အပိုင်း (၁၀၁၄)

တိုက်ခိုက်ခြင်း မရှိဘဲ ရှုံးနိမ့်ခြင်း

ရှီဟွာတောင်ပေါ်တွင် ရှီဟွာတောင်ရှန့်ထိုက နှစ်ပေါင်းများစွာ တည်တံ့လာခဲ့သော တော်ဝင်တောင်အား ကြည့်ကာ တိတ်တခိုး သက်ပြင်းချသည်။

“ငါက ကျင့်ကြံခြင်းအတွက် ထွက်မသွားခင်မှာ ရှီဟွာတောင်ကို အရှေ့ဘက် ပြည်နယ်ရဲ့ အမြင့်ဆုံးဆိုတဲ့ နေရာမှာ ရှိနေစေချင်ခဲ့တာ … ကြည့်ရတာ ဒီဆန္ဒက ဘယ်တော့မှ ဖြစ်လာနိုင်ဖွယ် မရှိတော့ဘူး” ရှီဟွာတောင်ရှန့်ထိုက တီးတိုးပြောသည်။

“စီနီယာအစ်ကိုက ရှီဟွာတောင် အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးတော့ အရှေ့ဘက် ပြည်နယ်မှာ အင်အား ကြီးမားစေခဲ့တယ်။ လျူကျောင်းရဲ့ပါရမီက အရမ်း ကောင်းပြီးတော့ သူ့မှာ အရှေ့ဘက် ပြည်နယ်ကို စုစည်းဖို့ အလားအလာ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ဒီလိုဖြစ်ရတာ မြေရိုင်းပြည်နယ်က ရီဖူရှင်းကြောင့်ပဲ။ စီနီယာအစ်ကိုရဲ့ အမှား မဟုတ်ဘူး” ရှီဟွာတောင် ရှန့်ထိုဘေးတွင် တောင့်တင်း သန်မာသော လူကြီး တစ်ယောက်က ပြောသည်။

ထိုလူသည် ရှီဟွာတောင်၏ နောက်ထပ် ရှန့်ထိုတစ်ပါး ဖြစ်ကာ ရှီဟွာတောင် ရှန်ထို့၏ ဂျူနီယာညီလည်း ဖြစ်သည်။ သူတို့ညီအစ်ကို နှစ်ယောက်က ရှီဟွာတောင်ကို အခြေခံအုတ်မြစ် ချခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အခြေအနေမှာ လွန်စွာ ပြောင်းလဲ လာခဲ့မည်ဟု သူတို့ မထင်မှတ် ထားခဲ့ကြပေ။ မြေရိုင်းပြည်နယ်မှ တော်ဝင်ကျဲ နန်းတော်သည် ရပ်တန့်ခြင်း မရှိသော အရှိန်အဟုန်ဖြင့် မြန်ဆန်စွာ ကြီးထွား လာခဲ့သည်။ ယနေ့ သူတို့သည် ပြည်နယ်ကိုးခု၏ အမြင့်ဆုံးနေရာသို့ တဖြည်းဖြည်း တက်လှမ်းလာနေပြီ ဖြစ်သည်။

ချင်းကျူမြို့သို့ ရီဖူရှင်း ပြန်သွားသောအခါ၌ မည်သည့်ရှန့်ထိုကမှ တော်ဝင်ကျဲ နန်းတော်အား မကျူးကျော်ရဲကြပေ။ မရဏဓားနတ်မယ် ပြန်လာခြင်းနှင့် ရှန့်ထိုကျန့်တို့ ရှိနေခြင်းက နန်းတော်အား လုံခြုံစေသည်။ လက်ရှိတွင် ရှန့်ထိုကျိသည်လည်း အကျယ်ချုပ် ခံထားရကာ မည်သူကမှ တော်ဝင်ကျဲနန်းတော်အား တိုက်ခိုက်ရန် ယုံကြည်မှု မရှိပေ။

ရှီဟွာတောင်ရှန့်ထိုက ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချသည်။ သူတို့သည် ရှီဟွာတောင်၌ ကြီးပြင်း လာခဲ့ကြကာ ဤနေရာနှင့် ပတ်သက်၍ နက်ရှိုင်းသော ခံစားချက်များ ရှိသည်။ သူတို့က ရှီဟွာတောင်အား ပြည်နယ်ကိုးခုတွင် ခိုင်မာစွာ ရပ်တည်လျက် မျိုးဆက် တစ်ခုပြီးတစ်ခု ဆက်လက် ရှင်သန်စေလိုခဲ့သည်။

ယခု ကျောက်ပြည်ထောင်သည် ပျက်စီး ပျောက်ကွယ် သွားခဲ့ရပြီ ဖြစ်သည်။

ယခု ရှီဟွာတောင်၏ အချိန်အခါကို ရောက်လာခဲ့ပြီ ဖြစ်ဟန် ရှိသည်။

မည်သူကမှ အချိန်၏ တိုက်စားခြင်းကို မရပ်တန့်နိုင်ပေ။

ရုတ်တရက် သူက ထိုနေ့ထိုအခါက ပြည်နယ်ကိုးခု ညီလာခံကို အမှတ်ရသည်။ ထိုစဉ်က ပြည်နယ်ကိုးခု၏ တော်ဝင်မြေများတွင် မည်သူက မြေရိုင်းပြည်နယ်မှ ရီဖူရှင်းကို အလေးထားခဲ့ ကြသနည်း။ ပြည်နယ်ကိုးခု ညီလာခံတွင် ယူချင်းက ပထမနေရာကို ရယူသွားခဲ့သည့်တိုင် နိုဘယ်အဆင့် တန်ခိုးရှင်များသည် ပြည်နယ်ကိုးခု၏ အင်အားချိန်ခွင်လျှာကို အကျိုးသက်ရောက် နိုင်စွမ်းမရှိပေ။ ထို့နောက် မရဏတောင်၌ သူနှင့် လျူကျောင်းတို့ အစီအစဉ်ကြောင့် တော်ဝင်ကျဲနန်းတော်နှင့် တိုက်ရိုက်ရင်ဆိုင် ထိတွေ့မှု ဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့က တော်ဝင်ကျဲနန်းတော်အား ဖျက်ဆီးပစ်လိုခဲ့ကြသည်။ ထိုစဉ်အခါက ကျောက်ပြည်ထောင်သည် တောင်ဝင်ကျဲနန်းတော်အား ပျက်စီးရန် လုံလောက်သည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း တော်ဝင်စစ်ပွဲ၏ ရလဒ်က ယနေ့ အခြေအနေများကို ယူဆောင် လာခဲ့သည်။

“လက်လွှတ်ဖို့ အရမ်း ခက်တယ် …” ရှီဟွာတောင်ရှန့်ထိုက တီးတိုး ပြောသည်။

“ဆရာ … လုပ်သင့်တာကို လုပ်ပါ …” မိုးစက်ရှန့်ထိုက ပြောလျှင် ရှီဟွာတောင်ရှန့်ထိုက ညင်သာစွာ ခေါင်းညိတ်သည်။ ယခု သူတို့၏ အခြေအနေမှာ သိပ်မကောင်းပေ။ တော်ဝင်အလင်း နန်းတော်မှ ရှန့်ထိုရှိလျှင်ပင် သူတို့အား ကူညီနိုင်လောက်မည် မထင်။

အကယ်၍ သူတို့က ခေါင်းမာစွာဖြင့် တိုက်ပွဲဝင်ပါက သူတို့သည် ကျောက်ပြည်ထောင်နှင့် တူညီသော ရလဒ်ကို ခံစားရပေမည်။ ကျောက်ပြည်ထောင် ဘုရင်နှင့် ကျောက်ရန်ဝမ်တို့သည် အကောင်းဆုံး ဥပမာများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူက ကျောက်ပြည်ထောင် ဘုရင်အား မည်သည့်အချိန်တွင် ကျောက်ပြည်ထောင်ကို ထားခဲ့ကာ ထွက်ပြေးရမည်ကို မသိသည့်အတွက် အသုံးမကျသည့် အရူးဟု ကြိမ်းမောင်းခဲ့ခြင်း ဖြစ်သည်။

ဆုံးဖြတ်ချက်အား ချမှတ်ခဲ့ပြီးမှတော့ ရှီဟွာတောင် ရှန့်ထိုသည် တွန့်ဆုတ်ခြင်း မရှိတော့ပေ။ သူက လေထဲသို့ တဖြည်းဖြည်း မြောက်တက်လာခဲ့ကာ ဖိအားတစ်ခု ရှီဟွာတောင် တစ်ခုလုံးအား လွှမ်းခြုံ လာခဲ့သည်။ ရှီဟွာတောင်အား ကျောခိုင်းကာ ပတ်ပတ်လည်၌ တန်ခိုးရှင်များသည် မြေနေရာ အနေအထားကို အသာစီးယူလျက် ဝင်္ကပါဖွဲ့ကာ တိုက်ခိုက်ရန် ပြင်ဆင်ထား ကြသည်။ ဖိအားကို ခံစားမိလျှင် သူတို့အားလုံးက ကောင်းကင်ထက်မှ ရှီဟွာတောင် ရှန့်ထိုအား ကြည့်ကြသည်။

ရှီဟွာတောင်ရှန့်ထိုက တော်ဝင်တောင်အား ကြည့်သည်။ ပြီးခဲ့သော တော်ဝင်စစ်ပွဲ၌ လျူကျောင်းနှင့် ထိပ်သီး ရှီတန်ခိုးရှင် နှစ်ပါးတို့ သေဆုံးခဲ့ကာ ရှီဟွာတောင်မှာလည်း အကြီးအကျယ် ဆုံးရှုံး နစ်နာခဲ့ရသည်။ ယနေ့တွင် ရှီဟွာတောင်သည် များစွာသော စွမ်းအားမြင့် ရှီတန်ခိုးရှင်များ ပိုင်ဆိုင်သေး သော်လည်း သူတို့၏ တကယ့်အင်အားမှာ တော်ဝင်မြေ အဆင့်အတန်းနှင့်ပင် ကိုက်ညီခြင်း မရှိတော့ပေ။

“ကျုပ်တို့ ရှီဟွာတောင်က အရှေ့ဘက် ပြည်နယ်မှာ နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပြီး‌တော့ မျိုးဆက်ပေါင်း များစွာရဲ့ အရည်အသွေးမြင့် တန်ခိုးရှင်တွေကို မွေးထုတ် ပေးခဲ့တယ်။ အခု ရှီဟွာတောင်က ပျက်စီးတော့မဲ့ အခြေအနေနဲ့ ကြုံနေရပြီ။ ဒါပေမဲ့ ရှန့်ထိုတွေက မင်းတို့ကို ထိလို့မရဘူး။ အရူးရှန့်ထို၊ မိုးစက်ရှန့်ထိုနဲ့ ငါတို့က ထွက်သွား ကြတော့မယ်။ အခု ရှီဟွာတောင်ကို ကာကွယ်ဖို့ မင်းတို့အားလုံးရဲ့ တာဝန် ဖြစ်သွားကြပြီ” ရှီဟွာတောင်ရှန့်ထိုက ပြောလျှင် သူ၏အသံမှာ ဆွေးမြည့်ဖွယ် ကောင်းသော်လည်း ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်များကို သူတို့အားလုံး နားလည်ကြသည်။ ရှီဟွာတောင် ရှန့်ထိုနှင့် နောက်ထပ် ရှန့်ထိုနှစ်ပါးတို့သည် ရှီဟွာတောင်အား စွန့်ခွာ သွားကြတော့မည် ဖြစ်သည်။

ရုတ်တရက် လူအများအပြား၏ မျက်နှာများမှာ ပြာနှမ်း သွားကြသည်။ ရှီဟွာတောင်၏ ရှန့်ထို ခေါင်းဆောင်ပင်လျှင် လက်လျှော့ သွားခဲ့ပြီ ဖြစ်သည်။

“အရင်တုန်းက တော်ဝင်ကျဲ နန်းတော်လည်း ဒီနေ့လို အခြေအနေမျိုး ကြုံတွေ့ဖူးတာပဲ။ ဒါကြောင့်ပဲ တော်ဝင်ကျဲ နန်းတော်ဟာ ဒီနေ့ ဒီအနေအထား ရောက်လာခဲ့တာပဲ မလား။ ရှီဟွာတောင်က တပည့်တွေလည်း ဒီလို လုပ်နိုင်မယ်လို့ ငါမျှော်လင့်တယ်” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။ မူလက တော်ဝင်ကျဲ နန်းတော်၏ ရှန့်ထိုများ သည်လည်း ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့၏ ရှန့်ထိုများ ပူးပေါင်း တိုက်ခိုက်မှုကို စိုးရိမ်၍ တော်ဝင်ကျဲနန်းတော်သို့ ပြန်မလာရဲခဲ့ကြပေ။ ယခု ရှီဟွာတောင် ရှန့်ထိုက ထိုသို့ပြောလျှင် ရှီဟွာတောင်မှ တန်ခိုးရှင်များသည် စိတ်လှုပ်ရှား ကြရ၏။

“မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်ရဲ့ သခင် ရီဖူရှင်းဟာ နန်းတော်ရဲ့ တပည့်တွေနဲ့ အတူ အမြဲ စောင့်ကြပ် ကာကွယ် ပေးခဲ့ပြီး‌တော့ အသက် မသေသရွေ့ နန်းတော်ကို မစွန့်ခွာဘူး ဆိုတဲ့ စိတ်ဓာတ် ခံယူချက် ရှိတယ်။ မင်းက သူနဲ့ ဘယ်လို နှိုင်းယှဉ် နိုင်ပါ့မလဲ” ရှီဟွာတောင် ရှန့်ထိုသည် ထွက်ပြေးရန် အဆင်သင့် လုပ်နေသည်ကို မြင်လျှင် ထောင်ကျန်းက လှောင်ပြောင်သည်။

လက်ရှိ အချိန်အထိပင် ရှီဟွာတောင် ရှန့်ထိုသည် ရှီဟွာတောင်မှ တပည့်များအား အသက်သေသည် အထိ တိုက်ခိုက်ရန် တွန်းအား ပေးနေသည်။ သူကား တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များအား ရင်ဆိုင် တိုက်ခိုက်ခြင်းဖြင့် ရှီဟွာတောင်မှ တန်ခိုးရှင်များ အဆုံးသတ်မည်ကို သိလျက်နှင့်ပင် သူတို့အား သေတွင်းသို့ ရက်ရက်စက်စက် တွန်းပို့နေသည်။

သိသာစွာပင် ရှီဟွာတောင် ရှန့်ထိုကိုယ်တိုင်က ရှီဟွာတောင်မှာ ဆက်လက် တည်ရှိနိုင်ခြင်း မရှိတော့သည်ကို သိပေသည်။ ထို့ကြောင့် သူက ရှီဟွာတောင်မှ တပည့်များအား ကြီးမားသော တိုက်ပွဲတစ်ခုအတွက် စတေးလိုခဲ့၏။ သူ့အတွက် ရှီဟွာတောင်မှ တန်ခိုးရှင်များသည် စစ်တုရင် နယ်ရုပ်များနှင့် မခြားပေ။

ထောင်ကျန်း၏ အသံသည် ရှီဟွာတောင် တစ်ခုလုံးသို့ ရိုက်ခတ် လာခဲ့သည်။ တန်ခိုးရှင် အများအပြား၏ စိတ်နှလုံးများမှာ တုန်ယင် သွားကြပြီး ဆက်လက် တိုက်ခိုက်လိုသော စိတ်ဓာတ် အင်အားများ မရှိကြတော့ပေ။ ထောင်ကျန်း ပြောသကဲ့သို့ ရီဖူရှင်းသည် နန်းတော်နှင့်အတူ သေသေရှင်ရှင် တိုက်ခိုက်ခဲ့သည်။ သို့သော် တစ်ဖက်တွင် ရှီဟွာတောင်၏ ရှန့်ထို ခေါင်းဆောင်သည် မကြာခင် ထွက်ပြေး သွားတော့မည် ဖြစ်သည်။

“ရှီဟွာတောင်မှာ ဝင်္ကပါရဲ့ အကူအညီ ရှိတယ်။ ဒါက ရှီဟွာတောင်ရဲ့ တပည့်တွေကို တိုက်ခိုက်ဖို့ စွမ်းရည်တွေ ပေးနိုင်တယ်။ မင်းတို့က တော်ဝင်ကျဲ နန်းတော်က လူတွေရဲ့ အလိမ်အညာတွေကို နားထောင်နေတယ် ဆိုရင် ဒါက မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲ” သူက ထိုသို့ ပြောပြီးသည်နှင့် ကောင်းကင်ထက်သို့ တဖြည်းဖြည်း ပျံတက် သွားသည်။ သူ့နောက်မှ အရူးရှန့်ထိုနှင့် မိုးစက်ရှန့်ထိုတို့ လိုက်ပါ သွားကြသည်။

“ခင်ဗျားက တော်ဝင်စစ်ပွဲထဲ ဝင်ပါမယ်လို့ ကြေညာတုန်းက ဘယ်လောက် ဟန်ကြီးပန်ကြီး နိုင်ခဲ့သလဲ။ အခု ခင်ဗျားက သခင်မရှိတဲ့ ခွေးတစ်ကောင်လိုပဲ။ ရှီဟွာတောင်ကို စွန့်ခွာနေပြီ” ယူချင်းက ကောင်းကင်ထက်မှ ရှီဟွာတောင် ရှန့်ထိုအား အေးစက်စွာ ပြောသည်။ ရှီဟွာတောင် ရှန့်ထိုသည် လူငယ် တစ်ယောက်၏ ပြစ်တင်ဝေဖန်မှုကို ခံရသော်လည်း သူ့အမူအရာများက ပြောင်းလဲခြင်း မရှိပေ။

“မင်းနဲ့ ရီဖူရှင်းတို့ ရှန့်ထိုဖြစ်လာတဲ့အခါ မသက်ဆိုင်တဲ့ နေရာတွေကို ဟိုဟိုဒီဒီ မသွားဖို့ သတိပေးချင်တယ်” ရှီဟွာတောင် ရှန့်ထိုက အေးစက်စွာ ပြောပြီး သူတို့သည် အဝေးသို့ ထွက်ခွာကြ၏။

ရှန့်ထိုကျန့်နှင့် ထောင်ကျန်းတို့ သူတို့နောက်သို့ လိုက်ခြင်း မပြုကြပေ။ သူတို့တွင် ရှန့်ထိုသုံးပါး ရှိပေသည်။ ရှီဟွာတောင် ရှန့်ထိုနှင့် အရူး ရှန့်ထိုတို့သည် ရှန့်ထိုကျန့်နှင့် တန်ခိုးအဆင့်တူ အတွင်းရှိရာ သူတို့အား တားဆီးရန် ရှန့်ထိုနှစ်ပါးမျှဖြင့် မလုံလောက်ပေ။

“သူတို့က အနှေးနဲ့အမြန် ရှန့်ထိုဖြစ်မှာပဲ … ခင်ဗျား ဘယ်ကို သွားမလို့လဲ” ရှန့်ထိုကျန့်က အေးဆေးစွာ ပြောသည်။ သူတို့က အင်ပါယာရှား၏ ဘုံအတွင်းမှ ထွက်သွားနိုင်မည် မဟုတ်ပေ။ အင်ပါယာရှားက ထိုသို့ သစ္စာဖောက်မှုကို သည်းခံမည် မဟုတ်ပေ။ ဤသို့ဆိုလျှင် တစ်နေ့နေ့တွင် ရီဖူရှင်းက သူတို့အား သတ်ဖြတ်နိုင်သော အချိန်အခါသို့ ရောက်လာမည် ဖြစ်သည်။

ရှီဟွာတောင် ရှန့်ထိုက နှာခေါင်းရှုံ့ကာ ရှန့်ထိုသုံးပါးသည် လေထဲမှ ထွက်ခွာ သွားခဲ့သည်။ တော်ဝင်တောင် အပြင်ဘက်တွင် ဟွာထန်းမြို့မှ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို ကြည့်နေကြ၏။ သူတို့အားလုံးမှာ ရှီဟွာတောင် ရှန့်ထိုအား ကြီးစွာ အထင်သေး ကြသည်။ ယခု ရှီဟွာတောင်၏ အရှင်သခင်သည် ရှီဟွာတောင်အား စွန့်ခွာ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်သို့အထိ ထိုးတက်နေသော မြင့်မားသော တော်ဝင် တောင်ကြီးအား ကြည့်ကာ ဟွာထန်းမြို့မှ လူများအားလုံး နားလည်သည်မှာ ရှီဟွာတောင်ကား အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

ယခု တောင်ပေါ်မှ တန်ခိုးရှင်များ မှာလည်း မျက်နှာများ ပျက်ယွင်း နေကြပြီဖြစ်၏။ မည်သည့် သက်ရှိတို့က သေမည်ကို မကြောက်ရွံ့ဘဲ နေမည်နည်း။ ယခု ရှီဟွာတောင်၏ အရှင်သခင်မှာ ထွက်ပြေးသွားပြီ ဖြစ်သည်။ အဆုံးသတ်မှာ ကြိုမြင်နေရပြီဖြစ်ရာ သူတို့က မည်သို့ တိုက်ခိုက် ရတော့မည်နည်း။

သူတို့၏ စိတ်ဓာတ် ခံယူချက်နှင့် ယုံကြည်မှုတို့မှာ ပြိုလဲသွားပြီ ဖြစ်သည်။

ထိုစဉ်မှာပင် လူတစ်ယောက်က ရှေ့သို့ တက်လာကာ ရှန့်ထိုကျန့်အား ပြောသည်… ”ကြီးမြတ်ပါသော အကြီးအကဲ … ကျုပ်တို့က ရှီဟွာတောင်ရဲ့ တပည့်တွေဖြစ်ပြီး အကြီးအကဲတွေရဲ့ အမိန့်ကို နာခံရသူတွေပါ။ အခု ရှီဟွာတောင် ရှန့်ထိုက ကျုပ်တို့ကို စွန့်ခွာသွားပြီဖြစ်လို့ ကျုပ်တို့က လက်နက်ချလိုပါတယ်။ ”သူက ထိုသို့ ပြောလျှင် တောင်ပေါ်မှ လူအများအပြား ကလည်း ပြောကြသည်…” ကျုပ်တို့ကလည်း လက်နက် ချလိုပါတယ်”

“လက်မခံဘူး…” ထူးမခြားနားကာ အေးစက်သော အသံတစ်သံအား ကြားကြရသည်။ ပြောလိုက်သူကား ယူချင်း ဖြစ်၏။

တော်ဝင်စစ်ပွဲ၌ ဟွာဂျီယူ အပါအဝင် နန်းတော်မှ လူအများအပြား သေဆုံးခဲ့ရ၏။ သူတို့ အင်အားကြီးစဉ်က နန်းတော်အား လာရောက် ဖျက်ဆီးခဲ့ကြကာ ယခု သူတို့အလှည့်တွင် လက်နက် ချလိုသည်လား။ မဖြစ်နိုင်ပေ။

ရှီဟွာတောင်မှ မရေမတွက်နိုင်သော လူများမှာ စိတ်ဓာတ်များ ကျသွားကြသည်။ တိုက်ပွဲသည်သာ တစ်ခုတည်းသော နည်းလမ်းပေလော။ ရှီဟွာတောင်မှ အကြီးအကဲ တစ်ယောက်က သက်ပြင်းချသည်… ”မျှော်လင့်ချက် မရှိဘူး ဆိုပေမဲ့ ငါတို့မှာ ဝင်္ကပါရဲ့ အထောက်အပံ့ ရှိတယ်။ သူတို့ကို ဒီအတွက်‌ ပေးဆပ်စေရမယ်” သူတို့က မည်မျှ စိတ်ဓာတ်ကျပါစေ စိတ်ဓာတ်များ တည်ငြိမ်နေပြီ ဖြစ်သော ရှီတန်ခိုးရှင်များ ဖြစ်ကြသည်။

“ကျောက်ပြည်ထောင်က အခု ပြာပုံဖြစ်သွားပြီ။ ရီဖူရှင်းနဲ့ ယွီကလန်ကလူတွေ လမ်းမှာ လာနေကြပြီ။ မင်းတို့က ဘယ်လို အင်အားနဲ့ ငါတို့ကို ပေးဆပ်စေမှာလဲ…” ထောင်ကျန်းက အေးစက်စွာ ပြောသည်။ သူ၏စကားက ရှီဟွာတောင်မှ လူများအား ပိုမို၍ စိတ်ဓာတ် ပျက်ပြားစေသည်။

ကျောက်ပြည်ထောင်မှာ အမှန်တကယ် ပြာပုံ ဖြစ်သွားပြီလား။ ရီဖူရှင်းက သည်နေရာတွင် မရှိရာ သူက ကျောက်ပြည်ထောင်သို့ သွားသည်မှာ သေချာသည်။ ယခု သူက ယွီကလန်နှင့်အတူ ရှီဟွာတောင်သို့ ထပ်မံ ချီတက် လာကြသည်လား။

အသက် သေသည်အထိ တိုက်ခိုက်ခြင်းလား … ဘာနှင့်လဲ…။

သူတို့ကား သေမည်ကို စောင့်ဆိုင်း နေသည်နှင့်သာ တူတော့သည်။

“တိုက်ခိုက်ပြီး လမ်းဖောက်ကြမယ်။ လူအများအပြားက လွတ်နိုင်သေးတယ်။ ”အချို့က ဝင်္ကပါအား ပြင်ဆင်လိုခြင်း မရှိတော့ဘဲ စိုးရိမ်ကြီးစွာ ပြောကြသည်။ သေခြင်းတရားကို စောင့်ဆိုင်း နေမည့်အစား သူတို့က လမ်းဖောက်ကာ လွတ်မြောက်ရာသို့ ထွက်ပြေးရန် ကြိုးစား ကြရပေမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset