Switch Mode

အပိုင်း (၁၀၀၉)

ယနေ့ပြီးနောက်တွင် ကျောက်ပြည်ထောင် ဟူသည် ဆက်မရှိတော့…

ကျောက်ပြည်ထောင်၏ တော်ဝင်မြို့တော်၌ ကြီးမား ခန့်ညားသော နန်းဆောင်ကြီးသည် နေရောင်အောက်တွင် ဝင်းလဲ့ တောက်ပနေသည်။ နန်းဆောင်အတွင်း တစ်နေရာတွင် ပုလဲကဲ့သို့ ဖြူဖွေး ဝင်းမွတ်နေသော ကိုယ်လုံးလေးသည် ရေမြွေအလား ကျောက်ပြည်ထောင် ဘုရင်၏အနီး၌ ရစ်ခွေနေသည်။ သူမ၏ ဆွဲဆောင်မှုပြင်းသော မျက်လုံးများက ကြည့်လျှင် မြင်သူတကာအား ရင်ဖိုနိုင်ပေသည်။ သို့သော်လည်း သူမက အရာအားလုံးကို ကျောက်ပြည်ထောင် ဘုရင် တစ်ဦးတည်းအားသာ အပိုင်စိုး ပေးထားပေသည်။

“ကျွန်မ မလှဘူးလား…” သာယာနာပျော်ဖွယ် လေသံဖြင့် သူမ မေးသည်။ ကျောက်ပြည်ထောင် ဘုရင်က သူမအား တည်ငြိမ်စွာ ကြည့်ကာ သူမ၏ ဝင်းမွတ်နေသော အသားစိုင်များအား ပွတ်သပ်သည်။

“ဒါဆိုလည်း နောက်တစ်ခေါက်…” ကျောက်ပြည်ထောင် ဘုရင်က ပြောသည်။

“ဒါ ကျွန်မအတွက် ဂုဏ်ယူ ဝမ်းမြောက်စရာပါ… အရှင်မင်းကြီး…” သူမ၏ မျက်လုံးများက ညှို့ငင်နိုင်စွမ်း ပြင်း၏။

“ကောင်းပြီ … ဒါဆိုလည်း ငါက မင်းကို နောက်ဆုံးတစ်ကြိမ် ဖြည့်ဆည်း ပေးရတာပေါ့…” ကျောက်ပြည်ထောင် ဘုရင်က ပြောလျှင် ကိုယ်လုပ်တော်စီသည် သိပ်နားမလည်သော မျက်လုံးများဖြင့် ကြည့်သည်။

အတန်ကြာလျှင် ကျောက်ပြည်ထောင် ဘုရင်သည် အိပ်ခန်းအတွင်းမှ ထွက်လာခဲ့၏။ စီသည်ကား အိပ်ရာပေါ်တွင် ငြိမ်သက်စွာ လဲလျောင်း နေခဲ့၏။ ပါးလွှာသော စောင်တစ်ထည်က သူမ၏ ခန္ဓာကိုယ်အား ဖုံးအုပ်ထားသော်လည်း သူမ၏ မျက်လုံးများမှာ ထာဝရအားဖြင့် ပိတ်သွားခဲ့ပြီဖြစ်ပြီး ဘယ်သောအခါမှလည်း နိုးလာတော့မည် မဟုတ်တော့ပေ။

ကျောက်ပြည်ထောင် ဘုရင်သည် နန်းတော်၏ မျှော်စင်တစ်ခုသို့ ရောက်လာခဲ့သည်။ သူက မျှော်စင်ပေါ်တွင် ရပ်ကာ နန်းတော်၏ ကြီးမား ခန့်ထည်သော အဆောက်အဦများအား ကြည့်သည်။ ဤနန်းတော်ကား ယခင်အခါက အရှေ့ဘက် ပြည်နယ် တစ်ခုလုံးတွင် အင်အား အကြီးဆုံး ဖြစ်ခဲ့သည်။ တစ်ကြိမ်တစ်ခါက ကျောက်ပြည်ထောင်သည် အရှေ့ဘက် ပြည်နယ်၏ အချုပ်အခြာကို ပိုင်စိုးသူ ဖြစ်၏။

ကျောက်ကျိမင်သည် ငယ်ရွယ်စဉ် အခါ ကတည်းက ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ကာ အိမ်ရှေ့စံအဖြစ် အပ်နှင်းခံခဲ့ရပြီး အရှေ့ဘက် ပြည်နယ် တစ်ခွင်၌ နာမည် ကျော်ကြားခဲ့သည်။ သူက ကျောက်ပြည်ထောင်အား အရှေ့ဘက် ပြည်နယ်၏ ဦးစီးဦးဆောင် အင်အားစု ဖြစ်စေကာ ပြည်နယ် တစ်ခုလုံးအား သိမ်းပိုက်လျက် တစ်ဖန် အုပ်ချုပ်ခွင့်ရရန် ရည်မှန်းခဲ့ဖူးသည်။

သူသည် ပြည်နယ်ကိုးခု၌ ခေါင်းဆောင် တစ်ယောက် အနေဖြင့် မွေးဖွား လာခဲ့သည်။ သူသည် ရဲရင့်ပြတ်သားကာ အချုပ်အနှောင် ကင်းမဲ့သည်။ သူ ရယူလိုသောအရာကို မည်သူကမှ တားဆီး၍ မရပေ။ သူ သတ်ဖြတ်လိုပါက မည်သူကမှ လွတ်မြောက်နိုင်စွမ်း မရှိပေ။ သို့သော်လည်း သူ ရယူလိုပါလျက်နှင့် မပိုင်ဆိုင်ခဲ့ရသော မိန်းမတစ်ယောက် ရှိပေသည်။ သူမအား ရယူရန် ကြိမ်ဖန်များစွာ ကျရှုံးလာခဲ့ရပြီးနောက် သူမအပေါ် သူ၏စွဲလမ်းစိတ်သည် အတွင်းစိတ်ရိုင်းအဖြစ် တဖြည်းဖြည်း အမြစ်တွယ် လာခဲ့၏။

သူက ရီဖူရှင်းဟူသော ကောင်လေး တစ်ယောက်နှင့်လည်း ဆုံတွေ့ခဲ့သည်။ တစ်ကြိမ်တစ်ခါက ပုရွက်ဆိတ်ငယ် တစ်ကောင် အဖြစ်သာ သတ်မှတ်ခဲ့သော ထိုရှီတန်ခိုးရှင်သည် သူ့အား ရဲတင်းစွာ အန်တုခဲ့သည်။ ထိုလူငယ်က သူ့မျက်မှောက်၌ပင် ကျောက်ပြည်ထောင်မှ လူများအား သတ်ဖြတ်ရဲခဲ့သည်။

ကျောက်ပြည်ထောင် ဘုရင်က သူသာ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ထိုသူသည် တစ်သက်လုံး နောင်တ ရနေတော့မည်ဟု တွေးထင်ခဲ့သည်။ တော်ဝင်စစ်ပွဲ ဖြစ်လာခဲ့ကာ ကျောက်ပြည်ထောင်၏ အင်အားစုများကလည်း တော်ဝင်ကျဲနန်းတော်သို့ သွားရောက် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် တော်ဝင်စစ်ပွဲ၏ ပထမတိုက်ပွဲ၌ပင် သူရှုံးနိမ့်ခဲ့သည်။ ပထမ အရှုံးကပင် ကျောက်ပြည်ထောင်အား ဆက်တိုက် အရေးနိမ့်စေခဲ့သည်။ တစ်ဖက်တွင် တော်ဝင်ကျဲ နန်းတော်မှာ ပိုမို၍ အင်အား ကြီးမားလာခဲ့သည်။

သူ့ရှေ့၌ ပုရွက်ဆိတ် တစ်ကောင်အလား အင်အားမဲ့သော ထိုသူသည် နောက်ပိုင်းတွင် သူ့အတွက် အကြီးမားဆုံးသော အန္တရာယ်ကောင် ဖြစ်လာခဲ့၏။ ထိုအချက်က ရယ်စရာ ကောင်းသော်လည်း အမှန်တရား ဖြစ်နေခဲ့၏။

ကျောက်ပြည်ထောင် ဘုရင်၏ ဘေးတွင် လူနှစ်ယောက် ရှိသည်။ တစ်ယောက်မှာ နောက်ထပ် ရှန့်ထိုတစ်ပါး ဖြစ်သော ကျောက်ရန်ဝမ်နှင့် သူ့ညီ ကျောက်မင်တို့ ဖြစ်ကြသည်။ သူတို့ သုံးယောက်သည် ကျောက်ပြည်ထောင်၌ လက်ရှိတွင် စွမ်းအား အကြီးဆုံးသူများ ဖြစ်ကြသည်။

“ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်ရဲ့ ဓားသမားတွေကိုပဲ ခေါ်ဆော င်လာခဲ့တာလား …” ကျောက်ပြည်ထောင် ဘုရင်က မေးသည်။

“အမှန်ပဲ …” ကျောက်ရန်ဝမ်က ခေါင်းညိတ်ကာ ဆက်ပြောသည် … “တခြားလူတွေက ရှီဟွာတောင်သို့ သွားကြတယ် … တော်ဝင်ကျဲနန်းတော်က သူတို့ရဲ့ လှုပ်ရှားမှုတွေကို လျှို့ဝှက် မထားကြဘူး…”

“ဒါဆို သူက ကျောက်ပြည်ထောင်ရဲ့ ရှီတန်ခိုးရှင်တွေကို ကိုယ်တိုင် တိုက်ခိုက်မယ်ဆိုတဲ့ သဘောပေါ့ …” ကျောက်ပြည်ထောင် ဘုရင်က အေးစက်စွာ ပြောသည်။ တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်မျှသာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရီဖူရှင်းသည် ပို၍ အားကောင်း လာမည်မှာ သေချာပေသည်။ သို့သော်လည်း တော်ဝင်ကျဲ နန်းတော်သခင်ကား ယခင်ကဲ့သို့ ရဲတင်းကာ မိမိကိုယ်ကို အထင်ကြီးလျက် တော်ဝင်ကျဲ နန်းတော်မှ ဓားသမားကိုသာ ခေါ်ကာ ကျောက်ပြည်ထောင်သို့ လာရောက် တိုက်ခိုက်သည်။

“အဲဒီ ရာရာလို့ခေါ်တဲ့ မိန်းကလေးက မရဏဓားနတ်မယ် ပြန်ဝင်စားတာ ဖြစ်ဖို့များတယ်။ သူတို့ကို ခဏတစ်ဖြုတ် ရှောင်နေသင့်တယ် … အရှင်မင်းကြီး” ကျောက်မင်က အကြံပေးသည်။ ကျောက်ပြည်ထောင် ဘုရင်နှင့် ကျောက်ရန်ဝမ်တို့သည် ထွက်ပြေးရန် အခွင့်အရေး ရှိပေသေးသည်။ ကျောက်ပြည်ထောင် ဘုရင်က ဘာမှ ပြန်မပြောဘဲ ရှေ့သို့သာ ကြည့်နေခဲ့သည်။

“ပြည်နယ်ကိုးခုမှာ တော်ဝင်မြေ အများကြီး ရှိတယ်။ ရှန့်ထိုတွေလည်း အများကြီးပဲ။ တော်ဝင်ကျဲ နန်းတော်ရဲ့ ရှန့်ထိုတွေက ထွက်ပြေးလို့ ရတယ်။ ဒါပေမဲ့ ကျုပ် ကျောက်ကျိမင်တော့ မပါဘူး” ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများထဲ၌ အတိုင်းအဆမဲ့သော မာနတရားများ ပေါ်လွင်နေခဲ့ကာ သူက ဆက်ပြောသည်။ “ကျုပ်က ကျောက်ပြည်ထောင်ရဲ့ ဘုရင်ပဲ။ ကျောက်ပြည်ထောင်က လူတွေ အကုန်လုံး ထွက်ပြေးနိုင်တယ်။ ကျုပ် မပြေးနိုင်ဘူး”

ကျောက်ပြည်ထောင်သည် အရှေ့ဘက် ပြည်နယ်၌ မားမားမတ်မတ် ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မှန်နန်းတော် သခင်မသည် မှန်နန်းတော်အား ဖျက်သိမ်းကာ ထွက်သွားနိုင်သည်။ သို့သော် သူ့အနေဖြင့် ထိုသို့ လုပ်၍မရပေ။ ဖျက်သိမ်းလိုက်သော ကျောက်ပြည်ထောင်သည် ကျောက်ပြည်ထောင် ဟူ၍ ခေါ်ဆို၍ မရတော့ပေ။

ယနေ့ ရီဖူရှင်းက ကျောက်ပြည်ထောင်သို့ ချီတက် လာခဲ့သည်။ အကယ်၍  သူသာ ထွက်ပြေးသည် ဆိုပါက ကျောက်ပြည်ထောင် ဘုရင်သည် သနားစရာ ကောင်းသော အရှုံးသမား ဖြစ်သွား ပေလိမ့်မည်။ သူက မတိုက်ခိုက်ပါပဲ ထွက်ပြေး သွားစရာ အကြောင်း မရှိပေ။

“ငါ့အမိန့်ကိုနာခံကြ … ကျောက်ပြည်ထောင်ရဲ့ လူတွေ အကုန်လုံး တိုက်ပွဲအတွက် ပြင်ဆင်ကြ …” ကျောက်ပြည်ထောင် ဘုရင်က မာန်ဟုန်ပြင်းသော လေသံဖြင့် ပြောသည်။ သူ၏အမိန့်ကို ကြားလျှင် မရေမတွက်နိုင်သော လူများသည် ထိတ်လန့် ကြရသည်။

ဤသို့ဆိုလျှင် မကြာခင် တိုက်ပွဲကြီး ရောက်လာတော့မည်။

“လာမယ့်တိုက်ပွဲမှာ မင်းတို့ အားလုံးအတွက် လုပ်ရမှာ တစ်ခုတည်းပဲ … ဒါက ရီဖူရှင်းကို သတ်ဖို့ပဲ” ကျောက်ပြည်ထောင် ဘုရင်က အေးစက်စွာ ပြောသည်။ ထိုလူသတ်သမားများက ရီဖူရှင်းအား အဆုံး မသတ်နိုင်ခဲ့လျှင် ကျောက်ပြည်ထောင်က အဆုံးသတ် ပေးရပေလိမ့်မည်။ သူတို့သာ မတတ်နိုင်ခဲ့လျှင် မိမိကိုယ်တိုင် အဆုံးသတ် ပေမည်။

သူ ကျရှုံးခဲ့လျှင်ပင် ပြည်နယ်ကိုးခုမှ ထွက်သွားရန် ခရီးနှင်နေကြပြီ ဖြစ်သော ကျောက်ရာ၊ ကျောက်ယိုနှင့် တခြားလူများ ရှိပေသေးသည်။ သူတို့က အင်ပါယာရှား၏ အုပ်ချုပ်မှုနယ်မြေမှ ထွက်သွား ကြတော့မည် ဖြစ်သည်။ အကယ်၍ ကျောက်ပြည်ထောင် အဆုံးသတ်ခဲ့ပါက ကျောက်ရာနှင့် တခြားလူများက အင်ပါယာလီဘုံ အတွင်းမှ အင်အားစုများ၏ အကူအညီဖြင့် ရီဖူရှင်းကို သတ်ဖြတ် ကြပေလိမ့်မည်။

မည်သို့သော ပေးဆပ်မှု လုပ်ရပါစေ၊ ရီဖူရှင်း သေရန် လိုအပ်ပေသည်။

ကျောက်ကျိမင်အား ထိုသို့သော ဆုံးဖြတ်ချက် ချစေခဲ့သည့်အတွက် ရီဖူရှင်းသည် ဂုဏ်ယူ သင့်ပေ၏။

လေပြင်းတစ်ချက် ရိုက်ခတ်သွားလျှင် သူဝတ်ထားသော ရွှေဝတ်ရုံကြီးက လေထဲ လွင့်သည်။ နဂါးဝတ်ရုံသည် ထည်ဝါခြင်း၊ ခန့်ညားခြင်း ဂုဏ်သတ္တိများဖြင့် ပြည့်နှက်နေခဲ့ကာ သူ့အား ပိုမို ကြီးမားသော အရှိန်အဝါများ ပေးသည်။

တော်ဝင်ကျဲ နန်းတော်မှ ရီဖူရှင်းသည် တော်ဝင်မြေ ခုနစ်ခု၏ မဟာမိတ်ဖွဲ့ တိုက်ခိုက်ခြင်းကိုပင် ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူ ဖြစ်သည်။ အကယ်၍ မိမိသာ ထွက်ပြေးသွားမည် ဆိုပါက သူသည် ရီဖူရှင်းထက် အားနည်း နိမ့်ကျသူ တစ်ယောက် ဖြစ်သွားပေမည်။ ယနေ့တွင် ရီဖူရှင်းက ကျောက်ပြည်ထောင်မှ အသက်ရှင်ရက် ထွက်သွားနိုင်မည်လား သူသိလိုသည်။

“ဝင်္ကပါ အဆင်သင့်လုပ်ကြ … မရဏဓားနတ်မယ်က ကျောက်ပြည်ထောင်ရဲ့ အရံအတား ဝင်္ကပါကို ဖျက်နိုင်မလား ကြည့်ရအောင်… ” ကျောက်ပြည်ထောင် ဘုရင်က အေးစက်စွာ ပြောသည်။

တော်ဝင် နန်းတော်၌ ပုံရိပ်များ လှုပ်ရှား သွားကြကာ တိုက်ပွဲအတွက် ပြင်ဆင်ကြသည်။ ရှီများအားလုံး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်၏။

လွန်ခဲ့သော တစ်နှစ်ခန့်က တိုက်ပွဲတွင် မှန်နန်းတော်၏ ခြိမ်းခြောက်မှုကြောင့် သူက ဖီးနစ်စစ်တပ်၏ လက်ရွေးစင်များကိုသာ တော်ဝင်ကျဲ နန်းတော်သို့ သွားရောက် တိုက်ခိုက်စေခဲ့ရ၏။ ထို့ကြောင့် သူတို့က ဆုံးရှုံးမှု အနည်းဆုံး ဖြစ်ခဲ့သည်ဟု ပြောနိုင်ကာ သူ့စစ်တပ်မှာ အင်အား ကြီးမားနေဆဲ ဖြစ်၏။

ရီဖူရှင်းက ဓားသမား တစ်စုဖြင့် သူတို့အားလုံးကို သတ်ဖြတ် နိုင်မည်လား။

***

ဓားတစ်လက်သည် ကျောက်ပြည်ထောင် တော်ဝင်မြို့တော်သို့ ပျံသန်း လာခဲ့သည်။ လေထုတစ်ခုလုံး ကြောက်မက်ဖွယ် ဓားအသိများဖြင့် ပြည့်နှက်နေခဲ့၏။ ဓားသည် အလွန် မြန်ဆန်စွာဖြင့် လေထုကို ခွင်းလျက် ပျံသန်းလာခဲ့ကာ တော်ဝင် မြို့တော်သို့ ဦးတည်နေခဲ့၏။

ရာရာ၊ ကျေးရွာ ခေါင်းဆောင်၊ ရီဖူရှင်း၊ ကျန်ကျောင်းနှင့် တခြားလူများသည် လေထုကို ခွင်းလျက် ပျံသန်းနေသော ဓားပေါ်၌ ရပ်နေကြ၏။

ရီဖူရှင်းက ရှေ့သို့ ကြည့်နေသည်။ တခြား အရပ်တစ်ခု၌ နောက်ထပ် လူတစ်စု ပေါ်လာ၏။ သူတို့မှာ မှန်နန်းတော် သခင်မတို့ အုပ်စုဖြစ်ကြ၏။ ရီဖူရှင်းနှင့် မှန်နန်းတော် သခင်မတို့ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြကာ ရှေ့သို့ ဆက်သွားကြသည်။ သူတို့က မကြာခင် ကျောက်ပြည်ထောင် နန်းတော်၏ အပြင်ဘက်စည်းသို့ ရောက်ရှိ လာခဲ့ကြ၏။

ထိုအခိုက်တွင် အလွန် လင်းလက်သော ရွှေရောင် အရံအတား တစ်ခုသည် ဖီးနစ်ငှက် အသွင်ဖြင့် ကျောက်ပြည်ထောင် နန်းတော်အား ခြုံလွှမ်းထား၏။ ထိုအရာကား တော်ဝင်နန်းတော်၏ သက်စောင့် အရံအတား ဝင်္ကပါဖြစ်သည်။ ကျောက်ပြည်ထောင် ဘုရင်သည်ကား ခန်းမကြီးထဲတွင် ရပ်ကာ သူတို့အား လှမ်းကြည့် နေသည်။

“မှန်နန်းတော်သခင်မ…” ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော် သခင်မအား အေးစက်စွာ ကြည့်သည်။ သူမက အမှန်တကယ်ပင် ရီဖူရှင်းနှင့်အတူ ရောက်လာခဲ့၏။

“ကျောက်ကျိမင်…” မှန်နန်းတော် သခင်မက သံယောဇဉ်မဲ့ဓားအား ဆုပ်ကိုင်ကာ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်သော မျက်လုံးများဖြင့် ပြန်ကြည့်သည်။

ရာရာက ရှေ့သို့ တက်လာခဲ့ကာ ဝင်္ကပါ အစီအရင် အပေါ်သို့ ရောက်လာခဲ့ပြီး သူမနောက်မှ ကျေးရွာ ခေါင်းဆောင်က လိုက်ပါ လာခဲ့သည်။ ကျောက်ပြည်ထောင် ဘုရင်က ထိုမိန်းကလေးအား ကြည့်ကာ လွန်ခဲ့သော နှစ်များစွာက ထိုမိန်းကလေး၏ မိဘများအား သတ်ဖြတ်ခဲ့သော အချိန်အား ပြန်တွေးမိသည်။

ရာရာကလည်း ကျောက်ပြည်ထောင် ဘုရင်အား ကြည့်သည်။ သူမ၏ မျက်လုံးများတွင်လည်း ကြီးမားသော အမုန်းတရားများ ရှိနေသည်။ လေထဲတွင် သွေး၏ အငွေ့အသက်များ ဖြစ်ပေါ်လာဟန် ရကာ သိပ်သည်းသော ဓားအသိများ အဖြစ် စုစည်းလာသည်။

ရာရာအား ဗဟိုပြု၍ ဓားမုန်တိုင်း တစ်ခု ဖြစ်ပေါ် လာသည်။ သူမက ကောင်းကင် တစ်နေရာအား ကြည့်သည်။ သူမ၏ သွေးနီရောင် မျက်လုံးများ၌ သွေးစွန်းဓား တစ်လက် ဖြစ်ပေါ်လာဟန် ရသည်။ ထို့အတူ ကောင်းကင်ထဲ၌လည်း သွေးနီရောင် မျက်လုံးတစ်လုံး ဖြစ်ပေါ်လာ၏။ ချက်ချင်းပင် အဆုံးအစမဲ့သော ဓားအသိများသည် သူမ၏အနီး၌ စုဖွဲ့လာကြကာ တဖြည်းဖြည်း အင်အား ကြီးမားလာခဲ့သည်။ လေထဲတွင် ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာပြီး အနီးတစ်ဝိုက်မှ ဓားစွမ်းအင်များကို အရူးအမူး ဝါးမျိုသည်။

ဓားမုန်တိုင်းသည် အလွန်အမင်း သိပ်သည်း ပြင်းထန်လာပြီး တော်ဝင် နန်းတော်ထံသို့ ဦးတည် သွားခဲ့သည်။ ဝေးကွာသော အရပ်၌ ရှိနေသော သူများ၏ ဓားများသည်ပင် ပြင်းထန်စွာ တုန်ခါလျက် ကောင်းကင်သို့ ပျံတက် သွားခဲ့ကြသည်။

“မရဏဓားဝင်္ကပါ …” ကျောက်ပြည်ထောင် ဘုရင်က ရာရာအား အေးစက်စွာ ကြည့်သည်။ သူမက အမှန်တကယ်ပင် မရဏဓား ဝင်္ကပါအား အသုံးပြုနိုင်၏။

ဘုန်း …

လေထဲတွင် ကြီးမားသော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာသည်။ ကျောက်ပြည်ထောင် ဘုရင်က ဖီးနစ်ဝင်္ကပါအား ထိန်းချုပ်လျှင် ဧရာမ အတောင်ပံတစ်စုံ ဖြစ်ပေါ်လာကာ လေထုကိုခွင်းလျက် ရာရာထံသို့ တန်းတန်းမတ်မတ် တိုးဝင် သွားခဲ့သည်။

ရာရာ၏ မျက်လုံးများ ပိုမိုနီရဲလာကာ သူမထံ၌ ပိုမိုပြင်းထန်သော စွမ်းအားများ စုစည်း လာကြသည်။ တော်ဝင် နန်းတော် အပေါ်၌ ဧရာမ မရဏဓား ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။ သူမထံသို့ ပျံသန်းလာသော အတောင်ပံများမှာ ချက်ချင်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားကြ၏။

ရာရာက လေထဲတွင် ရပ်နေကာ သူမနောက်၌ မရဏဓား ဝင်္ကပါ တည်ရှိသည်။ သူမကိုယ်တိုင်က ဓားဝင်္ကပါ၏ မျက်လုံးအဖြစ် ပြောင်းလဲသွားကာ ဓားဝင်္ကပါနှင့် ပေါင်းစပ်သွားဟန် ရသည်။ ထိုအခိုက်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းသည် အဆုံးအဆမဲ့သော ဓားစွမ်းအင်များအား သယ်ဆောင်လျက် နန်းတော်သို့ ဆင်းသက် လာခဲ့သည်။

“သတ် …” ရာရာက အေးစက်စွာ ပြောသည်။ သူမက ပြောလိုက်လျှင် ဓားသည် လေဟာနယ်ကို ခွင်းလျက် ဝင်္ကပါအပေါ်သို့ ကျဆင်း လာခဲ့သည်။ ဝင်္ကပါ၌ ချက်ချင်းပင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့၏။ ထို့နောက် ဝင်္ကပါသည် တဝုန်းဝုန်း ပြိုကျ သွားတော့သည်။

မှန်နန်းတော် သခင်မနှင့် ကျေးရွာ ခေါင်းဆောင်တို့ တစ်ချိန်တည်းတွင် ရှေ့သို့ တက်လာခဲ့ကြသည်။ မှန်နန်းတော် သခင်မက ကျောက်ပြည်ထောင် ဘုရင်ထံသို့ လှမ်းလာခဲ့သော အခိုက်တွင် ကျေးရွာ ခေါင်းဆောင်ကလည်း ကျောက်ရန်ဝမ်ထံသို့ ပျံသန်းသွား၏။

ရီဖူရှင်း သည်လည်း ရှေ့သို့ တက်လာလျှင် ကျန်ကျောင်း၊ ရီဝူချင်းနှင့် တခြား လူများကလည်း နောက်မှ လိုက်ပါ လာကြသည်။

ကျောက်ပြည်ထောင် ဘုရင်သည် ခံစားချက် ကင်းမဲ့စွာဖြင့် ရပ်နေ၏။ သူက မရဏဓား နတ်မယ်အား ကြည့်ကာ သူမ အသုံးပြုနေသည်မှာ မရဏဓား ဝင်္ကပါပေလောဟု သူတွေးမိသည်။ ရာရာက မရဏဓား ဝင်္ကပါ၏ စွမ်းအား အကုန်ကို ထုတ်မသုံးနိုင်လျှင်ပင် လက်ရှိ သူမထုတ်လွှတ်သော စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။ ဓားတစ်ချက်တည်းက ကျောက်ပြည်ထောင်အား နှစ်တစ်ထောင်ကျော် ကာကွယ် ပေးနေခဲ့သော သက်စောင့်ဝင်္ကပါအား ပျက်စီး စေခဲ့သည်။

“ကျောက်ကျိမင် …” အသံတစ်သံအား ကြားရသည်။ ကျောက်ပြည်ထောင် ဘုရင်က ခေါင်းမော့ကာ နန်းတော် အတွင်းသို့ ဝင်လာသော ရီဖူရှင်းအား ကြည့်သည်။ ထိုငယ်ရွယ်သော ရှီတန်ခိုးရှင်သည် အကြောက်အလန့် ကင်းမဲ့စွာဖြင့် သူ့ထံသို့ တန်းတန်းမတ်မတ် လှမ်းလာခဲ့သည်။ သူက နန်းတော်၌ ရှိနေသော ဖီးနစ်စစ်တပ်အား ရှိသည်ဟုပင် ထင်မှတ်ပုံ မရပေ။

“ဒီနေ့ ပြီးသွားရင် ပြည်နယ်ကိုးခုမှာ ကျောက်ပြည်ထောင် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး …” သူ၏လက်ထဲတွင် အချိန်နှင့် လေဟာနယ်လှံ ဖြစ်ပေါ်လာကာ သူက ကျောက်ပြည်ထောင်မှ ထိပ်သီး တန်ခိုးရှင်များအား တိုက်ခိုက်ရန် အဆင်သင့် ပြင်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset