အပိုင်း (၁၀၀၅)

ပြည်နယ်ကိုးခုမှ သတင်းများ

ကျေးရွာ ခေါင်းဆောင် ပြောသည်ကို ကြားလျှင် ရီဖူရှင်းကား အတန်ကြာ တိတ်ဆိတ် သွား၏။ တားမြစ်မှုမှာ ပျက်ပြယ်ခဲ့ပြီ။ အင်ပါယာရှားက ရှန့်ထိုများ အားလုံးအား အထက်ဘုံသို့ ဆင့်ခေါ်ကာ သတင်းများ ပျံ့နှံ့ခြင်း မရှိရန် တားမြစ်ခဲ့၏။ မဟုတ်လျှင် ထိုတော်ဝင်မြေများ ဖျက်ဆီးခြင်း ခံရမည်။

တော်ဝင်မြေမှ လူများသည် အကြောင်းပြချက်အား မသိနားမလည် ကြသော်လည်း ထိုအရာက အင်ပါယာရှားနှင့် သက်ဆိုင်မည်ဟု ခန့်မှန်းမိကြသည်။ မဟုတ်လျှင် သူက အဘယ်ကြောင့် ထိုမျှ အားကောင်းသော တားမြစ်မှုအား ထုတ်ပြန် မည်နည်း။

တော်ဝင်စစ်ပွဲ ဖြစ်ပွားခဲ့ကာ စကားတစ်ခွန်းမျှက အင်ပါယာရှားသည် စည်းမျဉ်း စည်းကမ်းများ အားလုံးကို ဖျက်ဆီးခဲ့သည်။ အင်ပါယာရှားက ရှန့်ထိုများ အားလုံးကို ဆင့်ခေါ်မှတော့ လူတိုင်းက ထိုကိစ္စအား စိတ်ဝင်စား ခဲ့ကြ၏။ သို့သော် မည်သူက ကောလာဟလများအား ထုတ်လွှင့်ရဲမည်နည်း။ ထိုကိစ္စက တစ်ဦး တစ်ယောက်တည်း အနေနှင့် မဟုတ်ဘဲ တော်ဝင်မြေ တစ်ခုလုံးအား ပျက်စီးသွားစေမည့် အရေးဖြစ်သည်။ ကောလာဟလ ထွက်ပေါ်လာသော မည်သည့် တော်ဝင်မြေမဆို အင်ပါယာရှားက ပျက်စီးသွားအောင် လုပ်မည် ဖြစ်သည်။

အင်ပါယာရှားက အဘယ်ကြောင့် ထိုသို့ လုပ်သည်ကို သူနားမလည်။ သတင်းများကို အမှောင်ချသည် ဆိုပါက သူ့အား မသတ်တော့ပြီလား။ သူနားမလည်ပေ။ ဤနောက်ကွယ်က အကြောင်းအရင်းများမှာ ဘာတွေ ဖြစ်သနည်း။

အင်ပါယာရှားက ဘုံတစ်ခုလုံးအား ထိန်းချုပ် သော်လည်း သူက မည်သို့ အရှင်ဒွန်ဟောင်နှင့် နှိုင်းယှဉ်နိုင်မည်နည်း။ အတိတ်မှ အရှင်ဒွန်ဟောင်သည် သူ့လူများအား သည်နေရာသို့ စေလွှတ်ဖူးသည်ကို အင်ပါယာရှားက မည်သို့ မသိဘဲ နေမည်နည်း။ သို့သော် အဘယ်ကြောင့် သည်တစ်ခေါက်တွင် မည်သူမှ သူ့အား လာမဖမ်းကြသနည်း။ သူတို့က ရောက်မလာသေး သည်လည်း ဖြစ်နိုင်၏။ မည်သို့ဆိုစေ အင်ပါယာရှားက သူ့နယ်မြေထဲတွင် ရှိနေသော မိမိအား လာရောက် ဖမ်းစရာ မလိုပေ။ သူ အလိုရှိသောအချိန် မိမိအား ဖမ်းဆီးနိုင်ပေ၏။

“ပြီးတော့ အင်ပါယာရှားက ကျိရှမ်းကမ်းပါးကို ဖျက်သိမ်းပြီးတော့ ယွီပြည်နယ်ရဲ့ တော်ဝင်မြေ စာရင်းက ပယ်ဖျက် လိုက်တယ်။ ပြီးတော့ ကျောက်တုံးရှန့်ထိုကို ထိန်းချုပ် စေခဲ့တယ်။ ရှားရှမ်းကလည်း ရှန့်ထိုကျိကို အကျယ်ချုပ် ဆယ်နှစ် ချမှတ်ခဲ့ပြီးတော့ တော်ဝင် အလင်းနန်းတော်က ထွက်သွားခွင့်ကို ပိတ်ပင်ခဲ့တယ်” ကျေးရွာ ခေါင်းဆောင်က ဆက်ပြောသည်။ ကျိရှမ်း ကမ်းပါးကား သူတို့၏ ရှန့်ထိုများအား ဆုံးရှုံးခဲ့ပြီး ဖြစ်သလို တော်ဝင်မြေ ဟူသော ဂုဏ်ပုဒ်ကိုလည်း ပယ်ဖျက် ခံရ၏။ သူတို့က ရှန့်ထိုကျဲ၏ အင်ပါယာရှား စည်းမျဉ်းအား ချိုးဖောက်မှု အပေါ် အပြစ်ပေးခံရခြင်း ဖြစ်သည်။

ရှန့်ထိုကျဲက စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောအခါ ရှန့်ထိုရှားအား ရှန့်ထိုကျိက တားဆီးခဲ့သည်။ ထို့ကြောင့် သူသည် ဆယ်နှစ်တိတိ အကျယ်ချုပ် ခံရ၏။

ဤသို့ဆိုလျှင် ထိုလူ ကိုးယောက်သည် မည်သူများ ဖြစ်ကြသနည်း။ ရှန့်ထိုကျဲအား လှုပ်ရှားရန် မည်သူတို့က စေခိုင်းခဲ့သနည်း။ ရှန့်ထိုကျဲကား ရှန့်ထို အဆင့်၌ရှိရာ သူက ရီဖူရှင်း၏ အသက်နှင့် မိမိကိုယ်ကို အလဲအလှယ် လုပ်ခြင်းမှာ ယုတ္တိမဲ့ပေသည်။ ထိုတန်ခိုးရှင် ကိုးယောက်သည် ကျိရှမ်းကမ်းပါးမှ မဟုတ်သည်မှာ သေချာ၏။

ကျေးရွာ ခေါင်းဆောင်က ခေါင်းယမ်းသည် … “အင်ပါယာရှားက ဒီကိစ္စကို စုံစမ်းထားပြီဖြစ်လို့ အဖြေကို သိလိမ့်မယ်။ ဒါပေမဲ့ သူက ဘယ်သူ့ကိုမှ ထုတ်မပြောသေးဘူး”

ရီဖူရှင်းက ခေါင်းညိတ်ကာ ဘာမှမပြောပေ။

“ရှန့်ထိုတွေ အထက်ဘုံက ပြန်ရောက်လာပြီး နောက်ပိုင်း တော်ဝင်မြေတွေက တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ သူတွေ အကုန်လုံးကို အင်ပါယာရှားက သေသေချာချာ စိစစ် မေးမြန်းခဲ့ပုံ ရတယ်။ ဒါကြောင့် အင်ပါယာရှားက တရားခံကို သိပြီး ဖြစ်လိမ့်မယ်” ကျေးရွာ ခေါင်းဆောင်က ဆက်ပြောသည် … “ဒီတိုက်ပွဲမှာ တော်ဝင်မြေ ခြောက်ခုက အင်အားတွေ အများကြီး ဆုံးရှုံးခဲ့တယ်။ ချီပြည်နယ်မှာလည်း ချီကလန်က တော်ဝင် အလင်းနန်းတော်ရဲ့ နယ်မြေတွေ တော်တော်များများကို သိမ်းပိုက် နိုင်ခဲ့တယ်။ ချီပြည်နယ် အထဲက ထိပ်သီး အင်အားစုတွေ တော်တော်များများ ချီကလန်နဲ့ ပိုမိုနီးကပ်အောင် ကြိုးစားပြီးတော့ တော်ဝင်အလင်း နန်းတော်နဲ့ ကင်းကင်း ရှင်းရှင်း ဖြစ်အောင် နေကြတယ်။ ပြီးတော့ တော်ဝင်မြေ ခြောက်ခုရဲ့ အနီးက အင်အားစုတွေကလည်း စိုးရိမ် ထိတ်လန့် နေကြတဲ့အတွက် သူတို့အနေနဲ့ နောက်ထပ် စစ်ပွဲတစ်ခု ဆင်နွှဲဖို့ရာ အင်အား စုဆောင်းဖို့ လွယ်မှာ မဟုတ်တော့ဘူး”

တော်ဝင်မြေ ခုနစ်ခုက ပူးပေါင်းကာ တော်ဝင်ကျဲ နန်းတော်အား တိုက်ခိုက်ခဲ့သောအခါ လူအများက နန်းတော်မှာ ပျက်စီးတော့မည်ဟု လူအများက တွေးတောခဲ့ကြသည်ကို ရီဖူရှင်း နားလည်ပေသည်။ ထို့ကြောင့်ပင် တော်ဝင်မြေခုနစ်ခု၏ လက်အောက်မှ အင်အားစုများသည် အကျိုးအမြတ်ရရန် အလို့ငှာ တိုက်ပွဲ၌ ပါဝင်ခဲ့ကြသည်။

သို့သော် တိုက်ပွဲအပြီး၌ ထိုလူများ အားလုံးမှာ သူတို့ မှားယွင်းခဲ့ကြသည်ကို သိလိုက်ကြသလို တခြား အင်အားစုများမှာလည်း တော်ဝင်မြေ ခြောက်ခုနှင့် ပတ်သက်ရဲခြင်း မရှိကြတော့ပေ။ ဤသည်ကပင် တော်ဝင်စစ်ပွဲ၏ လွှမ်းမိုးမှု ဖြစ်ပေသည်။

တော်ဝင်မြေ အတော်များများမှာ စိုးရိမ်ထိတ်လန့် နေကြသော်လည်း အချို့မှာ လှုပ်ရှားရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ ဥပမာ တော်ဝင်အလင်း နန်းတော်သည် စစ်ပွဲ၌ အင်အားများစွာ ယုတ်လျော့ခဲ့ရာ ချီကလန်က ထိုအချက်အား အခွင့်ကောင်းယူလျက် လှုပ်ရှားရန် ချောင်းနေကြသည်။ လက်ရှိ အခြေအနေက သူတို့အတွက် ကြီးမားသော အခွင့်အရေး ဖြစ်သည်။

ပြည်နယ်ကိုးခု၏ ချိန်ခွင်လျှာ ပြောင်းလဲ လာခဲ့သည်ကို အားလုံးက ခံစားကြရသည်။ ယခင်က အင်အား အနည်းဆုံး ဖြစ်ခဲ့သော မြေရိုင်း ပြည်နယ်သည် ယခုတွင် ရှန့်ထိုလေးပါးရှိကာ အလွန် အင်အားကြီးထွား လာခဲ့သည်။

ရှန့်ထိုကျန့်သည် ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ နံပါတ် ဆယ့်နှစ်၌ရှိကာ ရာရာသည်လည်း ရှန့်ထိုကျဲအား သတ်ဖြတ်ခဲ့၏။ ထိုတိုက်ပွဲ၌ သူမသည် သာမန် ဓားဝိညာဉ်ခန္ဓာ တစ်ခုမျှသာ မဟုတ်တော့သည်ကို အားလုံးက မြင်တွေ့ခဲ့ကြရသည်။ ထို့ကြောင့် ကျေးရွာ ခေါင်းဆောင်နှင့် ထောင်ကျန်းတို့အား ပေါင်းလျှင် တော်ဝင်ကျဲ နန်းတော်၌ ရှန့်ထိုလေးပါး ရှိလာခဲ့သည်။

ရှန့်ထိုအဆင့်၏ အောက်၌လည်း ရီဖူရှင်း အသက်မသေခဲ့ရာ သူကိုယ်တိုင်က စစ်တပ် တစ်တပ်အား ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။

တော်ဝင်မြေ ခြောက်ခုက မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။

“မင်း ဘယ်တော့ ပြန်လာမလဲ …” ကျေးရွာ ခေါင်းဆောင်က မေးသည်။

ရီဖူရှင်းက မျက်လုံးများအား မှိတ်လိုက်သည်။ သူ ဘယ်တော့ ပြန်မည်နည်း။ တားမြစ်မှုမှာ ပျက်ပြယ်သွားပြီ ဖြစ်သော်လည်း သူ၏ အန္တရာယ်မှာကား ရှိနေဆဲဖြစ်သည်။

သူက သူ့ဆရာတို့ ဇနီးမောင်နှံအား ကြည့်ကာ တီးတိုး ပြောသည်… “အဘ ပြန်လိုက်ပါ… ကျွန်တော် ဒီမှာ အေးအေးဆေးအေး နေချင်တယ်”

“သခင်မက မင်းနောက်ကို လိုက်ဖို့ အမိန့်ပေး ထားတယ်” ကျေးရွာ ခေါင်းဆောင်က ပြောသည်။ ရီဖူရှင်းအား ရှန့်ထို အဆင့်အောက်၌ ယှဉ်နိုင်သူ မရှိသော်လည်း ရှန့်ထိုကျဲကဲ့သို့ နောက်တစ်ယောက် မရှိနိုင်ဟု မပြောနိုင်ပေ။

“ကြည့်ရတာ ရာရာက ကျွန်တော့်ကို အစ်ကို တစ်ယောက်လို သဘောထားတုန်းပဲ… ” ရီဖူရှင်းက ပြုံးသည်။ ကျေးရွာ ခေါင်းဆောင်၏ မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။

“နောက်တစ်ခု ရှိသေးတယ်။ ရှန့်ထိုတွေ အထက်ဘုံက ပြန်ရောက်ပြီး နောက်ပိုင်း ကျောက်ပြည်ထောင် ဘုရင်နဲ့ ရှီဟွာတောင် ရှန့်ထိုတို့က မှန်နန်းတော်သို့ သွားခဲ့ကြသေးတယ်။ ဒါပေမဲ့ မှန်နန်းတော်မှာ တန်ခိုးရှင်တွေ တစ်ယောက်မှ မကျန်တော့ဘူး။ မှန်နန်းတော် သခင်မက သတင်း ကြိုရထားပုံ ပေါ်တယ်” သူက ပြောသည်။

ရီဖူရှင်းက ကျောက်ပြည်ထောင် ဘုရင်၏ အစွဲအလမ်းများကို သိပေသည်။ ယခု သူတို့က နန်းတော်အား အလွယ်တကူ မတိုက်ခိုက် နိုင်တော့ပေ။ သူတို့တွင် ရှန့်ထိုများ ရှိသည့်တိုင် ရာရာနှင့် ရှန့်ထိုကျန့်တို့ရှိသော နန်းတော်အား သူတို့က လာရောက် မတိုက်ခိုက်ရဲပေ။ မည်သို့ဆိုစေ ရာရာမည်မျှ စွမ်းအားကြီးသည်ကို မည်သူမှ အတိအကျ မသိပေ။ ထို့ကြောင့် သူတို့က အားအနည်းဆုံးဟု ထင်ရသော မှန်နန်းတော် သခင်မအား ရွေးချယ်ခြင်း ဖြစ်သည်။

***

ရီဖူရှင်းက ပြန်မသွားခဲ့ဘဲ ချင်းကျူမြို့တွင်သာ ဆက်နေခဲ့သည်။ သူကား ယခင်အတိုင်းပင် ဆက်လက် နေထိုင်ခဲ့၏။ သူ့အတွက် ထိုသို့နေခြင်းက အလေ့အထ ဖြစ်လာဟန် ရပေသည်။ သို့သော်လည်း ကွဲပြား ခြားနားသည်ကား ယခင်လိုမဟုတ်ဘဲ သူ၏ ကျင့်ကြံခြင်းများကို ပြန်လည် ပြုလုပ်လာခဲ့ပေသည်။

နံနက်တိုင်းတွင် သူက သိုင်းပညာ လေ့ကျင့်ခြင်း၊ တရားထိုင်ခြင်းများနှင့် ကောင်းကင်နှင့် မြေပြင်မှ သဘာဝ စွမ်းအားများကို အာရုံခံခြင်းများအား ပြုလုပ်သည်။ တစ်ခါတစ်ရံ သူက လှံရှည်ဖြင့် လေ့ကျင့်၏။ နေ့ဘက် အချိန်များ၌ သူက သူ့ဆရာနှင့် ဆရာကတော်တို့အား အဖော်ပြုကာ စစ်တုရင် ကစားပြီး တစ်ခါတစ်ရံ၌ မြို့ထဲ၌ သွားရောက် လမ်းလျှောက်သည်။ ညဘက်၌ သူက ရေကန်ဘေးသို့ သွားသည်။

သူက ထိုရိုးရှင်းသော ပုံစံဖြင့် ရက်သတ္တပတ်များစွာ နေထိုင်ခဲ့၏။ သူ့ဆရာနှင့် ဆရာကတော်တို့ မှာလည်း နောက်ပိုင်းတွင် သူနှင့်အတူ မြို့ထဲသို့ လမ်းလျှောက် ထွက်သော အခြေအနေသို့ အထိ ရောက်လာခဲ့ပြီး သူတို့၏ စိတ်များမှာလည်း အနည်းငယ် နေသား ကျလာခဲ့ကြဟန် ရှိသည်။

မှန်သည် … သူ့ဆရာနှင့် ဆရာကတော်တို့က ဂျီယူအား မေ့နိုင်မည် မဟုတ်သည်ကို သူသိသည်။ သူကလည်း ထိုနည်းတူဖြစ်ရာ သူတို့၏ ခံစားချက်များအား နားလည် နိုင်ပေသည်။ သူက ထွက်မသွားခြင်းမှာ သူ့တွင် ဆက်နေရသော အကြောင်းပြချက် ရှိသောကြောင့်ပင်။ တစ်နေ့တွင် သူက သူမအား လုံးဝ မေ့လျော့နိုင်ခြင်း မရှိဘဲနှင့် သူ့အနေဖြင့် အသက် ဆက်ရှင်သန် နိုင်သော အကြောင်းပြချက် နောက်တစ်ခု သူရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်ပေသည်။

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၁၇ ခုနစ်မှာ ကုန်ဆုံးတော့မည့် အချိန်သို့ ရောက်လာလေပြီ။ ချင်းကျူမြို့မှာလည်း တဖြည်းဖြည်း ပိုမို စည်ကားလာဟန် ရ၏။ အိမ်နှင့်ဝေးရာသို့ သွားရောက် လေ့ကျင့်သူများမှာလည်း တဖြည်းဖြည်းဖြင့် အိမ်ပြန် လာခဲ့ကြသည်။ ချင်းကျူမြို့တွင် နှစ်စဉ် နှစ်တိုင်းအားဖြင့် နှစ်သစ်ကူး နေ့ရက်များမှာ အလွန် လှပေပေရာ သည်နှစ်လည်း ခြွင်းချက်မရှိပေ။

ရေကန်ဘေး၌ မီးရောင်စုံများ လင်းလက်နေခဲ့ပြီး လှေကလေးများမှာ ရေထဲ၌ ငြိမ်သက်စွာ သွားလာ နေကြသည်။ ကမ်းစပ်တွင် သာမန် အရပ်သားများသည် မီးရှူးမီးပန်းများနှင့် အစား အသောက်များကို ရောင်းချ နေကြသည်။ မည်သို့ဆိုစေ ချင်းကျူမြို့ကား နေရာတိုင်းတွင် စွမ်းအားမြင့် တန်ခိုးရှင်များဖြင့် ပြည့်နှက်နေသော ပြင်ပလောကနှင့် မတူပေ။ ရေကန်ဘေး၌ ကု့ချင်းသံမှာ သာယာစွာ ထွက်ပေါ်နေခဲ့ကာ မြို့သူ မြို့သားများမှာလည်း ထိုဂီတသံနှင့် အသားကျ နေကြပြီ ဖြစ်သည်။

နောက်ပိုင်း နေ့ရက်များတွင် ရီဖူရှင်း၏ အကြောင်းကို ပြောဆိုကြသူ သိပ်မရှိတော့ပေ။ သူက အတိတ်၌ မည်မျှ နာမည် ကျော်ကြားခဲ့ပါစေ ယခုကား သူသည် သာမန် အရပ်သား တစ်ယောက်နှင့် သိပ်မခြားတော့ပေ။ လူအများအပြားက သူ့ပုံပြင်များအား မေ့လျော့ လာခဲ့ကြကာ သူရဲကောင်းတစ်ဦး၏ အဆုံးသတ်အပေါ် သက်ပြင်း ချကြရသည်။ သူက ပြင်ပလောက၌ သူ့ကျင့်ကြံခြင်းကို ပျက်စီးစေသော အင်အားကြီး ရန်သူများဖြင့် ဆုံတွေ့ခဲ့ကာ အစွမ်းများ ပျက်ပြယ်ခဲ့ပြီး ယခု ချင်းကျူမြို့၌ လာရောက်ဇာတ်မြှုပ်နေထိုင်သည်ဟု လူအများအပြားက စတင်၍ ယုံကြည် လာခဲ့ကြတော့သည်။

ချင်ယီနှင့် ဖန်းရှင်းဇွီတို့ သူနှင့် စကားပြောရန် ရေကန်ဘေးသို့ မကြာမကြာ ရောက်လာခဲ့ရာ လူအများ၏ ကနဦး ခန့်မှန်းမှုများကို ပိုမို သေချာစေခဲ့၏။ ချင်ယီနှင့် ဖန်းရှင်းဇွီတို့သည် ယခင်ကတည်းက ရီဖူရှင်းအပေါ် ခံစားချက်များ ရှိကြဟန်ရ၏။ မဟုတ်လျှင် သူတို့က သူ့ဘေးတွင် အချိန်များစွာ လာရောက် ကုန်ဆုံးကြမည် မဟုတ်ပေ။

ယန်ချူသည် အလွန် ရက်ရောသူ ဖြစ်ကြောင်း လူအချို့က ရယ်မောကြ၏။ သူက စိတ်မဆိုးသည့်အပြင် သူ့ဇနီးနှင့်အတူ ရောက်လာကာ ကု့ချင်းသံကို နားထောင်လေ့ရှိသည်။

သူ၏သံစဉ် ပြီးဆုံးသွားကာ ရီဖူရှင်းက သူ၏ကု့ချင်းအား သိမ်းဆည်း လိုက်သည်။ သူ့နောက်မှ မိန်းကလေး တစ်ယောက် ရှေ့သို့ တက်လာကာ ဝတ်ရုံရှည်အား သူ့ကိုယ်ပေါ်၌ ရုံပေးသည်။ ချင်းကျူ ရေကန်ဘေး၌ ထိုမြင်ကွင်းကို မြင်သူများမှာ ရီဖူရှင်းအပေါ်  အမှန်တကယ် လေးစားကြရသည်။ သူကား ဤသို့သော ကျရှုံးနေသော အခြေအနေ၌ပင် မိန်းမလှများ ဝိုင်းရံနေသည်။

သူ့အား ဝတ်ရုံ ခြုံပေးသူသည်ကား အလွန် ထူးခြား ကောင်းမွန်သော ကိုယ်ရောင် ကိုယ်ဝါအား ပိုင်ဆိုင်၏။ သူမသည် နောက်ပိုင်း နေ့ရက်များတွင် ရီဖူရှင်းနှင့် အမြဲတမ်းအားဖြင့် ရှိနေလေ့ရှိသည်။ သူမကား လို့လန်ရွှီ ဖြစ်သည်။

“ဖူရှင်း … ကြယ်နဲ့လ အလင်းရောင်တွေက ရေပြင်မှာ ရောင်ပြန် ထနေတယ် … လှေပေါ်ကို သွားရအောင်…” ချင်ယီက ပြုံးလျက်ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ပြုံးသည်။ အင်ပါယာရှားက သူ့အား ဖမ်းဆီးရန် လူစေလွှတ်ခြင်း မရှိသေးရာ ကြည့်ရသည်မှာ သူ့အား တစ်ခုခုလုပ်ရန် အစီအစဉ် မရှိဟူသော သဘောဖြစ်သည်။ နောက်ပိုင်း နေ့ရက်များတွင် သူ၏ စိတ်အခြေအနေက ပိုမို ကောင်းမွန်လာခဲ့ကာ ပြင်းထန်စွာ စိတ်ဓာတ်ကျခြင်းများ သိပ်မရှိတော့ပေ။

“လှေတစ်စီး သွားရှာကြမယ်… ” ဖန်းရှင်းဇွီကလည်း ယန်ချူအား ဆွဲခေါ်သည်။ အတန်ကြာလျှင် သူတို့ တစ်အုပ်စုလုံးက ရေကန်၏ ရှုခင်းများကို ကောင်းကောင်း ကြည့်ရှု ခံစားကြသည်။

ရီဖူရှင်းသည် လှေကလေးထဲ၌ လဲလျောင်းကာ ကောင်းကင်မှ ကြယ်များအား ရေတွက်နေဟန် ရသည်။ ကြယ်အချို့မှာ အတော်လင်းလက် တောက်ပကြသည်။ အချို့က ပြောသည်မှာ လူများ သေဆုံးပါက ကောင်းကင်၌ ကြယ်များအဖြစ် ပြောင်းလဲ သွားသည်ဟု ဆိုသည်။ ထိုပုံပြင်ဒဏ္ဍာရီများသာ အမှန်ဆိုပါလျှင် ဂျီယူသည် အတောက်ပဆုံး ကြယ်ဖြစ်ပေလိမ့်မည်။

ရေကန်အား လေပြင်းတစ်ချက် ရိုက်ခတ် သွားသည်။ ရီဖူရှင်းက အနည်းငယ် မျက်မှောင်ကြုတ် လိုက်ပြီး ထရပ်သည်။ သူက တစ်နေရာကို လှမ်းကြည့် လိုက်လျှင် လှေကလေးတစ်စီး မျောလာသည်ကို တွေ့၏။ လှေဦးတွင် လူတစ်ယောက် ရပ်လျက် လိုက်ပါလာသည်။ ချင်ယီနှင့် ဖန်းရှင်းဇွီတို့လည်း ထိုမြင်ကွင်းကို ကြည့်ကာ အချင်းချင်း စကားပြော နေခြင်းအား ရပ်လိုက်ကြသည်။ လှေပေါ်၌ လိုက်ပါလာသူမှာ မယုံကြည်နိုင်ဖွယ် ကောင်းအောင် လှပသော မိန်းမတစ်ယောက် ဖြစ်သည်။ သူမက တည်ငြိမ်စွာ ရပ်နေသော်လည်း သူမ၏ အလှက တစ်လောကလုံးကို ရူးသွပ် စေလောက်ပေသည်။

ထိုမိန်းမက ထိုလှေပေါ်မှနေ၍ ရီဖူရှင်းတို့ လှေပေါ်သို့ တက်လာသည်။ ယူချင်းက ထရပ်ကာ ရှေ့သို့ တက်သွားရန် ဟန်ပြင်သော်လည်း ရီဖူရှင်းက လက်ဝှေ့ယမ်း လိုက်သည်။ ထိုမိန်းမက သူ့ထံသို့ လာခြင်း ဖြစ်သည်။

“အစ်မချင်တို့ အရင် ပြန်နှင့်ကြပါ” ရီဖူရှင်းက ချင်ယီနှင့် တခြား လူများအား အနည်းငယ် ဦးညွှတ်ကာ ပြောသည်။

“သွားရအောင်…” ယူချင်းက တီးတိုး ပြောသည်။ သူတို့အားလုံးက စိုးရိမ်ပူပန် ကြသော်လည်း သူတို့က လှေကလေးပေါ်သို့ တက်ကာ ရီဖူရှင်းအား ကြည့်လျက် ထွက်သွား ကြသည်။

“မင်း ဘယ်တော့ ပြန်လာမလဲ… ” ထိုမိန်းမက ရီဖူရှင်းဘေး၌ ထိုင်ကာ တီးတိုး ပြောသည်။

“ခင်ဗျားမှာ ဒီလို မြို့သေးသေးလေးသို့ လာဖို့ ဘယ်လို အချိန်တွေ ရှိနေတာလဲ … အစ်မတော် သခင်မ…” ရီဖူရှင်းက ဘေးမှ ချောမောသော မိန်းမအား ကြည့်သည်။ သူကား အနည်းငယ် အံ့အားသင့် ရ၏။ မှန်နန်းတော် သခင်မက ဤနေရာသို့ ရောက်လာမည်ဟု သူမထင်ထားပေ။

“ပြည်နယ်ကိုးခုက မင်း သတင်းကိုပဲ စောင့်နေကြတယ်။ ဒါပေမဲ့ မင်းကတော့ မိန်းမလှတွေ ဝန်းရံပြီးတော့ ကု့ချင်းတီးပြီး သာယာနေတယ် မလား” မှန်နန်းတော် သခင်မက အေးစက်စွာ ပြောသည်။

“ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ… ” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။

“ဆိုင်တော့ မဆိုင်ဘူး … ဒါပေမဲ့ တော်ဝင်စစ်ပွဲမှာ မရေမတွက် နိုင်တဲ့လူတွေ သေခဲ့တယ်။ သူတို့ရဲ့ အလောင်းတွေက မအေးခဲသေးဘူး။ မင်း ဇနီးတောင်မှ သေသွားခဲ့တယ်။ ဒါပေမဲ့ မင်းက ဒီမှာ ဘာလုပ်နေလဲ။ မင်းရဲ့ ခံစားချက်တွေကို ပြဖို့ ဆံပင်ဖြူစေ ခဲ့တာလား” မှန်နန်းတော် သခင်မက အေးစက်စွာ ပြောသည်…“ ရေကန်မှာ မိန်းမလှတွေနဲ့ အချိန်ဖြုန်း နေရအောင် ဘယ်လို ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝလဲ…”

ရီဖူရှင်း၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ သို့သော် သူ၏ နှုတ်ခမ်းထောင့်က ညစ်ကျယ်သော အပြုံးတစ်ခု ပေါ်လာသည်။ သူက လက်ဆန့်တန်းကာ မှန်နန်းတော် သခင်မ၏ သွယ်လျသော ပခုံးအား ဆုပ်ကိုင်လိုက်သည်။ သူမက တောင့်တင်းသွားပြီး ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။

ရီဖူရှင်းက သူမအား ပြန်စိုက်ကြည့်ကာ ပြောသည်… “ရှေးနန်းတော်ရာမှာတုန်းက ခင်ဗျားကို ကျုပ်ရဲ့ ချစ်မှုရေးရာထဲသို့ ပါဝင်ဖို့ ကတိပေးခဲ့တယ်။ ခင်ဗျားက ဒီအတွက် လုံးဝ စိတ်မရှည် ဖြစ်နေတာလား”

***


Comment

Leave a Reply


Options

not work with dark mode
Reset