ရေကန်ထဲတွင် လှေကလေးများ လှုပ်လီလှုပ်လဲ့ မျောနေကြသည်။ လှေကလေးများပေါ်တွင် မိန်းကလေးများမှာ ကောင်းကင်မှ မီးပန်းများကို ကြည့်နေကြသည်။ သူတို့က ရေကန်ဘေးမှ လူတစ်ယောက်အား မြင်ကြ၏။ သူ၏ တဖျတ်ဖျတ် လူးလွင့်နေသော ဆံပင်များမှာ ဆွတ်ဆွတ်ဖြူ လာခဲ့သည်။ ထိုယောက်ျားကား သွယ်သောခန္ဓာရှိပြီး အလွန်တရာ ထူးခြားကာ ကြည့်ကောင်းသော ရုပ်သွင်အား ပိုင်ဆိုင်၏။ သူက ဘာမှ မလုပ်ဘဲ ထိုနေရာတွင် ရပ်နေရင်းကပင် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသည်ဟု ခံစားကြရ၏။ သို့သော်လည်း ထိုနေရာတွင် ရပ်နေသော သူ့ထံမှ အထီးကျန်သော ခံစားချက်အား သူတို့ရသည်။
“တော်တော် ကြည့်ကောင်းတဲ့လူပဲ…” လှေကလေးများပေါ်မှ လူအများအပြားက ကမ်းဘေးတွင် ရှိနေသော ထိုသူအား သတိထားမိကြသည်။ ဆံပင်များ ဖြူဆွတ် လာခြင်းက လှည့်စားခြင်း နည်းစနစ် တစ်ခုများလား…။
“မင်း ဘာကို ကြည့်နေတာလဲ…” လှေကလေးထဲမှ လူငယ် တစ်ယောက်သည် မိန်းကလေးများ ကြည့်နေရာသို့ လှမ်း၍ ကြည့်သည်။ သူကလည်း ရီဖူရှင်းအား မြင်၏။ ထိုလူ၏ ရုပ်သွင်မှာ ယောက်ျားချင်းပင် အားကျ ရလောက်ပေသည်။
“သူက မျက်ရည်ကျပြီးတော့ သူ့ဆံပင်တွေက ရုတ်တရက်ကြီး ဖြူသွားတယ် … အဲဒီ မျက်ရည်တွေက ဘယ်သူ့အတွက်လဲ မသိဘူး” မိန်းကလေး တစ်ယောက်က ပြောသည်။
“လည့်စားတဲ့ အတတ်တစ်ခုခု ဖြစ်မှာပဲ…” လူတစ်ယောက်က ပြုံးလျက်ပြောသည်။ ထို့နောက် ထိုလူက ဝတ်ရုံတစ်ခုအား ထုတ်ယူကာ မိန်းကလေးအား ခြုံပေးပြီး ပြောသည်… “အပြင်မှာ လေက အေးတယ်… အထဲကို ဝင်ရအောင်…”
“အင်း …” မိန်းကလေးက ခေါင်းညိတ်ကာ လည်ပြန်တစ်ချက် စောင်းကြည့်ပြီးမှ လှေကလေးထဲသို့ ဝင်သွားသည်။
ရီဖူရှင်းအား လှမ်းကြည့်ကြသော လူအများအပြားလည်း ရှိကြပေသည်။ ရဲတင်းဟန်ရသော မိန်းကလေး တစ်ယောက်က ပြုံးလျက် ထိုလူအား မေးမြန်းသည် … “ရှင် လှေပေါ်ကို တက်လာမလား…” သို့သော်လည်း ထိုသူသည် မိန်းမရွယ်၏ ဖိတ်ကြားမှုကို မကြားသည့်အလား ရပ်နေခဲ့ရာ မိန်းကလေးက စိတ်ပျက်ဟန်ဖြင့် ထွက်သွားခဲ့သည်။
ထို့နောက် ရီဖူရှင်းက ရေကန်ဘေးတွင် ထိုင်ကာ ကု့ချင်းအား ထုတ်လျက် သံစဉ်တစ်ပုဒ်အား တီးခတ်သည်။ သံစဉ်မှာ မည်သည့် စွမ်းအားမှ မပါသော ရိုးရှင်းသော တီးလုံးများသာ ဖြစ်သည်။ သံစဉ်က ရှုခင်းနှင့် လိုက်လျောညီထွေ ရှိကာ လှပသော ပန်းချီကား တစ်ချပ်အား ရေးသား နေသည့်အလား…။ ဝမ်းနည်းမှု၊ ငိုကြွေးမှုများ အလျှင်းမရှိဘဲ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းသော ပန်းချီကား တစ်ခုအလား…။ သူကား လူငယ်စုံတွဲများ အကြားမှ သန့်စင်ကာ လှပသော အချစ်အား ခြယ်မှုန်းနေ၏။
သံစဉ်အား ကြားလျှင် လူအများအပြားမှာ အတိတ်ကို ပြန်ရောက် သွားသလို ခံစားကြရသည်။ သူတို့က ငယ်ရွယ်သော အချိန်အခါသို့ ပြန်ရောက်သွားကြပြီး ထိုစဉ်က အချစ်ပုံပြင် တစ်ပုဒ်အား ပြန်လည် အမှတ်ရစေ၏။ သံစဉ်ကို တီးခတ်နေသော သူမှာ ပြောပြစရာ ပုံပြင်တစ်ပုဒ် ရှိနေဟန်ရသည်။ သံစဉ်ဆုံးသောအခါ ရီဖူရှင်းသည် ထရပ်လျက် သူ့အိမ်သို့ ပြန်၏။
နောက်ပိုင်း နေ့ရက်များတွင် ရီဖူရှင်း၊ ဟွာဖန်းလူ၊ နန်ဒူဝမ်ရန်နှင့် တန်လန်တို့၏ နေ့ရက်များမှာ အလွန်တရာ ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။ ဟွာဖန်းလူနှင့် နန်ဒူဝမ်ရန်တို့က နေပူဆာလှုံကာ ကု့ချင်းများ တီးခတ်လေ့ရှိကြပြီး အပြင်သို့ တစ်ခါတစ်ရံမှ ထွက်ကြသည်။ သူတို့က ဟွာဂျီယူနှင့် ပတ်သက်၍ မပြောကြပေ။ သူမအကြောင်းအား မည်သူမှ ထုတ်မပြောလိုကြ။ အချိန်က သူတို့၏ နာကျင်မှုအား ဆေးကြောသွားရန်သူ သူတို့ မျှော်လင့်ကြ၏။
ရီဖူရှင်း၏ ဘဝသည်လည်း ရိုးရှင်းပေသည်။ သူက ဆရာနှင့် ဆရာကတော်တို့အား အဖော်ပြုစကား ပြောကာ ညနက်များ၌ ကန်ဘေးတွင် လမ်းလျှောက်သည်။ သူကား သူ၏ လေ့ကျင့်ခန်းများကိုပင် မေ့လျော့ နေခဲ့ဟန်ရ၏။
အချိန်များ တဖြည်းဖြည်း ကြာမြင့်လာခဲ့လျှင် ထိုအနီး၌ နေထိုင်သူများ အားလုံးမှာ သူတို့အား သိလာကြသည်။ တစ်နေ့တွင် အဘိုးအို တစ်ယောက်က သူတို့၏ အိမ်တံခါးကို လာခေါက်ကာ ဟွာဖန်းလူအား ပြုံးလျက် ပြောသည်… “မင်းတို့ တီးတဲ့ ဂီတသံနဲ့ ငါက နားယဉ်နေပြီ… မင်းတို့လိုလူတွေက ဘာလို့ ချင်းကျူလို မြို့သေးသေးလေးမှာ နေချင်ရတာလဲ” အဘိုးအိုကား အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သည်။ သူက ငယ်ရွယ်စဉ်က ခရီးများ သွားခဲ့ဖူးကာ လောကကြီး အကြောင်း အတန်အသင့် နားလည်၏။ သူက အိုမင်းနေပြီ ဖြစ်သော်လည်း သည်လူများမှာ သာမန်များ မဟုတ်ကြောင်း ကောင်းကောင်း ခန့်မှန်းမိပေသည်။
“ထိုင်ပါ အဘိုး…” ဟွာဖန်းလူက ပြောသည်။ အဘိုးအိုက ငြင်းဆန်ခြင်း မပြုဘဲ အိမ်ထဲသို့ ဝင်၏။
“ကျွန်တော်တို့က အိုမင်းနေပြီဖြစ်လို့ အိမ်ပြန်လာခဲ့ကြတာပါ” ဟွာဖန်းလူက ပြုံးလျက် အဘိုးအိုကို ပြောသည်။
“မှန်တာပေါ့… ချင်းကျူမြို့က သေးငယ်တဲ့ ကျွန်းကလေး တစ်ခုပဲ။ တော်တော်ကို တိတ်ဆိတ် အေးချမ်းတာ” အဘိုးအိုက ပြုံးလျက် မေးသည်… “ချောမော ခန့်ညားတဲ့ လူငယ်လေးက မင်းတို့သားပဲ … ဟုတ်တယ်မလား။ တော်တော်ကို ကြည့်ကောင်းတဲ့သူပဲ။ သူက ရုပ်ရည်ပိုင်းမှာ မင်းထက်တောင် ကြည့်ကောင်းသေး” အဘိုးအိုက ပြောလျှင် ဟွာဖန်းလူက ပြုံးလျက် ငြင်းဆန်ခြင်း မပြုပေ။ သူတို့အတွက် ရီဖူရှင်းက သားတစ်ယောက်နှင့် မခြားပေ။
“ပြီးတော့ … လူငယ် တစ်ယောက်က ဒီအသက်အရွယ်မှာ ဆံပင်ဖြူလာတယ် ဆိုတာက … အာ … သူက ဘယ်လိုတွေ တွေ့ကြုံခဲ့ရတာလဲ။ ငါက မသက်ဆိုင်တာတွေ မေးမိပြီ ထင်တယ်။ ဒါပေမဲ့ သူက တကယ်ပဲ လက်မလွှတ်နိုင်တဲ့ တစ်စုံတစ်ခု ရှိနေရင်လည်း … အချိန်က အရာအားလုံးကို ကုစား သွားပါလိမ့်မယ်လေ” အဘိုးအိုက အကြံပေးသည်။ သူကား သံစဉ်များထံမှ သူတို့၏ စိတ်ခံစားချက်များကို ရိပ်ဖမ်းသံဖမ်း နားလည်လာသည်။ သည်မိသားစုတွင် ပုံပြင်တချို့ ရှိသည်ဟု သူခံစားရ၏။
“ကျေးဇူးတင်ပါတယ် … အဘ… ” ဟွာဖန်းလူက ခေါင်းညိတ်သည်။
“ကောင်းပြီ … ငါနေတာ တော်တော်လေး ကြာသွားပြီဆိုတော့ … ပြန်လိုက်ဦးမယ်” အဘိုးအို ထွက်သွားလျှင် ဟွာဖန်းလူ သက်ပြင်းချသည်။ သူတို့ သည်မြို့သို့ ရောက်လာကတည်းက ရီဖူရှင်း၏ ဆံပင်များမှာ နေ့တိုင်း ဖြူဆွေးလာခဲ့၏။ သူကား ချင်းကျူမြို့သို့ ရောက်စက ဆံပင်များမှာ မည်းနက်နေခဲ့သော်လည်း ယခု သူ၏ဆံပင်များမှာ နှင်းများကဲ့သို့ ဖြူဆွတ်နေပြီ ဖြစ်သည်။ လူငယ်တစ်ယောက် အတွက် ဆံပင်ဖြူများမှာ ဝမ်းနည်းစရာ အမှတ် သင်္ကေတတစ်ခု ဖြစ်၏။
