အပိုင်း ( ၁၀၁၀)

ရတနာလှံ၏စွမ်းအား

ရီဖူရှင်းက လေထဲသို့ ပျံတက်လျှင် ရတနာလှံမှာ အလင်းများ ပြိုးပြိုးပြက်ပြက် လင်းလက်လာခဲ့၏။ ခြေလှမ်းတိုင်းတွင် မမြင်ရသော လေလှိုင်းများ နန်းတော်ထံသို့ ရိုက်ခတ်လာခဲ့၏။ သူ့အနီးတွင် ပြင်းထန်သော လေလှိုင်းများ ဖြစ်ပေါ်လာခဲ့ကာ လေထုကို ခွင်းလာသော ခပ်ဖျော့ဖျော့ အသံအား ကြားရနိုင်သည်။ သူ၏ ဆံပင်ဖြူများ လေထဲတွင် လွင့်နေကြသလို အန္တရာယ်ရှိသော လေလှိုင်းများသည်လည်း ကောင်းကင် တစ်ခုလုံး ပြည့်နှက်သွား၏။ ထိုအခိုက်တွင် သူ့အနီးမှ လေဟာနယ်သည် လုံးဝ တိတ်ဆိတ် ငြိမ်သက် နေခဲ့သည်။

ကျောက်ပြည်ထောင် နန်းတော် အပြင်ဘက်၌ လူတစ်စုသည် ထိုလေလှိုင်းများအား ကြည့်ကာ ထိတ်လန့် နေကြသည်။ ယနေ့တွင် ရီဖူရှင်းသည် တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များအား ဦးဆောင်လျက် ကျောက်ပြည်ထောင်သို့ လာရောက် တိုက်ခိုက်၏။ သူတို့တွင် ရှန့်ထိုသုံးပါးနှင့် ဓားသမားတစ်စု ပါဝင်သည်။

ဤမျှ သေးငယ်သော အုပ်စုဖြင့် နန်းတော် အတွင်းသို့ ထိုးဖောက် ဝင်ရောက်မည်လား။ တစ်ဖက်တွင် မိန်းကလေးငယ် တစ်ယောက်သည် ကောင်းကင်မှနေ၍ ဧရာမ ဓားဝင်္ကပါတစ်ခုကို ဖြစ်ပေါ်စေကာ ဓားတစ်ချက်တည်းဖြင့် နန်းတော်၏ သက်စောင့်ဝင်္ကပါကို ဖျက်ဆီးခဲ့သည်။ ထိုအရာက ပြည်နယ်ကိုးခုတွင် တစ်ခါမှ မကြားဖူးသော ကိစ္စရပ် ဖြစ်၏။ သည်နန်းတော်ကား တစ်ချိန်က အရှေ့ဘက် ပြည်နယ်၏ အုပ်ချုပ်သူ အစစ်အမှန် ဖြစ်ခဲ့ဖူးပေသည်။

ယခု မည်သူမဆို အနိုင်ကျင့်နိုင်သော မြေရိုင်းပြည်နယ်သည် ရီဖူရှင်း၏ ဦးဆောင်မှုဖြင့် အင်အား အဆမတန် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

“ဝင်္ကပါကို ဖွဲ့စည်းကြစမ်း…” အသံတစ်သံကို ကြားကြရသည်။ ကျောက်ပြည်ထောင်တွင် ပြည်နယ်ကိုးခု ရှီအဆင့်ဝင် နှစ်ယောက် ရှိပေသေးသည်။ သူတို့မှာ ကျောက်မင်နှင့် နေ့ခိုင်တို့ ဖြစ်ကြ၏။ သူတို့က ချက်ချင်းပင် ရီဖူရှင်းအား ဝန်းရံလိုက်ကြ၏။ ရှေ့တွင်ကား ဖီးနစ်ဝင်္ကပါကို ဦးဆောင်ထားသော ကျောက်မင် ဖြစ်သည်။

ယနေ့ သူတို့က တော်ဝင်သွေး ပါသောသူ အားလုံးကို စုစည်းကာ ဝင်္ကပါအား တည်ဆောက်လျက် ရီဖူရှင်းအား သတ်ရန် ပြင်ဆင် ထားကြသည်။ သို့သော်လည်း ရီဖူရှင်းသည် သူတို့ထံသို့ အကြောက်အလန့် ကင်းစွာ လှမ်းလာခဲ့၏။

ထိုအခိုက်တွက် သူ တစ်ယောက်တည်းက စစ်တပ် တစ်တပ်လုံးအား ဖြတ်တောက် နိုင်သည့်အလား သူတို့အားလုံး ခံစားနေကြရသည်။

သူတို့က နောက်ဆုံး ဖြစ်ပွားခဲ့သော တော်ဝင်စစ်ပွဲ၌ ရီဖူရှင်း၏ ကြီးမားသော စွမ်းရည်များအား မြင်တွေ့ခဲ့ခြင်းကြောင့် ထိုသို့ ခံစားရသည်လည်း ဖြစ်နိုင်၏။ ထိုမြင်ကွင်းက သူတို့၏ စိတ်နှလုံးတွင် တံဆိပ်ရိုက်နှိပ် ထားသကဲ့သို့ ထင်ကျန်ရစ်သည်။ ပြည်နယ်ကိုးခုတွင် သူသည် ရှန့်ထိုအဆင့် အောက်၌ ပြိုင်ဘက်ကင်းကာ စစ်တပ်တစ်ခုအား ကိုယ်တိုင် တိုက်ခိုက် ဖျက်ဆီးနိုင်သည်။

ယနေ့တွင် ရီဖူရှင်းထံမှ ကြီးမားသော အရှိန်အဝါများအား ခံစားကြရသော်လည်း နောက်ဆုံး တော်ဝင်စစ်ပွဲ၌ကဲ့သို့ စွမ်းအားမျိုးကို ထုတ်လွှတ်ခြင်း မပြုသေးပေ။ သူတို့က သူ့အား သတ်ရန် အခွင့်အရေး ရှိနိုင်သေးပေသည်။

ရီဖူရှင်းက ရွှေဖီးနစ်ဝင်္ကပါထံသို့  တိုးဝင်လာခဲ့လျှင် အားလုံး၏ သက်စောင့်ဝိညာဉ်များ ထွက်ပေါ် လာသည်။ သူတို့၏ ဖီးနစ်ဝိညာဉ်များ အော်ြမည်သံပေးကာ အဆုံးအစမဲ့သော စွမ်းအားများ စုပေါင်းသွားကြလျှင် ကောင်းကင်ကို ဖုံးအုပ်နိုင်သော ဧရာမ ဖီးနစ်ငှက်ကြီး တစ်ကောင်အဖြစ် မွေးဖွားလာခဲ့သည်။ ဖီးနစ်က အော်သံပေးလျှင် ပြင်းထန်သော လေလှိုင်းများနှင့်အတူ ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင် မီးတောက်များသည် ရီဖူရှင်းထံသို့ ရိုက်ခတ်လာခဲ့၏။ သို့သော် ရီဖူရှင်းက ဘာမှခံစားရဟန် မတူပေ။ သူက ရှေ့သို့ ဆက်လက် တိုးဝင်သွားခဲ့လျှင် သူ့နောက်မှ ဓားသမားများက ထိုအတိုင်း ကြည့်ရှု နေကြသည်။ သူတို့က ဝင်ပါမည့်ပုံစံ မရှိပေ။ ကြည့်ရသည်မှာ ရီဖူရှင်းက တိုက်ပွဲအား သူကိုယ်တိုင် ကိုင်တွယ်နိုင်ဟန် ရသည်။ သူတို့က အမဲလိုက်ရန် ရောက်ရှိ လာကြခြင်းသာ ဖြစ်သည်။ သူတို့က တစ်ဦးတစ်ယောက်ကိုမှ လွတ်မြောက်ရန် ခွင့်ပြုမည် မဟုတ်ပေ။

ရီဖူရှင်း ရပ်နေရာသို့ ပြင်းထန်သော တိုက်ခိုက်မှုများ ရိုက်ခတ် လာကြသည်။ ရုတ်တရက် သူ့အပေါ် လေထု၌ ဖျက်ဆီးအားတစ်ခု ဖြစ်ပေါ်လာကာ အက်ကွဲသံများ ပေးလျက် အဝေးသို့ လွင့်စဉ်လျက် ရိုက်ခတ် သွားသည်။ သူ့အနီး ပတ်လည်တစ်ဝိုက် မီးတောက် မီးလျှံများ အဆက်မပြတ် ပေါက်ကွဲကြ၏။ ပြင်းထန်သော လေစီးကြောင်းများ သူ့ထံသို့ တိုးဝင် လာကြသော်လည်း ဖျက်ဆီး အားလှိုင်း၏ ဝါးမျိုခြင်းကို ခံရ၏။

ရီဖူရှင်းက နတ်ဘုရား တစ်ပါးအလား အပေါ်သို့ တဖြည်းဖြည်း မြောက်တက် လာခဲ့သည်။ ဖျက်ဆီးခြင်း မုန်တိုင်း ရိုက်ခတ်လာခဲ့လျှင် ကောင်းကင်အား ဖုံးအုပ်ကာ ကျောက်ပြည်ထောင် နန်းတော် တစ်ခုလုံးအား အုပ်မိုးလာဟန် ရသည်။ ဖျက်ဆီးခြင်း မုန်တိုင်းတွင် ပါဝင်သော အလင်း တစ်ချက်စီတိုင်းသည် လေဟာနယ်အား ဆုတ်ဖြဲနိုင်သော စွမ်းအားများ ပါဝင်နေဟန် ရသည်။

ကျောက်ပြည်ထောင်၌ မရေမတွက်နိုင်သော လူများသည် ကောင်းကင်တွင် နတ်ဘုရား တစ်ပါးအလား ရပ်နေသော ရီဖူရှင်းအား လှမ်းကြည့်ကြသည်။ ကျောက်ပြည်ထောင် ဘုရင်ကလည်း ထိုမြင်ကွင်းကို ကြည့်နေ၏။ သို့သော် သူက ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးပေ။ ရီဖူရှင်း၏ စွမ်းအားများကို သူခံစားမိသည်နှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ သူ့မျက်လုံးများထဲ ပြင်းထန်စွာ ဖြစ်ပေါ် လာခဲ့သည်။

ရီဖူရှင်းက ရှေ့သို့ လှမ်းလိုက်လျှင် ရွှေရောင် အလင်းတန်း အသွင်သို့ ပြောင်းလဲ သွားသည်။ သူက ကျောက်မင်ရှိနေရာ ဝင်္ကပါထံသို့ ရိပ်ခနဲ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင် အချိန်နှင့် လေဟာနယ်လှံဖြင့် လေထုကို ခွင်းလျက် ထိုးနှက် တိုက်ခိုက်လိုက်သည်။

ကျောက်မင် လှုပ်ရှားလျှင် ရွှေဖီးနစ်ဝင်္ကပါ သည်လည်း အလွန်ပြင်းထန်သော အရှိန်အဝါအား ထုတ်လွှတ်၏။ သူ၏ ဧရာမ အတောင်ပံများ လှုပ်ယမ်းသွားလျှင် ကျောက်ပြည်ထောင်မှ တန်ခိုးရှင်များ၏ စွမ်းအားများ အားလုံးသည် တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားလျက် နတ်ဘုရားငှက် အသွင်ဖြင့် ရီဖူရှင်းထံသို့ တိုးဝင်သွားခဲ့သည်။

ကောင်းကင်ထက်တွင် များစွာသော ရွှေရောင် သဏ္ဌာန်များ ပေါ်လာပြီး ရီဖူရှင်းထံသို့ တိုးဝင် လာခဲ့ကြသည်။ ထိုအခိုက်တွင် အချိန်နှင့် လေဟာနယ်လှံက အလင်းများ အားလုံးကို ဝါးမျိုကာ ရှေ့သို့ဆက်လက် ထွင်းဖောက် လာခဲ့သည်။

အချိန်နှင့် လေဟာနယ်လှံက အရာခပ်သိမ်း ချုပ်ငြိမ်းခြင်းအား သယ်ဆောင် လာခဲ့သည်။

အရာခပ်သိမ်းမှာ ချုပ်ငြိမ်း ကွယ်ပျောက် ကြရ၏။

အချိန်နှင့် လေဟာနယ်လှံက ရွှေဖီးနစ်ဝင်္ကပါနှင့် ပြင်းထန်စွာ ရင်ဆိုင်မိလျှင် ဧရာမ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ် လာသည်။

ဘုန်း …

ကောင်းကင်နှင့် မြေပြင် တုန်ခါ သွားစေသော အသံနှင့်အတူ ရွှေဖီးနစ်ဝင်္ကပါသည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားရ၏။ ဝင်္ကပါအတွင်းမှ တန်ခိုးရှင်များ သည်လည်း အရပ်မျက်နှာ မျိုးစုံသို့ လွင့်စဉ်သွားကြကာ သွေးများ အန်ကြရသည်။ ရတနာလှံ၏ တိုက်ခိုက်မှု တစ်ချက်တည်းက ရွှေဖီးနစ်ဝင်္ကပါအား ပျက်စီး စေခဲ့သည်။

နန်းတော် အပြင်ဘက်တွင် လူအများက တိုက်ပွဲ၏ အခြေအနေကို ဝိုးတဝါး မြင်ကြရသည်။ လှံချက်ကြောင့် ရွှေဖီးနစ် ဝင်္ကပါ ပျက်စီး သွားသည်ကို မြင်လျှင် သူတို့အားလုံး တုန်လှုပ်ကြရ၏။ ထိုသူသည် နာမည်ကျော် ရီဖူရှင်းပေလော။

အဖြူရောင် အဝတ်အစား၊ အဖြူရောင် ဆံပင်နှင့် ထိုလူငယ်၏ လှံတစ်ချက်သည် နတ်ဘုရားများကိုပင် ထိတ်လန့် စေနိုင်စွမ်း၏။ ရှန့်ထိုမှအပ သူ့အား မည်သူတို့ တားဆီး နိုင်မည်နည်း။

သူကား သံသယရှိစရာ မလိုအောင်ပင် ရှန့်ထိုအဆင့် အောက်၌ စွမ်းအား အကြီးဆုံး တန်ခိုးရှင် ဖြစ်ပေသည်။

ရီဖူရှင်းထံမှ အလင်းရောင်များ ရိုက်ခတ်လာခဲ့လျှင် ကောင်းကင်ထက်မှ လျှပ်စီးတန်းများအား ဝါးမျိုသွားသည်။ လူတစ်စုသည် သူတို့၏ စိတ်အသိများ ပြိုပျက်ကာ မြေပြင်ပေါ်သို့ ကျသည်။

ထိုအခိုက်တွင် လူတိုင်းမှာ ထိတ်လန့် ကြောက်ရွံမှုကို ခံစားကြရသည်။ အလင်းလှိုင်းတစ်ခု ကျောက်မင်အား လာရောက် ရစ်ပတ်လျှင် သူသည် ပြင်းထန်စွာ တုန်ယင်၏။ ရီဖူရှင်းက သူ့ထံသို့ ပျံသန်းလာခဲ့လျှင် ရတနာလှံသည် ဖျက်ဆီးခြင်း အလင်းများအား ဝါးမျိုသွား၏။ ကျောက်မင်က သူ့ရှေ့မှ ဆံပင်ဖြူလူငယ်အား ကြည့်သည်။ သူ၏မျက်လုံးများ၌ အဆုံးမဲ့သော ဆွေးမြည့် ကြေကွဲမှုများ ရှိနေသည်။

ဤလောကတွင် ဤမျှ စွမ်းအားကြီးသော သူ ရှိပါ၏လော။

ရီဖူရှင်းကား ရှန့်ထိုတစ်ပါးပင် မဟုတ်သေးပေ။ သူသည် အလယ်အလတ် ကွန်းရှီတစ်ပါးသာ ဖြစ်ပေသည်။ သူက အဆင့်မြင့် ကွန်းရှီသို့ပင် မရောက်သေးဘဲ အဘယ်ကြောင့် ဤမျှ အားကောင်း နေရသနည်း။

ရီဖူရှင်းရှေ့တွင် ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တစ်ယောက်ပင် ခွန်အားမဲ့ရသည်။ ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ်တစ် ဖြစ်နေလျှင်ပင် သူ၏ လှံတစ်ချက်အား ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်း၏ မျက်လုံးများက လူသေ တစ်ယောက်ကဲ့သို့ အသက်မဲ့နေသည်။ ထိုအရာက သူသည် သတ်ရှိများအား အလေးမထားသည့် ခံစားချက်ကို ပေး၏။ သူ့မျက်လုံးတွင် ကျောက်မင်သည် လူသေ တစ်ယောက်နှင့် မခြားပေ။ ထို့အပြင် သူတစ်ယောက်တည်း မဟုတ်ပေ။

ရတနာလှံသည် ရှေ့သို့ ထွင်းဖောက် လာခဲ့လျှင် ကျောက်ပြည်ထောင် ဘုရင်၏ ညီဖြစ်သူ ကျောက်မင်သည် မြေပြင်ပေါ်သို့ အသက်မဲ့စွာကျ၏။

ရီဖူရှင်းက ကျောက်မင်အား မကြည့်ဘဲ ကျောက်ပြည်ထောင် ဘုရင်ကို ပြောသည် … “ကျောက်ကျိမင် … ကျောက်ပြည်ထောင်မှာ လူဘယ်နှယောက် ရှိလဲဆိုတာ ခင်ဗျားသိလား”

ကျောက်ပြည်ထောင် ဘုရင်က ဆံပင်ဖြူလူငယ်အား ကြည့်သည်။ သူ၏ မျက်လုံးများက  သင်္ချိုင်းကုန်း ကျေးရွာ၌ကဲ့သို့ အပြောင်းအလဲ မရှိပေ။ ကွဲပြား ခြားနားသည်က ထိုစဉ်က ရီဖူရှင်းသည် သူ့အား ဤသို့သော မောက်မာ ရိုင်းစိုင်းသော ပုံစံဖြင့် မကြည့်ရဲခဲ့ပေ။

“သတ် …” ကျောက်ပြည်ထောင် ဘုရင်က အေးစက်စွာ ပြောသည်။ နေ့ခိုင်နဲ့ ကျောက်ပြည်ထောင်မှ တန်ခိုးရှင်များသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြ၏။ ချက်ချင်းပင် ကြောက်မက်ဖွယ် မုန်တိုင်းများ ကောင်းကင်၌ ရိုက်ခတ် လာခဲ့သည်။ ထိုအထဲတွင် ပြင်းထန် အားကောင်းသော ဓားချက်များ၊ လေထုကို ခွင်းလာသော လက်ဝါး ရိုက်ချက်များ ပါဝင်သည်။ အမျိုးစုံလင်သော လောကဓာတ်များသည် ပြင်းထန်သော စွမ်းအားများအား သယ်ဆောင်လျက် ရီဖူရှင်းထံသို့ တိုးဝင်လာကြသည်။ ကြောက်မက်ဖွယ် မုန်တိုင်းများသည် ရီဖူရှင်းအား ဝါးမျို သတ်ဖြတ်လိုကြဟန် ရသည်။

အချို့သော တိုက်ခိုက်သူများသည် ရုပ်ခန္ဓာအား ရည်ရွယ်ပြီး အချို့က စိတ်ဝိညာဉ်အား တိုက်ခိုက်ကြသည်။ အရာအားလုံးမှာ ဖရိုဖရဲ ဖြစ်နေ၏။ သို့သော် ရီဖူရှင်းသည် ကျောက်ပြည်ထောင် နန်းတော်၏ အပေါ်၌ ရပ်နေကာ ဖျက်ဆီးခြင်း စွမ်းအားမှာ သူ့ထံမှ ဖြာထွက်နေဆဲ ဖြစ်သည်။ အဆုံးအစမဲ့ တိုက်ခိုက်မှုများ သူ့အား ဝါးမျို လာကြသော်လည်း သူက ထိုအရာများကို ရှိသည်ဟုပင် မထင်ပေ။

ဖျက်ဆီးခြင်း အလင်းများသည် တိုက်ခိုက်မှု ဟူသမျှအား တားဆီးထားသည်။ တိုက်ခိုက်မှုများသည် သူ၏စိတ်နှင့် ရုပ်ခန္ဓာ နှစ်ခုလုံးအား ရိုက်ခတ် လာခဲ့သော်လည်း ရီဖူရှင်းသည် လှုပ်ရှားခြင်း ကင်းမဲ့စွာဖြင့် ရပ်နေဆဲ ဖြစ်သည်။

မုန်တိုင်းများ၊ တိုက်ခိုက်မှုများ ကွယ်ပျောက် သွားသောအခါ သူ၏ ဆံပင်ဖြူများသည် လေထဲတွင် ညင်သာစွာ လူးလွန့်နေကြဆဲ ဖြစ်သည်။ ရီဖူရှင်းက ရတနာလှံအား တင်းတင်း ဆုပ်ကိုင်လိုက်ကာ ရန်သူများအား တစ်ချက် ကြည့်သည်။

ထိုအခိုက်တွင် ကျောက်ပြည်ထောင်မှ လူများသည် စစ်မှန်သော အကြောက်တရားများအား ခံစားမိကြသည်။ သူက မည်သို့ ထိုမျှ အားကောင်း နေရသနည်း။ အလယ်အလတ် ကွန်းရှီတန်ခိုးရှင် တစ်ယောက်သည် တခြားသော ရှီတန်ခိုးရှင်များ အားလုံး၏ မည်သည့် တိုက်ခိုက်မှုကိုမဆို လျစ်လျူရှု ထားနိုင်သည်။

တိုက်ပွဲရလဒ်မှာ ထွက်ပေါ်နေပြီ ဖြစ်သည်။

သူက ကျောက်ပြည်ထောင်မှ မည်သူ့ကိုမဆို သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သူက လူအနည်းငယ်မျှကိုသာ ခေါ်ဆောင် လာခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။ ကျန်ကျောင်းနှင့် တခြားသော ဓားသမားများက ပတ်ပတ်လည်၌ နေရာယူကာ တန်ခိုးရှင်များ အားလုံး၏ ပြေးလမ်းကို ပိတ်ဆို့ထားကြသည်။ သူတို့က တိုက်ခိုက်ရန်လာခြင်း မဟုတ်ဘဲ သတ်ဖြတ်ရန် ရောက်လာခြင်း ဖြစ်သည်။

ရီဖူရှင်းက အာကာသ ရွေ့လျားခြင်းဖြင့် နေ့ခိုင်ရှေ့သို့ ဖျတ်ခနဲ ရောက်လာပြီး ရတနာလှံအား ဝှေ့ယမ်းလိုက်လျှင် နေ့ခိုင်သည် ခုခံနိုင်စွမ်းမရှိဘဲ အသတ်ပျောက် သွားသည်။ သူကား ပြန်လည်တို က်ခိုက်နိုင်စွမ်းပင် မရှိပေ။

ရှီတန်ခိုးရှင်များမှာ သူ့ရှေ့၌ ပုရွက်ဆိတ်များ သဖွယ် ထင်မှတ်ရသည်။

ကျောက်ပြည်ထောင် ဘုရင်က မျက်လုံးများအား မှိတ်လိုက်ကာ ရီဖူရှင်းအား သတ်ဖြတ်လိုသော ဆန္ဒများ ပြင်းပြစွာ ဖြစ်ပေါ်လာခဲ့သည်။ ရှန့်ထိုအဆင့် အောက်၌ ရီဖူရှင်းအား သတ်ဖြတ်နိုင်သောသူ တစ်ယောက်မှ မရှိတော့သည်ကို သူကောင်းကောင်း နားလည်လိုက်၏။ ထို့ကြောင့် သူနှင့် ကျောက်ရန်ဝမ်တို့သာ လုပ်နိုင်စွမ်း ရှိတော့သည်။

သူက နောက်ဆုတ်ရန် အမိန့်မပေးပေ။ ဤနေရာသည် ကျောက်ပြည်ထောင်၏ တော်ဝင်နန်းတော် ဖြစ်သည်။ သူတို့က မည်သည့်နေရာသို့ နောက်ဆုတ် ရမည်နည်း။ ယနေ့တွင် သူက ဤနေရာ၌ အသက် သေသည်အထိ တိုက်ခိုက်သွားမည် ဖြစ်ကာ တခြား လူများသည်လည်း သူ့နည်းတူ ဖြစ်ပေမည်။

“သတ် …” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူက ရှေ့သို့ လှမ်းလိုက်လျှင် ရွှေရောင်အလင်းတန်း အသွင်သို့ ပြောင်းလဲသွားသည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်း၌ အလောင်းများ မြေပြင်ပေါ်သို့ ကျ၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset