အပိုင်း (၁၀၀၇)

နန်းတော်သခင် ပြန်လာခြင်း

ရီဖူရှင်းက လှေကလေး တစ်စီးဖြင့် မြန်ဆန်စွာ ထွက်သွားသည်ကို ယူချင်းက မြင်လျှင် သူသည်လည်း မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် နောက်မှ လိုက်ပါသွား၏။ တစ်ချိန်တည်းမှာပင် ချင်းကျူ ရေကန်ထံသို့ မမြင်ရသော ဖိအားတစ်ခု ဆင်းသက် လာခဲ့သည်။ ဖန်းရူဟိုင်ဖြစ်စေ၊ တခြားလူများဖြစ်စေ သူတို့အားလုံးက အရိုးကွဲမတတ် အေးစက်မှုကို ခံစားကြရသည်။

“ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ ကိုယ်ရောင်ကိုယ်ဝါလဲ … ဒါက ဖူရှင်းဆီကို ဦးတည်နေတာပဲ…” လှေတစ်စီးပေါ်တွင် ဗိုလ်ချုပ်ချင်က ရီဖူရှင်းရှိရာသို့ စိုးရိမ်စွာ ကြည့်သည်။ သူ့ဘေးမှ ချင်ယီလည်း ထိုနည်းတူ ဖြစ်သည်။ ဤသို့သော ကြောက်မက်ဖွယ် ကောင်းသော ဖိအားအောက်တွင် သူတို့မှာ မည်သို့မှ အကူအညီ ပေးနိုင်စွမ်း မရှိပေ။ ယခု ဖိအားမှာ လျစ်လျူရှုရန်ပင် ခက်ခဲလွန်း ပေသည်။ လူအများအပြားက မြန်ဆန်စွာဖြင့် လွှတ်ရာသို့ ဆုတ်ကြသည်။ တစ်ချိန်တည်းမှာပင် လူရိပ်များ အရပ်မျက်နှာ မျိုးစုံမှ ထွက်ပေါ်လာကြ၏။

“ရေကန်ကို ပိတ်လိုက် … မဆိုင်တဲ့သူတွေ မြန်မြန် ထွက်သွားကြ…” ချင်းကျူရေကန် တစ်လျှောက် ပျံ့လွင့်လာသော အသံတစ်သံအား ကြားကြရသည်။ ထိုအခိုက်တွင် နေရာစုံ၌ များစွာသော တန်ခိုးရှင်များ ပေါ်လာကြသည်။ သူတို့သည် နတ်ဘုရားများအလား ကောင်းကင်တွင် ရပ်နေကြ၏။ တစ်ဦး တစ်ယောက်စီ တိုင်းသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင် ကိုယ်ဝါများ ထုတ်လွှတ် ထားကြသည်။

စကား ပြောလိုက်သူကား ဓားမိစ္ဆာ ဖြစ်သည်။ သူသည်လည်း ချင်းကျူမြို့သို့ ရောက်လာခဲ့သည်။ သူတစ်ယောက်တည်း မဟုတ်ဘဲ နန်းတော်မှ ထိပ်သီး တန်ခိုးရှင် များစွာလည်း ရောက်ရှိလာခဲ့၏။ ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့က အထက်ဘုံသို့ သွားခဲ့သည်ကို နန်းတော်ကလည်း သိပေသည်။

ရေကန်အလယ်သို့ ရောက်လျှင် ရီဖူရှင်းက လှေကလေးအား ရပ်လိုက်သည်။ သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ်များ ဖြာထွက်လာခဲ့ကာ ချင်းကျူရေကန် တစ်ခုလုံးအား ဖုံးအုပ်သွားခဲ့သည်။ ထိုအခိုက်တွင် အချိန်နဲ့ လေဟာနယ်က ရပ်တန့်သွားကာ ကောင်းကင်ထက်တွင် ဖူးပွင့်နေသော မီးရှူးမီးပန်းများ သည်လည်း ရပ်တန့်သွား၏။ လှပသော ပန်းချီကားမှာ အမှန်တကယ် ကောင်းကင်၌ လှုပ်ရှားခြင်း ကင်းမဲ့စွာ ဖြစ်ပေါ်နေသည်။

မရေမတွက်နိုင်သော သူများသည် ထိုမြင်ကွင်းအား ထိတ်လန့်တကြား ကြည့်နေကြသည်။ သူတို့သည် မိမိတို့၏ နှလုံးခုန်သံအား ကိုယ်တိုင် ကြားနေရသည်။ အချိန်နှင့် လေဟာနယ်ကိုပင် ရပ်တန့် စေနိုင်သည်က မည်သို့သော ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည်ပေနည်း။ အရာအားလုံးက ရပ်တန့်သွားရာ သူတို့မှာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားရသည်။ ဤအရာက အမှန်တကယ် လူသား တစ်ယောက်၏ စွမ်းရည်လား။

ရုတ်တရက် အဆုံးစွန်သော အအေးဓာတ်များ မွေးဖွားလာခဲ့ကာ ရေကန်မှာ ဖြည်းဖြည်းချင်း ရေခဲထုအဖြစ် ပြောင်းလဲသွားသည်။ မြူခိုးများသည် ရီဖူရှင်းထံသို့ တဖြည်းဖြည်း ရစ်သိုင်းလာခဲ့ကြကာ ထိုအခိုက်တွင် သူက ရေကန်၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် ပုန်းကွယ်နေဟန် ရသော ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အငွေ့အသက်များအား ခံစားရသည်။

ရွှစ် …

ကျယ်လောင်သော အသံ မဟုတ်သော်လည်း ရေခဲပြင်အား ခွဲလျက် အလင်းထက် မြန်သော ဓားတစ်လက်သည် အရာအားလုံးကို ဖြတ်တောက်လျက် တိုးဝင်လာခဲ့သည်။

ရီဖူရှင်းက လေထဲသို့ ပျံတက်သွားကာ သူ့ခြေထောက် အောက်၌ ပိုမို ပြင်းထန်သော လေဟာနယ် အေးခဲဓာတ်များ ဖြစ်ပေါ်လာကာ အရာအားလုံးကို ရပ်တန့်စေသည်။ ထိုဓာတ်သည် လေဟာနယ်ကို ဖြတ်တောက်နိုင်စွမ်း ရှိသော်လည်း မူလကဲ့သို့ မြန်ဆန်ခြင်း မရှိတော့ပေ။ ထိုအခိုက်တွင် ယူချင်းက ရှေ့သို့တက်သွားကာ သူ၏ ရတနာပုဆိန်ဖြင့် ထိုဓားအား ပိုင်းဖြတ်သည်။ သတ္တုချင်း ထိရိုက်သံနှင့်အတူ ဓားအလင်းသည် နှစ်ခြမ်းကွဲသွားပြီး ရတနာဓားက အောက်သို့ ဆက်လက် ကျဆင်း သွားခဲ့သည်။ အော်ဟစ်သံ တစ်ခုနှင့်အတူ ရေခဲပြင်ပေါ်တွင် သွေးများ စွန်းသွားပြီး လူတစ်ယောက်မှာ နှစ်ပိုင်းပြတ် သွား၏။

ကြီးမားသော ဆုကြေးက အထက်ဘုံမှ အတော်ဆုံးသော လုပ်ကြံ သတ်ဖြတ်သူများကိုပင် ဆွဲဆောင် နိုင်ပေသည်။ သူတို့မှာ ကိုယ်တိုင်အားဖြင့် အလွန် မာနကြီးသူများ ဖြစ်ကြသော်လည်း၊ ရီဖူရှင်း၏ ကျော်ကြားသော မှတ်တမ်းများကို ကြားဖူးကြသော်လည်း ဤနေရာသို့ လာရောက်ခဲ့ကြသည်။ သို့သော် ရီဖူရှင်းအား ပထမဦးဆုံး လုပ်ကြံရန် ကြိုးစားသော သူသည် ယူချင်း၏ ပုဆိန်ချက်တွင် နှစ်ပိုင်း ပြတ်တောက် သွားရသည်။

ရီဖူရှင်း ဆင်းသက် လာသည်တွင် ရုတ်တရက် ထိုနေရာတွင် ဖျက်ဆီးခြင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထောင်ပေါင်း များစွာသော ဓားအသိများသည်  သူ့ထံသို့ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် တိုးဝင်လာကြ၏။ ထိုအခိုက်တွင် လေတိုးသံနှင့်အတူ မြန်ဆန်စွာဖြင့် လူတစ်ယောက် ပျံသန်းလာခဲ့သည်။ ထိုသူကား ကျန်ကျောင်း ဖြစ်သည်။ သူက ထိုဓားသမား၏ ရှေ့၌ ပေါ်လာကာ ပြင်းထန်စွာ တိုက်ခိုက် လိုက်သည်။ သူတို့ နှစ်ယောက်အကြား ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွား၏။

ရေကန်ထဲမှ လူများထံသို့ ဓားအသိများ ရောက်ရှိလာခဲ့၏။ သို့သော် တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအား တစ်ခု ဆင်းသက် လာသည်။ ဓားအသိများ ဆင်းသက်လာသော နေရာတိုင်း၌ အားကောင်းသော စိတ်စွမ်းအားများက ပယ်ဖျက် ပေးသည်။

တန်ခိုးရှင် အများအပြား ပေါ်လာကာ အတော်များများက ရီဖူရှင်းထံသို့ ပြေးလာခဲ့ကြ၏။ ထိုအထဲတွင် ရေကန်သို့ လာရောက် လည်ပတ်ခဲ့ကြ သူများလည်း ပါဝင်ပေသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါ အရဆိုပါက သူတို့မှာ ထိပ်သီး ကွန်းရှီများ ဖြစ်ကြ၏။

ကျယ်လောင်သော မြည်သံများ ထွက်ပေါ် လာခဲ့သည်။ ရီဖူရှင်းရှေ့တွင် ပုံသဏ္ဌာန်တစ်ခုက အရွယ်အစား ကြီးမားလာခဲ့ကာ ဧရာမရွှေလူဝကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ ကျယ်လောင်သော မာန်သွင်းသံသည် လောကတစ်ခွင်အား တုန်ဟည်းစေပြီး လှေကလေးများ ပြင်းထန်စွာ တုန်ခါရာ လူအများအပြားမှာ ရေထဲသို့ ကျသည်။ သူတို့က ဧရာမ ရွှေလူဝံကြီးအား ထိတ်လန့် ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ကြသည်။ တန်ခိုးရှင် တစ်ယောက်က ရှေ့သို့ တက်လာခဲ့ကာ ရွှေလူဝံကြီးနှင့် တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်သည်။ ရေကန်မှာ ပြင်းထန်စွာ တုန်ခါလှုပ်ယမ်း နေတော့သည်။

ချင်းကျူရေကန်မှ လူများမှာ ထိတ်လန့်လွန်းသဖြင့် လှုပ်ရှားရန်ကိုပင် မေ့လျော့ နေကြ၏။ ယနေ့ကား နှစ်ဟောင်း၏ နောက်ဆုံး နေ့ရက်ဖြစ်ကာ မရေမတွက်နိုင်သော လူများသည် ရေကန်၌ လာရောက် လည်ပတ်ကြသည်။ ရုတ်တရက် အလွန် စွမ်းအားမြင့်သော တန်ခိုးရှင်များ ရောက်လာကာ မယုံနိုင်ဖွယ် အစွမ်းများဖြင့် နတ်ဘုရားများအလား တိုက်ခိုက်ကြ၏။

ကြည့်ရသည်မှာ သူတို့သည် ရီဖူရှင်းအား သတ်ဖြတ်ရန် လာကြခြင်း ဖြစ်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က ရေကန်ပေါ်သို့ ပြန်လည် သက်ဆင်းလာခဲ့၏။ သူက အနီးတွင် ဖြစ်ပျက်နေသော တိုက်ပွဲများအား တည်ငြိမ်စွာ ကြည့်သည်။ သည်လူသတ်သမားများ ရောက်ရှိ လာခြင်းကြောင့် မဟုတ်လျှင် တော်ဝင်ကျဲ နန်းတော်မှ လူအများအပြား ချင်းကျူမြို့သို့ ရောက်နေခဲ့သည်ကို သူသိမည် မဟုတ်ပေ။ တော်ဝင် ကျဲနန်းတော်မှ လူများ ချင်းကျူမြို့သို့ ရောက်နေခဲ့ကြ သော်လည်း သူတို့က ရီဖူရှင်းအား အနှောင့်အယှက် မပြုခဲ့ကြပေ။

တိုက်ပွဲများအား တစ်ချက် ကြည့်လိုက်ပြီးနောက် သူက အားကောင်းသော လောကဓာတ် တစ်ခုဖြင့် တိုက်ပွဲနေရာ တစ်ခုလုံးအား ခြုံလွှမ်းစေသည်။ သည်လူသတ်သမားများသည် အားနည်းခြင်း မရှိကြပေ။ ကျန်ကျောင်းနှင့် ယန်ဟောင်တို့၏ အဆင့်ဖြင့်ပင် ရန်သူများသည် ထိပ်တိုက် ရင်ဆိုင်ရန် စိုးရွံ့ခြင်း မရှိခဲ့ကြပေ။

“ယူချင်း…  သွားရှင်းလိုက်…” ရီဖူရှင်းက ပြောလျှင် ယူချင်းက ခေါင်းညိတ်ကာ အနီးမှ တိုက်ပွဲများထံသို့ လှမ်းသွားသည်။

ရုတ်တရက် ချင်းကျူရေကန်၌ မြူများ ရစ်သိုင်း လာခဲ့၏။ မြူများသည် ထူထပ်လွန်းရကား ပတ်ဝန်းကျင်မှာ ဝေဝါးလာခဲ့၏။ လှေတစ်စင်း ရီဖူရှင်းထံသို့ တိုးဝင်လာပြီး သက်လတ်ပိုင်း လူကြီးတစ်ယောက် ကောင်းကင်ထက်မှ ကျဆင်း လာသည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ အနီးတွင်ရှိသော မြူများ အကြားတွင် များစွာသော အရိပ်သဏ္ဌာန်များ ဖြစ်ပေါ်လာ၏။ အရိပ်များမှာ တစ်ယောက်တည်း ဖြစ်ဟန်ရသော်လည်း သူတို့သည် နေရာတိုင်းတွင် ရှိနေ၏။

ရီဖူရှင်းက သူ၏လက်များကို ဝှေ့ယမ်း လိုက်သည်။ ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ကာ ထိုပုံရိပ်များအား ရှင်းလင်းရန် ကြိုးစား၏။ သို့သော်လည်း ထိုအရိပ်များသည် သူ၏ စိတ်နယ်ပယ်၌ လာရောက် ရိုက်နှက် ထားသည့်အလား ခံစားရကာ ဖယ်ရှား၍ မရနိုင်ပေ။

“စိတ်ဝိညာဉ် ပုံရိပ်ယောင်တွေ…” ရီဖူရှင်းက ရေရွတ်သည်။ သည်ကဲ့သို့သော စိတ်ဝိညာဥ် ပုံရိပ်များမှာ အလွယ်တကူ မဖျက်နိုင်ပေ။ သူ့မျက်လုံးများသည် ရွှေရောင် လျှပ်စီးများ ပေါက်ကွဲ ထွက်လာ သကဲ့သို့ ရုတ်တရက် အရောင် တောက်လာခဲ့၏။ အလွန် ပြင်းထန်သော စိတ်ဝိညာဉ် လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ထိုမမြင်ရသော အားလှိုင်းနှင့် ရင်ဆိုင်မိ၏။ ထိုစွမ်းအားသည် ရန်သူ၏ စိတ်နယ်ပယ်ထဲသို့ ချိုးဖျက် ဝင်ရောက်ကာ တစ်ဖက်လူ၏ အာရုံခံစားမှုအား လျှော့ချလျက် ပြင်ပလောကဖြင့် အဆက်မသွယ် ပြတ်စေဟန်ရသည်။ ပုံမှန်အားဖြင့် ထိုသို့ ဖြစ်သွားသော သူသည် ရန်သူ၏ တိုက်ခိုက်မှုများအား အချိန်မီ တုံ့ပြန်ရန် ခက်ခဲ သွားပေသည်။

ထိုပုံရိပ်ယောင်များက ရီဖူရှင်းထံသို့ ချဉ်းကပ် လာသော်လည်း ရီဖူရှင်း၏ အမူအရာမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။ သူက ရေကန်အပေါ် လေထဲ၌ ငြိမ်သက်စွာ ရပ်နေသည်။ သူ့ထံသို့ ချဉ်းကပ်လာသော အန္တရာယ်၏ အငွေ့အသက်များအား သူ ခံစားမိသည်။ တစ်ဖက်လူက ပုံရိပ်ယောင်များကို ယောင်ပြထားကာ သူ မမြင်မတွေ့နိုင်အောင် ချဉ်းကပ် လာသည်ကို သူသိသည်။ အလွန် အားကောင်းသော လူသတ်သမား တစ်ယောက်က အနီးသို့ ချဉ်းကပ် လာခြင်းမှာ အလွန် အန္တရာယ်များသော ကိစ္စဖြစ်၏။ သို့သော်လည်း ရီဖူရှင်းက ထိုအန္တရာယ်အား မှုပုံမရပေ။ သူ၏လက်၌ အချိန်နှင့် လေဟာနယ် လှံပေါ်လာသည်။

ဝူမင် ရောက်လာခြင်း မရှိမီ၌ပင် ရီဖူရှင်း၏ လက်ထဲမှ ရတနာလှံသည် သူ့ရှေ့သို့  ဖြည်းညင်းစွာ ရွေ့လျား သွားခဲ့၏။ ဝူမင်၏ ပုံရိပ်တိုင်းမှာ နှုတ်ခမ်း၌ မဲ့ပြုံးတစ်ခု ရှိနေကြသည်။ သူက တစ်ဖက်လူအား အပိုင်သတ်ကွက် ရပြီဟု ယုံကြည် ထားသည်။

ပြင်းထန်သော မုန်တိုင်းတစ်ခု မွေးဖွား လာခဲ့သည်။ ရတနာလှံက လေထုကို ခွင်းကာ ရှေ့သို့ တိုးဝင်သွား၏။ ထိုအခိုက်တွင် ရီဖူရှင်း၏ ခန္ဓာက ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ် သွားကာ အာကာသ လောကဓာတ်နှင့်အတူ လေဟာနယ်အား ခြေတစ်လှမ်းမျှဖြင့် ရွေ့လျား သွားခဲ့၏။

ပြင်းထန်သော စွမ်းအင်မုန်တိုင်း တစ်ခုသည် ပုံရိပ်တစ်ခုထံသို့ ရိုက်ခတ်လာခဲ့ရာ ထိုလူ၏ အမူအရာမှာလည်း ကြီးစွာ ပျက်ယွင်း ထိတ်လန့် သွားခဲ့သည်။ ရီဖူရှင်း ရောက်လာသည်နှင့် တစ်ပြိုင်နက် အချိန်နှင့် လေဟာနယ်လှံက ထိုမုန်တိုင်းအား ထွင်းဖောက်သွားပြီး ဖြစ်ကာ အချိန်ကိုက် ပေါက်ကွဲသည်။

ဘုန်း … စွမ်းအင်မုန်တိုင်း ပေါက်ကွဲလျှင် ဝူမင်၏ခန္ဓာမှာ မုန်တိုင်းအတွင်း၌ ဝေဝါးလာခဲ့ပြီး သူ၏မျက်လုံးက ကြီးစွာသော တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။ သူ၏ စွမ်းရည်ဖြင့် ရှန့်ထိုအဆင့် အောက်တွင် သူမသတ်ဖြတ်နိုင်သော သူမှာ အလွန် နည်းပါးပေသည်။ သို့သောလည်း ယနေ့တွင် မိမိသည် တကယ့် စွမ်းအားများကိုပင် မထုတ်ဖော် လိုက်ရပါဘဲ အဘယ်ကြောင့် အသတ်ခံခဲ့ရသနည်း။

အာကာသ ဆုတ်ဖြဲခြင်း၊ အာကာသ၌ ရွေ့လျားခြင်း၊ အာကာသ အေးခဲခြင်း … စသည့် ရီဖူရှင်းသည် ထိုအရာများ အားလုံးကို နားလည် သဘောပေါက် ထားဟန် ရသည်။ သူက မိမိ၏ အစစ်အမှန် နေရာကို မည်သို့ သိနေခဲ့သနည်း။ ဝူမင် နားမလည်ပေ။ သို့သော်လည်း သူနားလည်ရန် မလို။ ဝူမင်၏ခန္ဓာသည် လေထဲ၌ ပေါက်ကွဲ ပျောက်ကွယ် သွားသော်လည်း ရီဖူရှင်း၏ မျက်လုံးများမှာ တည်ငြိမ်လွန်းခဲ့သည်။ သူက အချိန်နှင့် ရတနာလှံအား သိမ်းဆည်း လိုက်သလို အနီးတစ်ဝိုက်မှ ထင်ယောင်ထင်မှား ပုံရိပ်များမှာလည်း ကွယ်ပျောက်သွားပြီ ဖြစ်သည်။ ရီဖူရှင်းက တစ်ဖန် ရေကန်ပေါ်သို့ သက်ဆင်း လာခဲ့ကာ အနီးတစ်ဝိုက်မှ တိုက်ပွဲများအား ကြည့်သည်။

အခြေအနေမှာ မျက်လှည့်ပြသလို ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ သူ့အား သတ်ဖြတ်ရန် လာသူများမှာ ယခု နန်းတော်မှ လူများ၏ အမဲလိုက်ခြင်းကို ခံကြရ၏။ လက်ရှိ နန်းတော်၏ စွမ်းအားမြင့် တန်ခိုးရှင်များ လက်ထဲတွင် သူတို့သည် အထက်ဘုံမှ အဆင့်မြင့် လူသတ်သမားများ ဖြစ်လျှင်ပင် လွတ်လမ်း မရှိခဲ့ပေ။

အချိန် သိပ်မကြာခင် တိုက်ပွဲမှာ ငြိမ်သက် တိတ်ဆိတ် သွားခဲ့သည်။ ရုတ်တရက်အားဖြင့် တိုက်ပွဲက ရောက်လာခဲ့ကာ မြန်ဆန်စွာ ပြီးဆုံးသွားခဲ့၏။ ချင်းကျူရေကန် အနီးတွင် အကြည့်များစွာက ရီဖူရှင်းထံသို့ ရောက်လာခဲ့ကြသည်။ သူတို့၏ စိတ်နှလုံးများမှာ ပြင်းထန်စွာ တုန်ခါ နေခဲ့ကြ၏။ ဤတန်ခိုးရှင်များက ရီဖူရှင်း အတွက် ရောက်လာခဲ့ကြခြင်း ပေလော။

“နန်းတော် သခင်က ကျေးဇူးပြုလို့ နန်းတော်သို့ ပြန်လာပေးပါ …” အသံတစ်သံက ထိုနေရာ တစ်ခုလုံးအား ရိုက်ခတ် လာခဲ့သည်။ ရီဖူရှင်းက ရပ်နေရင်းက ဓားမိစ္ဆာအား ကြည့်သည်။

“နန်းတော်သခင် … နန်းတော်သို့ ကျေးဇူးပြုလို့ ပြန်လာပေးပါ …” နောက်ထပ် အသံတစ်သံအား ကြားရသည်။ ပြောလိုက်သူမှာ ကျန်ကျောင်း ဖြစ်၏။ ချင်းကျူရေကန်တွင် ထိုစကားသံမှလွဲ၍ အရာအားလုံးမှာ တိတ်ဆိတ် နေခဲ့သည်။

“နန်းတော်သခင်က နန်းတော်သို့ ပြန်လာ စေချင်ပါတယ် …” လေထဲတွင် နောက်တစ်ယောက် ပေါ်လာသည်။ သူကား ထို့ကျန်း ဖြစ်သည်။ ရေကန်အပေါ်၌ တန်ခိုးရှင် တစ်ရာခန့် ရှိပေသည်။ ထိုအထဲတွင် ရီဖူရှင်း သိသောသူ များစွာ ပါဝင်ကာ သူမသိသော သူများလည်း ပါဝင်ပေသည်။ သို့သော် သူတို့အားလုံးသည် တော်ဝင်ကျဲ နန်းတော်၏ တန်ခိုးရှင်များ ဖြစ်ကြ၏။

ထိုအချိန်တွင် ထိုလူများ အားလုံးက ဒူးထောက်ကာ သူတို့၏ မျက်လုံးများက ရီဖူရှင်းထံသို့  ကြည့်လျက် ကျယ်လောင်စွာ ပြောကြသည် … “နန်းတော်သခင်က နန်းတော်သို့ ပြန်လာ စေချင်ပါတယ်…”

“နန်းတော်သခင်က နန်းတော်သို့ ပြန်လာစေချင်ပါတယ် …” ထိုအသံသည် ကောင်းကင်နှင့် မြေပြင်အကြား ပဲ့တင်ထပ် နေသည်။

ရီဖူရှင်းက သူတို့အား ကြည့်နေစဉ်မှာပင် သူ့ဘေးနားသို့ လူအချို့ ရောက်လာ၏။ သူတို့မှာ ကျေးရွာ ခေါင်းဆောင်၊ သူ့ဆရာနှင့် ဆရာကတော်တို့ ဖြစ်ကြသည်။

“ဖူရှင်း … ပြန်လိုက်ပါ …” ဟွာဖန်းလူက တီးတိုး ပြောသည်။ ရီဖူရှင်းက ဤနေရာတွင် နေထိုင်သည်မှာ ဟွာဂျီယူကြောင့်သာ မဟုတ်ဘဲ သူနှင့် နန်ဒူဝမ်ရန်တို့ ကြောင့်လည်း ဖြစ်သည်ကို ဟွာဖန်းလူ သိသည်။ ချင်းကျူ ရေကန်ပေါ်တွင် ဆံပင်ဖြူလူငယ်သည် ဟွာဖန်းလူနှင့် နန်ဒူဝမ်ရန်တို့အား ကြည့်လျက် ဒူးထောက်ကာ ဦးသုံးကြိမ်ချသည်။ ထို့နောက် သူက ထရပ်ကာ လေထဲသို့ ကြည့်လျက် ပြောသည် … “နန်းတော်သို့ ပြန်မယ် …” ပြောပြီးသည်နှင့် သူက ကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံတက် သွားခဲ့တော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset