အပိုင်း (၁၀၁၆)

မင်းသမီးက ယဉ်ကျေးမှု မရှိဘူးလား ...

ရီဖူရှင်းနှင့် လစန္ဒာရှန့်ထိုတို့ ထိုနေရာသို့ ရောက်သွားသောအခါ ရှီဟွာတောင်မှ တိုက်ပွဲသည် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ တော်ဝင်ကျဲနန်းတော်မှ လူများသည် ကျန်ရစ်သော ပစ္စည်းများ၊ ရတနာများ ရှာဖွေခြင်း အမှုများကို ပြုလုပ်နေကြ၏။ သို့သော်လည်း သူတို့ ရှာဖွေတွေ့ရှိသော သိဒ္ဓိဝင် ပစ္စည်းများနှင့် ကျမ်းစာများမှာ သိပ်မရှိတော့ပေ။ ရှီဟွာတောင်ရှန့်ထိုက ထိုအရာများ အားလုံးကို သိမ်းဆည်း ယူသွားပြီး ဖြစ်သည်မှာ သိသာ ထင်ရှားပေသည်။ သူက ထွက်ပြေးသွားရန် အချိန်ကြာမြင့်စွာ ကတည်းက စီမံထားပြီး ဖြစ်ပေသည်။

ထိုအခိုက်တွင် ရီဖူရှင်း၊ ယူချင်း၊ လစန္ဒာရှန့်ထို၊ ရှန့်ထိုကျန့်နှင့် တခြားလူများမှာ ရှီဟွာတောင်၏ အမြင့်ဆုံးနေရာ၌ ရပ်နေကြပြီး များစွာသော နိုဘယ်များနှင့် အဆင့်နိမ့် တန်ခိုးရှင်များအား ကြည့်နေကြသည်။

“ရှီဟွာတောင်ရှန့်ထိုနှင့် တခြားလူတွေက ပြည်နယ်ကိုးခုမှာ ဆက်မနေရဲလောက်တော့ဘူး” လစန္ဒာရှန့်ထိုက အေးစက်စွာ ပြောသည်။ သူသည် ရှီဟွာတောင်အား စွန့်ခွာကာ အရာအားလုံးကို ယူဆောင်၍ ထွက်သွားခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုအရာက သိပ်ထူးဆန်းသည်တော့ မဟုတ်ပေ။ ထိုသို့သော အဆင့်သို့ ရောက်သွားသော တစ်စုံတစ်ယောက်သည် တန်ဖိုးမရှိသော တစ်စုံတစ်ယောက် အတွက် မိမိကိုယ်ကို စတေးခံမည် မဟုတ်တော့ပေ။ ရှီဟွာတောင်သည် ကျောက်ပြည်ထောင်လည်း မဟုတ်သလို ရှီဟွာတောင် ရှန့်ထိုသည်လည်း ကျောက်ကျိမင် မဟုတ်ပေ။

ကျောက်ပြည်ထောင်ကား ဘုရင်စနစ်ဖြစ်ပြီး သူတို့၏ မျိုးဆက်များမှာ တော်ဝင်သွေးများ ဖြစ်ကြသည်။ ကျောက်ကျိမင်သည် ရင့်သီးကာ ရက်စက် ကြမ်းကြုတ်ပြီး အရှုံးသမား တစ်ယောက်ကဲ့သို့ ပြေးမည် မဟုတ်ပေ။ သူက ပြေးမည့်အစား ကျောက်ပြည်ထောင်၏ နန်းတော်တွင် အသေခံမည် ဖြစ်သည်။ ရီဖူရှင်းကြောင့်ပင် သူက ကျောက်ပြည်ထောင် နန်းတော်အား ကျောက်ကျိမင်က ကိုယ်တိုင် မီးလောင်တိုက် သွင်းခဲ့သည်။ ကျောက်ပြည်ထောင် နန်းတော်မှ လူတိုင်း သေကျေခဲ့ကြ။ သူကား အဆုံးသတ်တွင်ပင် ရက်စက် ကြမ်းကြုတ်ခဲ့ပေသည်။

ရီဖူရှင်းက ကောင်းကင်ထက်ကို တစ်ချက်ကြည့်ကာ ရှီဟွာတောင် ရှန့်ထိုသည် အထက်ဘုံသို့ ရောက်သွားလောက်ပြီဟု တွေးသည်… “သူဟာ အင်ပါယာရှားဘုံက ထွက်သွား နိုင်လောက်သလား…” ရီဖူရှင်းက မေးသည်။

“မဖြစ်နိုင်ဘူး…” လစန္ဒာရှန့်ထိုက ခေါင်းယမ်းကာ ဆက်ပြောသည်… “အင်ပါယာရှားက ပြည်နယ်ကိုးခုကို အုပ်ချုပ်တယ်။ တော်ဝင်မြေတွေက သူ့လက်တံ ခြေတံတွေပဲ။ အရင်တုန်းက ဆိုရင်တော့ ရှီဟွာတောင် ရှန့်ထိုက တခြား နယ်မြေတွေကို သွားရောက် လေ့ကျင့်ဖို့ ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီအချိန် ထွက်သွားရင်တော့ သူက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”

လစန္ဒာရှန့်ထို ပြောသည့် သဘောကို ရီဖူရှင်း နားလည်ပေသည်။ အင်ပါယာရှားသည် ပြည်နယ်ကိုးခုမှ ကိစ္စရပ်များအား စောင့်ကြပ်စေရန် လူများ စေလွှတ်ထားပေသည်။ တော်ဝင်စစ်ပွဲတွင် ပါဝင်သူတိုင်းသည် အစောင့်ကြည့်ခံများ ဖြစ်ကြ၏။

ကျောက်ပြည်ထောင်ကား ပြာပုံ ဖြစ်သွားပြီဖြစ်ကာ ရှီဟွာတောင်၌လည်း အနိုင်ရသူအား အပြစ်ပေး နိုင်လောက်သော နိုဘယ်အဆင့် တန်ခိုးရှင်အချို့သာ ကျန်ရစ်ပြီ ဖြစ်သည်။ ရှန့်ထိုရှားက ရှန့်ထိုများအား စုစည်းကာ သတင်းများအား အမှောင်ချထားရန် ပြောထားသည်။ ထို့ကြောင့် လက်ရှိ အခြေအနေတွင် ရှန့်ထိုများသည် ပြင်ပဒေသများသို့ ထွက်သွားရဲမည် မဟုတ်ပေ။ ထိုသို့ ထွက်သွားသည်နှင့် စည်းမျဉ်းများကို ချိုးဖောက် သွားခြင်း ဖြစ်ကာ သူတို့အတွက် အင်ပါယာရှား၏ သုတ်သင် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

“နောက်ထပ် ကျုပ်တို့က တော်ဝင် အလင်းနန်းတော်နဲ့ အဆုံးမဲ့ပင်လယ်က တော်ဝင်မြေသုံးခုကို တိုက်ခိုက်မယ်…” ရီဖူရှင်းက တီးတိုးပြောသည်။

“တော်ဝင်အလင်း နန်းတော်ကို တိုက်ခိုက်ဖို့ နည်းနည်း ခက်ခဲမယ် ထင်တယ်” လစန္ဒာရှန့်ထိုက ပြောသည်။

“ဘာလို့လဲ… ” ရီဖူရှင်းက မေးမြန်းသည်။

“တော်ဝင်အလင်း နန်းတော်က တော်ဝင်အလင်း မဟာဝင်္ကပါရဲ့ အကာအကွယ် ရှိတယ်။ ဝင်္ကပါက ကောင်းကင်နဲ့ မြေပြင်ရဲ့ အမြုတေ စွမ်းအားကို စုစည်းပြီးတော့ နန်းတော် တစ်ခုလုံးကို ကာကွယ် ပေးထားတယ်။ ရှန့်ထိုကျိက ဒီဝင်္ကပါကို ထိန်းချုပ်ထားရင် ရှန့်ထိုတွေ ပူးပေါင်း တိုက်ခိုက်ရင်တောင် ချိုးဖျက်ဆို့ မရလောက်ဘူး” လစန္ဒာရှန့်ထိုက ပြောသည်။

ရီဖူရှင်းသည် အတန်ကြာ တိတ်ဆိတ် သွား၏။ ရာရာသည် ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့ပြီ ဖြစ်သော်လည်း မရဏဓား ဝင်္ကပါအား အသုံးပြုခြင်းက ကြီးမားသော အားအင်များကို အသုံးပြုနေရဆဲ ဖြစ်သည်။ သူမသည် ကျောက်ပြည်ထောင် ဝင်္ကပါကို ချိုးဖျက်တုန်းကလည်း ကြီးစွာ အားပြတ်ခဲ့ရ၏။ ယခု တော်ဝင် အလင်း မဟာဝင်္ကပါကို ထပ်ချိုးဖျက်ရန် လွယ်ကူမည် မဟုတ်ပေ။ တစ်ဖက်တွင် ရှန့်ထိုကျိသည် ဆယ်နှစ်တိတိ အကျယ်ချုပ် ခံထားရရာ သူ့အနေဖြင့် တော်ဝင်ကျဲ နန်းတော်ကို အန္တရာယ် ပေးနိုင်ဦးမည် မဟုတ်ပေ။

“ငါ လူတွေခေါ်ပြီး ချီပြည်နယ် တော်ဝင်အလင်း နန်းတော်သို့ သွားပြီး အပြင်ဘက်က စောင့်နေမယ်။ အပြင်ဘက်သို့ ထွက်လာတဲ့ ဘယ်ရှီတန်ခိုးရှင်မဆို ငါ သတ်မယ်” ယူချင်းက ပြောသည်။

“ငါတို့ အမြန် မလိုဘူး” ရီဖူရှင်းက ပြောသည်။ တော်ဝင်အလင်း နန်းတော်အား မဟာဝင်္ကပါက ကာကွယ်ထားသည် ဆိုသော်လည်း သူတို့သည် ကြွက်တွင်းမှ ကြွတ်စုတ် တစ်ကောင်နှင့် မခြားတော့ပေ။ မိမိတို့က အလိုရှိသော အချိန်၌ သွားရောက် တိုက်ခိုက် နိုင်ပေသည်။ သို့သော်လည်း ရီဖူရှင်းအနေဖြင့် ရှန့်ထိုကျိနှင့် ရှီဟွာတောင် ရှန့်ထိုတို့အား မသတ်ရဘဲ စိတ်ကျေနပ်မည် မဟုတ်ပေ။

လူရိပ်များ ရီဖူရှင်းနောက်သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည်။

“နန်းတော်သခင် … ကျုပ်တို့ ရှင်းလင်းပြီးပါပြီ” ဓားမိစ္ဆာက ပြောသည်။

“ကောင်းပြီ… ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်… “ပြန်ရအောင်… ” သူက ပြောပြီးသည်နှင့် ရှေ့မှ ဦးဆောင် ထွက်ခွာသည်။

“ပြန်ကြမယ်ဟေ့…” အသံများ ထွက်လာကာ တော်ဝင်ကျဲ နန်းတော်မှ လူများသည် ကောင်းကင်ထက်သို့ တက်ရာက်ကာ စုစည်းကြ၏။ ကျေးရွာ ခေါင်းဆောင်က ဧရာမ ဓားကြီးအား ဆင့်ခေါ်သည်တွင် သူတို့အားလုံး ဓားပေါ်သို့ တက်ကြ၏။ မကြာခင် စစ်တပ်ကြီး တစ်ခုလုံးသည် ကောင်းကင်ထက်သို့ တက်ရောက် ပျောက်ကွယ် သွားတော့သည်။ တော်ဝင်ကျဲ နန်းတော်မှ လူများ ထွက်ခွာသွားလျှင် ရှီဟွာတောင်မှ လူအများအပြားသည် မြေပြင်တွင် ဒူးထောက်ကာ ငိုကြွေးကြသည်။

ရှီဟွာတောင် ဟူသည်ကား နောက်ထပ် မရှိတော့။

တစ်ယောက်ပြီး တစ်ယောက် ဟွာထန်းမြို့ထဲမှ ထွက်လာကြကာ ရှီဟွာတောင် ရှိရာသို့ ပျံသန်း သွားကြသည်။ အချို့မှာ အငြိုးအတေးများကြောင့် ဖြစ်သလို အချို့မှာ အလိုလောဘကြောင့် ဖြစ်၏။ မည်သို့ဆိုစေ တော်ဝင်မြေတစ်ခု ပျက်စီးသွားလျှင် ကျန်ရစ်သော အရာများမှာ မက်မောဖွယ်ရာ ကောင်းပေသေးသည်။ ထို့အပြင် ထိပ်သီး အင်အားစု ဖြစ်ရကား ကြီးနိုင်ငယ်ညှဉ်း လောက၌ ရှီဟွာတောင်က အင်အားစုငယ် များစွာကို အနိုင်ကျင့်ဖူး ပေသည်။ ယခု ရှီဟွာတောင်မှ ထိပ်သီး တန်ခိုးရှင်များ အားလုံး သေဆုံးကြပြီးဖြစ်ရာ ထိုလူများ အားလုံးအတွက် တကယ့် အခွင့်ကောင်း ဖြစ်ပေတော့သည်။

ယနေ့ ပြီးသွားလျှင် ယခင်က အရှေ့ဘက် ပြည်နယ်၌ ထည်ဝါစွာ ရပ်တည်ခဲ့သော ရှီဟွာတောင်ကား ပျောက်ကွယ် သွားပေတော့မည်။

***

ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ ပျက်စီးသည့် သတင်းမှာ အရှေ့ပြည်နယ်မှသည် ပြည်နယ်ကိုးခုသို့ အဆက်မပြတ် ပျံ့နှံ့သွားတော့သည်။ သတင်းများမှာ ထိတ်လန့်ဖွယ် ကောင်းပေသည်။

မထင်မှတ်ထားသော သတင်းမှာ လူတိုင်းကို အံ့အားသင့် စေသည်။ တော်ဝင်ကျဲ နန်းတော်က ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့အား ဖျက်ဆီးနိုင်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။ တော်ဝင်အလင်း နန်းတော်အား မဟာဝင်္ကပါက ကာကွယ် ထားခြင်းကြောင့်သာ မဟုတ်လျှင် ရီဖူရှင်းက သူတို့အားလည်း သွားရောက်ဖျက်ဆီးနိုင်လောက် ပေသည်။

အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုကိုမူကား ရီဖူရှင်းက သွားရောက် တိုက်ခိုက်လိုခြင်း မရှိတော့ပေ။ သူက အရှေ့ဘက်ပြည်နယ်မှ တော်ဝင်မြေနှစ်ခုအား ဖျက်ဆီးပြီးသည်နှင့် အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုသည် သူတို့၏နေရပ်ကို စွန့်ခွာကာ အဆုံးမဲ့ပင်လယ်၌ တကွဲတပြား ပြန့်ကျဲသွားကြပြီး ဖြစ်သည်ကို ရီဖူရှင်းသည် အဆုံးမဲ့ပင်လယ်မှ သားရဲများမှ တစ်ဆင့် သိထားပြီး ဖြစ်သည်။ သူ့အနေဖြင့် တစ်ဦး တစ်ယောက်ချင်း သွားရောက် လိုက်လံ သုတ်သင်ရန် အနည်းငယ် အခက်အခဲ ရှိပေသည်။

တော်ဝင်မြေ ခုနစ်ခုတွင် သုံးခုမှာ ပြာပုံဖြစ်သွားခဲ့ပြီး သုံးခုမှာ ဖရိုဖရဲ ထွက်ပြေး သွားခဲ့ရ၏။ နောက်ဆုံးတစ်ခုမှာ ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်း ခံရသည်။ တော်ဝင်စစ်ပွဲ၏ ရလဒ်မှာ နောင်နှစ်ပေါင်း များစွာအထိ ပြည်နယ်ကိုးခုတွင် ပုံပြင်တစ်ပုဒ် အဖြစ် ဆက်လက် တည်ရှိ နေပေလိမ့်မည်။

ပြည်နယ်ကိုးခု၏ ရှီနှင့်ရှန့်ထိုအဆင့်မှာ ပြန်လည်၍ အဆင့်စီသင့်သည်ဟု လူအများအပြားက ပြောကြသည်။ အထူးသဖြင့် တော်ဝင်စစ်ပွဲ၌ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် အများအပြား သေဆုံးခဲ့ကာ လက်ရှိတွင် ရီဖူရှင်းသည်လည်း ရှန့်ထိုအဆင့် အောက်၌ မည်သူကမှ သူ့အား အနိုင် မယူနိုင်သည့်အပေါ် သူသည်သာ ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ် ၁ ဖြစ်သည်ဟု အများစုက ယုံကြည်ကြ၏။ ပြောကြသည်မှာ ရီဖူရှင်းသည် လက်ရှိတွင် အလယ်အလတ် ကွန်းရှီအဆင့်၌သာ ရှိသေးသည်။

ပြည်နယ်ကိုးခုအား တုန်လှုပ်စေခဲ့သော ရီဖူရှင်းသည် လက်ရှိအချိန်တွင် တော်ဝင်ရှီနန်းဆောင် အတွင်းရှိ ခန်းဆောင်တစ်ခုထဲ၌ ထိုင်ကာ ငြိမ်သက်စွာဖြင့် သံစဉ်တစ်ပုဒ်အား တီးခတ်နေ၏။ သံစဉ်မှ ဝမ်းနည်း ဆွေ့မြည့်ဖွယ် အငွေ့အသက်များအား ခံစားရနိုင်သည်။ သူ့ရန်သူ အများအပြား အသက်ရှင်နေသေးရာ ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့အား ဖျက်ဆီးခြင်းက သိပ်အဓိပ္ပာယ် မရှိပေ။ ထို့အပြင် သူက ရန်သူများ အားလုံးကို သတ်ဖြတ်ပြီးသည့်တိုင် ဂျီယူမှာ အသက်ပြန်ရှင် လာလိမ့်မည် မဟုတ်ပေ။

ဘေးတွင် လို့လန်ရွှီသည် ငြိမ်သက်စွာ ရပ်နေ၏။ သံစဉ်မှ ဝမ်းနည်းဖွယ် အငွေ့အသက်များကို သူမ ခံစားမိပေသည်။ နန်းတော်သို့ ပြန်ရောက် လာခဲ့သည်မှာ တစ်နှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရီဖူရှင်းကား အတိတ်မှ ရုန်းမထွက်နိုင်သေးပေ။

သူမသည် သူတို့နှစ်ယောက်အား တွဲရက် တွေ့လာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကာလများမှာ သူတို့အတွက် အပျော်ရွှင်ဆုံး နေ့ရက်များ ဖြစ်ပေမည်။ ဟွာဂျီယူ၏ သေဆုံးခြင်းက ရီဖူရှင်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်ကို တခြားလူများထက် လို့လန်ရွှီ နားလည်ပေသည်။

ကျူးကော့မင်းယွီနှင့် ပေ့ထင်ရှင်းအာတို့သည် လို့လန်ရွှီ၏ ဘေးနားသို့ ရောက်လာခဲ့ကြကာ ရီဖူရှင်း တီးခတ်နေသည်ကို တိတ်ဆိတ်စွာ နားထောင် နေကြသည်။ အချိန် အနည်းငယ် ကြာပြီးနောက် သံစဉ်မှာ ရပ်တန့် သွားခဲ့သည်။ ရီဖူရှင်းက မော့ကြည့်ကာ ပြုံးသည်… “အစ်မ၂… အစ်မရှင်းအာ … ”

“နင် ကု့ချင်းတီးတာ ကော့တေးတုန်းကလို လက်သံ အရမ်းကောင်းတုန်းပဲ… ”  ပေ့ထင်ရှင်းအာက ချီးကျူးသည်။ သူမသည် အသက် ၃၀ နီးပါး ဖြစ်လာသော်လည်း အရင်လို သန့်စင်ကာ ချစ်စဖွယ် ကောင်းနေဆဲ ဖြစ်သည်။ သူမ၏ ကြည်လင် တောက်ပသော မျက်လုံးများက တစ်ဖက်လူအား စိတ်အပူအပင်များ ကင်းစင်စေနိုင်၏။ သူမ၏ စီနီယာအစ်ကို အစ်မများက သူမအပေါ် လွန်စွာ ချစ်ခင် ဂရုစိုက်ခဲ့ကြရာ ပေ့ထင်ရှင်းအာ သည်လည်း ယနေ့အချိန်အထိ အပူအပင် ကင်းစွာဖြင့် ကျင့်ကြံခြင်း တစ်ခုတည်းသာ အာရုံစိုက် နိုင်ခဲ့ပေသည်။

“စိတ်ပိုင်းဆိုင်ရာ ကတော့ ကွဲပြား ခြားနားခဲ့ပြီပဲ…” ရီဖူရှင်းက ပြောသည်။ ယခင် နေ့ရက်များအား သူ သတိရ လွမ်းဆွတ်၏။

“သိပ်အများကြီး မတွေးနဲ့… ” ကျူးကော့မင်းယွီက သူ့အား ကြည့်ကာ ပြောသည်… “ယူချင်းက လူတစ်စုကို ခေါ်ပြီး တော်ဝင်အလင်း နန်းတော်သို့ သွားတယ်”

ရီဖူရှင်း၏ အမူအရာက မည်သို့မျှ မပြောင်းလဲပေ… “သူ လုပ်ပါစေ … ”

ယူချင်း၏ လက်ရှိ အဆင့်တွင် ရှန့်ထို အဆင့်အောက်၌ မည်သူမှ သူ့အား အနိုင်ယူရန် မလွယ်ကူပေ။

“မှန်နန်းတော် သခင်မ နိုးလာပြီ… ” ကျူးကော့မင်းယွီက ပြောသည်။

ထိုစကားကို ကြားလျှင် ရီဖူရှင်း၏ အမူအရာက မပြောင်းလဲ။

“အရှေ့ဘက် ပြည်နယ်က နံပါတ်၁ မိန်းမလှဟာ တကယ်ပဲ လှတယ်။ သူမက နှစ်အကြာကြီး လေ့ကျင့်ထားတာ တောင်မှ အခု မိန်းမငယ်လေးလိုပဲ။ တစ်နေ့ ငါ ရှန့်ထို ဖြစ်လာရင်လည်း အဲဒီလိုပဲ ငယ်ရွယ်နုပျိုမှာလား” ကျူးကော့မင်းယွီက တစ်ချက် ရယ်မောလိုက်ကာ ပြောသည် … “မောင်ငယ်လေး … အခု မှန်နန်းတော် သခင်မက တော်ဝင်ကျဲ နန်းတော်သို့ ရောက်နေတယ်။ မင်းက သူမကို စိတ်မဝင်စား ဘူးလား။ ငါတို့ တော်ဝင်ကျဲ နန်းတော်လည်း နောက်ထပ် ရှန့်ထိုတစ်ပါး ရတာပေါ့”

ရီဖူရှင်းက မသက်မသာ ပြုံးသည်။

“မင်းက အိုမင်းနေရင် မကြိုက်ဘူးလား… ” ကျူးကော့မင်းယီက ဆက်ပြောသည်… “ကောင်းပြီ… လို့လန်ရွှီက မင်းကို ပြုစုလာတာ နှစ်တွေ မနည်းတော့ဘူး။ မင်းက သူမကို ကိုယ်လုပ်တော် အဖြစ် လက်ခံနိုင်တယ်။ မင်း သိလား … တော်ဝင်ကျဲ နန်းတော်မှာလည်း မင်းကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်။ ဥပမာ မူကျိချူတို့လိုပေါ့…” ရီဖူရှင်း၏ နောက်နားတွင် ရပ်နေသော လို့လန်ရွှီမှာ ထိုစကားကို ကြားကာ အနည်းငယ် တုန်ခါသွားပြီး ကျူးကော့မင်းယွီကို ကြည့်သည်။

“အစ်မ၂…” ရီဖူရှင်းက ကျူးကော့မင်းယီအား ကြည့်လျှင် သူမက ဆက်ပြောသည် … “တစ်နှစ်ကျော်တောင် ရှိလာပြီ။ မင်း ဘယ်တော့မှ ရှေ့ဆက်နိုင်မှာလဲ။ မင်းဆံပင်တွေ အကုန်လုံးကလည်း ဖြူသွားပြီ။ မင်းက တစ်ချိန်လုံး ဒီလိုတွေ လုပ်နေတာကို ဂျီယူသာ မြင်ရင် ဘယ်လို ခံစားရမလဲ”

“အစ်မ၂ … ကျွန်တော် နားလည်ပါတယ်” ရီဖူရှင်း သက်ပြင်းချသည်။ သို့သော်လည်း သူ့အနေဖြင့် ဂျီယူအား မေ့လျော့ရန် မဖြစ်နိုင်သည်ကို သူ အသိဆုံးပင်။

ရီဖူရှင်း၏ အမူအရာကို ကြည့်ကာ ကျူးကော့မင်းယွီ မှာလည်း စိတ်မကောင်း။ သူမသည်လည်း ခက်ခဲသော အချိန်များအား ဖြတ်သန်း နေခဲ့ရပေသည်။ သူမနှင့် ဟွာဂျီယူတို့မှာ နောက်ပိုင်း နေ့ရက်များတွင် ပိုမိုနီးကပ်ခဲ့ကာ ညီအစ်မများနှင့် မခြားနားပေ။

ထိုစဉ် ကောင်းကင်ထက်မှ တန်ခိုးရှင်တစ်စု ဆင်းသက် လာသည်။ ရီဖူရှင်းက မျက်မှောင်ကြုတ်ကာ သူတို့အား ကြည့်၏။ ထိုလူစုအား ဦးဆောင်လာသူမှာ ရှားရှင်းယွန် ဖြစ်သည်။

“မင်းသမီးက ယဉ်ကျေးမှု မရှိပါလား… ” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset