အပိုင်း (၁၀၀၁)

ကောင်းကောင်းနေ

ဓားသခင်၊ ဂူတုံးလျို၊ ကျူးကော့မင်းယွီနှင့် ရီဝူချင်းတို့အားလုံး ရီဖူရှင်းဘေးသို့ ဆင်းသက် လာခဲ့ကြ၏။ ရီဖူရှင်းအား ကြည့်ကာ ဟွာဖန်းလူနှင့် တခြားလူများ အားလုံး မျက်ရည်များ စိုစွတ် နေခဲ့ကြသည်။

ရီဝူချင်းက ကောင်းကင်တွင် စတင် ဆုတ်ခွာ နေကြပြီဖြစ်သော တော်ဝင်မြေ ခြောက်ခုအား ကြည့်သည်။ သူ၏ပါးပြင်တွင် မျက်ရည်များ စီးကျနေခဲ့၏။ သူက ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား ကန်ယီ ပြည်ထောင်၌ ကတည်းက သိခဲ့သည်။ ယနေ့ ထိုလူများ အားလုံးမှာ အလုံးစုံ သေဆုံးခဲ့ခြင်း မရှိခဲ့ကြပေ။

လျူချန်းယွီက ရီဝူချင်းဘေးသို့ ရောက်လာခဲ့ကာ သူ၏လက်များအား ဆုပ်ကိုင်လျက် ငိုသည်။ ယိချိန်ချန်နှင့် လို့လန်ရွှီတို့လည်း ထိုနေရာ၌ ဝမ်းနည်းစွာ ရပ်နေခဲ့ကြ၏။ နန်းဆောင်သခင်များ အားလုံးသည်လည်း ထိုနေရာသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြ၏။ သူတို့၏ ခန္ဓာများမှာ သွေးအလိမ်းလိမ်း ပေကျံနေကြသည်။

ထိုအချိန်တွင် ဝမ်ရှင်းက ရီဖူရှင်းနှင့် သိပ်မဝေးသော နေရာတွင် ရပ်သည်။ သူက ဦးညွှတ်ကာ ပြောသည်… “နန်းတော်သခင်… သခင်မရဲ့ စိတ်ဝိညာဉ် အမှတ်အသားက မပျက်ပြယ် သေးပါဘူး… သူမကို အသက်ပြန်သွင်းဖို့ အခွင့်အရေး ရှိနိုင်ပါသေးတယ်…”

ရီဖူရှင်းက ခက်ခဲစွာဖြင့် မော့ကြည့်သည်။ အခြေအနေက ဤအထိ ရောက်လာခဲ့ပြီ ဖြစ်သည်။ သူမအား အသက်သွင်းရန် ဖြစ်နိုင်ပါသေးသလော။

ဝမ်ရှင်းက ရီဖူရှင်း လှုပ်ရှားတုံ့ပြန်မှု မရှိသည်ကို မြင်လျှင် သူက လက်ဆန့်တန်းကာ ဒူးထောက်လျက် ကောင်းကင်သို့ အရိုအသေပေးပြီး ကြည်လင် ပြတ်သားစွာ ပြောသည်… “သခင်မကို ဘုရားသခင် စောင့်ရှောက်ပါစေ…”

သူက တိုက်ပွဲရလဒ်အား တွက်ချက်ခဲ့သော်လည်း သူ့အနေဖြင့် ဘာမှ မသိခဲ့ရပေ။ သူ့အဆင့်ဖြင့် ကောင်းကင်၏ လျှို့ဝှက်ချက်များအား သိနားလည်နိုင်စွမ်း မရှိပေ။ အင်ပါယာအသိ မွေးဖွားလာခဲ့ခြင်း၊ ဧကရီဘုရင်မ၏ နတ်ဘုရားဝိညာဉ် ဆင်းသက်လာခဲ့ခြင်း၊ အင်ပါယာရှား၏ စစ်တပ် ရောက်လာခြင်းတို့မှာ သူ့အဆင့်ဖြင့် တွက်ချက်မရသော ကိစ္စများ ဖြစ်သည်။

ဝမ်ရှင်း၏ ဆုတောင်းစကားကို ကြားလျှင် တော်ဝင်ကျဲ နန်းတော်မှ မရေမတွက်နိုင်သော လူများသည် ကောင်းကင်ထက်သို့ မော့ကြည့်ကြသည်။ ဓားမိစ္ဆာ၊ ထို့ကျန်းနှင့် တခြားသော နန်းဆောင်သခင်များ အားလုံးကလည်း ဒူးထောက်ကာ ကောင်းကင်သို့ လက်ဆန့်တန်းလျက် ဆုတောင်း ပေးကြသည်… “သခင်မကို ဘုရားသခင် စောင့်ရှောက်ပါစေ…” တော်ဝင်ကျဲ နန်းတော် တစ်ခုလုံး ထိုအသံများ ဖုံးလွှမ်း နေခဲ့သည်။ ဟွာဂျီယူ ပျောက်ကွယ် သွားသော နေရာ၌ မရေမတွက် နိုင်သော လူများသည် ဒူးထောက်ကာ ဆုတောင်း နေခဲ့ကြသည်။

“သခင်မအား ဘုရားသခင် စောင့်ရှောက်ပါစေ…”

လေထဲတွင် ရှားရှင်းယွန်၊ ရှန့်ထိုရှား၊ ရှန့်ထိုလီ၊ ရှန့်ထိုကျိနှင့် လစန္ဒာ ရှန့်ထိုတို့ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ သူတို့၏ စိတ်နှလုံးများ တည်ငြိမ်ခြင်း မရှိနိုင်ကြပေ။

နန်းတော်အတွက် ရီဖူရှင်းကား နန်းတော် သခင်ဖြစ်ကာ သူတို့၏ အနာဂတ်နှင့် ယုံကြည်မှုလည်း ဖြစ်သည်။ ယနေ့တိုက်ပွဲ အပြီးတွင် ရီဖူရှင်းကား နန်းတော်၏ နတ်ဘုရားတစ်ပါး ဖြစ်ခဲ့၏။

ရီဖူရှင်းအပေါ်  လွန်စွာ မုန်းတီးသော မှန်နန်းတော် သခင်မပင် ထိုအခိုက်တွင် ပြောမပြတတ်သော ဝမ်းနည်းမှုအား ခံစားရ၏။ သူမက ရီဖူရှင်းအား သတ်မည်ဟု တွေးထားခဲ့သော်လည်း ယနေ့ အဖြစ်အပျက်များ အပြီးတွင် သူမက ထိုသို့ လုပ်နိုင်ပါဦး မည်လော။

လူတိုင်းတွင် ကိုယ်ပိုင် ဘဝ ရှိကြပေသည်။ သူမ ငယ်စဉ်အခါက သူမသည် ဟွာဂျီယူကဲ့သို့ သူမအား အမှန်တကယ် ချစ်ခင်နှစ်သက်သူ တစ်ယောက်နှင့် ဆုံတွေ့ရန် အိပ်မက် မက်ခဲ့သည်။ သို့သော်လည်း သူမက အမှောင်ဆုံးသော ဘဝ အတွေ့အကြုံများကိုသာ ကြုံဆုံခဲ့ရကာ ယနေ့ မှန်နန်းတော်သခင်မ အဖြစ် မွေးဖွားခဲ့သည်။ ယနေ့ တိုက်ပွဲအပြီးတွင် ရီဖူရှင်းသည် မည်သို့ ဖြစ်လာခဲ့မည်နည်း။

လေပြင်းများ တိုက်ခတ်လျှင် သူမ၏ အဝတ်အစားများနှင့် ဆံနွယ်များ တဖျတ်ဖျတ် လွင့်သည်။ သူမက စစ်မြေပြင်အပေါ် ကောင်းကင်သို့ ကြည့်သည်။ အင်ပါယာရှားက တော်ဝင်မြေများအား ဆုတ်ခွာရန် အမိန့်ပေးသည်။ သူတို့က ရီဖူရှင်းအား အလွန်တရာ သတ်ဖြတ် လိုသည့်တိုင် အင်ပါယာရှား၏ အမိန့်တော်ကို မလွန်ဆန်နိုင်ပေ။ ကျိရှမ်းကမ်းပါးကား လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ တော်ဝင် အလင်းနန်းတော်မှ တန်ခိုးရှင်များ မှာလည်း အားလုံးနီးပါး သေဆုံးခဲ့၏။ ကျောက်ပြည်ထောင် မှာလည်း ကြီးစွာ ဆုံးရှုံးခဲ့သလို အဆုံးမဲ့ ပင်လယ်မှာလည်း တစ်ဝက်ကျော်သော တန်ခိုးရှင်များ သတ်ဖြတ် ခံခဲ့ရသည်။ ထို့အတူ တော်ဝင်ကျဲ နန်းတော်မှလည်း များစွာ ကျဆုံးခဲ့ပြီး နန်းတော် သခင်၏ဇနီးပင် ဆုံးပါးခဲ့သည်။ သူတို့က စစ်ပွဲကို အနိုင်ရခဲ့သော်လည်း အနိုင်ရသည့်အတွက် မည်သူမှ ပျော်ရွှင်နိုင်ခြင်း မရှိကြ။

သည်တိုက်ပွဲတွင် နန်းတော်၏ သွေးများသည် မြစ်တစ်စင်း ဖြစ်စေရန် လုံလောက် ပေသည်။

“ပြန်မယ်…” မှန်နန်းတော် သခင်မက ပြောကာ မှန်နန်းတော်မှ တန်ခိုးရှင်များအား ဦးဆောင်လျက် ထွက်သွားသည်။ ရှန့်ထိုများကလည်း တိုက်ခိုက်ရန် အခွင့်အရေး ရှိမည်ဟု သူ မထင်ခဲ့သော်လည်း ရှားရှင်းယွန် ရောက်လာခြင်းက အရာအားလုံးကို ရပ်တန့် စေခဲ့သည်။

ယနေ့ ဖြစ်ပျက်ခဲ့သည်များက အင်ပါယာရှား၏ အာရုံကို ဖမ်းစားခဲ့မှတော့ သူကိုယ်တိုင် သေချာပေါက် စုံစမ်းလေ့လာ ပေလိမ့်မည်။ အင်ပါယာရှား အမိန့်အတိုင်း တော်ဝင်မြေများသည် နောက်ထပ် အမိန့်မရမချင်း မိမိတို့ တော်ဝင်မြေမှ ထွက်ခွာ ရမည်မဟုတ်ပေ။ ထို့ကြောင့် အချိန် တစ်ခုကြာ ပြည်နယ်ကိုးခုသည် တိတ်ဆိတ် နေပေလိမ့်မည်။

တန်ခိုးရှင်များ အားလုံး အလျှိုလျှို ထွက်သွားကြ၏။ ရှန့်ထိုရှား၊ ရှန့်ထိုလီနှင့် လစန္ဒာ ရှန့်ထိုတို့လည်း ထွက်သွား ခဲ့ကြသည်။ ဗာဂျာရာဒေသမှ တန်ခိုးရှင်များလည်း ထွက်ခွာ သွားကြ၏။ ရှန့်ထိုကျန့်က သူသည် တော်တင်ကျဲ နန်းတော်သို့ ဝင်ရောက်သည်ဟု ကြေညာခဲ့၏။

ထို့ကြောင့် မြေရိုင်း ပြည်နယ်တော်ဝင်ကျဲ နန်းတော်သည် နောက်ထပ် ရှန့်ထိုတစ်ပါးကို ပိုင်ဆိုင်ခဲ့၏။

***

လဝက်ခန့်မျှက စစ်ပွဲ သတင်းများ ပြည်နယ်ကိုးခု အနှံ့သို့ ပျံ့နှံ့ရန် လုံလောက်ခဲ့ပေသည်။ လူအများအပြားမှာ သတင်းများကို ကြားပြီး ထိတ်လန့်ရ၏။ ကောလာဟလများအရ ရှန့်ထိုကျဲကား စစ်ပွဲ၌ သေဆုံးခဲ့ကာ ကျိရှမ်းကမ်းပါးမှာ ယခု အင်ပါယာရှား လူများ၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်သို့ ရောက်သွားသည်။ အင်ပါယာရှားက ကျိရှမ်းကမ်းပါးအား အဘယ်ကြောင့် ထိန်းချုပ်ခဲ့သည်ကို မည်သူမှ မသိကြပေ။

တော်ဝင်စစ်ပွဲ၌ တော်ဝင်မြေခုနစ်ခု ပူးပေါင်းကာ တော်ဝင်ကျဲ နန်းတော်အား တိုက်ခိုက် ခဲ့သော်လည်း အနိုင် မရရှိခဲ့ကြပေ။ ကောလာဟလများအရ တော်ဝင်ကျဲနန်းတော် တစ်ခုလုံး သွေးချောင်း စီးခဲ့၏။ လူတိုင်းအား ပိုမို ထိတ်လန့် စေခဲ့သည်ကား မည်သည့် တန်ခိုးရှင်များ သေဆုံးခဲ့သည်ကိုပင် သတင်းများ မသိကြရခြင်းပင်။ သတင်းများ အားလုံးမှာ အမှောင်ချခြင်း ခံခဲ့ရ၏။

တစ်လောကလုံးမှာ စစ်ပွဲရလဒ်ကိုသာ ကြားသိရပြီး အသေးစိတ် အဖြစ်အပျက်များကို မသိကြရပေ။ ကောလာဟလများအရ အင်ပါယာရှား ကိုယ်တိုင် ရောက်ရှိခဲ့ကာ တော်ဝင်မြေများ ကလည်း အမိန့်အတိုင်း မိမိတို့နယ်ရပ်သို့ ပြန်ခဲ့ကြရသည်။ သူတို့အားလုံးမှာ အင်ပါယာရှား စေလွှတ်သော တန်ခိုးရှင်များ၏ စောင့်ကြည့်ခြင်းများကို ခံယူနေကြရ၏။

အကြောင်းပြချက်အား မည်သူမှ မသိကြသော်လည်း အတွင်း သတင်းများကို သိသူများမှာလည်း ထုတ်ပြောရန် ဝန်လေး ကြောက်ရွံ့ ကြပေသည်။ ရှန့်ထိုရှားပင် သူ့ကလန်သို့ ရောက်ပြီး နောက်ပိုင်း မည်သည့်စကားမှ မဆိုခဲ့ပေ။ ရှန့်ထိုလီ သည်လည်း ပြည်နယ်ကိုးခု ကျောင်းတော်သို့ ပြန်ရောက်လာခဲ့ပြီး တိုက်ပွဲနှင့် ပတ်သက်၍ ဘာမှ မပြောပေ။

ထိုအရာများ အားလုံးက ပြည်နယ်ကိုးခုမှ လူများအား ထိတ်လန့်စေသည်။ တိုက်ပွဲ၌ ဘာဖြစ်ခဲ့သနည်း။ ပြည်နယ်ကိုးခုမှ လူများ အားလုံးမှာ ထိုအတွင်း သတင်းများအား သိလိုကြသည်။

တော်ဝင်ကျဲ နန်းတော်၊ တော်ဝင်ရှီ နန်းဆောင်၌ ရှီဖူရှင်းသည် သတိလစ် မေ့မြောနေရာမှ ပြန်လည် သတိရလာခဲ့၏။ သူက မျက်လုံးများကို ဖွင့်သောအခါ ဘေးမှ တန်ခိုးရှင် များစွာအား မြင်ရသည်။ အစ်မ၂၊ လိပ်ပြာလေး၊ ဖီးနစ်၊ လို့လန်ရွှီနှင့် လင်းအာတို့ အားလုံး ရှိနေကြ၏။ သူ သတိရလာသည့် သတင်းကို ကြားသည်နှင့် ရီဝူချင်း၊ ဟောင်ကျူဂီနှင့် တခြားလူများ အားလုံး ရောက်လာခဲ့ကြသည်။ ဆရာ ထောင်ကျန်းပင် ပြန်လာခဲ့ပြီ ဖြစ်သည်။

သူတို့က အဘယ်ကြောင့် စိုးရိမ်ပူပန် နေကြသည်ကို ရီဖူရှင်း သိနားလည်သည်။ သို့သော်လည်း ယခုတွင် သူ့နှလုံးမှာ ကြီးစွာ နာကျင် နေခဲ့၏။ သူက မေးသည်… “ ယူချင်းနဲ့ ရာရာတို့ကော…”

“ယူချင်းရဲ့ဒဏ်ရာက သိပ်မသေးဘူး… ဒါပေမဲ့ ရှန့်ထိုကျန့် ကိုယ်တိုင် ကုပေးနေတော့ အဆင်ပြေတယ်။ ရာရာက တံခါးပိတ် လေ့ကျင့်နေတယ်” ကျူးကော့မင်းယွီက ပြောသည်… “ဖူရှင်း.. မင်းက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုတယ်…”

“ရှားရှင်းယွန်နဲ့ အင်ပါယာရှားလူတွေ … သူတို့ ရှိနေသေးလား…” ရီဖူရှင်းက မေးသည်။

ကျူးကော့မင်းယွီက အသာအယာ ခေါင်းညိတ်သည်။ ရီဖူရှင်းက မသက်မသာ ပြုံးသည်။ သူက ဧကရာဇ် အသိအား အဘယ်ကြောင့် နောက်ဆုံး အချိန်ကျမှ ထုတ်လွှတ်ခဲ့သည်ကို လူအများအပြားက နားမလည်ခဲ့ကြပေ။ သို့သော် အမှန်တကယ် အားဖြင့် သူက တန်ခိုးရှင် ကိုးဦးနှင့် ရင်ဆိုင်ရ ကတည်းက ဧကရာဇ် အသိအား လောင်ကျွမ်းနေခဲ့ပြီး ဖြစ်သော်လည်း ဟွာဂျီယူ၏ စွမ်းအားများက ထို အရောင်အဝါများအား ဖုံးအုပ် ပေးထားခဲ့၏။ သို့သော်လည်း ရှန့်ထိုကျဲ ဝင်ပါလာသောအခါ သူက ထိုအရောင်အဝါများအား ထပ်မံ၍ ဖုံးအုပ်နိုင်ခြင်း မရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော် သူနှင့် ဟွာဂျီယူတို့သာ ဧကရာဇ်အသိနှင့် ပတ်သက်သော လျှို့ဝှက်ချက်များအား သိနားလည် ကြသည်။

ယခင်က အရှင်ဒွန်ဟောင်သည် ချင်းကျူမြို့သို့ ရောက်လာခဲ့ပြီး ရုပ်တုနှင့် နှင်းလူဝံ အင်ပါယာတို့အား သတ်ဖြတ်ခဲ့သည်။ ဧကရာဇ်အသိအား ထုတ်လွှတ်ခြင်းက သေခြင်းတရားကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ သူသေလျှင် နန်းတော်လည်း အဆုံးသတ်ပြီ ဖြစ်သည်။

ယခု နန်းတော်မှ လူများက သူ့အား ပြန်လည် သက်သာလာရန် မျှော်လင့် နေကြသော်လည်း အင်ပါယာရှားက သူ့အား စုံစမ်း ဖော်ထုတ်ပြီးနောက် ဘာဆက်လုပ်မည်ကို သူမသိပေ။ သို့သော်လည်း လာမည့် အကျိုးဆက်မှ သူ လွတ်မြောက်စရာတော့ မရှိပေ။

အောက်ဘုံ၏ အရှင်သခင်ဖြစ်သော အင်ပါယာရှားသည် အရှင်ဒွန်ဟောင်၏ လူများ ချင်းကျူမြို့သို့ ရောက်လာသည့် ကိစ္စအား မသိ ဟူသည်ကို သူမယုံပေ။ ထို့အပြင် သူတို့က နှစ်ကြိမ်တိတိ ရောက်လာခြင်း ဖြစ်သည်။ ဒုတိယ တစ်ကြိမ်မှာ သူ့ဆရာဒူထံသို့ ရောက်လာခြင်း ဖြစ်သည်။ ထိုကိစ္စများအား သေချာ ဆန်းစစ်ကြည့်ပါက မိမိမှာ ထိုအရှင်သခင် နှစ်ပါးနှင့် ဆက်စပ်နေခြင်း ဖြစ်မည်ကို ကောက်ချက် ချနိုင်ပေမည်။

ထို့အပြင် သူက လူတိုင်း၏ ရှေ့တွင် ဧကရာဇ် အသိအား ထုတ်လွှတ်ခဲ့၏။ အင်ပါယာရှားက မည်သို့ လျစ်လျူရှု နိုင်မည်နည်း။ ယခု သူက သေချာပေါက် စုံစမ်း နေပေလိမ့်မည်။ ပြည်နယ်ကိုးခုကား အင်ပါယာရှား၏ လက်အောက်၌ ရှိပေသည်။ သူသာ စုံစမ်းလျှင် ရှာမတွေ့သော ကိစ္စမရှိနိုင်ပေ။ သူကား ချင်းကျူတွင် နေထိုင်ခဲ့ကာ နောက်ပိုင်းတွင် ကော့တေး၌ လေ့ကျင့်ခဲ့၏။ အင်ပါယာရှားက သူ့နောက်ကြောင်းကို သေချာပေါက် ခန့်မှန်းမိ နိုင်ပေသည်။

“ကျွန်တော် လမ်းလျှောက် ချင်တယ်…” ရီဖူရှင်းက ထရပ်ကာ အပြင်သို့ ထွက်သွားသည်။ အားလုံးက သူ့အား ကြည့်ကြ၏။ ဂူတုံးလျိုက တီးတိုးပြောသည်… “သူ့ကို တိတ်တဆိတ် ပေးနေလိုက်ပါ…” အားလုံးက ခေါင်းညိတ် ကြသည်။ လက်ရှိတွင် ရီဖူရှင်း မည်သို့ ခံစားနေရမည်ကို အားလုံးက နားလည်ကြသည်။

ရီဖူရှင်းက တော်ဝင်ရှီနန်းဆောင် အနီးတစ်ဝိုက်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက် နေခဲ့သည်။ လေပြင်းများ တစ်ချက် တစ်ချက် အဝှေ့၌ သူက အနည်းငယ် အေးစက်မှုအား ခံစားရသည်။ သူ့ရှေ့၌ကား လူနှစ်ယောက် လျှောက်လာ ကြသည်။ သူတို့သည် ကျေးရွာ ခေါင်းဆောင်နှင့် ရာရာတို့ ဖြစ်ကြ၏။ သူမက ရာရာ မဟုတ်တော့ သည်လည်း ဖြစ်နိုင်ပေ၏။

ရီဖူရှင်းက လွန်စွာ ပြောင်းလဲသွားသော ထိုမိန်းကလေးအား ကြည့်သည်။ သူမကား ကျစ်ဆံမြီး မကျစ်ထားတော့ပဲ ဆံထုံးကို သိပ်ရပ်စွာ ထုံးထားပြီး မျက်လုံးများ မှာလည်း ယခင်လို ကြည်လင် သန့်စင်ခြင်း မရှိတော့။ သို့သော်လည်း သူမကား ယခင်ကထက် များစွာ လှပလာခဲ့၏။ သို့သော်လည်း ရီဖူရှင်းက သူမအား ယခင်ကဲ့သို့ မိန်းကလေးငယ်လေး အဖြစ် မြင်နေဆဲ ဖြစ်သည်။

ထိုမိန်းကလေးကလည်း ရီဖူရှင်းအား ကြည့်သည်။ သူမ၏ မျက်လုံးများထဲ၌ ပြောမပြတတ်သော ခံစားချက်များ ရှိနေသည်။ သူမ၏ နှုတ်ခမ်းများက တစ်ခုခုကို ပြောလိုသည့်ဟန် ကွေးကောက် သွားသော်လည်း သူမက ဘာမှ မပြောပေ။

ရီဖူရှင်းက သူမအား ကြည့်ရင်းက ရုတ်တရက် ပြုံးသည်။ သူက သေတော့မည် ဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် အဆင့်အတန်း၊ ရာထူး ဝိသေသများအား တွေးတော နေရဦး မည်နည်း။ သူမက မရဏဓားနတ်မယ် ဖြစ်စေ၊ ရာရာဖြစ်စေ သူ၏ညီမငယ် တစ်ယောက် ဖြစ်ပေသည်။

ရီဖူရှင်းက ရှေ့သို့ တက်သွားကာ သူမ၏ခေါင်းကို ပွတ်သပ်ရန် ကြိုးစားသည်။ သူမက ဘေးသို့ အနည်းငယ် ယိမ်းကာ ရှောင်ဖယ်၏။ သို့သော်လည်း ထိုအခိုက် အတန့်တွင်ပင် ရီဖူရှင်း၏ လက်က သူမ၏ ခေါင်းပေါ်သို့ ရောက်လာကာ ပြောသည်… “အစ်ကိုလို့ခေါ်…”

ထိုမိန်းကလေး၏ မျက်လုံးများက အလွန်တရာ စူးရှသွားပြီး တစ်ဖန် ပြန်လည် သိမ်မွေ့သွားသည်။ သူမ၏ မျက်လုံးများက တစ်စုံတစ်ခုကို ရုန်းကန် နေသောဟန် ရှိသည်။ သူမ၏ နှုတ်ခမ်းများက ကွေးကောက်သွားပြီး အလိုအလျောက် ဆိုသည်… “အစ်ကို…” အသံကား တိုးလွန်းရကား နားဖြင့် ကြားရဟန်ပင် မရှိပေ။

ရီဖူရှင်းက ထိုတိုးညင်းသော အသံကို ကြားလျှင် သူ၏ မျက်လုံးများက နီရဲလာခဲ့သည်။ သူ၏ လက်ကလည်း ဆတ်ခနဲ တုန်ယင်သွား၏။ ရာရာ ရှိနေသေး သည်လား။

သူက လက်နှစ်ဖက်လုံးအား ဆန့်တန်းကာ ထိုမိန်းကလေး၏ မျက်နှာအား အသာအယာ ကိုင်တွယ် ကြည့်သည်။ ထိုမိန်းကလေး၏ ခန္ဓာကိုယ်က တောင့်တင်း သွားဟန်ရပြီး တစ်ချိန်တည်းမှာပင် သူမသည် ခန္ဓာကိုယ် အတွင်း တစ်နေရာမှ လာသော နွေးထွေးမှုအား ခံစားရ၏။ ထိုခံစားချက်ကား ဆယ်စုနှစ် တစ်ခုကြာ ဖြစ်တည် လာသော ဘဝတစ်ခုမှ လာသော ခံစားချက် ဖြစ်သည်။ ထိုအရာက နက်ရှိုင်းသော ဝိညာဉ်အတွင်း၌ ကပ်ငြိနေခြင်းဖြစ်ရာ အလွယ်တကူ ပြောင်းလဲနိုင်ခြင်း မရှိပေ။ သူမသည် မရဏဓား နတ်မယ် ဖြစ်သော်လည်း သူမသည် ရာရာလည်း ဖြစ်၏။

သူမ၏ခန္ဓာက တဖြည်းဖြည်း ပြန်လည် သက်တောင့်သက်သာ ဖြစ်လာခဲ့ကာ ရီဖူရှင်းအား ကိုင်တွယ်ခွင့် ပြုသည်။ နောက်တွင် ကျေးရွာ ခေါင်းဆောင်မှာ ထိုမြင်ကွင်းအား ကြည့်ပြီး မသက်မသာ ဖြစ်လာသည်။ တစ်လောကတွင် သူမအား ဤသို့ ပြုမူရဲသူမှာ ရီဖူရှင်း တစ်ယောက်သာ ရှိပေမည်။ ထို့အပြင် သူမက ရုန်းကန်ခြင်းပင် မပြုပေ။ ရီဖူရှင်း၏ လက်ရှိ စွမ်းရည်သည် ယခင်ထက် မြင့်မား လာသော်လည်း သူမအတွက် ရီဖူရှင်းအား သတ်ရန်မှာ အလွန်တရာ လွယ်ကူသည်ကို သူသိသည်။

ရီဖူရှင်းက လက်အား ပြန်ရုပ်သိမ်းကာ ရာရာအား ပြုံးပြသည်။ ယခု အချိန်တွင် ရာရာအား တွေ့မြင်ရခြင်းက သူ့စိတ်အား ပိုမိုကြေကွဲ နာကျင်စေ၏။

“ကျေးရွာ ခေါင်းဆောင် … ကျွန်တော် တစ်ခု တောင်းဆို ချင်ပါတယ်…” ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်အား ပြောသည်။

“ကောင်းပြီ…” ကျေးရွာ ခေါင်းဆောင်က ခေါင်းညိတ်၏။

“ကျုပ်သေခဲ့ရင် နန်းတော်ကို နှစ်အချို့ စောင့်ရှောက် ပေးပါ … ကျွန်တော့်ဆရာကို နန်းတော် သခင်နေရာ ပေးအပ်ပေးပါ … တကယ်လို့ အမှားအယွင်း မရှိခဲ့ရင် အနာဂတ်မှာ ယူချင်းက ဆရာ့ကိုယ်စား တာဝန်ယူ ပေးပါလိမ့်မယ်…” ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်အား ပြောသည်။ နန်းတော်တွင် သူ စိုးရိမ်ပူပန်ရသော သူများစွာ ရှိနေသည်။ သူ၏ ညီအစ်ကို မောင်နှမများ၊ မိတ်ဆွေများ၊ သူ့ဆရာနှင့် ဆရာကတော်တို့…။

ကျေးရွာ ခေါင်းဆောင်က သူ့ရှေ့မှ မိန်းကလေးအား ကြည့်လျှင် မိန်းကလေးက ပြောသည်… “ကောင်းပြီ… ”

ရီဖူရှင်းက သူမအား ကြည့်ကာ သူမ၏ ပါးပြင်အား အသာ ပွတ်သပ်လျက်ပြောသည်… “ကောင်းကောင်းနေ…” ထိုသို့ ပြောပြီးနောက် သူက ထိုနေရာမှ ထွက်လာခဲ့သည်။ မှန်သည် … ရာရာမှာ ရာရာ မဟုတ်တော့သလို ရာရာ ဖြစ်နေသေးသည်ကို သူနားလည်၏။

ကျေးရွာ ခေါင်းဆောင်မှာ ထိုစကားများကို ကြားပြီး ဝေခွဲမရသော ခံစားချက်များ ဖြစ်လာသည်။ သူ့ရှေ့မှ မိန်းကလေးကား တစ်နည်းအားဖြင့် ကြောက်မက်ဖွယ် ကောင်းပေသည်။ မိန်းကလေးက နောက်လှည့်ကာ ကျေးရွာ ခေါင်းဆောင်အား ကြည့်သည်။ ကျေးရွာ ခေါင်းဆောင်က ဘာမှ မမြင်သည့်အလား ခေါင်းငုံ့၏။ သူ ဘာမှ မမြင်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset