လွန်ခဲ့သော ဆယ်နှစ်ခန့်က ရီဖူရှင်းသည် ချင်းကျူမြို့သို့ ပြန်လာခဲ့ဖူး၏။ နောက်ပိုင်းတွင် သူနှင့် ပတ်သက်သော သတင်းများ ဒွန်ဟိုင်မြို့မှ အဆက်မပြတ် ရောက်လာခဲ့သည်။ ဖန်းရှင်းဇွီသည် အရှေ့ပင်လယ်အား ဖြတ်ကျော်လျက် တခြား နေရာများသို့ ခရီးနှင်ဖူးရာ ရီဖူရှင်း၏ ကျော်ကြားမှုများကို သိပေသည်။ နန်ဒူနိုင်ငံ၏ မင်းသားတစ်ပါး ဟူသည် မည်သို့သောသူ ဖြစ်သည်ကို သူမ သိပေသည်။ ထိုအချိန်က သူသည် လွန်စွာ ငယ်ရွယ်ကာ လွန်စွာ ကျော်ကြား၏။ သူက ပိုမို အောင်မြင်သော ဘဝ၌ ရှိနေမည်ဟု သူမ ထင်မှတ်ခဲ့သည်။
သူက အကြောင်းအရာ များစွာနှင့်အတူ သူမအား မေ့လျော့နိုင်သော်လည်း သူသည်သာ အမြင့်သို့ ပျံသန်းနိုင်လျှင် သူမလည်း ကျေနပ်ပေသည်။ တစ်နေ့တွင် သူ့အား လက်ထပ်ခွင့် ရမည်ဟူသော မျှော်လင့်ချက်များ မရှိတော့ပေ။ သို့သော် ဤသို့သော အခြေအနေဖြင့် သူ့အား အဘယ်ကြောင့် တွေ့ဆုံခဲ့ရသနည်း။ ထိုမျှ ကြီးကျယ် ခမ်းနားသော လူတစ်ယောက်၏ ဆံပင်များက အဘယ်ကြောင့် ဘော်ငွေရောင် ပြောင်းသွားရသနည်း။
ထိုအခိုက်တွင် သူမသည် ဂီတသံစဥ် အတွင်းမှ အနုပညာ ရသသိအား သိရှိ နားလည်လိုက်သည်။ သူ့အား တွေ့ဆုံခြင်းက ဤသို့သောပုံစံ အခြေအနေမျိုး ဖြစ်နေမည်ဆိုပါက သူမက သူ့အား မတွေ့ဆုံသည်က ပိုကောင်း ပေလိမ့်မည်။ ချင်းကျူရေကန်ဘေး၌ ပျံ့လွင့်နေသော ကောလာဟလများထဲမှ ချောမောသော ဆံပင်ဖြူလူငယ်မှာ ရီဖူရှင်း ဖြစ်နေမည်ဟု သူမက လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဤသို့သောပုံစံ ဖြစ်ရအောင် သူက ဘာတွေများ တွေ့ကြုံခဲ့သနည်း။ သူမက ရေရေရာရာ မသိသည့်တိုင် သူမက စိတ်နှလုံးအတွင်းမှ ပြင်းထန်စွာ နာကျင်မှုကို ခံစားရ၏။ သူမ၏ မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။
“ရှင်းဇွီ …” ယန်ချူက သူမ၏ မျက်နှာပေါ်မှ တွေဝေ မိန်းမောမှုကို မြင်သည်။ ထိုလူငယ်အား မြင်ပြီး သူမ၏ ခံစားမှုက အဘယ်ကြောင့် ပြင်းထန် နေရသနည်း။ သူတို့က အချင်းချင်း သိကျွမ်းကြသလား။ ဖန်းရှင်းဇွီကား သူ၏ခေါ်သံကို မကြားသည့်အလား လူငယ်ကို ဆက်လက် စိုက်ကြည့် နေခဲ့သည်။
တစ်စုံတစ်ခုအား ခံစားမိသောကြောင့် ထင်၏ ဆံပင်ဖြူလူငယ်က သူမရှိနေရာ လှေကလေးသို့ လှမ်းကြည့်သည်။ သူ၏ မျက်လုံးများသည် ရေပြင်အလား တည်ငြိမ်၏။ သူမအားမြင်လျှင် သူက ခက်ဖျော့ဖျော့ ပြုံးလျက် တစ်ဖက်သို့ လှည့်ထွက် သွားခဲ့သည်။
ဖန်းရှင်းဇွီက တစ်စုံတစ်ခု ပြောလိုဟန်ဖြင့် နှုတ်ခမ်းက လှုပ်လှုပ်ရွရွ ဖြစ်လာသော်လည်း သူ ထွက်သွားသောအခါ သူမလည်း နှုတ်ဆိတ်နေခဲ့သည်။ သူမကား လက်ထပ်ပြီးနောက် ယခင်ထက် များစွာ ရင့်ကျက်ခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် လက်ရှိ အခြေအနေ၌ သူမ၏ ခံစားချက်များအား မျက်ရည်များကသာ ဖော်ကျူးပေးနိုင်ဟန် ရ၏။
“နင် ဘာဖြစ်ခဲ့တာလဲ … ” ဖန်းရှင်းဇွီက ပျောက်ကွယ်သွားသော ပုံသဏ္ဌာန်အား ကြည့်ကာ တီးတိုးပြောသည်။ သူမက ကူရာမဲ့သော ခံစားချက်အား ရ၏။ ချောမောကာ နာမည်ကျော်ကြားသော ထိုလူငယ်သည် အဘယ်ကြောင့် ဤသို့သော ပုံစံ ဖြစ်နေရသနည်း။ သူကား ချင်းကျူမြို့နှင့် သက်ဆိုင်ခြင်း မရှိသူဖြစ်သည်။
လူအတော်များများက ဖန်းရှင်းဇွီ၏ အမူအရာများကို သတိထားမိကြရာ သူတို့၏ မျက်နှာများ၌ ထူးဆန်းမှုများ ဖြစ်လာကြသည်။ ဖန်းရှင်းဇွီနှင့် ယန်ချူတို့သည် ချင်းကျူမြို့၌ နာမည် ကျော်ကြားသူများ ဖြစ်ရာ သူမအား လူအများအပြားက သိကြပေသည်။ သူမက လူငယ်အားမြင်ပြီး အဘယ်ကြောင့် ဤမျှ ဝမ်းနည်း နေရသနည်း။ သူက သူမ၏ အချစ်ဟောင်း တစ်ယောက်ပေလား။
ဆံပင်ဖြူလူငယ် တီးခတ်နေခဲ့သော သံစဥ်တွင် ထူးခြားသော အဓိပ္ပာယ်များ ပါဝင်နေဟန် ရသည်။ ဤသို့ဆိုလျှင် ယန်ချူအတွက် အရှက်ရစရာ မဟုတ်ပေဘူးလား။
ယန်ချူကလည်း သူမ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်ကာ တီးတိုးမေးသည် … “အဲဒါ သူလား …” သူက ဖန်းရှင်းဇွီအား ငါးနှစ်တိတိ ပိုးပန်းခဲ့ဖူးရာ ပုံမှန်အားဖြင့် သူမ၏ အတိတ်ကို သိနားလည်ပြီး သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ရှိနေခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်အား သူလည်း သိပေသည်။
ဖန်းရှင်းဇွီက အနည်းငယ် ခေါင်းညိတ်သည်။ ယန်ချူ စိတ်လှုပ်ရှား သွား၏။ ချင်းကျူ ရေကန်ဘေးမှ ထူးဆန်းသော လူငယ်မှာ ယခင်က ချင်းကျူမြို့၌ ဒဏ္ဍာရီသဖွယ် ဖြစ်နေခဲ့သောသူ ဖြစ်နေသည်။ ရယ်စရာမှာ ချင်းကျူမြို့မှ လူများသည် သူ့အား ဟာသတစ်ခု အနေဖြင့် သဘောထား နေကြခြင်းပင်။ သူ ဘယ်သူဖြစ်သည်ကို ထိုလူများသိလျှင် သူတို့၏ အတွေးများ မည်သို့ ဖြစ်သွားကြမည်နည်း။
ထိုချင်းကျူမြို့၏ ဒဏ္ဍာရီအတွင်းမှ လူငယ်ပြန်ရောက် လာသောအခါ သူ၏ဆံပင်များမှာ ဖြူဖွေးနေခဲ့ပြီ ဖြစ်သည်။ ယန်ချူတစ်ယောက် မသက်မသာ ခံစားရ၏။ ဖန်းရှင်းဇွီက ထိုလူငယ်၏ အကြောင်းကို တစ်ခွန်းမှ မဟရာ ဤနည်းဖြင့် ရီဖူရှင်း၏ တိတ်ဆိတ် အေးချမ်းမှုမှာလည်း အနှောင့်အယှက် မဖြစ်ခဲ့ပေ။ သူက ပုံမှန်နေ့ရက်များ အတိုင်း ဆက်လက် နေထိုင်ခဲ့သည်။
နောက်တစ်နေ့ သူက ချင်းကျူရေကန်သို့ ရောက်လာသောအခါ ဖန်းရှင်းဇွီကား လှေကလေးပေါ်၌ နောက်ထပ် ရင်းနှီးသော တစ်ယောက်နှင့်အတူ ထိုင်စောင့်နေသည်။ ချင်ယီသည်လည်း ဖန်းရှင်းဇွီနှင့်အတူ ချင်းကျူကျောင်းတော်၌ အတူ သင်ကြားပေးနေသူ ဖြစ်၏။ သူမကား ယခင်လို တစ်ကိုယ်တည်း ဖြစ်ကာ လှပ ချောမောနေဆဲ…။ သို့သော်လည်း ရီဖူရှင်းအား မြင်သော အခိုက်၌ သူမ၏လှပသော မျက်လုံးများမှာ နီရဲလာခဲ့၏။ ရီဖူရှင်းက ချင်ယီကို မြင်သောအခါ တိတ်တခိုး သက်ပြင်းချမိသည်။ သူက ကု့ချင်း တီးခတ်ခြင်းအား ရပ်လိုက်ကာ လှေကလေးပေါ်သို့ တက်လိုက်သည်။
“အစ်မချင် … ရှင်းဇွီ …” ရီဖူရှင်းက တီးတိုး ခေါ်သည်။ သူ၏ ငွေရောင်ဆံပင်များ လေထဲတွင် လူးလွင့်နေ၏။ သူကား ယခင်ထက် ပိန်ပါးသွားသည်။ တစ်ချက် ကြည့်ရုံမျှက သူ၏ပုံပြင်များအား ပြောကြား နိုင်ပေသည်။ သို့သော်လည်း သူ၏ ချောမောမှုကား ယခင်ထက် လျော့ပါးသွားခြင်း မရှိပေ။ သို့တိုင်အောင် ချင်ယီနှင့် ရှင်းဇွီတို့က သူ့အား ဤနည်းဖြင့် မြင်ရသည်မှာ စိတ်မသက်သာဖွယ်ရာ ကောင်း၏။
ချင်ယီက သူ့အား ကြည့်လျှင် သူက ပြုံးလျက် ခေါင်းညိတ်သည်။ သူမက သူ့အား ထပ်မကြည့်ရက်တော့ သဖြင့် ခေါင်းပင် ငုံ့မိသည်။ သူကား တစ်ယောက်တည်း ပြန်ရောက်လာခဲ့ကာ ဆံပင်များ ဖြူဖွေးနေသလို ချင်းကျူ ကျောင်းတော်မှ ဒဏ္ဍာရီသဖွယ် မိန်းကလေးမှာလည်း ပါမလာခဲ့တော့ပေ။ ဘာဖြစ်ခဲ့သည်ကို ရေရေရာရာ မသိသည့်တိုင် သူမက အကြောင်းရင်းကို ခန့်မှန်းမိရာ သူမ နှလုံးသားမှာလည်း ကြီးစွာ နာကျင်ရ၏။ သူမကား အလွန် လှပချောမောကာ ထက်မြက်သည်။ ယခင်က သူမနှင့် ရီဖူရှင်းတို့ အတူတူ လက်တွဲလျှင် ကောင်းကင်ဘုံမှ ကောင်းချီးပေးသော စုံတွဲအဖြစ် သတ်မှတ်နိုင်သည်။
“ဂျီယူ ထွက်သွားပြီ” ရီဖူရှင်းက သူနှင့်မဆိုင်သော အကြောင်းအရာအား ပြောသကဲ့သို့ ပြောသည်။ သူ၏လေသံက တည်ငြိမ်၏။ သို့သော်လည်း တိုတုတ်သော စကားတစ်ခွန်းက ပုံပြင်တစ်ပုဒ်လုံး ဖြစ်ပေသည်။
ချင်ယီ၏ မျက်ရည်များက ဆက်လက် ကျဆင်းနေခဲ့သည်။ သူမက ရီဖူရှင်းအား မကြည့်သေးဘဲ ပါးပြင်မှ မျက်ရည်များအား သုတ်သည်။ အတန်ကြာ စိတ်အား ငြမ်သက်အောင် ပြင်ဆင်ပြီးမှ သူမက နောက်လှည့်ကာ ခေါင်းညိတ်လျက် ဆံပင်ဖြူလူငယ်ကို ခေါင်းညိတ်သည်။ သူ၏ မျက်လုံးများက အပြုံးရဲ့ရဲ့မျှ ရှိသော်လည်း နက်ရှိုင်းသော ဝမ်းနည်းမှုများကို သူမ ခံစား၍ ရသည်။
သူမပြောသမျှ စကားလုံးတိုင်းက အဓိပ္ပာယ် ကင်းမဲ့သည်ကို ချင်ယီ သိသည်။ သူမက ရှေ့သို့ လျှောက်သွား လိုက်ကာ ရီဖူရှင်းအား အသာအယာ ပွေ့ဖက်လိုက်၏။ ရီဖူရှင်းကား တောင့်တင်းနေဆဲ ဖြစ်သော်လည်း သူမအား အသာ ပြန်ပွေ့ဖက်သည်။ သူမထံမှ နွေးထွေးသော အငွေ့အသက်များအား သူရ၏။ အချို့သော လူများအတွက် အချိန်မည်မျှကြာ ဝေးကွာခဲ့သည်ဖြစ်စေ၊ အကြည့်တစ်ချက် သို့မဟုတ် ပွေ့ဖက်မှု တစ်ခုတည်းက ယခင်အချိန်များသို့ ပြန်ရောက် သွားစေနိုင်ပေသည်။ သူတို့၏ ပတ်သက်မှုမှာ မည်သည့်အခါမှ မပြောင်းလဲခဲ့ပေ။
“ချင်းကျူမြို့မှာ ဘယ်လောက်ကြာကြာ နေဦးမလဲ …” ချင်ယီက တီးတိုးမေးသည်။
“ကျွန်တော် မသိဘူး …” ရီဖူရှင်းက ပြုံးလျက် ပြောသည် … “တစ်သက်လုံးလည်း ဖြစ်နိုင်တယ် … ” သူသာ ဤနေရာ၌ သေဆုံးခဲ့ပါက သူ့တစ်သက်လုံးဟု ဆိုနိုင်ပေသည်။
“ကောင်းပြီ … ဒီမှာ နင် ဘယ်လောက် ကြာပါစေ … ငါနင့်ကို အဖော်ပြုပေးမယ် …” ချင်ယီက ပြောသည်။
ရီဖူရှင်းက နွေးထွေးစွာ ပြုံးသည်။ ချင်ယီကား ယခင် အတိုင်းပင် ဖြစ်သည်။
“အစ်မချင်က အရင်တုန်းက အတိုင်းပဲ … လက်မထပ်ရသေးဘူး …” ရီဖူရှင်းက ပိုမို သက်သောင့်သက်သာ ဖြစ်လာဟန်ရကာ ဟာသတစ်ခုပင် ပြောလိုက်သေးသည်။
“ဒါဆိုလည်း … ငါ လက်ထပ်မှာ မဟုတ်ဘူး …” သူမက ပြုံးလျက် ပြောသည်။
ထိုမြင်ကွင်းအား တွေ့ရသူတိုင်းက စိတ်လှုပ်ရှား ရသည်။ ချင်ယီသည် ချင်းကျူမြို့၌ ဖန်းရှင်းဇွီထက်ပင် နာမည်ကျော်ကြား၏။ သူမသည် ချင်းကျူ ကျောင်းတော်၏ လက်ထောက် ကျောင်းအုပ်ဖြစ်ကာ ဗိုလ်ချုပ်ချင်၏ တစ်ဦးတည်းသော သမီးလည်းဖြစ်၏။ လူအများအပြားက သူမအား ပိုးပန်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။ ယခု သူမက လှေကလေးပေါ်၌ ဆံပင်ဖြူ လူငယ်အား ပွေ့ဖက်နေသည်။
ဖန်းရှင်းဇွီသည်လည်း ထိုလူငယ်နှင့် ပုံမှန် မဟုတ်သော ပတ်သက်မှု ရှိဟန်ရကာ ယန်ချူကလည်း ထိုကိစ္စအား စိတ်ဆိုးဟန် မရှိပေ။ ထိုအရာက ထူးဆန်းဖွယ်ကိစ္စ ဖြစ်သည်။ လူတိုင်းက ဆံပင်ဖြူ လူငယ်မှာ မည်သူ ဖြစ်သည်ကို ခန့်မှန်းရန် ကြိုးစားကြ၏။
မကြာမီ ထိတ်လန့်ဖွယ် သတင်းများ ဖြစ်ပေါ်လာသည်။ တစ်စုံတစ်ယောက်က ရီဖူရှင်းအား မှတ်မိသွား၏။ ချင်းကျူရေကန်ဘေးမှ ဆံပင်ဖြူ လူငယ်သည် နာမည်ကျော် ရီဖူရှင်း ဖြစ်နေ၏။ လူအများအပြားမှာ ထိုသတင်းအား ကြားပြီး အံ့သြ ထိတ်လန့်ကြရသည်။
ထိုထိတ်လန့်ဖွယ် သတင်းများမှာ တစ်မြို့လုံးကို မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။ သူ့အား တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ရမည်ဟု လူအများအပြားက ခန့်မှန်းကြသည်။ သူပြန်ရောက် လာသောအခါ ဆံပင်များ ဖြူဖွေးနေခဲ့ပြီး ချင်းကျူ ရေကန်ဘေး၌ နေထိုင်ခဲ့သည်။ သူသည် ပြင်ပလောက၌ ကံဆိုးမိုးမှောင် ကျခဲ့သည်ဟု လူအများအပြားက ကောက်ချက် ချကြသည်။ သူက ပိုမို အားကောင်းသော တစ်စုံ တစ်ယောက်နှင့် တွေ့ဆုံခဲ့ကာ ထွက်ပြေးခဲ့ရဟန် ရှိသည်။ တချို့ကလည်း သူပြန်ရောက် လာခြင်းမှာ ဟွာဂျီယူနှင့် သက်ဆိုင်သည်ဟု ခန့်မှန်းကြသည်။ သူ၏ချစ်သူ ဟွာဂျီယူသည် သူနှင့်အတူ ပါမလာခဲ့ပေ။
တချို့သော လူများက ခန့်မှန်းကြသည်မှာ ဟွာဂျီယူအား တစ်စုံ တစ်ယောက်က သူ့ထံမှ လုယူသွားခဲ့ပြီး ထို့ကြောင့်ပင် ရီဖူရှင်းမှာ အလွန်တရာ စိတ်ဓာတ် ကျဆင်းခဲ့ပြီး ကျင့်ကြံခြင်းများ ဆုတ်ယုတ်ခဲ့သည်။ ထိုအဖြစ်က သူ၏ ဆံပင်များအား ဖြူဖွေးစေ၏။ သူရဲကောင်းသည် သူ့ဘဝ နေဝင်ချိန်၌ အိမ်ကို ပြန်ရောက်လာခဲ့သည်။
ရီဖူရှင်းက သူ၏ကျင့်ကြံခြင်းများအား စွန့်လွှတ်ကာ အိမ်ပြန်လာခဲ့သည်ဟူသော အချက်မှလွဲ၍ တခြားသော ကောလာဟလများကို လူအများစုက မယုံကြည်ကြပေ။ သို့သော် အကယ်၍သာ ဟွာဂျီယူအား တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ဆိုပါက ထိုအဖြစ်က ရီဖူရှင်းအား လက်ရှိအခြေအနေသို့ တွန်းပို့စေနိုင်သည်ဟု တချို့က ယုံကြည်ကြပေသည်။
ရီဖူရှင်းက ထိုကောလာဟလများနှင့် ပတ်သက်၍ ဂရုစိုက်ခြင်း မရှိပေ။ သူ့ဘဝအား ထိုနည်းပုံစံအတိုင်း နေ့စဥ်အားဖြင့် ဖြတ်သန်း နေခဲ့သည်။ သို့သော်လည်း သူက ချင်းကျူ ရေကန်ဘေး၌ ကု့ချင်းသွားရောက် တီးခတ်သော အချိန်တိုင်း ချင်ယီ လာရောက် အဖော်ပြုပေးခဲ့သည်။ တစ်ခါတစ်ရံ ဖန်းရှင်းဇွီ သည်လည်း ဗိုလ်ချုပ်ချင်နှင့် ဦးလေးဖန်းတို့နှင့်အတူ ရောက်လာတတ်၏။
မှန်သည် … ချင်းကျူ ရေကန်ဘေးမှ ဆံပင်ဖြူလူငယ်၏ ကု့ချင်းဂီတသံအား လာရောက် နားထောင်သူများ တဖြည်းဖြည်း ပိုမို များပြားလာခဲ့သည်။ သူတို့အားလုံးက ယခင် ချင်းကျူမြို့၏ နာမည်ကျော် ဒဏ္ဍာရီဟောင်း တစ်ပုဒ်အား လက်တွေ့ တွေ့မြင်လိုကြသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ကာ တစ်နေ့တွင် ရီဖူရှင်း၏ အေးချမ်းမှုမှာ ပြိုပျက်ခဲ့ရသည်။ သူနေထိုင်ရာ အိမ်ကလေးသို့ ဓားတစ်လက် ဆင်းသက် လာခဲ့သည်။ နတ်ဘုရား ဓားအပေါ်တွင် ကျေးရွာ ခေါင်းဆောင်နှင့်အတူ ယူချင်းနှင့် လို့လန်ရွှီတို့ လိုက်ပါ လာခဲ့ကြ၏။
ဟွာဖန်းလူက ကျေးရွာ ခေါင်းဆောင်အား ကြည့်သည်။ ယူချင်းနှင့် လို့လန်ရွှီတို့ နန်းတော်မှ ထွက်ခွာလာခဲ့သည် ဆိုပါက နန်းတော်၏ အခြေအနေမှာ မည်သို့ ဖြစ်မည်နည်း။
“အင်ပါယာရှားက အဲဒီနေ့က ရှန့်ထိုတွေ အကုန်လုံးကို ဆင့်ခေါ်ခဲ့ပြီးတော့ ငါကိုယ်တိုင်လည်း တက်ရောက်ခဲ့တယ်” ကျေးရွာ ခေါင်းဆောင်က ပြောသည် … “တားမြစ်မှုကို ပယ်ဖျက်လိုက်ပြီ … အခု ပြည်နယ်ကိုးခုက ရှန့်ထိုတွေ အကုန်လုံး လွတ်လွတ် လပ်လပ် လှုပ်ရှားနိုင်ပြီ”
ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်ကာ သူ့မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ တားမြစ်မှုက လွယ်လင့်တကူ ပျက်ပြယ်ခဲ့သည်။ ဤသို့ဆိုလျှင် မိမိကကော …။
“အဲဒီနေ့က အဖြစ်အပျက်ကို ဘယ်သူကမှ ထုတ်မပြောရဘူးလို့ အင်ပါယာရှားက လူတွေကို အမိန့်ထုတ်ခဲ့တယ်။ မဟုတ်ရင် အဲဒီတော်ဝင်မြေက ကျိရှမ်းကမ်းပါးလိုပဲ ပျောက်ကွယ် သွားလိမ့်မယ်လို့ သူက အမိန့် ထုတ်ပြန်ခဲ့တယ်။ နန်းတော်လည်း အဲဒီအတိုင်းပဲ” ကျေးရွာ ခေါင်းဆောင်က ပြောသည်။
ယခု ပြည်နယ်ကိုးခုလုံးက တိုက်ပွဲ သတင်းများအား လေ့လာ စုံစမ်းနေကြသည်။ သို့သော် အင်ပါယာရှား၏ အမိန့်တော်က ထိုသတင်းများ အားလုံးကို အမှောင်ချခဲ့၏။ သတင်းများအား ပျံ့နှံ့စေသော မည်သည့်တော်ဝင်မြေမဆို အင်ပါယာရှား၏ အပြစ်ပေးခြင်းကို ခံရပေမည်။
ပြည်နယ်ကိုးခုမှ လူများသည် ထိုတော် ဝင်စစ်ပွဲ၏ ရလဒ်ကို သိကြသော်လည်း တကယ့်ဖြစ်စဥ်ကိုမူ မသိကြရတော့ပေ။
***