင် လှေကားကနေ တက်ရောက် နိုင်ပြီ။ ကောင်းကင် လှေကားကနေ တစ်ဆင့် နန်းတော်သို့ အောင်အောင်မြင်မြင် တက်ရောက်နိုင်သူက ညီလာခံမှာ ဝင်ပြိုင်ရမယ်။ ကျန်တဲ့ လူတွေက တခြား လမ်းကြောင်းတွေကနေ ညီလာခံသို့ ပွဲကြည့် ပရိသတ် အနေနဲ့ ဝင်ရောက် နိုင်တယ်”

“နောက်ဆုံးတော့ စပြီ …” မရေမတွက်နိုင်သော နိုဘယ်များက သက်ပြင်းရှိုက်ကာ ကောင်းကင် လှေကားထံသို့ လှမ်းလိုက်ကြသည်။ တခြားသော ပြည်နယ်မှ လူများအတွက် ဤအရာက ပြိုင်ပွဲဝင်ခွင့် ဖြစ်သော်လည်း မြေရိုင်းပြည်နယ်မှ လူများအတွက်မူ တော်ဝင်ကျဲ နန်းတော်သို့ ဝင်ခွင့်လည်း ဖြစ်သည်။

တခြားသော လမ်းကြောင်းမှ ညီလာခံသို့ သွားရောက် သူများ အတွက်မူ သူတို့အား တော်ဝင်ကျဲ နန်းတော်မှ လူများက လမ်းညွှန် ပြသ ပေးကြသည်။ လမ်းတစ်လျှောက် ကြီးကျယ် ခမ်းနားသော အဆောက်အဦများ လေ့ကျင့်ရေး နေရာများမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှ ပေသည်။ အဝေးတွင် မိုးကောင်းကင်၌ တည်ဆောက် ထားသည့်အလား ထည်ဝါ မြင့်မြတ်သော မျှော်စင် နန်းတော်ကြီးအား မြင်တွေ့ နိုင်ပေသည်။

အတန်ကြာလျှင် သူတို့သည် လမ်းအဆုံးသို့ ရောက်လာကာ ကြီးမား ကျယ်ပြန့်သော ပွဲကြည့်စင်ပေါ်သို့ တက်ရောက် ကြ၏။ ဦးဆုံးရောက်သူက ရှေ့ဆုံးတွင် ထိုင်နိုင်ကာ သူတို့၏ ရှေ့တွင်ကား အလွန်တရာ လှပခမ်းနားသော စင်မြင့်ကြီးတစ်ခု လေထဲ၌ ပေါလော ပေါ်နေသည်။ စင်မြင့်၏ရှေ့တွင် နန်းတော်နှင့် သွယ်တန်း ထားသော ကောင်းကင် လှေကားထစ်များ ရှိနေသည်။ ကောင်းကင် လှေကား၏ အပေါ်၌ ပြည်နယ်ကိုးခုမှ တော်ဝင်မြေများ အတွက် ပွဲကြည့်စင် အဖြစ် ပြုလုပ်ထားသော ကွေ့ကောက်သော လခြမ်းသဏ္ဌာန် စင်မြင့်ရှိနေသည်။ ယခုတွင် ပြည်နယ်ကိုးခုမှ တော်ဝင်မြေများသည် ထိုနေရာ၌ နေရာ ယူနေကြပြီ ဖြစ်သည်။

သူတို့၏ နောက်တွင် ကောင်းကင် လှေကားမှတစ်ဆင့် နန်းတော်သို့ ဝင်ကာ အကဲဖြတ်မှုအား အောင်မြင်ခဲ့သူများ ရောက်ရှိ လာခဲ့ကြသည်။ သူတို့က ကွင်းပြင်ကြီး အလယ်တွင် ပေါလောပေါ်နေသော စင်မြင့်ထက်သို့ ဆင်းသက် ကြ၏။

ထိုစင်မြင့်ထက်သို့ အဆက်မပြတ် ဆင်းသက် ကြကုန်သော တန်ခိုးရှင်များအား ကြည့်ကာ အချို့မှာ မနာလို ဖြစ်ကြရသည်။ ရှန့်ထိုများ၏ ရှေ့တွင် မိမိတို့ ကိုယ်စီ၏ အစွမ်းများကို ပြသခွင့်ရခြင်းမှာ အလွန့်အလွန် ရှားပါးသော ကိစ္စဖြစ်သည်။ သို့သော်လည်း ပြိုင်ပွဲဝင်ခွင့် ရရှိသူများထက် ပြည်နယ်ကိုးခုမှ လူများသည် ရီဖူရှင်းအား ပို၍ စိတ်ဝင်စား ကြသည်။ သူတို့အားလုံးက ကောင်းကင်ထက်သို့ ကြည့်ကာ သူရောက်ရှိ လာမည်ကို စောင့်မျှော်ကြ၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံး သွားခဲ့ကာ ပြိုင်ပွဲ စင်မြင့်ထက်သို့ ပိုမို များပြားသော ပြိင်ပွဲဝင်များ ရောက်ရှိ လာကြသည်။ တစ်ဖက်တွင် ပွဲကြည့်စင်၌လည်း လူများ ပြည့်နှက် လာခဲ့သည်။ အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုသည် အစွန်အဖျား နေရာများ၌သာ စီစဉ်ပေးခြင်း ခံရ၏။ ယိကလန်မှ တန်ခိုးရှင်များမှာလည်း ထိုနည်းတူ ဖြစ်သည်။ ရှန့်ထိုယိသည် ထိုနေရာတွင်လည်း စိတ်လက် မအီမသာ ပုံစံဖြင့် ထိုင်နေခဲ့ကာ သူ့အနေဖြင့် ထွက်သွား လိုသော်လည်း ထွက်သွား၍ မရပေ။

ကောင်းကင်မှ နေရောင်များ ကျဆင်းလာလျှင် ပြိုင်ပွဲစင်မြင့်မှာ ပိုမိုတောက်ပ လင်းလက် နေခဲ့သည်။ မရေ မတွက်နိုင်သော လူများက ကောင်းကင်ထက်သို့ ကြည့်နေကြဆဲ ဖြစ်သည်။ မကြာမီ နန်းတော်မှ လူတစ်စု ပေါ်လာကာ ပွဲကြည့်စင်ထံသို့ ဆင်းလာကြ၏။ ထိုအထဲတွင် ရှန့်ထိုရှား၊ ရှန့်ထိုလီ၊ ဗာဂျာရာ ဒေသသခင်၊ လစန္ဒာရှန့်ထိုနှင့် တခြားလူများ ပါဝင်သည်။ သူတို့သည် တော်ဝင်စစ်ပွဲ၌ တော်ဝင်ကျဲ နန်းတော် အပေါ် တစ်နည်းမဟုတ် တစ်နည်းအားဖြင့် အကူအညီ ပေးခဲ့ကြသူများ ဖြစ်သည်။

ရီဖူရှင်းက သူတို့အား နန်းတော်သို့ ကိုယ်တိုင် ကြိုဆိုကာ ဧည့်ခံခဲ့သည်။ မရေမတွက်နိုင်သော မျက်လုံးများသည် တစ်နေရာတည်းသို့ ရောက်ရှိနေခဲ့၏။ ပင်လယ်ကြီးတမျှ ကျယ်ပြော များပြားသော လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင် လှေကား၏ ပွဲကြည့်စင် ပင်မနေရာ၌ ရပ်နေသော ဆံပင်ဖြူလူငယ်အား ကြည့်ကြသည်။ ထိုချောမောကာ ဆံပင်ဖြူဖွေး နေသော လူငယ်သည် ယနေ့ခေတ် အချိန်အခါ၌ ပြည်နယ်ကိုးခု၌ နာမည် အကျော်ကြားဆုံး ဖြစ်သော တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်း ဖြစ်သည်။

ထိုဆံပင်ဖြူ လူငယ်၏ ဘေး၌ ဓားသခင်၊ ဂူတုံးလျို၊ ယူစီ၊ စုရှမ်း၊ ကျူကော့ချန်းဖန်၊ ယွန်ရှင်း၊ ကျန်ကျောင်းနှင့် ဓားမိစ္ဆာတို့ ရှိနေသည်။ ထိုအထဲတွင် အချို့မှာ ကောင်းကင်မြေရိုင်း အဆင့်သို့ နောက်ပိုင်းမှ ဝင်ရောက်ခဲ့ကြ သော်လည်း မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် နာမည် ကျော်ကြားနေကြပြီ ဖြစ်သည်။ ထိုအခိုက်တွင် မြေရိုင်း ပြည်နယ်မှ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် ငိုကြွေးလုမတတ် စိတ်ခံစားချက်များ ပြင်းထန် လာကြရ၏။ သူတို့၏ ဘဝတွင် ဤလူများအား သက်ရှိထင်ရှား တွေ့မြင်ခဲ့ရခြင်းကပင် တစ်ဘဝစာ ထိုက်တန် ခဲ့ပေသည်။ သို့သော်လည်း နန်းတော် သခင်ရီ၏ ဘေးတွင် တစ်စုံတစ်ခုမှာ လိုအပ်နေဆဲ ဖြစ်ဟန် ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset