အခန်း ( ၆၇ )

သက်စွန့်ဆံဖျားတိုက်ပွဲ

နေဝင်ရီတရောအချိန်သို့ ရောက်နေပြီ ဖြစ်သော်လည်း ပူပြင်းလှသော အပူချိန်ကြီးမှာ သိသိသာသာ လျော့ကျသွားခြင်း မရှိသေးပေ။ မိုးသစ်တော၏ ပူနွေးစိုစွတ်သော ပတ်ဝန်းကျင်အခြေအနေကြီးကြောင့် လူတိုင်းမှာ ချွေးများပြန်ကာ အဝတ်အစားများပင် စိုရွှဲနေကြသည်။

မကြာသေးမီက လူများ တိုက်ခိုက်ခဲ့သည့် နေရာရှိ သေမင်းအငွေ့အသက်များမှာ ဝမ်ပေါင်လဲ့နှင့် ထိုအကြီးအကဲကြီးတို့ကို လွှမ်းခြုံထားသောကြောင့် ထိုနေရာတစ်ဝိုက်မှာ ထူးဆန်းဖွယ်ကောင်းလောက်အောင် ကျောချမ်းစရာကောင်းနေပြီး မိုးသစ်တောထဲမှ အခြားမည်သည့်နေရာများနှင့် မတူညီဘဲ ကွဲပြားခြားနားနေသည့်ပုံ ပေါက်နေ၏။

စစချင်းတွင် ဝမ်ပေါင်လဲ့မှာ အနက်ရောင် အဝတ်အစားများနှင့် လူများ၏ မျက်လုံးများထဲတွင် အပြစ်ကင်းစင်သော ကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့သည်။ သူသည် သွားပေါက်ခါစ ကျားငယ်တစ်ကောင်ကဲ့သို့ အန္တရာယ် ကြီးကြီးမားမား ပြုနိုင်လိမ့်မည် မဟုတ်ကြောင်း သူတို့ ထင်မှတ်ခဲ့ကြသည်။ သို့သော် သူသည် လူအယောက် သုံးဆယ်လောက်ကို ဆက်တိုက်သတ်ဖြတ်ခဲ့ပြီး သေရေးရှင်ရေးကိစ္စများနှင့် ဆက်တိုက်သလို ကြုံတွေ့ခဲ့ရပြီးနောက် သူ၏တစ်ကိုယ်လုံးတွင် သွေးညှီနံ့များ စွဲကပ်နေပြီဖြစ်သည်။

အကြီးအကဲကြီး၏ မျက်လုံးများထဲတွင် ဝမ်ပေါင်လဲ့မှာ ပြောင်းလဲသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဝနေဆဲ ဖြစ်ပါသော်လည်း အကြီးအကဲကြီးမှာမူ သူ့အား ရင်ဆိုင်ရန် သတိကြီးစွာ ထားနေရပြီ ဖြစ်သည်။ အကြီးအကဲကြီး၏ နိုးနိုးကြားကြား ရှိနေမှုမှာ အမြင့်ဆုံးအဆင့်အထိ ရောက်နေ၏။ သူသည် ဝမ်ပေါင်လဲ့ထက် ပို၍ အစွမ်းထက်ပါသော်လည်း အလွန် သတိကြီးစွာ ရှိနေရန် လိုအပ်သည်။

သူ၏ ဘဝတစ်လျှောက်လုံး ဝမ်ပေါင်လဲ့ကဲ့သို့သော လူမျိုးနှင့် တစ်ခါမှ မကြုံခဲ့ရဘူးပေ။ သူသည် သူ၏ ရန်သူများအပေါ် ရက်စက်ကြမ်းကြုတ်ရုံသာမက သူ့ကိုယ်သူကိုပင် အနည်းငယ် ညှာတာနေခြင်း မရှိပေ။

ထို့ကြောင့် သူသည် အကျပ်ရိုက်နေရပြီ ဖြစ်သည်။ အမှန်တွင် သူ့အား သီးသန့်ပစ်မှတ်ထားနေခဲ့သည့် ခြင်ကြီး ပေါ်မလာခဲ့ပါက ဝမ်ပေါင်လဲ့မှာ သူ၏ လက်ထဲ၌ သေနေလောက်ပြီဖြစ်သည်။ သို့သော် ကံဆိုးသူမှာ သူတစ်ယောက်တည်းသာ မဟုတ်ကြောင်း သူက မေ့နေ၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ ဟုန်ကူပိုင်ယင် မြွေငယ်လေး ခုနစ်ကောင်နှင့် မကြုံခဲ့ရဘဲ သူတို့ ဝိုင်းထားသောနေရာထဲမှ လွတ်မြောက်သွားမည်ဆိုပါက ထွက်ပေါ်လာမည့်ရလာဒ်မှာ ယခုလက်ရှိ အခြေအနေနှင့် အများကြီး ကွဲပြားခြားနားနေမည်တော့ မဟုတ်ပေ။

ယခုတွင် အကြီးအကဲကြီးမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။ ထိုအခါ သူ၏ပတ်ပတ်လည်တွင် တိုက်ခတ်နေသော လေပြင်းများမှာ ပို၍ပင် အားကောင်းလာပြီ ဓမ္မအဆောင်၏ အစွမ်းကိုလည်း ထိပ်ဆုံးအဆင့်အထိ မြှင့်တင်လိုက်သည်။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးမှ သွေးချီများ ထွက်ပေါ်လာနေပြီး သူ၏ အာရုံကြောများမှာ အချိန်မရွေး ပစ်လွှတ်ရန် အသင့်ဖြစ်နေသည့် လေးညှို့တစ်ခုအလားပင်။

သူ၏ အကြည့်များမှာ သူ၏ မျက်လုံးများကို ပစ်မှတ်ထားနေသော မြားတစ်ချောင်းကဲ့သို့ပင်။ ဝမ်ပေါင်လဲ့၏ အသက်ရှူသံများမှာ‌ လေးလံကာ မြန်ဆန်လာ၏။ သူ၏ ဒဏ်ရာများမှာ တိုက်ပွဲတစ်ခုပြီးတိုင်း ပို၍များလာခဲ့သည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ ထိုဝေဒနာများကို ခံစားနေရပြီဖြစ်သည်။ သူသည် အနားယူရန် အချိန်မရှိခဲ့သောကြောင့် ဆေးလုံးများမှာ ယာယီမျှသာ သက်သာအောင် ကူညီပေးနိုင်ခဲ့သည်။ သူ၏ ပြင်းပြသောစိတ်ဓာတ်နှင့် အသက်ရှင်လိုသော ဆန္ဒတို့ကသာလျှင် သူ့အား ထောက်ပံ့ပေးထားကြသည့် အရာများဖြစ်သည်။

သူသည် တစ်ခဏမျှ စိတ်ကိုဖြေလျှော့လိုက်လျှင်တောင် ချက်ချင်းပင် သတိမေ့မြောသွားမည်ဖြစ်ကြောင်း ကောင်းကောင်းကြီးသိထား၏။

” မြန်မြန်ပဲ အဆုံးသတ်လိုက်ရအောင် ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲတွင် ရုတ်တရက် စိတ်ဓာတ်ပြတ်သားမှု အရိပ်ယောင်များ တောက်ပလာ၏။ သူသည် နောက်သို့ လျင်မြန်စွာ ခုန်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်ကို နင်းလိုက်၏။ ထိုအခါ ထိုသစ်ပင်ကြီးမှာ အပြင်းအထန် တုန်ရီသွားသည်။ ဝမ်ပေါင်လဲ့မှာ ထိုအရှိန်အဟုန်ကို အသုံးချ၍ သူ၏ အမြန်နှုန်းကို မြှင့်တင်ကာ အကြီးအကဲကြီးဆီသို့ ဦးတည်၍ ပြေးလာပြီး သူ၏ညာဘက်လက်ကို မြှောက်၍ ဓားပျံရှစ်ချောင်းကို ထုတ်လွှတ်လိုက်သည်။

ခရမ်းရောင် ဓားငယ်လေးမှာ ထိုဓားပျံများ၏ကြားတွင် ရှိနေ၏။

အကြီးအကဲကြီးမှာလည်း အလွန် မျက်လုံးလျင်၏။ ဝမ်ပေါင်လဲ့ နောက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန်တွင် သူသည် လင်းယုန်တစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်ပြီးသွားပြီဖြစ်သည်။ ထို့နောက် သူသည် ညာဘက်လက်တွင် စွပ်ထားသော လက်အိတ်ကို ဆုပ်လိုက်သောအခါ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုလက်အိတ်ကြီးမှာ သူ့အား ဓားပျံများအားလုံးထံမှ ကာကွယ်ပေးလိုက်သည့် ဒိုင်းကာတစ်ခုအသွင် ပြောင်းလဲသွားသည်။

အဝေးကနေ ကြည့်လိုက်မည်ဆိုပါက သူတို့နှစ်ယောက်မှာ အချင်းချင်း ဝင်တိုက်မိသွားကြသည့် ကြယ်ပျံနှစ်စင်းနှင့် တူနေ၏။

” ပေါက်ကွဲစေ ”
ဝမ်ပေါင်လဲ့က လေသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။ ထိုအခါ ခရမ်းရောင်ဓားကို ဝန်းရံထားသည့် ဓားပျံ ခုနစ်လက်မှာ ချက်ချင်းပင် ပေါက်ကွဲသွားကာ မရေမတွက်နိုင်လောက်အောင် များပြားသော အကျိုးအပဲ့ အပိုင်းအစများအသွင် ပြောင်းလဲသွားပြီး အကြီးအကဲကြီး၏ ဒိုင်းကာအား အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွားကြတော့သည်။ ထို အပိုင်းအစများကြောင့် ဒိုင်းကာကြီး၏ အကာအကွယ်ချုံလွှာမှာ ခေတ္တမျှ တွန့်လိမ်ပုံပျက်သွားပြီး မတည်မငြိမ် ဖြစ်သွားသဖြင့် ခရမ်းရောင်ဓား‌လေးမှာ မျက်စိတစ်မှိတ်အတွင်း အကြီးအကဲကြီး၏ အကာအကွယ်အား ဖြတ်ကျော်သွား၏။

ထိုအခါ အကြီးအကဲကြီးမှာ အေးစက်စက် ညည်းညူလိုက်၏။ သူသည် ထိုခရမ်းရောင်ဓားလေးကို အထင်သေးခဲ့မိပါသော်လည်း ၎င်းမှာ သူ ပိုင်ဆိုင်ထားသည့် လက်အိတ်ဒိုင်းကာနှင့် အဆင့်အတူတူဖြစ်ကြောင်း သူက သိထားသည်။ ထို့အပြင် စစ်မှန်သော အရည်အချင်းနှင့် ပါရမီများကို မပိုင်ဆိုင်ထားသည့် လူတစ်ယောက်က ထိုကဲ့သို့ ဓမ္မအဆောင်များကို ယခုလောက် ကျွမ်းကျင်လိမ္မာစွာ ထိန်းချုပ်နိုင်စွမ်း ရှိနေမည် မဟုတ်ကြောင်းကိုလည်း သူက နားလည်ထားသည်။

သို့သော် သူသည် ထိုခရမ်းရောင်ဓားကို အခက်အခဲမရှိ ရှောင်တိမ်းလိုက်၏။ သူက လှစ်ခနဲ လှုပ်ရှားကာ သူ၏ ညာခြေကို မြှောက်၍ များပြားလှသော စွမ်းအင်များကို စုစည်းလိုက်သည်။ ထို့နောက် ထိုစွမ်းအင်များမှာ မြင့်မားသော အပူချိန်များအဖြစ် ပြောင်းလဲသွားပြီး သူသည် ဝမ်ပေါင်လဲ့အား လှမ်း၍ ကန်လိုက်၏။ ထို့အပြင် သူ၏ ဖိနပ်များ၏ထိပ်တွင် အနက်ရောင် အပ်ချောင်းတစ်ချောင်း ပေါ်ထွက်လာပြန်သည်။

ထိုအခြင်းအရာအားလုံးမှာ လက်ဖျောက်တစ်ချက်တီးစာ အချိန်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ပေါင်လဲ့မှာ အသက်ကိုစွန့်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ သူသည် ထိုကန်ချက်ကို ရှောင်တိမ်းရန် ကြိုးပမ်းမနေတော့ဘဲ တင်ပါးကို အကန်ခံလိုက်ရသည့် အချိန်တွင် အကြီးအကဲကြီး၏ ခြေထောက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်၏။ ထို ကန်ကျောက်မှု၏ ပြင်းအားကြောင့် သူ၏ အရိုးများ ကျိုးသွားပြီး အနက်ရောင် အပ်ချောင်းမှာ သူ၏ အသားထဲသို့ ထိုးဖောက်သွားသောကြောင့် သူ၏ ပါးစပ်ထဲမှ သွေးများပင် ပန်းထွက်လာသည်။ သို့သော် သူသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။

” သေစမ်း ”

ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်လာသော ဝါးမျိုခြင်းသစ်စေ့မှာ စုပ်အားတစ်ခုကို ဖန်တီးပေးလိုက်သလို ဖြစ်သွားသောကြောင့် အကြီးအကဲကြီးမှာ အံ့ဩမှင်တက်သွားရသည့်။ အကြီးအကဲကြီး၏ ခန္ဓာကိုယ်မှာ အထိန်းအကွပ်မဲ့စွာ ဆွဲငင်ခြင်းကို ခံလိုက်ရသဖြင့် တုံ့ခနဲ ရပ်တန့်သွား၏။ ထိုအချိန်တွင် သူသည် ခရမ်းရောင်ဓားလေးမှာ သူ၏ ရင်ဘက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်သောက ရောက်သွားရတော့သည်။ သူသည် အတွေ့အကြုံရင့်သန်သော တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ရာ ထိုကဲ့သို့ သေရေးရှင်ရေးဖြစ်နေသော အချိန်တွင် သူ၏နဖူးပေါ်တွင် အစိမ်းရောင်သွေးကြောကြီးများ ထောင်မတ်လာပြီး သူသည် အော်ဟစ်မြည်တမ်းကာ လေပေါ်သို့ ခုန်တက်သွား၏။ ထို့နောက် သူ၏ ညာလက်ပေါ်ရှိ လက်အိတ်ဒိုင်းကာကို မြှောက်ကာ ထို ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းတစ်စုံဖြင့် ထို ခရမ်းရောင်ဓားလေးကို အလျင်အမြန် လှမ်း၍ ဖမ်းဆုပ်လိုက်၏။

” ရပ်စမ်း ”

သူ၏ လက်အိတ်မှာ အလွန် အစွမ်းထက်ပြီး ၎င်းထဲမှ မျက်စိကျိမ်းမတတ် စူးရှတောက်ပသော အပြာရောင် အလင်းတန်းတစ်တန်း ချက်ချင်းပင် ထွက်ပေါ်လာသည်။ သူသည် ရှိသမျှစွမ်းအင် အကုန်လုံးကိုအသုံးပြု၍ ထိုခရမ်းရောင်ဓားကို ဖမ်းဆုပ်ကာ ဝမ်ပေါင်လဲ့အား ထိုးဓားဖြင့် ထိုးရန် ပြင်လိုက်၏။ သို့သော် သူ၏ လက်အိတ်နည်းတူ အစွမ်းထက်သော ခရမ်းရောင်ဓားမှာ ကျိုးလွယ်သော အတွင်းပိုင်းတစ်ခုကို ကာကွယ်ပေးထားသည့် အပြင်ပိုင်းကိုယ်ထည်တစ်ခုကိုသာ ပိုင်ဆိုင်ထားသည့်ပုံပင်။ အကြီးအကဲကြီးမှာ လက်သီးကို ဆုပ်လိုက်သောအခါ ၎င်းမှာ သန်းပေါင်းများစွာသော အပိုင်းအစများအသွင် တစ်စစီ ကွဲထွက်သွားပြီး အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ လွင့်စင်သွားကြတော့သည်။

အကြီးအကဲကြီးပင် ထိုအဖြစ်အပျက်ကြောင့် တုန်လှုပ်သွား၏။ သူသည် အမူအရာများပြောင်းလဲသွားပြီး အော်ဟစ်ကာ ဝမ်ပေါင်လဲ့အား အားပါပါနှင့် အဝေးသို့ ကန်ထုတ်လိုက်၏။ သူသည် အာနာပါနအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပါသော်လည်း သူ့ထံ ပျံသန်းလာသော ခရမ်းရောင်ဓားမှ ကွဲထွက်လာသည့် အပိုင်းအစများကို ရှောင်တိမ်းနိုင်ခြင်း မရှိလိုက်ပေ။ ထို့ကြောင့် ၎င်းတို့မှာ သူ၏ မျက်နှာထဲသို့ စိုက်ဝင်သွားကြသည်။

ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ထုံကျဥ်မှုများ ပျံ့နှံ့သွားသဖြင့် အကြီးအကဲကြီးမှာ ပင့်သက်ရှိုက်မိသွား၏။

” မင်းက အဲဒီဓားမှာ အဆိပ်သုတ်ထားတာပဲ ”

အကြီးအကဲကြီးမှာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်ပြီး သူ၏ သွေးလည်ပတ်မှုကို ရပ်တန့်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်သည်။ ထို့နောက် သူသည် အဆိပ်ဖြေဆေးကို ရှာနေသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ ရယ်မောကာ ပြေးထွက်လာ၏။

၎င်းမှာ ဝမ်ပေါင်လဲ့ ထိုအကြီးအကဲကြီးနှင့် ရင်ဆိုင်ခဲ့ရသည့် ပထမဆုံးတိုက်ပွဲပြီးနောက် သူ့အတွက် ပြင်ဆင်ထားခဲ့သည့် ဝှက်ဖဲပင် ဖြစ်သည်။

ထို အဆိပ်များကို ဟုန်ကူပိုင်ယင်မြွေငယ်များ၏ အလောင်းမှရသော အဆိပ်အကျိတ်မျာထဲမှ ထုတ်ယူထားခြင်း ဖြစ်သည်။ ခရမ်းရောင်ဓားမှာ နဂိုအတိုင်းဆိုလျှင် တောင့်တင်းခိုင်မာပါသော်လည်း အကြီးအကဲကြီးကို အငိုက်အဖမ်းလိုသောကြောင့် သူ၏ ဓမ္မလက်နက် ဗဟုသုတများကို အသုံးချကာ ၎င်း၏ အတွင်းပိုင်း တည်ဆောက်ပုံများကို ယာယီ ပြောင်းလဲ၍ အဆိပ်များကို ကွယ်ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် ၎င်းအား မတည်မငြိမ်ဖြစ်သွားအောင် တမင်တကာ လုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ အကြံအစည် အားလုံးမှာ ယခုလို အောင်မြင်သွားရခြင်း ဖြစ်၏။ သူသည် အကြီးအကဲကြီး သံသယဝင်နေမည်စိုးသောကြောင့် ထိုဓား၏ အစွမ်းတိုးပွားစေသော ဂုဏ်သတ္တိကိုပင် စတေးခဲ့ရသည်။ ပေါက်ကွဲပြီးသွားလျှင် အပိုင်းအစများစွာ လွင့်ထွက်လာမည်ဖြစ်ရာ အကြီးအကဲကြီးကို သေချာပေါက် ဒဏ်ရာရသွားအောင် လုပ်နိုင်မည် မဟုတ်ပါလော။

သူ၏ ခါးမှ သွေးများဒလဟော စီးကျနေပါသော်လည်း သေရေးရှင်ရေး အခြေအနေနှင့် ကြုံနေရသည်ဖြစ်ရာ သူသည် ဂရုမစိုက်နိုင်တော့ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ ထပ်၍လည်ပတ်သွားပြီး သူသည် အကြီးအကဲကြီးဆီသို့ ပြေးသွားကာ သူ့အား အဆိပ်ဖြေဆေး သောက်ခွင့်မပေးဘဲ ထိုးနှက်လိုက်တော့သည်။

” ခင်ဗျားကြီးကရော ကျုပ်ကို အဆိပ်ခတ်ခဲ့တာ မဟုတ်ဘူးလား ”

ဝမ်ပေါင်လဲ့မှာ သူ၏ ခါးပေါ်ရှိ ဒဏ်ရာတစ်ဝိုက်တွင် မည်သည့်အရာကိုမှ ခံစား၍မရတော့ကြောင်း ရိပ်မိထားသည်ဖြစ်ပြီး သူ၏ အသက်ရှုသံများမှာ လေးလံလာကာ သူ၏ အမြင်အာရုံများမှာလည်း ဝေဝါးစ ပြုလာတော့သည်။ ထို့ကြောင့် သူသည် အကြီးအကဲကြီး၏ ဖိနပ်ထိပ်ရှိ အပ်ချောင်းပေါ်တွင် အဆိပ်များ သုတ်လူးထားကြောင်း သိသွား၏။

အကြီးအကဲကြီး၏ နဖူးပေါ်တွင် ချွေးများပြန်နေရပြီဖြစ်သည်။ သူသည် ရုန်းကန်ချင်ပါသော်လည်း ဝါးမျိုခြင်းသစ်စေ့မှာ အကြီးအကဲကြီးကို အဆက်ပြတ် ဆွဲငင်နေပြီး ဝမ်ပေါင်လဲ့မှာလည်း အသိစိတ် မရှိတော့သည့်အလား ဖြစ်နေပြီဖြစ်သည်။ သူ၏ ဖမ်းချုပ်နိုင်စွမ်းမှာ အလွန် တိကျပြီး အကြီးအကဲကြီးကို သတ်ဖြတ်နိုင်ရန်အတွက် သူ့တွင်ရှိသမျှ အရာအားလုံးကို လောင်းကြေးထပ်ခဲ့သည် မဟုတ်ပါလော။ အကြီးအကဲကြီးမှာ ထိုတိုက်ကွက်ကို ရင်ဆိုင်မည့် အားအင်အလုံအလောက် မရှိတော့သလို အဆိပ်ဖြေဆေးကိုလည်း ထုတ်ယူနိုင်စွမ်းမရှိတော့ပေ။

” ဘယ်သူ့ရဲ့ အဆိပ်က အရင်ဆုံး အစွမ်းပြမလဲဆိုတာ ကြည့်ကြတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ကြိမ်းဝါးလိုက်ပြီး အံကြိတ်ကာ အကြီးအကဲကြီးကို ဖမ်းချုပ်၍ သူ၏ ခန္ဓာကိုယ်နှင့် မခွာတမ်း ကပ်ထားလိုက်တော့သည်။

” ဒီခွေးကောင်ကတော့ … ”
အကြီးအကဲကြီးမှာ သူ၏ ဒဏ်ရာ စတင်ပုပ်ပွလာသည်ကို ခံစားမိလိုက်သဖြင့် ဒေါသအမျက်ချောင်းချောင်း ထွက်သွား၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အလွန် နာကျင်နေရပြီဖြစ်ရာ အဆိပ်များမှာ သူ၏ခန္ဓာကိုယ်တွင် လျင်မြန်စွာ ပျံ့နှံ့နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။ သူသည် ပျာယာခတ်သွားပြီး အော်ဟစ်ကာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်လိုက်၏။

ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲမှ ရဲရဲနီနေသော သွေးများ ပန်းထွက်လာပါသော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ မည်သည့်အရာမှ ဆုံးရှုံးရန်မကျန်တော့သည့်ပုံ ပေါက်နေသော ပြတ်သားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် သူသည် ရယ်မောကာ သူ၏ ခေါင်းဖြင့် အကြီးအကဲကြီး၏ နဖူးကို အားဖြင့်ဆောင့်လိုက်တော့သည်။

” လာစမ်းပါ။ ဘိုးဘိုးကြီးဝမ်ကို ခင်ဗျားတို့က သတ်ချင်နေတာမလား ”

ထိုစကားကြောင့် အကြီးအကဲကြီး၏ ခန္ဓာကိုယ်မှာ တုန်ရီသွားရ၏။ ထိုသေရေးရှင်ရေးအခြေအနေတွင် သူသည်လည်း အသိစိတ်ပျောက်ကာ ရူးသွပ်သွားပြီး သူ၏ ညာလက်ကိုဆုပ်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ တိုက်ခိုက်လိုက်ပြန်သည်။ သို့သော် လူတစ်ယောက်အား အနီးကပ် ချုပ်နှောင်ထားခြင်းမှာ ဝမ်ပေါင်လဲ့၏ အထူးစွမ်းရည်တစ်ခု မဟုတ်ပါလော။ သူသည် သူ ခံစားနေရသော မူးဝေမှုများနှင့် အကြီးအကဲကြီး၏ ထိုးနှက်ချက်များကို မာန်ပါပါ တောင့်ခံရင်း အကြီးအကဲကြီး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ အားအပြည့်ဖြင့် ဆောင့်ဆွဲလိုက်ပြီး အကြီးအကဲကြီး၏ ပေါင်ကြားကို ကန်ကျောက်လိုက်တော့သည်။

” ဘိုးဘိုးဝမ်ကိုမှ လာယှဉ်ချင်တယ်ပေါ့ ဟုတ်လား။ မျိုးမစစ် အဘိုးကြီး … ကျုပ်က အသက်ပိုငယ်တော့ ခင်ဗျားထက်ပိုပြီး အသက်ပြင်းတယ်လေ။ အဲဒီေတာ့ ခင်ဗျားကြီးပဲ အရင်ဆုံး အဆိပ်ကြောင့် သေရမှာ ”
ဝမ်ပေါင်လဲ့မှာ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် စီးကျနေပါသော်လည်း စိတ်ဓာတ်စစ်ဆင်သည့် စကားလုံးများကို ကြိမ်းဝါးလိုက်၏။ အကြီးအကဲကြီးမှာလည်း မျက်လုံးများ နီမြန်းလာပြီး စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းကာ ဒုတိယအကြိမ်အဖြစ် ထပ်၍ တိုက်ခိုက်လိုက်ပြန်သည်။ သူတို့နှစ်ယောက်စလုံး ချက်ချင်းပင် မြေကြီးပေါ်သို့ ဘိုင်းခနဲ လဲကျသွားပါသော်လည်း မြေကြီးပေါ်တွင် ဆက်လက်တိုက်ခိုက်နေကြဆဲပင်။ ၎င်းမှာ ဖွံ့ထွားသွေးကြောအဆင့်ရှိ သိုင်းသမားနှစ်ယောက်၏ တိုက်ပွဲနှင့်ပင် မတူတော့ပဲ လူရမ်းကားများ၏ ရန်ပွဲတစ်ပွဲကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ထိုတိုက်ပွဲမှာ ကြာကြာ မခံလိုက်ပေ။ သိပ်မကြာခင် အကြီးအကဲကြီးမှာ လေသံတိုးတိုးဖြင့် နာကျင်စွာ အော်ဟစ်ကာ ဝမ်ပေါင်လဲ့ချုပ်ထားသော သူ၏ ဘယ်လက်ကို ဖြတ်တောက်လိုက်၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ဆီမှ လွတ်မြောက်သွားပြီး နောက်ဘက်သို့ လဲကျသွားသည်။

ဝမ်ပေါင်လဲ့မှာလည်း မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သူသည် အကြီးအကဲကြီးကို တားဆီးချင်ပါသော်လည်း ကတုန်ကယင် ဖြစ်နေသော ခန္ဓာကိုယ်နှင့် လဲှနေရ၏။ သူ၏ မျက်နှာမှာ အသက်မရှိတော့သည့်အလား မည်းမှောင်နေပြီဖြစ်ပြီး သူ၏အားအင်များအားလုံး ကုန်ခမ်းနေပြီဖြစ်သည်။ အကြီးအကဲကြီး၏ ခန္ဓာကိုယ်အထက်ပိုင်းမှာ ပုပ်ပွနေပြီ ဖြစ်သော်လည်း သူသည် ကတုန်ကယင်နှင့် အဆိပ်ဖြေဆေးကို ထုတ်ကာ မျိုချလိုက်နိုင်ပါသော်လည်း အလွန် နောက်ကျသွားပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားပြီး အဆိပ်ဖြေဆေးမှာ မြေကြီးပေါ်သို့ ကျသွား၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အရည်များပျော်ကျလာပြီး သူ၏ အသားများမှာ ပျောက်ကွယ်သွားကာ အနီရောင်အရိုးများ ပေါ်ပေါက်လာတော့သည်။

” ဝမ်…. ”
အကြီးအကဲကြီးမှာ သေခါနီးဆဲဆဲတွင် ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ သနားစဖွယ် ရယ်မောနေရင်း သူ၏ အသားစများမှာ တဖြည်းဖြည်းနှင့် အရည်ပျော်ကျသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ အကြီးအကဲကြီး၏ ဆိုးရွားလှသော သေဆုံးမှုကို မြင်လိုက်ရသောကြောင့် အသက်ရှူသံများ ပြင်းထန်လာ၏။ သူသည် လျှာကိုကိုက်ကာ ကြိုးစားရုန်းကန်၍ တွားသွားလိုက်ပြီး ပါးစပ်မှလည်း တောင်စဉ်ရေမရ လျှောက်ပြောနေလိုက်တော့သည်။

” ငါ မသေချင်သေးဘူး။ ငါ ပြည်ထောင်စုကြီးရဲ့ ဥက္ကဋ္ဌလည်း ဖြစ်မလာသေးဘူးလေ။ ငါ မမြည်းရသေးတဲ့ အရသာရှိတဲ့ မုန့်တွေလည်း အများကြီးကျန်သေးတယ်။ ငါ… ”

ဝမ်ပေါင်လဲ့မှာ သတိလစ်စ ပြုလာပြီး နောက်ဆုံးတစ်ကြိမ် ကြိုးပမ်း၍ အကြီးအကဲကြီး၏ အဆိပ်ဖြေဆေး ရှိသောနေရာသို့ တွားသွားလိုက်၏။ သို့သော် သူသည် ထိုဆေးကို ကောက်ယူနိုင်လောက်အောင်ပင် အားမရှိတော့သောကြောင့် သူ၏ခေါင်းကို ၎င်းပေါ်သို့ တင်လိုက်၏။ ဝမ်ပေါင်လဲ့၏ နောက်ဆုံး အသိစိတ်မှာ သူ၏ ပါးစပ်ကို ဟ၍ ထိုအဆိပ်ဖြေဆေး၏ ပတ်ပတ်လည်ရှိ ရွှံ့များကို မျိုချလိုက်ခြင်းပင် ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset