အချိန်များ လူမသိ သူမသိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာပြီး ခေါင်းမော့ကြည့်လိုက်သောအခါ သစ်ရွက်များ၏ကြားမှ နေရာလွတ်များကိုဖြတ်၍ စူးရှတောက်ပစွာ ဖြာကျနေသော နေရောင်များကိုသာ မြင်လိုက်ရ၏။
သူသည် လူအများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသော အိပ်မက်တစ်ခုထဲသို့ ရောက်နေခဲ့သည့်အလား ခံစားလိုက်ရသည်။ သူ၏ အသိစိတ်မှာ သတိပြန်လည်လာလိုက် မူးဝေဝေ ပြန်ဖြစ်သွားလိုက် ဖြစ်နေပါသော်လည်း သူ၏ ဒဏ်ရာရထားသော ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့နေသည့် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော နာကျင်မှုကြီးကြောင့် သူသည် ဆတ်ခနဲ နိုးထလာ၏။ ထို့နောက် သူသည် ခါးမတ်မတ် ထိုင်နိုင်ရန် အလျင်အမြန်ပင် ကြိုးပမ်းလိုက်၏။
” ငါ သေမသွားခဲ့ဘူးပဲ ”
ဝမ်ပေါင်လဲ့မှာ ဝမ်းသာအားရ ဖြစ်သွားပါသော်လည်း သူ၏ ခန္ဓာကိုယ် အနှံ့အပြားရှိ သွေးအလိမ်းလိမ်းထွက်နေသော ဒဏ်ရာများကို သတိထားမိလိုက်သောအခါ အသက်ရှူသံများ ပြင်းထန်သွားရတော့သည်။ သူ၏ ဒဏ်ရာများမှာ ဆိုးရွားလွန်းသဖြင့် သူသည် သွေးအလိမ်းလိမ်းထွက်ကာ သူ၏အင်္ကျီမှာ ရဲရဲနီနေသည်ကို မြင်လိုက်ရသောကြောင့် တုန်လှုပ်ချောက်ချားသွား၏။ သူ၏ရှေ့တွင်မြင်နေရသော အရာအားလုံးကြောင့် သူ အသက်ရှင်လျက် ဖြတ်ကျော်နိုင်ခဲ့သည့် သေရေးရှင်ရေး တိုက်ပွဲကြီးကို ပြန်၍ အမှတ်ရသွားတော့သည်။
” ဘယ်သူကများ ငါ့ကို သေစေချင်နေတာပါလိမ့် ”
ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ မတ်တတ်ထနိုင်ရန် ကြိုးပမ်းလိုက်သည်။ သူသည် ရှုံ့မဲ့မဲ့ ရယ်မောကာ သူ၏ ဒဏ်ရာများကို ကုသရန်အတွက် သူ၏ ဆေးလုံးများကို လှမ်း၍ နှိုက်လိုက်သောအခါတွင် တစ်လုံးမှ ကျန်မနေတော့သည်ကို သိလိုက်ရသည်။
” ငါ့ရဲ့ ဆေးလုံးတွေနဲ့ ဓမ္မအဆောင်တွေ အကုန်လုံး ကုန်သွားပြီပဲ… ”
ဝမ်ပေါင်လဲ့မှာ ဘေးနားတစ်ဝိုက်ရှိ ရုပ်အလောင်းများကို ချက်ချင်းပင် စစ်ဆေးလိုက်၏။ အနည်းငယ်ခန့် လှန်လှောရှာဖွေပြီးနောက် သူသည် ဓမ္မအဆောင်နှင့် ဆေးလုံးwချို့ကို ရှာတွေ့သွား၏။ သူသည် ထိုဆေးလုံးများကို အနံ့ရှူကြည့်လိုက်သောအခါ ၎င်းတို့၏ ဂုဏ်သတ္တိများကို မသိထားသောကြောင့် သံသယဝင်သွားပြီး အဆိပ်ဆေးလုံးများ ဖြစ်နေမည်ကို စိုးရိမ်သွားသည်။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေဝေသွားပြီးနောက် သက်ပြင်းချကာ လောလောဆယ်တွင် ထိုဆေးလုံးများကို သိမ်းဆည်းထားရန်သာ ဆုံးဖြတ်လိုက်သည်။
” အာ … ငါ မစွန့်စားရဲဘူး။ ဒီလို အသက်ရှင်နေဖို့အတွက် ငါ အများကြီးကျော်ဖြတ်ခဲ့ရတာ။ ငါ့ရဲ့ ဒဏ်ရာတွေကို ကုချင်လို့ ဒီဆေးလုံးတွေကို စားရင်း မတော်တဆ သေသွားမယ်ဆိုရင် နှမြောစရာကြီး ”
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပျက်လက်ပျက်နှင့် သစ်ကိုင်းတစ်ကိုင်းကို အားပြုကာ ထလာပြီး အကြီးအကဲကြီးဆီသို့ ထော့နဲ့ထော့နဲ့နှင့် သွားလိုက်၏။ သူသည် အနီရောင်အရိုးများကို ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် အချိန်အတော်အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ သူ၏ လက်အိတ်နှင့် သိုလှောင်လွယ်အိတ်တို့ကို ကောက်ယူလိုက်သည်။
အကြီးအကဲကြီးမှာ ဝတ်ရုံနက် လူများ၏ ခေါင်းဆောင်ဖြစ်ပြီး သိုလှောင်လွယ်အိတ်တစ်လုံးကို လွယ်ထားသည့် တမူထူးခြားသော လူတယောက်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ပစ္စည်းများကို အစီအစဉ်တကျ စုစည်းလိုက်ပြီးနောက် နာကျင်မှုများကြောင့် မျက်နှာရှုံ့မဲ့သွား၏။ သူ၏ ခါးပေါ်မှ ဒဏ်ရာမှာ အလွန် နာကျင်စရာကောင်းနေ၏။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ၏ အမြင်အာရုံထဲတွင် ခပ်ရေးရေး ပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာ၏။
” အသက်ရှင်နေတဲ့လူတွေ ရှိနေလောက်သေးတယ်။ ငါ့ ကို ဘယ်သူက သတ်ချင်နေတာလဲဆိုတာကို ဖော်ထုတ်မှဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီး သူ၏ဒဏ်ရာများမှာ ပြင်းထန်ပါသော်လည်း သူ၏ အားအင်များမှာ ပြန်လည်ပြည့်ဝလာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ဆက်လက်တိုက်ခိုက်ရန် မာန်တင်းလိုက်ပြီး လက်အိတ်ကို စွပ်လိုက်၏။ ထို့နောက် သူ ထွက်ခွာရန် ပြင်လိုက်သည့်အချိန်တွင် အဝေးတစ်နေရာမှ ထွက်ပေါ်လာသည့် အားအင်ချည့်နဲ့နေသော အသံတိုးတိုးလေးတစ်သံကို ကြားလိုက်ရသည်။
” ကယ်ကြပါ။ ကယ်ကြပါဦး… ”
ဝမ်ပေါင်လဲ့မှာ နောက်သို့ လှည့်ကြည့်ကာ နိုးနိုးကြားကြား ဖြစ်သွား၏။ သူသည် အာရုံစိုက်ကာ နားထောင်လိုက်ပြီး အခြေအနေကို သုံးသပ်ကာ ထိုအသံ ထွက်ပေါ်လာသည့်နေရာသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သည်။ သိပ်မကြာခင် သူသည် မြေနိမ့်ပိုင်း နေရာတစ်နေရာသို့ ရောက်သွား၏။ ထိုအချိန်တွင် ထိုအသံပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်း သူက သိလိုက်ရသဖြင့် မျက်လုံးများပြူးသွားတော့သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ပါးစပ်အဟောင်းသားနှင့် အော်ဟစ်မြည်တမ်းမိလိုက်ပါသော်လည်း အသံတစ်သံပင် ထွက်မလာခဲ့ပေ။
” ဒါ… ဒါ… ”
မြေကြီးပေါ်တွင် အရိုးတခြား အသားတခြား ဖြစ်လုနီးပါး ဖြစ်နေသော ကိုယ်လုံးတီး လူကြီးတစ်ယောက် လဲလျောင်းနေ၏။ သူ၏ မျက်တွင်းများမှာ ချိုင့်ဝင်နေပြီဖြစ်ပြီး သူ၏ဘေးတွင် လဲလျောင်းနေကြသော ရုပ်သေးရုပ်ငါးရုပ်မှာလည်း ဝတ်လစ်စားလစ် ဖြစ်နေကြသည်။
” ကယ်… ကယ်ကြပါဦး ”
ထိုသက်လတ်ပိုင်းလူကြီးမှာ ဝမ်ပေါင်လဲ့ ချဉ်းကပ်လာသည်ကို သတိထားမိသွားသည့်ပုံ ပေါ်သောကြောင့် မျက်ရည်စက်လက်ဖြင့် တောင်းတောင်းပန်ပန် ဆိုလိုက်၏။
” ဘုရားရေ။ မင်းက ငါ့ရဲ့ ရုပ်သေးရုပ်ဓမ္မအဆောင်တွေကို ဘာလုပ်ခဲ့တာတုန်းကွ ”
ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ ပေါ်ထွက်လာပြီး သူသည် မှင်တက်သွားရတော့သည်။ အချိန်အနည်းငယ်ကြာမှသာ သူသည် အသိစိတ်ပြန်ဝင်လာပြီး ထိုလူကြီးမှာ ဝတ်ရုံနက် လူများထဲမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သော ဖွံ့ထွားသွေးကြော နောက်ဆုံးအဆင့်ရှိ လူတစ်ယောက်ဖြစ်ကြောင်း ပြန်၍ အမှတ်ရသွားသည်။
သို့သော် ယခုတွင် ထိုလူကြီးမှာ အလွန် သနားစရာကောင်းသည့် အခြေအနေသို့ ရောက်နေပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။
” မင်း… ငါ့ရဲ့ ဓမ္မအဆောင်တွေကို အဓ္ဓပြုကျင့်ရလောက်အောင် ဘယ်လောက်အထိ ရာဂမီးတွေ တောက်လောက်နေတာလဲကွ။ မင်းက သူတို့နဲ့ပါ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့တာလား ”
ဝမ်ပေါင်လဲ့မှာ ဖြစ်ပျက်သွားခဲ့သည့် အရာများကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ သူသည် ထို ဝတ်ရုံနက် လူကြီးအား လိင်သဘာဝ ဖောက်ပြန်နေသူတစ်ဦးဟု သတ်မှတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ ဒေါသတကြီးဖြင့် ရုပ်သေးရုပ်ငါးရုပ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလိုက်၏။ ထို ရုပ်သေးရုပ်များ မျက်လုံးများပွင့်လာသည်ကို မြင်လိုက်ရသောအခါမှသာ သူသည် စိတ်အေးသွားပြီး သက်ပြင်းချကာ တဆတ်ဆတ်နာကျင်နေသော နှလုံးသားဖြင့် ၎င်းတို့ကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် ဝတ်ရုံနက် လူကြီးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
” တော်တော် တရားလွန်တာပဲကွ ”
ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ထို ဖွံ့ထွားသွေးကြော ထိပ်ဆုံးအဆင့်ရှိ လူကြီး၏ အမူအရာမှာ မတရားခံခဲ့ရသည့်ပုံစံ ပေါက်သွား၏။ သူသည် တစ်စုံတစ်ခုကို ရှင်းပြချင်သည့်ပုံ ပေါက်နေပါသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် အားအင်ချည့်နဲ့နေပြီဖြစ်သည်။
” တော်တော်ကို စက်ဆုပ်ဖို့ကောင်းတဲ့ ကောင်ပဲကွ။ ဒီဆေးလုံးတွေကို မင်းအပေါ်မှာ စမ်းသပ်မဲ့အတွက် ငါ့ကို အပြစ်လာမတင်နဲ့ ”
ဝမ်ပေါင်လဲ့မှာ ဒေါသအမျက်ချောင်းချောင်းထွက်နေပြီး သူ၏ သိုလှောင်လက်ကောက်ထဲမှ ဆေးလုံးအားလုံးကို ထုတ်ယူကာ ထိုလူကြီးအား တစ်လုံးပြီး တစ်လုံး တိုက်လိုက်၏။ ဆေးလုံး ခုနစ်လုံးရှစ်လုံးခန့် ကုန်သွားသောအခါ ထိုလူကြီးမှာ အသက်ရှင်လျက် ရှိနေသေးရုံသာမက အနည်းငယ်ပင် သက်သာလာသည့်ပုံ ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏ လက်ကိုမြှောက်၍ ထိုသတ်လတ်ပိုင်းလူကြီး၏ ရင်ဘက်တည့်တည့်ကို ထိုးနှက်လိုက်သောကြောင့် သူ၏ ဒဏ်ရာများမှာ ပို၍ဆိုးသွားပြီး သူသည် နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။
” နှာဗူးကောင် ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ကြိမ်းဝါးလိုက်ပြီး ထိုလူကြီးအပေါ် စမ်းသပ်ထားသည့် ဆေးလုံးများကို မျိုချလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကိုမှိတ်ကာ အားအင် ပြန်လည်ပြည့်ဖြိုးလာစေရန် ကြိုးပမ်းလိုက်သည်။ နှစ်နာရီခန့် ကြာမြင့်သွားပြီးနောက်တွင် သူ၏ဒဏ်ရာများမှာ သိသိသာသာ ပြန်လည်သက်သာလာသည်ကို အထင်အရှား မြင်လိုက်ရ၏။ ထိုသက်လတ်ပိုင်းလူကြီးမှာမူ အလွန် အားအင်ချည့်နဲ့နေပြီ ဖြစ်သည်။ သူသည် အကြောက်တရားများနှင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေ၏။
” ပြောစမ်း။ ငါ့ကိုသတ်ဖို့ မင်းတို့ကို ဘယ်သူ အမိန့်ပေးခဲ့တာလဲ ”
ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကြည့်ကာ ထိုသတ်လတ်ပိုင်းလူကြီးအား မေးမြန်းလိုက်၏။
ထိုသက်လတ်ပိုင်းလူကြီးမှာ ချီတုံချတုံ ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာမူ သူ့အား ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် အေးစက်စက်ကြည့်နေသည်။ သူသည် မေးခွန်းများထပ်၍မေးရန် ကြိုးစားမနေတော့ပေ။ သူ၏ သိုလှောင်လက်ကောက်ထဲမှ အမျိုးအမည်မသိသော အခြားဆေးလုံးများစွာကိုသာ ထုတ်ယူလိုက်ပြီး ထိုလူကြီးအား တစ်လုံးချင်းစီပြကာ သူ့အား တိုက်လိုက်၏။
ဝမ်ပေါင်လဲ့မှာ ဆေးလုံးအနည်းငယ် တိုက်ပြီးတိုင်း ထိုလူကြီး၏ အပြုမူများကို စောင့်ကြည့်နေ၏။ အကယ်၍ ထိုလူကြီးမှာ အနည်းငယ်သက်သာလာသည့်ပုံ ပေါ်ပါကာ သူသည် ထိုလူကြီးအား နောက်ထပ်တစ်ကြိမ် ထိုးနှက်လိုက်သည်။ အကယ်၍ သူ၏ အခြေအနေမှာ ပို၍ဆိုးရွားလာပါက ဝမ်ပေါင်လဲ့မှာ သူ့အား ဆေးလုံးများ ထပ်၍ တိုက်လိုက်၏။
အချိန်များ ကုန်ဆုံးသွားပြီးနောက် ထိုသက်လတ်ပိုင်းလူကြီးမှာ အဆက်မပြတ် နှိပ်စက်ညှဥ်းပန်းခံနေရသည်ဖြစ်ရာ ယခင်ကထက်ပင် ပို၍ အားအင်ချည့်နဲ့လာတော့သည်။ သူသည် အခြေအနေကို ရိပ်စားမိသွားဟန် ရှိသဖြင့် အဆိပ်ဆေးလုံးတစ်လုံး သောက်ခဲ့ရသည့် အချိန်တွင်ပင် စကားတစ်ခွန်းမှမပြောဘဲ ဆိတ်ငြိမ်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရွေးချယ်စရာမရှိတော့ဘဲ သူ့အား အဆိပ်ဖြေဆေးတစ်လုံး တိုက်လိုက်ရသည်။
” သိပ်ကောင်းတယ်။ မင်းက အရမ်းကို နှုတ်လုံနေတယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်သွားပြီး ထိုသက်လတ်ပိုင်းလူကြီးအား ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အလျင်အမြန် စဉ်းစားလိုက်၏။ သို့သော် ထိုသက်လတ်ပိုင်းလူကြီးကဲ့သို့ အစပိုင်းတွင် အကူအညီပေးရန် အသနားခံခဲ့ပါသော်လည်း နောက်ဆုံးတွင် အသက်သေဆုံးရမည်ကိုပင် ကြောက်ရွံ့ခြင်းမရှိတော့သော လူမျိုးနှင့် ရင်ဆိုင်ရနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မည်သို့လုပ်ရမည်မှန်း မသိလောက်အောင် ဖြစ်နေ၏။
ထိုအချိန်တွင် သူ၏ အတွေးထဲ၌ ရုတ်တရက် အကြံတစ်ခု ဖျတ်ခနဲပေါ်လာ၏။ ထို့ကြောင့် သူသည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ၏ သိုလှောင်လက်ကောက်ထဲတွင် သိမ်းဆည်းထားသော ရုပ်သေးရုပ်ငါးရုပ်ကို ထုတ်ယူလိုက်သည်။
ထိုရုပ်သေးရုပ်များ ပေါ်လာသောအခါ သတ်လက်ပိုင်းလူကြီးမှာ ချက်ချင်းပင် အသားများတုန်ရီသွားရတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်သွားပြီး ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှ မဆိုရသေးသည့်တိုင်အောင် သူက အရင်ဆုံး ဦးအောင် ဆိုလိုက်၏။
” ငါ ဖြေပါ့မယ်။ ငါ ဖြေပေးပါ့မယ်။ မ…မလောပါနဲ့။ အဲ့အရုပ်တွေကို ပြန်သိမ်းလိုက်ပါ ”
ထိုသက်လတ်ပိုင်းလူကြီး၏ အမူအရာကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရတော့သည်။ သူသည် အစမ်းသဘောဖြင့်သာ ထိုအရုပ်များကို ထုတ်ခဲ့ခြင်းဖြစ်သော်လည်း ရလဒ်မှာ ယခုကဲ့သို့ အံ့သြဖွယ်ရာကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် ထိုသက်လတ်ပိုင်းလူကြီးမှာ သူ၏ ဓမ္မအဆောင်များကို အမှန်တကယ်ပင် အဓမ္မပြုကျင့်ခဲ့သည်လော သို့မဟုတ် အခြားဖြစ်ရပ်တစ်ခုခု ဖြစ်သွားခဲ့သည်လော ဝေခွဲမရနိုင်လောက်အောင် ဖြစ်သွားရတော့သည်။
” ကောင်းကင်မြို့တော်က လူတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့်ဆိုတဲ့ အချက်တစ်ချက်ကိုပဲ ငါ သိတာ။ ငါတို့ရဲ့ ခေါင်းဆောင်ကြီးက အဲ့အကြောင်းကို တစ်ကြိမ်ပဲ ထုတ်ပြောခဲ့တာ။ တောင်းဆိုတဲ့သူက ရာထူးအမြင့်ပိုင်းက လူတစ်ယောက်ရဲ့ သားတစ်ယောက်ဖြစ်ဖို့ များတယ် ”
ထိုသက်လတ်ပိုင်းလူကြီးက အလျင်အမြန် ရှင်းပြလိုက်ပြီး မျက်ရည်များဝဲလာ၏။
ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာမူ အေးစက်သွားသည်။ သူသည် အစကတည်းက သံသယများ ရှိနေခဲ့သည်ဖြစ်ပြီး ထိုလူကြီး၏ စကားများကို ကြားလိုက်ရသောအခါ သူ၏ သံသယများကို ပို၍ပင် ယုံကြည်စပြုလာတော့သည်။
” ရာထူးအမြင့်ပိုင်းက လူတစ်ယောက်ရဲ့သားဆိုတော့…. လင်းတျန်ဟောက်များလား။ ငါက သူ့ရဲ့ ကျောင်းသားခေါင်းဆောင်ရာထူးကို သိမ်းပိုက်ခဲ့တာမလို့ သူက ငါ့ကို သတ်ချင်နေတာများလား။ ဒါမှမဟုတ် ငါ မသိသေးတဲ့ တခြားအကြောင်းပြချက် တစ်ခုခုများ ရှိနေဦးမလား။ ဟုတ်တယ်။ ငါသေသွားမယ်ဆိုရင် သူနဲ့ ချောင်ခွင်းက ကျောင်းသားခေါင်းဆောင်တွေ ပြန်ဖြစ်သွားမှာလေ။ သူတို့က ဒုပါမောက္ခကိုပါ သိမ်းသွင်းခဲ့တာ ဖြစ်နိုင်တယ်။ အဲလိုမှမဟုတ်ရင် သူတို့တွေက ငါ့ကို ကောင်းကင်တာအိုကျောင်းဆီ ပြန်လာဖို့ အမိန့်ပေးနိုင်မှာ မဟုတ်ဘူး ”
ဝမ်ပေါင်လဲ့၏ အတွေးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာ၏။ သူသည် သတိမထားမိသေးပါသော်လည်း ဤဖြစ်ရပ်ကြီးနှင့် ကြုံပြီးနောက် သူ၏ ရက်စက်ကြမ်းကြုတ်မှုများမှာ ပို၍ သိသာလာ၏။ သို့သော် သူ၏ ပြိုင်ဘက်ကို အထင်သေး၍မရကြောင်း သူက နားလည်ထားသည်။ သူသည် သူတို့အား ထိပ်တိုက်ရင်ဆိုင်ကာ လက်တုံ့ပြန်ခွင့် ရှိမည်မဟုတ်ပေ။ သို့သော် သူသည် စည်းမျဉ်းများအတိုင်း လိုက်နာပြီး သူတို့၏ လုပ်ရပ်များအတွက် ဒဏ်ခတ်နိုင်မည်ဆိုပါက လက်တုံ့ပြန်ရန်မှာ ဖြစ်နိုင်ပေသည်။
” အဲ့အရုပ်တွေကို သိမ်းလိုက်ပါကွာ။ ကျေးဇူးပြုပြီးတော့ … ငါ မင်းကို တောင်းပန်ပါတယ်… ”
ဝမ်ပေါင်လဲ့မှာ သူ၏ အတွေးထဲတွင် အခြေအနေများကို သုံးသပ်နေစဉ် သက်လတ်ပိုင်းလူကြီး၏ အသနားခံမှုများကြောင့် သူ၏ အတွေးစများမှာ ရပ်တန့်သွား၏။ သူသည် ထို သက်လတ်ပိုင်းလူကြီးအား လှမ်းကြည့်လိုက်သောအခါ ထိုလူကြီးမှာ အသားများ တုန်ရီနေပြီဖြစ်ပြီး သူ၏ ကြောက်စိတ်များမှာလည်း ယခင်ကထက်ပင် ပို၍ကြီးထွားနေပြီ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်မသက်မသာ ဖြစ်သွားရသည်။ သူသည် သက်လတ်ပိုင်းလူကြီးအား ထပ်၍ ကြည့်လိုက်ပြီးနောက် သူ၏ ရုပ်သေးရုပ်များကို စိုက်ကြည့်ကာ အကယ်၍ ၎င်းတို့သာ ထိုလူကြီးကို ချုပ်နှောင်မထားခဲ့ပါက သေနေလောက်ပြီဖြစ်ကြောင်း တွေးမိလိုက်သည်။
” ဒီ ရုပ်သေးရုပ်တွေဆီမှာ ဒီလို အစွမ်းလည်း ရှိတာပဲဟ ”
ဝမ်ပေါင်လဲ့မှာ ရုတ်ချည်းဆိုသလို ဗဟုသုတများ ပို၍ကြွယ်သွားသည့်အလား ခံစားလိုက်ရပြီး ရှဲ့ဟေးရန်ပြောခဲ့သော အဆင့်မြင့်ကျွန်းပေါ်မှ လူထူးဆန်းအကြောင်းကို ချက်ခြင်းပင်ပြန်၍ အမှတ်ရသွား၏။ ထို့ကြောင့် သူ၏ သံသယစိတ်များမှာ ကြီးထွားလာရပြန်သည်။
” သူက ရုပ်သေးရုပ်တွေကို ဝယ်ချင်ခဲ့တဲ့အပြင် တခြားအချက်တွေ အများကြီးကိုပါ တောင်းဆိုခဲ့တာ။ သူ့ဆီမှာ လျှို့ဝှက်အကြံအစည်တွေများ ရှိနေမလားမသိဘူး။ မဖြစ်နိုင်ပါဘူးလေ ”
ဝမ်ပေါင်လဲ့မှာ အတွေးလွန်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် ခေါင်းယမ်းကာ သူ၏ သံသယစိတ်များကို ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် သက်လတ်ပိုင်းလူကြီးကို ဆေးလုံးတချို့တိုက်ကာ သတိမေ့မြောသွားအောင် လုပ်လိုက်ပြီး ဆွဲခေါ်ကာ ထိုနေရာမှ ထွက်ခွာလာတော့သည်။
ထို သက်လတ်ပိုင်းလူကြီးကို အရှင်ထားရန် လိုအပ်သည်။
ဝမ်ပေါင်လဲ့မှာ သူ လာရာလမ်းအတိုင်း ပြန်သွားကာ မိုးသစ်တောကို ဖြတ်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် သူသည် အခြားအသက်ရှင်ကျန်ရစ်သူများ ရှိ၊ မရှိ စစ်ဆေးခဲ့၏။ သိပ်မကြာခင် သူသည် ခြင်းကြီးနှင့် ဆုံခဲ့ရသောနေရာသို့ ရောက်ရှိသွားပြီး ရပ်တန့်လိုက်၏။
” သင်္ဘောပျံလေးစင်း မှောက်သွားပြီးတော့ ကျန်တဲ့တစ်စင်းက လွတ်မြောက်သွားခဲ့တာ ငါ မှတ်မိတယ် ”
ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးအား မော့ကြည့်လိုက်ပြီး သူ၏ မှတ်ဉာဏ်များထဲတွင် လှန်လှောရှာဖွေကာ သင်္ဘောပျံလေးစင်း တိမ်းမှောက်သွားခဲ့သည့် အချိန်ကို ပြန်၍ ပုံဖော်ကြည့်လိုက်သည်။
သူသည် သေသေချာချာ စစ်ဆေးလိုက်ပြီးနောက် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်တလေပင် မရှိတော့ကြောင်း သိလိုက်ရသည်။ သို့သော် တိမ်းမှောက်သွားခဲ့သည့် သင်္ဘောပျံများထဲမှ တစ်စင်းမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားခြင်း မရှိသေးသော်လည်း ၎င်းပေါ်ရှိ လူများအားလုံးမှာ သေဆုံးသွားပြီဖြစ်သည်။ ထိုသင်္ဘောပျံကြီးအား ဓမ္မအဆောင်တစ်ခုအဖြစ် သတ်မှတ်၍ရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ဌာန၏ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ရာ ထိုသင်္ဘောပျံကြီးကို ပြုပြင်ရန် ကြိုးပမ်းလိုက်၏။
နာရီပေါင်းများစွာ ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ ထိုသင်္ဘောပျံကြီး၏ တစ်စိတ်တစ်ပိုင်းကို ပြုပြင်နိုင်သွားသောကြောင့် ၎င်းမှာ ကောင်းကင်တာအိုကျောင်းသို့ ပျံသန်းနိုင်သည့် အနေအထားသို့ ရောက်သွား၏။ သူသည် စက်ကိုနှိုးလိုက်သောအခါ တဝီဝီမြည်သံများ ပေါ်ထွက်လာပြီး သင်္ဘောပျံကြီးမှာ မိုးသစ်တော၏ အထက်ရှိ ကောင်းကင်ယံထဲသို့ ပျံတက်သွားကာ အဝေးသို့ ပျံထွက်သွားတော့သည်။
သင်္ဘောပျံကြီးပေါ်တွင် ဝမ်ပေါင်လဲ့မှာ သက်လတ်ပိုင်းလူကြီးအား နောက်ထပ်တစ်ကြိမ် သတိမေ့မြောသွားအောင် ထိုးနှက်လိုက်ပြန်သည်။ ထို့ကြောင့် သူသည် အပြင်းအထန် ဒဏ်ရာရသွားပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ပါသော်လည်း အသက်သေတော့မည့် အခြေအနေအထိတော့ မရောက်သေးပေ။ ထိုအခါမှသာ သူသည် စိတ်အေးလက်အေး ဖြစ်သွား၏။ သူ ရင်ဆိုင်ခဲ့ရသည့် သေရေးရှင်ရေး ဖြစ်ရပ်ကြီးအကြောင်း ပြန်တွေးမိလိုက်သောအခါ သူ၏စိတ်ထဲတွင် ကြောက်စိတ်များ ပြန်လည်ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ထိန်းမနိုင်သိမ်းမရ တဆတ်ဆတ် တုန်ရီသွားတော့သည်။
” ဒီကမ္ဘာကြီးက တော်တော် အန္တရာယ်များတာပဲ။ ငါ ကောင်းကင်တာအိုကျောင်းဆီ ပြန်ရောက်ရင် လုံ့လဝီရီ ပိုထုတ်ပြီးတော့ အပြင်းအထန် လေ့ကျင့်ရမယ် ”
သိပ်မကြာခင် ဝမ်ပေါင်လဲ့၏ စိတ်နှလုံးထဲ၌ ခံစားချက်များစွာဖြင့် ပြည့်နှက်သွား၏။ သူသည် ပြတင်းပေါက်အပြင်ဘက်ရှိ မိုးသစ်တောကို လှမ်းကြည့်လိုက်တော့အခါ ခပ်လှမ်းလှမ်း တစ်နေရာတွင် တောင်ထိပ်ငါးခုရှိသော တောင်စဉ်တန်းတစ်ခုကို မြင်လိုက်ရသည်။
” ဟင် ”
ဝမ်ပေါင်လဲ့မှာ ထိုတောင်စဉ်တန်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် တအံ့တသြ ရေရွတ်မိလိုက်၏။ ၎င်းမှာ သူ၏ ဖခင်ပြောခဲ့သည့် မျက်နှာဖုံးကို ရှာတွေ့ခဲ့သော နေရာ ဖြစ်သည်။
” ငါ … တစ်ချက်လောက် သွားကြည့်လိုက်ရမလား “