ပြည်နယ်ကိုးခုမှ လူများသည် ကျုံးကျိုးမြို့သို့ အဆက်မပြတ် ရောက်ရှိ လာနေကြ၏။ ကျွန်းစုတစ်ထောင် တော်ဝင်မြေမှာ လူတိုင်းအတွက် ဖွင့်လှစ်ထားခဲ့ကာ အားလုံးမှာ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့် ရှိပေ၏။
အချိန်တိုအတွင်း တော်ဝင်ကျဲ နန်းတော်အား ပတ်လည် ဝန်းရံထားသော မြို့တော်သည် ပြည်နယ်ကိုးခု အတွင်း၌ အစည်ကားဆုံး ဖြစ်လာခဲ့၏။ ပြည်နယ်ကိုးခုလုံး သာမက၊ မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များ သည်လည်း ဤမြို့၌ စုစည်း လာခဲ့ကြပေ၏။
များစွာသော တန်ခိုးရှင်များသည် နန်းတော်မှ တပည့်သစ်များအား ရွေးချယ်လေ့ရှိသော နန်းတော်၏ လှေကားခြေရင်း၌ စုစည်း နေကြသည်။ နန်းတော်မှ ထိပ်သီး ပုဂ္ဂိုလ် တချို့သည် နန်းတော်၏ ရှေ့၌ ရှိသော ကျောက်နံရံသို့ တစ်ခါတစ်ရံ ရောက်လာကာ လောက သဘောတရားများအား ရေးထွင်းကြသည်။ တစ်စုံ တစ်ယောက်သည် ထိုနံရံအား လေ့လာ ဆင်ခြင်ပါက ကျောက်နံရံတွင် ရှိသော လောကဓာတ်များအား ခံစား နိုင်ပေသည်။
လူတို့သည် ကျောက်နံရံအား အချိန်ကြာမြင့်စွာ မကြည့်ရှု နိုင်ကြပေ။ ထိုကျောက်နံရံက မည်သည့်နေရာတွင် အသုံးပြုမည် ကိုလည်း သူတို့ နားမလည်ကြပေ။ ဤကျောက်နံရံက ကျွန်းစုတစ်ထောင် တော်ဝင်မြေမှ တန်ခိုးရှင်များ အတွက် အထောက်အကူ ဖြစ်ရန် ရည်ရွယ်သည်လား။
ထိုမျှသာမက ကျောက်နံရံကြီး အလယ်တွင် ဂိတ်တံခါး တစ်ခုရှိကာ ထိုနေရာမှသည် ကောင်းကင်သို့အထိ သွယ်တန်း ဆက်သွယ်ထားသော ရွှေလှေကားထစ်များအား မြင်တွေ့ရပေသည်။ ထိုလှေကား၏ အဆုံးကို မျှော်ကြည့်ပါက အဝေးတွင် မှုန်ဝါးဝါး ရှိနေသော နန်းတော်ကြီးအား မြင်နိုင်ပေသည်။ နန်းတော်ကြီးသည် ကောင်းကင်သို့အထိ မြင့်မားစွာ တည်ဆောက်ထား၍ သူ၏ ကြီးကျယ် ခမ်းနားမှုမှာ စကားအားဖြင့် ဖွဲ့ဆိုရန် မလွယ်ကူပေ။
တော်ဝင်ကျဲ နန်းတော်က ဗိသုကာ ပညာရှင်များအား ဆင့်ခေါ်ခဲ့ရာ မြေရိုင်းပြည်နယ် တစ်ခုလုံးမှ ထိုပညာရှင်များ ရောက်ရှိ လာခဲ့ကြသည်။ ထိုအထဲတွင် အများအပြားမှာ စွမ်းအားမြင့် တန်ခိုးရှင်များ ဖြစ်ကြပြီး ဝင်္ကပါ ပညာအရာ၌ နားလည် တတ်ကျွမ်းသူများပင် ပါဝင်ပေသည်။ နန်းတော်၏ စွမ်းအားမြင့် တန်ခိုးရှင်များနှင့် ပေါင်းစပ်ကာ သူတို့က ဤနန်းတော်သစ်အား တည်ဆောက် ခဲ့ကြသည်။
“ကောင်းကင် လှေကားထစ်ရဲ့ ဘေးတစ်ဖက် တစ်ချပ်မှာ ကျောက်နံရံပေါ်သို့ လာရောက် ရေးထွင်းကြတဲ့ တန်ခိုးရှင်အများကြီး ရှိနေတယ်” တစ်စုံတစ်ယောက်က ကောင်းကင် လှေကားပေါ်သို့ ကြည့်ကာ ပြောသည်။
“ကျုပ်က ကျူကော့ကလန်ရဲ့ ခေါင်းဆောင် ကျူးကော့ချန်းဖန်ကို တွေ့တယ် …” တစ်စုံတစ်ယောက်က ပြောသည်။
“အဲဒီ အနက်ရောင် ဝတ်စုံဝတ် ဓားသမားက ကျန်ကျောင်းပဲ။ သူက ပြည်နယ်ကိုးခု ရှီအဆင့်သို့ ဝင်နိုင်တဲ့ စွမ်းရည်ရှိတယ်။ သူက ကျောက်နံရံပေါ်မှာ သူ့ဓားကိုသုံးပြီး ရေးထွင်းခဲ့တယ်။ သူတို့ ဘာလုပ်နေကြတာလဲ …” လူအများအပြားက တီးတိုး ပြောကြသည်။ ယနေ့တွင် နန်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင် အများအပြား ထွက်ပေါ်လာကြ၏။
ထိုအခိုက်တွင် လူတစ်စု ရောက်လာကာ ကောင်းကင် လှေကားထက်၌ ရပ်ကြသည်။ သူတို့က လူအုပ်ကြီးအား ကြည့်ကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူအား မြင်လျှင် တစ်စုံ တစ်ယောက်က အလွန်လေးစားသော လေသံဖြင့် ပြောသည် … “အဲဒါ ဓားမိစ္ဆာပဲ …” ။ ယခု နန်းတော်၌ ရှိသော ကောင်းကင်မြေရိုင်း အဆင့်ဝင်များမှာ တော်ဝင်စစ်ပွဲ အပြီး၌ ပိုမိုအားကောင်း လာခဲ့ကြပြီး မြေရိုင်းပြည်နယ် တစ်ခုလုံး၏ လေးစားမှုကို ခံယူကြရသည်။
“နန်းတော်သခင်က ကြေညာ လိုက်တယ်။ ပြည်နယ်ကိုးခု ညီလာခံကို ကောင်းကင် ပြက္ခဒိန်ရဲ့ ၁၀၀၁၉ခုနှစ် ပထမနေ့မှာ ကျင်းပမယ်။ ပြီးတော့ ညီလာခံအတွင်း ပါဝင်ဆင်နွှဲမဲ့ သူတွေဟာ ပြည်နယ်တွေကို ကိုယ်စား မပြုတော့ဘူး။ ညီလာခံသို့ ရောက်လာသူ မှန်သမျှ သာမန် နိုဘယ်တွေပဲ ဖြစ်ပါစေ၊ သူတို့က ဒီကောင်းကင် လှေကားကနေ နန်းတော်သို့ တက်ရောက်နိုင်သူ မှန်သမျှ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရှိတယ်။ ပါဝင်နိုင်တဲ့ အရေအတွက်ကို ကန့်သတ် မထားဘူး” ဓားမိစ္ဆာက လူအုပ်ကို ကြည့်ကာ ပြောသည်။ သူက ပြည်နယ်ကိုးခု ညီလာခံ၏ စည်းမျဉ်းကို ကြေညာလျှင် တန်ခိုးရှင်များ အားလုံးမှာ စိတ်လှုပ်ရှား ကြရ၏။
ရီဖူရှင်းက တစ်ဖန် စည်းမျဉ်းများကို ပြင်ဆင်ခဲ့ပြန်သည်။ သူက ပြည်နယ်ကိုးခု ညီလာခံအား စည်းမျဉ်းအသစ်ဖြင့် ကျင်းပမည် ဖြစ်သည်။ ယခင်ကဲ့သို့ တန်ခိုးရှင်များသည် မိမိတို့၏ ပြည်နယ်နှင့် တော်ဝင်မြေများအား ကိုယ်စားပြုစရာ မလိုတော့ပေ။ ဤတစ်ခေါက်တွင် ကောင်းကင်လှေကားမှ တစ်ဆင့် တက်ရောက်နိုင်သော မည်သူမဆို ပြိုင်ပွဲ၌ ပါဝင်ခွင့် ရပေမည်။
မည်သူမျှ ဘာမှ မပြောကြပေ။ သူတို့က သူတို့၏ စီနီယာများ ပြောစကားကို နားထောင်ကြသည်။ သည်နှစ် ပြည်နယ်ကိုးခု ညီလာခံအား တော်ဝင်ကျဲ နန်းတော်၌ ကျင်းပခြင်းမှာ မင်းသမီး၏ အကြံဉာဏ် ဖြစ်သည်။ ရီဖူရှင်းက မည်သို့မည်ပုံ လုပ်ဆောင်ပါစေ ပြည်နယ်ကိုးခုမှ လူများသည် ငြင်းဆန်နိုင်ခြင်း မရှိပေ။
ပြည်နယ်ကိုးခုမှ ပင်မ ပုဂ္ဂိုလ်များသည် အင်ပါယာရှား၏ ရီဖူရှင်းအပေါ် ဦးစားပေးမှုများအား သိကြပေသည်။ ပြီးခဲ့သော တော်ဝင်စစ်ပွဲ၌ အင်ပါယာရှား၏ သဘောထားမှာ လူအများ အားလုံးအတွက် သိသာ ထင်ရှားစေခဲ့၏။
ပြည်နယ်ကိုးခု၏ ပုဂ္ဂိုလ်ကြီးများက ထိုသို့မြင်လျှင် လူအများမှာလည်း အနည်းနဲ့အများ ထိုအချက်များကို သိကြပေသည်။ အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေသုံးခု သည်လည်း သိကြပေ၏။ အခြေအနေများမှာ ဤသို့ ဖြစ်လာမှတော့ သူတို့ကလည်း မတတ်သာတော့ဘဲ ဦးညွှတ်ရတော့သည်။
“ပြီးတော့ မင်းတို့က ဤကျောက်နံရံကို အသုံးချပြီးတော့ ကျင့်ကြံ နိုင်တယ်။ ညီလာခံမှာ ပြိုင်ပွဲ မဝင်တဲ့သူတွေကတော့ နန်းတော်သို့ သွားတဲ့ တခြား လမ်းတွေကနေ ညီလာခံသို့ တက်ရောက် ကြည့်ရှုနိုင်တယ်။ အဲဒီအချိန်ကျရင် မင်းတို့ကို နန်းတော်ကလူတွေ လမ်းညွှန် ပေးလိမ့်မယ်” ကြေညာချက်အား ထုတ်ပြန်ပြီးနောက် ဓားမိစ္ဆာက နောက်လှည့် ထွက်ခွာ သွားသည်။ အတည်ပြုချက် များအား ကြားသိ ရပြီးနောက် လူအများ အားလုံးမှာ စိတ်လှုပ်ရှား ကြရသည်။ သူတို့က ပြည်နယ်ကိုးခု ညီလာခံ ကဲ့သို့သော ပွဲမျိုးအား ကြည့်ရှုခွင့်ရမည်ဟု မထင်မှတ် ထားခဲ့ကြပေ။ အတိတ်တွင် မြေရိုင်း ပြည်နယ်သည် ထိုပြိုင်ပွဲ၌ ပါဝင်ခွင့်ပင် မရှိခဲ့ပေ။
လူအများအပြား၏ စိတ်အား ထက်သန်စွာ စောင့်မျှော်မှုဖြင့် ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၁၈ခုနှစ်သည် ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ မရေမတွက်နိုင်သော လူများသည် အခမ်းအနား အတွက် ကျုံးကျိုးမြို့သို့ ရောက်ရှိ လာခဲ့ကြသည်။ နောက်ဆုံးတွင် ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၁၉ခုနှစ်သည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် တော်ဝင်ကျဲ နန်းတော် အပြင်ဘက်၌ ရပ်နေသော လူများမှာ ပင်လယ်ပြင်တမျှ ကျယ်ပြော များပြား လှပေသည်။ အများစုမှာ မြေရိုင်း ပြည်နယ်မှ ဖြစ်ကြ၏။
သူတို့က ရှေ့မှ ကောင်းကင် လှေကားကို ကြည့်ကာ သက်ပြင်း ချကြသည်။ ဆယ်နှစ်မျှပင် မကြာမြင့်သေး သော်လည်း ခေတ်သစ် တစ်ခုကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ ထည်ဝါသော အရောင်အဝါ တစ်ခု ဖြစ်ပေါ်လာသည်။ အားလုံးက လှမ်းကြည့်ကြလျှင် နဂါးများအား စီးနင်းကာ ရောက်ရှိလာသော တန်ခိုးရှင်များအား မြင်သည်။ အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာသော အဘိုးအိုသည် ထူးခြား ဆန်းပြားကာ သဘာဝလွန်သော စွမ်းအားများအား ပိုင်ဆိုင်ဟန်ရ၏။
“နွေဦးပြည်နယ်က ရှားကလန်ရဲ့ ရှန့်ထိုရှားက ပြည်နယ်ကိုးခု ညီလာခံသို့ တက်ရောက် လာပါတယ်” အဘိုးအို၏ ဘေးမှ လူတစ်ယောက်က ကြေညာလျှင် ထိုအသံသည် နန်းတော်ထံသို့ ပျံ့လွင့်သွား၏။
အားလုံး၏ စိတ်နှလုံးများ တုန်ခါ သွားကြသည်။ ပြည်နယ်ကိုးခု၏ အင်အား အကြီးဆုံး အင်အားစု ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ပြည်နယ်ကိုးခု၏ ဦးစီးဦးဆောင် အဖြစ် သတ်မှတ်ရသော ရှန့်ထိုရှားသည် ညီလာခံသို့ တက်ရောက်ရန် ဦးစွာ ရောက်ရှိ လာခဲ့သည်။ ထိုအရာက နန်းတော်အတွက် ကြီးမားသော ဂုဏ်ယူဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပေသည်။
“ကြိုဆိုပါတယ် … စီနီယာ ရှန့်ထိုရှား …” နန်းတော် အတွင်းမှ အသံတစ်သံအား ကြားကြရသည်။ နန်းတော် အတွင်းမှ တစ်စုံ တစ်ယောက် ထွက်လာကာ သူတို့အား ကြိုဆိုသည်။
“ဒါက နန်းတော် သခင်ရီရဲ့ အသံပဲ …” လူအုပ်ထဲမှ တစ်ယောက်က ပြောသည်။ ရီဖူရှင်းသည် ပြည်နယ်ကိုးခု၌ လျှမ်းလျှမ်းတောက် ကျော်ကြား သော်လည်း သူ့အနေဖြင့် ရှန့်ထိုရှားအား ကိုယ်တိုင် နှုတ်ဆက် ကြိုဆိုရပေသည်။
“ခင်ဗျား ရောက်လာတာ မြန်သားပဲ … ရှန့်ထိုရှား …” ရယ်သံတစ်ခုအား ကြားရသည်။ ကောင်းကင်ထက်မှ အဘိုးအို တစ်ယောက်နှင့် အတူ လူတစ်စု ဆင်းသက် လာသည်။ သူက နတ်ဘုရား တစ်ပါးကဲ့သို့ ဟန်ပန်နှင့် ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။ သူ့ဘေးတွင် များစွာသော လူငယ် ပါရမီရှင်များ အဖော်ပြု လိုက်ပါလာကြ၏။
“ပြည်နယ်ကိုးခု ကျောင်းတော်က ညီလာခံသို့ တက်ရောက်ပါတယ် … ” နောက်ထပ် အသံတစ်သံ ကြားကြရသည်။
“ကြိုဆိုပါတယ် … စီနီယာရှန့်ထိုလီ …” ရီဖူရှင်းက တစ်ဖန် ကြိုဆို နှုတ်ဆက်၏။ အားလုံးမှာ စိတ်လှုပ်ရှား ကြရသည်။ ပြည်နယ်ကိုးခု ကျောင်းတော်၏ ကျောင်းအုပ်၊ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ နံပါတ်လေး နေရာတွင်ရှိသော ရှန့်ထိုလီသည် ကိုယ်တိုင် ရောက်ရှိ လာခဲ့၏။
ထိုစဉ်မှာပင် ထည်ဝါသော အလင်းများနှင့်အတူ ဘုန်းတော်ကြီး တစ်ပါးသည် ကောင်းကင်ထက်မှ ဆင်းသက် လာ၏။ ဦးဆောင်လာသူသည် ပြည်နယ်ကိုးခု ရှန့်ထို အဆင့်၌ နံပါတ်ခြောက် နေရာတွင်ရှိသော ဗာဂျာရာဒေသ သခင် ဖြစ်သည်။
“ဗာဂျာရာဒေသက ပြည်နယ်ကိုးခု ညီလာခံသို့ တက်ရောက် ပါတယ်”
“ကျိရှား တော်ဝင် နန်းတော်က ညီလာခံသို့ တက်ရောက်ပါတယ်”
“ချီပြည်နယ်ရဲ့ ချီကလန်က ညီလာခံသို့ တက်ရောက် ပါတယ်”
“ဆယ်မျက်နှာ ဘုရားကျောင်းက ညီလာခံသို့ တက်ရောက် ပါတယ်”
ကြေညာသံများ တစ်ခုပြီးတစ်ခု ထွက်လာခဲ့လျှင် အားလုံးမှာ တုန်လှုပ် ကြရသည်။ တန်ခိုးရှင်များ တစ်စုပြီးတစ်ခု နန်းတော်သို့ ဆင်းသက် လာသည်ကို မြင်လျှင် မြေရိုင်းပြည်နယ်မှ လူများမှာ စိတ်နှလုံးများ ထုံကျဉ် လာခဲ့ကြရ၏။ ကျွန်းစုတစ်ထောင် တော်ဝင်မြေ၌ လေ့ကျင့်သော တန်ခိုးရှင် အဘိုးအို တချို့မှာ ငိုကြွေးလုနီးပါး ခံစားကြရသည်။
အဘိုးအို တစ်ဦးမူကား မျက်လုံးထဲ၌ မျက်ရည်များ ရစ်သိုင်း နေပြီဖြစ်သည်။ သူက ကောင်းကင်ထက်မှ မြင်ကွင်းအား ကြည့်ကာ ပြောသည် … “ဆရာ … ဆရာသာ ဒီမြင်ကွင်းကို မြင်ရင် အရမ်းကို ကျေနပ်မှာပဲ”
ယခင်က နန်းတော် သခင်ဟောင်းများသည် တော်ဝင်ကျဲ နန်းတော်အား ပြည်နယ်ကိုးခု၌ တော်ဝင်မြေတစ်ခု အဖြစ် ခိုင်ခိုင်မာမာ တည်တံ့နိုင်ခဲ့စေရန် မျှော်လင့် ခဲ့ကြပေသည်။ ယခု တော်ဝင်ကျဲ နန်းတော်သည် ပြည်နယ်ကိုးခု၏ သမိုင်း၌ အကြီးကျယ်ဆုံးသော အခမ်းအနားများအား လက်ခံ ကျင်းပနိုင်သော အင်အားကြီး တော်ဝင်မြေတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ပြည်နယ်ကိုးခု၏ တော်ဝင်မြေတိုင်းနှင့် ရှန့်ထိုတိုင်းသည် အခမ်းအနားအား တက်ရောက်ကြ၏။ ယနေ့ အချိန်အခါတွင် တော်ဝင်ကျဲ နန်းတော်အား အနိုင်ကျင့်ရဲသောသူ မရှိတော့ပေ။ ပြောကြသည်မှာ ယနေ့တွင် အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုသည် ရီဖူရှင်းထံသို့ လာရောက် တောင်းပန်၍ ခစားကြပေမည်။
“အဖေ … ကျွန်တော်က ဘာပဲဖြစ်ဖြစ် တော်ဝင်ကျဲ နန်းတော်သို့ ဝင်မယ် …” လူငယ် တစ်ယောက်က ပြောသည်။
“မင်းမှာ ဒီလို ရည်မှန်းချက်ရှိရင် ကြိုးစားရမယ်” သက်လတ်ပိုင်း လူကြီးက ပြုံးလျက် ပြောသည်။ ထိုမြင်ကွင်းအား ကြည့်ကာ များစွာသော လူငယ်များသည် တော်ဝင်ကျဲ နန်းတော်သို့ ဝင်ရန် ပိုမို စိတ်အားထက်သန် လာခဲ့ကြသည်။
ယနေ့ ညီလာခံ၌ သူတို့သည် နန်းတော်မှသာ မဟုတ် ပြည်နယ် ကိုးခု၏ နာမည် အကျော်ကြား ဆုံးသော ပုဂ္ဂိုလ်များအား ကိုယ်တိုင် မြင်တွေ့ကြ ရတော့မည် ဖြစ်သည်။ ထိုမြင်ကွင်းအား ကြည့်ကာ ကျုံးကျိုးမြို့မှ စီမင်မိသားစု၊ လျှပ်စီးအိမ်တော်တို့ ကဲ့သို့သော ထပ်သီး အင်အားစုများမှာ တော်ဝင်စစ်ပွဲ၌ နန်းတော်နှင့် မပူးပေါင်းမိခဲ့ခြင်း အတွက် နောင်တ ရကြသည်။
စီမင်ဟန်ကျင့် သည်လည်း လူအုပ်ထဲတွင် ရှိသည်။ တစ်ကြိမ် တစ်ခါက သူသည် နန်းတော်၏ ပါရမီရှင် အဆင့်တစ် ဖြစ်သည်။ သို့သော် ယခု အချိန်အခါတွင် တော်ဝင်ကျဲ နန်းတော်သည် သူ့အတွက် အလှမ်း ကွာဝေးသော နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
***