လက်ရှိတွင် ဟွာဖန်းလျူကား တခြားအတွေးများ မရှိတော့ပေ။ တော်ဝင်ကျဲနန်းတော်မှ သတင်းကောင်းများ ရောက်လာရန်သာ သူမျှော်လင့်၏။ တစ်နေ့တွင် လူများ ရုတ်တရက် ရောက်လာကာ ရီဖူရှင်းအား ခေါ်ဆောင်သွားသည့် အဖြစ်မျိုး သူမမြင်လို။ သူ့အချစ်ဆုံး သမီးအား ဆုံးရှုံးခဲ့ပြီးဖြစ်ရာ ယခု သူ့သားကဲ့သို့ သဘောထားရသော တပည့်ကိုလည်း ထိုသို့ မဖြစ်စေလို။
ချင်းကျူရေကန်ကား ချင်းကျူမြို့၌ အမြဲတမ်းအားဖြင့် လူစည်ကားသော နေရာဖြစ်ပေသည်။ ရီဖူရှင်းသည် ရေကန်ဘေး၌ နေ့တိုင်းအားဖြင့် လမ်းလျှောက်ကာ ကု့ချင်း တီးလေ့ရှိသည်။ ရက်များ ကုန်ဆုံးသွားခဲ့ကာ ပြည်နယ်ကိုးခုတွင်လည်း ထူးထူးခြားခြား ပြောင်းလဲဟန် မရပေ။ သို့သော်လည်း ရီဖူရှင်းသည် ထိုအရာများအား တွေးတောခြင်း မပြုပေ။
ရေကန်သို့ သွားသော လူအများအပြားမှာ နေ့စဉ်နေ့တိုင်း ရေကန်ဘေး၌ ကု့ချင်း လာတီးသော ဆံပင်ဖြူလူငယ်နှင့် ပတ်သက်၍ ကြားသိကြရသည်။ ပြောကြသည်မှာ သူသည် အလွန် ချောမော ခန့်ညား၏။ သူ၏ထူးခြားသော ဟန်ပင်နှင့် ရုပ်ရည်တို့မှာ ဆံပင်ဖြူနှင့် လိုက်ဖက်လွန်းရကား များစွာသော မိန်းကလေးများမှာ ချစ်ခင်နှစ်သက် ကြသည်ဆို၏။
အချို့သော မိန်းမလှများက သူ့အား သွားရောက် ဖိတ်ကြားခဲ့ဖူးသော်လည်း သူက ဂရုစိုက်ခြင်း အလျှင်းမရှိဟု ဆိုကြသည်။ ထို့နောက် ထိုဆံပင်ဖြူလူငယ်နှင့် ပတ်သက်၍ များစွာသော ကောလာဟလများမှာလည်း ပျံ့နှံ့လာခဲ့တော့၏။ တချို့က ပြောကြသည်မှာ ထိုလူငယ်သည် သူ၏ ဆုံးပါးသွားသော ချစ်သူအား သတိရ တမ်းတခြင်းကြောင့် ထိုသို့ ပြုမူသည် ဟူ၏။ သူ့အား သူ့အချစ်ဆုံး မိန်းမက သစ္စာဖောက်ခြင်း ခံရသည်ဟုလည်း အချို့က ပြောကြသည်။ သူကား ဝမ်းနည်းလွန်းရကား နောက်ပိုင်းနေ့ရက်များတွင် အတိတ် ပျော်ရွှင်စရာများကိုသာ အမှတ်ရ တမ်းတလျက် ထိုအထဲမှ ရုန်းမထွက်နိုင်သူ ဖြစ်လာသည်ဟု ဆိုကြသည်။
သို့သော်လည်း မည်သူကမှ သူ့အား မမှတ်မိကြ။ တစ်ချိန်တစ်ခါက ချင်းကျူမြို့၌ လျှမ်းလျှမ်းတောက် နာမည် ကျော်ကြားခဲ့သော ဒဏ္ဍာရီသဖွယ် လူငယ်လေးအား နောက်ဆုံး မြင်တွေ့ခဲ့ကြသည်မှာ လွန်ခဲ့သော ဆယ်နှစ်က ဖြစ်၏။ သူ့အား ကြားဖူးသူ အများစုမှာ ကိုယ်တိုင် တွေ့ဖူးကြသည် မဟုတ်ပေ။ သို့တိုင်အောင် သူ့အား အမှန်တကယ် မြင်တွေ့ဖူးသူများမှာပင် သူ့ဆံပင်ဖြူများကြောင့် မှတ်မိရန် ခက်ခဲပေသည်။
ယနေ့တွင် ချင်းကျူရေကန်ကား ပုံမှန်နေ့များအတိုင်း သာယာလှပနေ၏။ ရေကန်ထဲတွင် လှေတစ်စီး သွားနေကာ လှေပေါ်၌ စုံတွဲတစ်တွဲ ရပ်နေ၏။ ယောက်ျား လုပ်သူမှာ အလွန် ချောမောခန့်ညားပြီး အသက်သုံးဆယ် အရွယ်ခန့်ရှိသည်။ မိန်းမ လုပ်သူမှာလည်း အလွန် ကြည့်ကောင်းပေ၏။ သူမက လက်ထပ်ပြီး ဖြစ်သော်လည်း သူ၏အလှမှာ ယုတ်လျော့ခြင်း မရှိပါ။ သူမ၏ ဝတ်ရုံနီမှာ သူမနှင့် လွန်စွာ ပနံသင့်ပေသည်။
“ဆရာယန် … သခင်မ …” သူတို့အား မှတ်မိကြသူများက လှမ်း၍ နှုတ်ဆက်ကြသည်။ သူတို့သည် ချင်းကျူမြို့၌ နာမည် ကျော်ကြားသည်မှာ သေချာ၏။ ယန်ချူကား ပါရမီမြင့်ကာ ထက်မြက်သူဖြစ်ပြီး ဖန်းကလန်မှ ဖန်းရှင်းဇွီသည်လည်း ချောမောလှပပြီး ပါရမီ ကောင်းမွန်သည်။ ယန်ချူက ဖန်းရှင်းဇွီအား ရယူရန် ငါးနှစ်တိတိ ပိုးပန်းခဲ့ရသော ပုံပြင်မှာ ချင်းကျူမြို့၌ ပြောစမှတ်တွင်စရာ တစ်ခုဖြစ်၏။ ယခု သူတို့နှစ်ယောက်မှာ လက်ထပ်ပြီးဖြစ်ကာ ချင်းကျူမြို့၏ နာမည်ကျော် စုံတွဲများ ဖြစ်နေကြလေပြီ။
ယန်ချူနှင့် ဖန်းရှင်းဇွီတို့ နှစ်ဦးလုံးမှာ ချင်းကျူကျောင်းတော်၌ ဆရာများ ဖြစ်ကြ၏။ ကျောင်းတော်ကား ယခင်နှင့် မတူတော့ပေ။ ထိုနေရာ၌ အကြောင်းအရာများစွာ ဖြစ်ပျက်ခဲ့ကာ သူ၏ယေဘုယျ အင်အားမှာလည်း ယခင်ထက် ကြီးမားလာပေသည်။ ယခု သူတို့ နှစ်ယောက်လုံးသည် ဓမ္မအဆင့်၌ ရှိနေကြပြီဖြစ်သည်။ ဖန်းရှင်းဇွီကား ပြင်ပလောက၌ သွားရောက် လေ့လာခဲ့ပြီးမှ ကျောင်းတော်သို့ ပြန်ရောက် လာခဲ့ခြင်းဖြစ်၏။ နှစ်ယောက်လုံးက ထိုသူအား ပြန်နှုတ်ဆက် ပြုံးပြကြသည်။
အဝေးမှ သံစဉ်တစ်ခုအား ကြားလိုက်ရ၏။ နှစ်ယောက်လုံးက ထိုနေရာသို့ လှမ်းကြည့်ကြလျှင် ဆံပင်ဖြူနှင့် လူတစ်ယောက်သည် ကု့ချင်းအား တီးခတ်နေပြီး အနီးတွင် လူအများအပြား နားထောင် နေကြ၏။
“ရှင်းဇွီ … ပြောကြတာက နောက်ပိုင်းနေ့တွေမှာ ချင်းကျူ ရေကန်ဘေးကို လူတစ်ယောက် ရောက်လာပြီးတော့ အမြဲ ကု့ချင်းတီးတယ်တဲ့။ သူနဲ့ပတ်သက်တဲ့ ကောလာဟလတွေ အများကြီးပဲ။ သူ့ဆံပင်ဖြူတွေက တစ်ခဏချင်းမှာ ဖြူသွားတာလို့ တချို့က ပြောတယ်” ယန်ချူက ပြုံးလျက် ပြောသည်… “ပြီးတော့ သူ့ကု့ချင်းပညာက ဆရာသခင်အဆင့်မှာ ရှိပြီးတော့ သူ့ရုပ်ရည်ကလည်း အရမ်းကြည့်ကောင်း ချောမောတယ်တဲ့။ မိန်းကလေး အတော်များများက သူ့ကို လှေပေါ်သို့ ဖိတ်ခေါ်ခဲ့ပေမဲ့ သူက စိတ်မဝင်စားခဲ့ဘူး … မင်းဘယ်လို ထင်လဲ…”
“ရှင် ဘယ်တုန်းက ဒါတွေကို စိတ်ဝင်စား ခဲ့တာလဲ” ဖန်းရှင်းဇွီက ပြုံးလျက် မေးသည်။
“ကောင်းပြီ။ ငါကိုယ်တိုင်က လူချော တစ်ယောက်လေ။ အဲဒီလူက ချင်းကျူမြို့မှာ ပြိုင်ဘက်ကင်း ချောတယ်လို့ ပြောကြတယ်။ ငါလည်း ဒါက အမှန်လား သိချင်တာပေါ့” ယန်ချူက ပြုံးလျက် ပြောသည်။
“သူက ရှင့်ထက် ကြည့်ကောင်း နေရင်ကော…” ဖန်းရှင်းဇွီကလည်း ပြုံးလျက် မေးသည်။
“သူက ငါ့ထက် ကြည့်ကောင်းရင်လည်း ငါ့ဆီက မင်းကို ခိုးမယူသွားနိုင်ပါဘူး” ယန်ချူက ပြုံးလျက် ပြောသည်။ လှေကလေးက ထိုလူရှိရာသို့ ဦးတည်ကာ တရွေ့ရွေ့ သွားနေသည်။
ဖန်းရှင်းဇွီမူကား သိပ်ထူးခြားသည့်ဟန် မရှိပေ။ သူမက ထိုသို့သော အကြောင်းအရာများအား အတွေးထဲပင် မရှိပေ။ သို့သော်လည်း သံစဉ်က သူမ၏ နားထဲသို့ ဝင်လာသောအခါ သူမမှာ တဖြည်းဖြည်းဖြင့် သံစဉ်ထံ၌ နစ်မျောလာခဲ့၏။ သူမက သံစဉ်မှ ခြယ်မှုန်းထားသော ငယ်ရွယ်ခြင်း၏ သန့်စင်ခြင်းများအား ခံစားရသည်။
သံစဉ်က နားထောင်သူအား ငယ်ရွယ်စဉ် အချိန်အခါမှ ဖြစ်ရပ်များသို့ ပို့ဆောင်နိုင်စွမ်းရှိကာ ထိုစဉ်အခါက အပြစ်ကင်းစင်သော သူမသည် ခေါင်းမာကာ ယဉ်ကျေးမှု မရှိသော လူငယ်တစ်ယောက်အား တမ်းတမိသလို ဖြစ်လာ၏။ သူက သူမအား အပြစ်မတင်ခဲ့သည်ကို သူမသိသော်လည်း အနည်းဆုံး သူမက အတိတ်မှ ဖြစ်ပျက်ခဲ့သည်များအား ပြန်တွေးကာ စိတ်ပျက်အားငယ် ရပေသည်။
အချိန်က ခံစားချက်များအား တိုက်စား သွားသည့်တိုင် ထိုစဉ်က အကြောင်းအရာများအား ပြန်တွေးမိတိုင်း ဖော်မပြတတ်သော ခံစားချက်များ၊ ဝမ်းနည်းမှုများကို ရသည်။ မည်သို့ဆိုစေ ထိုအချိန်အခါကား သူမ၏ ငယ်ရွယ်နုပျိုမှုများ ဖြစ်ပေသည်။
“ကု့ချင်းဆရာက တကယ်ပဲ အရည်အချင်း ရှိတယ်…” ယန်ချူသည်လည်း ကု့ချင်းသံစဉ်၏ ဆွဲငင်မှုကို ခံရရာ ချီးကျူးသည်။ သူက ထိုလူနှင့် ပတ်သက်၍ ပိုစိတ်ဝင်စား လာခဲ့၏။ လှေကလေးသည် တဖြည်းဖြည်းဖြင့် ပိုမိုနီးကပ်လာလျှင် တီးခတ်နေသော သူမှာလည်း ပိုမိုကြည်လင် ပြတ်သားလာခဲ့၏။ ဖန်းရှင်းဇွီမှာလည်း ထိုသူထံမှ ရင်းနှီးမှု တစ်ခုခုကို ခံစားရ၏။
“ငါက အမြင်မှား နေတာလား…” ဖန်းရှင်းဇွီက ရေရွတ်မိသည်။ သူမက အတိတ်မှ အကြောင်းအရာများအား လွမ်းဆွတ် တမ်းတကြောင်းကြောင့် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု တွေးမိ၏။ သို့သော်လည်း ထူးဆန်းသော ခံစားချက်က သူမအား အနည်းငယ် တုန်လှုပ်စေသည်။ ဖန်းရှင်းဇွီ၏ စိတ်နှလုံးက တဖြည်းဖြည်း တုန်ခါလာခဲ့ကာ ထိုသူအား ကြည့်သည်။
လူငယ်ကား ခေါင်းငုံ့လျက် ကု့ချင်းကို ညင်သာစွာ တီးခတ်နေ၏။ ဆံပင်ဖြူများမှာ လေတိုက်ရာသို့ လွင့်နေကြရာ မျက်နှာကို ကွယ်ထားကြသဖြင့် သူ့မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်တွေ့ရန် ခက်နေသည်။ ထိုစဉ်မှာပင် သံစဉ်က ပြီးဆုံးသွားဟန်ရပြီး လူငယ်က ခေါင်းမော့လိုက်သည်။ ထိုအခိုက်တွင် ဖန်းရှင်းဇွီ၏ နှလုံးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ အတားအဆီးမရှိ စီးကျလာတော့သည်။
သူ့အား တစ်လောကလုံးက သိကြပေသည်။ နန်ဒူနိုင်ငံတွင် သူ့နာမည်အား မသိသူ မရှိပါ။ သို့သော်လည်း သူ့အား မြင်တွေ့သောအခါ သူ့ဆံပင်များ အဘယ်ကြောင့် ဖြူဖွေး နေရသည်ကို နားမလည်ပေ။
***