တော်ဝင်ကျဲ နန်းတော်၊ ရှန့်ထိုကျန့်၏ ဆေးနန်းဆောင်၌ မိန်းမ တစ်ယောက်သည် တိတ်ဆိတ်စွာ ထိုင်နေ၏။ သူမသည် ရိုးရှင်းကာ ပေါ့ပါးသော အဝတ်အစားကို ဝတ်ဆင် ထားသော်လည်း သူမ၏ အလှတရားမှာ မြင်သူတကာကို အသက်ရှူ မှားစေလောက် ပေသည်။ တစ်ခုတည်းသော လိုအပ်ချက်မှာ သူမ၏ မျက်နှာ၌ ခံစားချက် ကင်းမဲ့နေခြင်း ဖြစ်၏။ ပကတိ ငြိမ်သက်နေသော ရေပြင်အလား သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းများ ကင်းစင်ရာ သူမအား ကြည့်ရသည်မှာ ထူးထူးခြားခြား အထီးကျန် ဆန်လှ၏။
ခြေသံ အချို့နှင့်အတူ လိပ်ပြာလေးသည် သူမဘေးနားသို့ ရောက်လာ၏။ လိပ်ပြာလေးသည် သူမအား ကြည့်ကာ မိမိကိုယ်တိုင်မှာ လှပသော မိန်းမတစ်ယောက် ဖြစ်သည့်တိုင် သူမ၏ အလှအပေါ်တွင် ချီးကျူး အံ့အားသင့် ရသည်။ အရှေ့ဘက် ပြည်နယ်၏ အလှဆုံး မိန်းမသည် အသက်မဲ့နေခဲ့ကာ သူမ၏ပုံဟန်သည် လောကကြီးနှင့် လုံးဝ လွတ်ကင်း သွားသည်အလား၊ မသက်ဆိုင် တော့သည့်အလား ထင်မှတ်ရ၏။
“စီနီယာ မှန်နန်းတော် သခင်မ … မှန်နန်းတော်က လူတွေ အပြင်မှာ ရှိနေကြတုန်းပဲ။ သူတို့ ထွက်မသွား ကြသေးဘူး” လိပ်ပြာလေးက ပြောသည်။
“သူတို့ ဝင်လာပါစေ …” မှန်နန်းတော် သခင်မက ပြောသည်။ သူမ၏ အသံသည် တောင့်တင်းကာ ခံစားချက် ကင်း၏။ လိပ်ပြာလေးက ခေါင်းညိတ်ကာ ထွက်သွားသည်။ သူမက မှန်နန်းတော်မှ လူများအား အတွင်းသို့ ဝင်သွားရန် အသိပေး ပြောဆိုကာ သူမကိုယ်တိုင်က အပြင်ဘက်၌ စောင့်နေခဲ့သည်။
ထိုအခိုက်တွင် သူမ၏ အနီးသို့ လူတစ်ယောက် ရောက်လာကာ ခေါ်သည် … “လိပ်ပြာလေး …”
“ရှင်က မှန်နန်းတော် သခင်မကို လာတွေ့တာလား …” သူမက ရီဖူရှင်းကို မြင်လျှင် နွေးထွေးစွာ ပြုံးသည်။
“သူမ အခြေအနေ ဘယ်လိုရှိလဲ …” သူက မေးသည်။
“ကြည့်ရတာ မှန်နန်းတော် သခင်မက မှန်နန်းတော်ကို ပြန်တည်ဆောက်ဖို့ အဆင်သင့် ဖြစ်တဲ့ပုံ မရဘူး။ သူမလူတွေက သူမကို တောင်းဆိုကြပေမဲ့ သိပ်ပြီး ထူးခြားပုံ မပေါ်ဘူး။ ဆရာ ပြောသလိုပဲ သူမက ကျောက်ပြည်ထောင် ဘုရင်ကို သံယောဇဉ်မဲ့ဓားနဲ့ ဖြတ်တောက်တုန်းက သူမကိုယ်တိုင်ပင် ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာက စိတ်ခံစားချက်တွေ ကိုလည်း ဖျက်ဆီးခဲ့လို့ သူမက ခံစားချက်မဲ့တဲ့သူ ဖြစ်သွားတယ်” လိပ်ပြာလေးက ပြောသည်။
ရီဖူရှင်း၏ မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။ သူမက ခံစားချက် ကင်းမဲ့သွားပြီလား။ မှန်နန်းတော် သခင်မသည် ကျောက်ပြည်ထောင် ဘုရင်အား သတ်ဖြတ်ရန် စွဲလမ်းစိတ်မှာ လွန်စွာ ကြီးမားခဲ့သဖြင့် ယခု သူမ၏ ရည်ရွယ်ချက် ပြီးမြောက်ခဲ့ရာ သူမအတွက် အလိုဆန္ဒ လုံးဝ ကင်းမဲ့သွားသော ပုံစံမျိုး ဖြစ်သည်။
နောက်ထပ်ခြေသံ အချို့ ကြားကြရသည်။ ရီဖူရှင်းက ကြည့်လျှင် မှန်နန်းတော်မှ မိန်းမများ ဆေးနန်းဆောင် အတွင်းမှ ထွက်လာသည်ကို မြင်၏။ သူတို့၏ မျက်လုံးများမှ စိတ်ပျက် စိတ်ဓာတ်ကျမှုများမှာ ဖုံးကွယ်၍ မရပေ။ သူတို့က ရီဖူရှင်းအားမြင်လျှင် တစ်ယောက်က ဦးညွှတ်ကာ ပြောသည် …“ အရှင်ရီ … ကျွန်မတို့က အများကြီး ဒုက္ခပေးမိပြီ။ နှုတ်ဆက်ပါတယ်”
“မှန်နန်းတော် သခင်မက မင်းတို့နဲ့အတူ မပြန်ဘူးလား …” ရီဖူရှင်းက မေးသည်။
သူတို့က ခေါင်းယမ်းသည် … “ကျွန်မတို့ သခင်မ ဘာဖြစ်သွားတယ် ဆိုတာ မသိပေမဲ့ သူမရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ လေးစားပါတယ်။ ဒါပေမဲ့ ကျွန်မတို့က မှန်နန်းတော်ကို တည်ဆောက်ဖို့ နည်းလမ်း တစ်ခုခု စဉ်းစားပါဦးမယ်”
“တကယ်လို့ မင်းတို့ အဆင်ပြေမယ်ဆိုရင် တော်ဝင်ကျဲ နန်းတော်မှာပဲ ဆက်နေကြပါ။ တစ်နေ့ မင်းတို့ သခင်မက စိတ်ပြောင်းရင်လည်း ပြောင်းမှာပဲ” ရီဖူရှင်းက ပြောသည်။ သူတို့အားလုံးက အံ့အားသင့်ဟန်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ သူတို့အားလုံး ထိုကမ်းလှမ်းမှုကို စိတ်ဝင်စားကြ၏။
ယနေ့တွင် အရာအားလုံးမှာ ကွဲပြား ခြားနားသွားပြီ ဖြစ်သည်။ ယနေ့ တော်ဝင်ကျဲ နန်းတော်သည် ယခင်ထက် များစွာ အင်အား ကြီးမား၏။ ဤနေရာတွင် လေ့ကျင့်ခြင်းက သူမတို့အားလုံး၏ ကျင့်ကြံခြင်း၌ ကြီးစွာ အထောက်အပံ့ ဖြစ်စေနိုင်ပေသည်။ သို့သော်လည်း သူတို့က မှန်နန်းတော် ကွယ်ပျောက်မည့် အရေးကို စဉ်းစားကာ တွေဝေမိကြသည်။
တစ်နေ့တွင် သူမတို့၏ သခင်မက စိတ်ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပေသေးသည်။
“ကျွန်မတို့ ဆွေးနွေးပါဦးမယ် …” သူတို့ထဲမှ တစ်ယောက်က ပြောသည်။
“ကောင်းပြီ …” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူတို့အားလုံး ဦးညွှတ်ကာ ထိုနေရာမှ ထွက်သွား ကြ၏။
ရီဖူရှင်းက နန်းဆောင် အတွင်းသို့ ဝင်လာခဲ့၏။ မှန်နန်းတော် သခင်မသည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေဆဲ ဖြစ်၏။ ရီဖူရှင်းက သူမဘေးသို့ ရောက်လာကာ တိတ်ဆိတ်စွာ ရပ်သည်။
“ခင်ဗျားက နန်းတော်က ထွက်သွားဖို့ အစီအစဉ် မရှိဘူးလို့ ကျုပ်ကြားတယ် …” ရီဖူရှင်းက မေးသည်။
အချိန် အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူမက ပြန်ပြောသည် … “ငါ ဘယ်ကို သွားရမလဲ မသိသေးဘူး”
“ဘာလို့လဲ … ” ရီဖူရှင်းက သူမဘက်သို့ လှည့်ကာ ပြောသည် … “ခင်ဗျား ကျုပ်ကို သတ်ချင်စိတ် မရှိတော့ဘူးလား”
ရီဖူရှင်းက ထိုသို့ပြောလျှင် မှန်နန်းတော် သခင်မ၏ မျက်လုံးများက အနည်းငယ် လှုပ်ရှား လာခဲ့သည်။ ရီဖူရှင်းက သူမအား ပြုမူခဲ့သည်မှာ သူမ၏စိတ်ကို ကြီးစွာ ထိခိုက်စေခဲ့ရာ ထိုအရာက အလွယ်တကူ ပျောက်ပျက်မည့်ဟန် မရှိပေ။ သို့သော်လည်း သူမ၏ မျက်နှာမှာပင် ငြိမ်သက်နေဆဲ ဖြစ်သည်။ သူမက ဘာမှမပြောဘဲ နောက်လှည့်ကာ ထွက်သွားရန် ဟန်ပြင်သည်။
“ခင်ဗျား ဘယ်ကိုသွားမလဲ … ” ရီဖူရှင်းက မေးသည်။
“ငါ မဆုံးဖြတ်ရသေးဘူး … ” မှန်နန်းတော် သခင်မက ပြောသည်။
ရီဖူရှင်းက သူမ၏ နောက်ကျောကို ကြည့်ကာ ပြောသည် … “ဒါဆို နန်းတော်မှာပဲ စဉ်းစားလို့ ရတဲ့အထိ ဘာလို့ မနေတာလဲ”
မှန်နန်းတော် သခင်မက တုံ့ဆိုင်းသွားကာ ရီဖူရှင်းအား ပြန်လှည့် ကြည့်သည်။
“ခင်ဗျား မဆုံးဖြတ်ရသေးရင် နန်းတော်မှာပဲ ဆက်နေပါ။ ခင်ဗျားအတွက် မှန်နန်းတော်ကို ဒီမှာပဲ အသစ် ဆောက်ပေးပါ့မယ် … ” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက နောက်လှည့်ထွက် လာခဲ့၏။
မှန်နန်းတော် သခင်မက အဝေးသို့ ပျောက်ကွယ် သွားသော ရီဖူရှင်းအား ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲ။
ရက်များ ကုန်ဆုံးသွားလျှင် ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့ ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းမှာ တဖြည်းဖြည်း ငြိမ်သက်လာခဲ့ပြီ ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်မှ ယူချင်းက တော်ဝင် အလင်းနန်းတော် အပြင်ဘက်၌ စောင့်ကြပ်နေရာ တော်ဝင် အလင်းနန်းတော်မှ လူများသည် အပြင်သို့ ထွက်ရဲခြင်း မရှိကြပေ။
ရှားရှင်းယွန်က တော်ဝင်ကျဲ နန်းတော်သို့ လူတစ်ယောက် စေလွှတ်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူမကိုယ်တိုင် လာရောက်ခြင်း မရှိခဲ့ပေ။ အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုသည် ရီဖူရှင်း၏ တောင်းဆိုမှုကို သဘော တူခဲ့ကြသည်။ သို့သော်လည်း သူတို့က တောင်းဆိုချက် အချို့ကိုလည်း ပြုလုပ်ခဲ့ကြ၏။ ရီဖူရှင်းသည် အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေသုံးခု၏ နေရာတွင် တော်ဝင်ကျဲ နန်းတော်အား အစားထိုး၍ မရပေ။ သို့သော်လည်း သူတို့က ရီဖူရှင်းအား ပင်လယ်ဘုရင် အဖြစ် တင်မြှောက်ကာ ရီဖူရှင်း၏ လက်အောက်၌ ခစားရန် သဘောတူကြ၏။
ရီဖူရှင်းက ထိုတောင်းဆိုချက်များအား သဘောတူခဲ့သည်။ သူကလည်း တော်ဝင်ကျဲ နန်းတော်အား အဆုံးမဲ့ ပင်လယ်၌ သွားရောက် အစားထိုး စေလိုသော ဆန္ဒမရှိပေ။
နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရလာသောအခါ အချို့သော ဆက်စပ် သတင်းများ ပြည်နယ်ကိုးခုသို့ ပျံ့နှံ့လာခဲ့သည်။ နောက်ထပ် ပြည်နယ်ကိုးခု တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ တော်ဝင်ကျဲ နန်းတော်သည် နောက်နှစ်၏ ပထမဦးဆုံး နေ့ရက်တွင် ပြည်နယ်ကိုးခု ညီလာခံကို မြေရိုင်းပြည်နယ်၌ ကျင်းပမည် ဖြစ်သည်။ ဆယ်နှစ်ခန့်မျှသော အချိန်ကာလမျှဖြင့် တော်ဝင်ကျဲ နန်းတော်သည် ပြည်နယ်ကိုးခု ညီလာခံအား လက်ခံကျင်းပ နိုင်သော အနေအထားသို့ ရောက်ရှိ လာခဲ့သည်။
ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၁၈ ခုနှစ်သည် တဖြည်းဖြည်း ကုန်ဆုံးခါနီးလာပြီ ဖြစ်သည်။ တော်ဝင်ကျဲ နန်းတော်သည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့၏။ သူတို့က မြေရိုင်းပြည်နယ် အတွင်းရှိ များစွာသော ဗိသုကာ ပညာရှင်များအား ဆင့်ခေါ်ကာ ပြည်နယ်ကိုးခု ညီလာခံအတွက် နန်းတော်အား ပြန်လည် တည်ဆောက်ကြ၏။
တော်ဝင်ကျဲ နန်းတော်သာ မဟုတ်၊ မြေရိုင်းပြည်နယ် တစ်ခုလုံးသည်လည်း လှုပ်ရှား သက်ဝင် လာခဲ့သည်။ ပြည်နယ်ကိုးခုလုံးမှ တန်ခိုးရှင်များ အားလုံးသည် ကျုံးကျိုးမြို့၌ လာရောက် စုစည်းကြ၏။ ယခု ပြည်နယ်ကိုးခု၏ ဆုံမှတ်မှာ တော်ဝင်ကျဲနန်းတော် ဖြစ်လာသည်။
ရှေးနန်းတော်ရာ ကိစ္စ၌ မြေရိုင်းပြည်နယ်သည် ပြည်နယ်ကိုးခုလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့ဖူးသည်။ သို့သော် ထိုစဉ်က မြေရိုင်းပြည်နယ်အား မည်သူကမှ အလေး မထားခဲ့ကြပေ။ ယခုမူကား မြေရိုင်း ပြည်နယ်သည် ပြည်နယ် ကိုးခုလုံး၏ အရေးအကြီးဆုံးသော အခမ်းအနားများ၌ ဦးစီး ဦးဆောင် ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ကျုံးကျိုးမြို့၏ နာမည်ကြီး စားသောက်ဆိုင် တစ်ခုအတွင်း၌ တန်ခိုးရှင် အမြောက်အမြား စုစည်းနေကြသည်။ သူတို့သည် ပြည်နယ်ကိုးခု ညီလာခံနှင့် ပတ်သက်၍ ပြောဆိုနေကြ၏။ သူတို့အားလုံးမှာ ညီလာခံအတွက် ရောက်လာကြခြင်း ဖြစ်ပေသည်။
“နန်းတော်က ကြေညာခဲ့တာမှာ မြေရိုင်းပြည်နယ် တစ်ခုလုံးက ပါရမီရှင် အဆင့်မှာ အဆင့်မီတဲ့ ဘယ်သူမဆို ပြည်နယ်ကိုးခု ညီလာခံမှာ ပါဝင်ဆင်နွှဲဖို့အတွက် တော်ဝင်ကျဲ နန်းတော်သို့ လာရောက်နိုင်တယ်။ မင်းက ပြည်နယ်ကိုးခု ညီလာခံမှာ ဘာတွေပဲ စွမ်းဆောင် နိုင်ပါစေ ဒါကို အခွင့်အရေးယူပြီး နန်းတော်သို့ ဝင်ဖို့ ကြိုးစားရမယ်” သူတို့ထဲမှ တစ်ယောက်က ပြောသည်။
“ငါကြားတာက သခင်ရီဟာ အသည်းကွဲ နေခဲ့တယ်။ သူ့ဇနီးကို လွမ်းဆွတ်တဲ့အတွက် သူ့ဆံပင်တွေက ဖြူဖွေးသွားခဲ့တယ်။ ဒါပေမဲ့ သူ့ရုပ်ရည်က ပိုပြီးတော့တောင် သဘာဝကျ ချောမော လာခဲ့တယ်။ ငါသာ နန်းတော်သို့ ဝင်ခွင့်ရခဲ့ရင် သူ့အနားကို ရောက်ဖို့ အခွင့်အရေး ရှိနိုင်တာပဲ” မိန်းကလေး တစ်ယောက်က တီးတိုးပြောသည်။
“မင်းက နန်းတော်သခင်ကို စိတ်ကူးနေတာလား …” တစ်ယောက်က ပြုံးလျက် ပြောသည် … “မင်းက ဒီစိတ်ကူးကို ဖျက်လိုက်တော့။ သူ့ရဲ့ ဇနီးက လွဲပြီး ပြည်နယ်ကိုးခုမှာ သခင်ရီနဲ့ ဘယ်သူ လိုက်ဖက်မှာလဲ”
ထိုမိန်းကလေးသည် ကျင့်ကြံခြင်းအဆင့် သိပ်မြင့်မားခြင်း မရှိပေ။ သူမက စိတ်ကူးယဉ် နေခြင်းသာ ဖြစ်သည်။ တခြားလူများက သူမကို ပြစ်တင် ဝေဖန်လျှင် သူမ၏မျက်နှာမှာ နီရဲသွားပြီး ခေါင်းငုံ့လိုက်၏။
စားသောက်ဆိုင် နောက်တစ်နေရာတွင် လူတစ်စုသည် တိတ်ဆိတ်စွာဖြင့် သောက်စား နေကြသည်။ ထိုအထဲမှ တစ်ယောက်သည် တော်ဝင်ကျဲ နန်းတော်၏ တပည့်ဟောင်း ကျူးကော့ရှင်း ဖြစ်၏။ တခြား လူများမှာလည်း ကျူးကော့ကလန်မှ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်များအကြာက ကျူးကော့ကလန်သည် နှစ်ခြမ်း ကွဲသွားခဲ့၏။ ကျူးကော့ချန်းဖန်တို့ အဖွဲ့က နန်းတော်နှင့်အတူ တိုက်ပွဲဝင်နေကြစဉ် ကျူးကော့ရှင်းတို့အဖွဲ့သည် သီးသန့် ခွဲထွက် သွားခဲ့ကြ၏။
ယခု ရီဖူရှင်းသည် မြေရိုင်း ပြည်နယ်၏ အမြင့်ဆုံး၌ ရပ်နေပြီ ဖြစ်သည်။ မြေရိုင်းပြည်နယ်မှ လူများက သူ့အား နတ်ဘုရား တစ်ပါးအလား ယုံကြည် ကိုးကွယ်ကြ၏။ ပြည်နယ်ကိုးခုမှ လူတိုင်းက သူ့အား သိကြကာ ရှန့်ထိုအဆင့်အောက်မှ လူတိုင်းသည် သူ့အမိန့်အား နာခံကြရ၏။ အကယ်၍ စားသောက်ဆိုင် အတွင်းမှ တစ်စုံ တစ်ယောက်ကသာ ရီဖူရှင်းအပေါ် မလေးမစား ပြောဆိုခဲ့ပါက စားသောက်ဆိုင် အတွင်းမှ လူများက သူ့အား ဝိုင်ဝန်း တိုက်ခိုက်ကြမည် ဖြစ်သည်။ ကျူးကော့ချင်းဖန်၏ အဖွဲ့မှာ အလွန် ကောင်းမွန်သော အနာဂတ်အား ပိုင်ဆိုင်ပေသည်။
သူတို့က ထိုအရာများအား တွေးမိကာ မည်သို့ ခံစားရမည်ကို မသိကြတော့ပေ။
***