အင်ပါယာရှား နယ်မြေ၊ အထက်ဘုံ။
အင်ပါယာရှား၏ နန်းတော်သည် ကောင်းကင်အထက် တိမ်များ အကြား၌ တည်ရှိသည်။ တိမ်များ အကြားတွင် နန်းတော်မှာ ကမ္ဘာမြေပေါ်မှ နတ်ဘုရား နယ်မြေ တစ်ခုအလား ထင်မှတ်ရသည်။ ရွှေရောင် ဝတ်ရုံရှည်ကြီးအား ဝတ်ဆင်ထားသော လူကြီး တစ်ယောက်သည် ရှေ့သို့ ကြည့်နေ၏။ သူ့ဘေးတွင် ယောက်ျား အဝတ်အစား ဝတ်ဆင်ထားသော မိန်းမလှတစ်ယောက် ရှိနေ၏။ သူမသည် ရှားရှင်းယွန် ဖြစ်၏။
သူတို့ နှစ်ယောက်လုံး ကြည့်နေသော နေရာတွင် ဧရာမ အလင်း မျက်နှာပြင်ကြီး တစ်ခုရှိသည်။ ထိုအလင်း မျက်နှာပြင်ပေါ်တွင် တောင်ထိပ်အပေါ်တွင် တည်ရှိနေသော နန်းတော်တစ်ခု၊ စစ်မြေပြင် အတွင်း၌ တိုက်ခိုက်နေကြသော၊ မရေမတွက်နိုင်သော တန်ခိုးရှင်များ၊ လေထဲတွင် တစ်ကိုယ်တည်း ထိုင်ကာ ကု့ချင်း တီးခတ်နေသော သွေးအလိမ်းလိမ်းဖြင့် လူငယ် တစ်ယောက်တို့ ရှိနေသည်။ သူ့အနီး၌ တန်ခိုးရှင်များမှာ မြေပြင်ပေါ်သို့ အသက်မဲ့စွာဖြင့် တဖြုတ်ဖြုတ် ကြွေကျနေသည်။ လူငယ်ထံမှ အင်ပါယာ တစ်ပါးအလား ကြီးမြတ် ထည်ဝါသော ရောင်စဥ် ရောင်ဝါများ ထွန်းလင်း နေ၏။
အလင်း မျက်နှာပြင်ပေါ်၌ မြင်ကွင်းအား ကြည့်ကာ ရှားရှင်းယွန်၏ မျက်လုံးများက ထူးဆန်းသော အမူအရာများ ဖြစ်နေသည်။ ရှေးနန်းတော်ရာ၌ ရီဖူရှင်းက သူမအား ပြောကြားခဲ့သော စကားကို ပြန်အမှတ်ရ လာခဲ့သည်။ သူမက ဝှက်ဖဲများ ရှိသေးသည်ဟု ရီဖူရှင်းအား ပြောရာတွင် ရီဖူရှင်းက သူ့တွင်လည်း ဝှက်ဖဲရှိသည်ဟု ဆိုသည်။
ထိုအချိန်က ရီဖူရှင်းမှာ အသိအမြင်နည်းပြီး ကြွားဝါခြင်းဟုသာ တွေးထင်ခဲ့၏။ သို့သော် သူမက သူမ၏ ဝှက်ဖဲကို ထုတ်ခဲ့လျှင်ပင် ရီဖူရှင်းထံ၌ ရှုံးနိမ့်ပေလိမ့်မည်။ အောက်ဘုံမှ တိုက်ပွဲသည် ကမ္ဘာပျက်သည့်အလား ပြင်းထန်လွန်းသည်။ အောက်ဘုံတွင် ဤသို့သော တိုက်ပွဲမျိုး ရှိမည်ဟု သူမ မထင်ထားခဲ့ပေ။
“ဒီတစ်ယောက်တည်းက ပြည်နယ်ကိုးခုက အရာအားလုံးထက် ပိုသာတယ် …” အင်ပါယာရှားက တိုက်ပွဲအား ကြည့်ကာ လက်ဝှေ့ယမ်း လိုက်လျှင် အလင်းမျက်နှာပြင်မှ မြင်ကွင်းမှာ ပျောက်ကွယ် သွားသည်။
“လာကြစမ်း …” သူကပြောလျှင် လူတစ်ယောက် သူ့ရှေ့သို့ ရောက်လာကာ ဒူးထောက်သည်။ အင်ပါယာရှားက ပြောသည် … “အရင်ဆုံး မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းရဲ့ အတိတ်ကို စုံစမ်းဖို့ လူတစ်ယောက် လွှတ်လိုက် … သူမွေးကတည်းက သူလုပ်ခဲ့တာတွေ၊ သူနဲ့ ပတ်သက်ခဲ့တဲ့ သူတွေနဲ့ သူလေ့ကျင့်တဲ့ စွမ်းရည်တွေ … သူနဲ့ပတ်သက်တာ အကုန်လုံးကို သိချင်တယ်”
အင်ပါယာရှားက ထူးမခြားနားစွာ ပြောလျှင် သူ့အသံ၌ မေးခွန်းထုတ်စရာ မလိုသော အခွင့်အာဏာများ ပါဝင်နေသည်။
“ဒုတိယ … အောက်ဘုံကို လူတွေခေါ်ပြီးသွား … ဒီနေ့ တော်ဝင်ကျဲ နန်းတော် တိုက်ပွဲမှာ ပါဝင် ပတ်သက်နေတဲ့သူတွေ၊ ကြည့်ရှုနေတဲ့ အတွင်းအပြင် လူတွေ အကုန်လုံးကို စောင့်ကြည့်စေ … သူတို့တွေကို သူတို့ရဲ့ တော်ဝင်မြေ အသီးသီးသို့ ပြန်သွားစေပြီးတော့ ငါ့ခွင့်ပြုချက် မရှိဘဲ အပြင်ကို ထွက်ခွင့်မရှိဘူး။ အမိန့်တော်ကို ချိုးဖောက်တဲ့သူ ဟူသမျှ အသတ်ခံရမယ်” ဒုတိယမြောက် ညွှန်ကြားချက်သည် တော်ဝင်ကျဲ နန်းတော်မှ သတင်းများအား အမှောင်ချရန် ဖြစ်ရပေမည်။ နန်းတော်၏ စစ်မြေပြင် အတွင်းနှင့်အပြင် လူတိုင်းအား သတင်းမပြန့်ရန် ထိန်းချုပ်ထားခြင်း ဖြစ်သည်။
“တတိယ … ပြည်နယ်ကိုးခု တမန်တော်တွေကို သူတို့ ဘာလုပ်နေသလဲလို့မေး … ရှန့်ထိုကျဲက ဘယ်လို သတ္တိနဲ့ အဲဒီလို လုပ်ရဲရတာလဲ စုံစမ်း”
“ဟုတ်ကဲ့ပါ အရှင် …” ထိုလူက ပြောသည် … “ရီဖူရှင်းကို စုံစမ်းတဲ့အခါ သူ့ကို ထိန်းချုပ်ဖို့ လိုပါသလား …”
“မလိုဘူး … သူ့ကို စောင့်ကြည့်တာက လုံလောက်တယ် …” အင်ပါယာရှားက ပြောသည် … “မြန်မြန် လှုပ်ရှားကြ …”
“သမီးလည်း သွားမယ် …” ရှားရှင်းယွန်က ပြောသည်။
အင်ပါယာရှားက ခေါင်းညိတ်သည် … “ကောင်းပြီ …”
ထို့နောက် အမိန့် လက်ခံသူသည် ရှားရှင်းယွန်နှင့် အတူ ထွက်သွားခဲ့သည်။ ထို့နောက် အင်ပါယာရှား နန်းတော်မှ တန်ခိုးရှင် တစ်စုသည် နန်းတော်တွင် ရှိသော အောက်ဘုံသို့ တိုက်ရိုက် သွားလာနိုင်သော အာကာသ ခရီးသွား အစီအရင်ဝင်္ကပါမှ တစ်ဆင့် ထွက်သွား ခဲ့ကြသည်။
***
တော်ဝင်ကျဲ နန်းတော်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော တန်ခိုးရှင်များ ရှိနေကြသည်။ သို့သော်လည်း သူတို့မှာ တော်ဝင်ကျဲ နန်းတော်၌ ဖြစ်နေသော တိုက်ပွဲအား မြင်တွေ့ခွင့် မရှိပေ။ ရှန့်ထိုများကို ပိုင်ဆိုင်သော တော်ဝင်မြေများသာ ဘေးရန်ကင်းစွာဖြင့် စစ်မြေပြင်အား နီးကပ်သော အနေအထားဖြင့် ကြည့်ရှုနိုင်ကြသည်။
ယခုထိ တိုက်ပွဲမှာ အဆုံးသတ်ခြင်း မရှိသေးပေ။ ထိုအချိန်တွင် လူတစ်ယောက်သည် လူအုပ်ထဲမှ တဖြည်းဖြည်းဖြင့် နောက်ဆုတ်သွားကာ ထွက်သွားရန် ပြင်သည်။ သူကား အလွန်မြန်ရာ သေချာပေါက် ရှန့်ထိုတန်ခိုးရှင် တစ်ပါးဖြစ်သည်။ သို့သော်လည်း သူက ကျွန်းစုတစ်ထောင် တော်ဝင်မြေ အပေါ်၌ ပျံသန်းနေစဥ်မှာပင် မျက်မှောင်ကြုတ် လိုက်ကာ ရပ်လိုက်သည် … “ဘယ်သူလဲ …” သူက ထိုသို့ ပြောလိုက်သည်နှင့် လူတစ်စု ပေါ်လာကာ သူ့အား ကြည့်ကြသည်။
“အင်ပါယာလီဘုံက တစ်ယောက်ပဲ …” ထိုလူစုထဲမှ တစ်ယောက်က ပြောသည်။
ထိုလူကြီး၏ မျက်လုံးများက ဓားသွားများအလား အသစ် ရောက်လာသူများထံသို့ ကြည့်သည်။
“လီယောင် ဘယ်မှာလဲ … ” တစ်ဖက်လူ အုပ်စုက မေးသည်။
လူကြီးက ကောင်းကင်ထက်သို့ လျှပ်တစ်ပြက် တက်ကာ ထွက်ပြေးရန် ကြိုးစားသည်။ သူက လီယောင်ရှိရာ အရပ်သို့ မပြေးဘဲ ဆန့်ကျင်ဘက်သို့ ပျံသန်း သွားသည်။ ထိုလူစုကလည်း သူ့နောက်သို့ မြန်ဆန်စွာ လိုက်၏။ မကြာမီ မြေရိုင်းပြည်နယ် ကျွန်းစုတစ်ထောင် တော်ဝင်မြေ၌ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကာ ရှန့်ထိုတစ်ပါး ထိုနေရာတွင်ပင် အသတ်ခံခဲ့ရ၏။
ကျုံးကျိုးမြို့၏ အပြင်ဘက် စားသောက်ဆိုင် တစ်ခုတွင် လီယောင်သည် သောက်စား နေခဲ့သည်။ သူ့ရှေ့တွင် ကြေပျက်နေသော ကျောက်စိမ်းပြား ကိုးခုရှိသည်။ ထိုကျောက်စိမ်းပြားများမှာ သူ စေလွှတ်ထားသော တန်ခိုးရှင်ကိုးဦးအား ကိုယ်စားပြုသည်။ ယခု သူတို့ ကိုးဦးမှာ သေဆုံးခဲ့ပြီ ဖြစ်သည်။
သူ့ရှေ့တွင် မိန်းမလှလေးသည် ပြင်းထန်စွာ ငိုကြွေးနေ၏။ လူငယ်မူကား ကြီးမားသော အမုန်းတရားများ ရှိနေသည်။ သူ၏အဖေ ရှန့်ထိုကျဲ သေဆုံးခဲ့ပြီ ဖြစ်သည်။
“အရှင့်သား …” တန်ခိုးရှင် တစ်ဦးက ကြေပျက်နေသော ကျောက်စိမ်းပြား တစ်ခုနှင့်အတူ ရှေ့သို့ ရောက်လာသည် … “တစ်ခုခု မှားနေပြီ … အရှင့်သားက ထွက်သွားသင့်ပြီ”
လီယောင်က ချက်ချင်း ထရပ်ကာ ပြောသည် … “ထွက်ခွာမယ် …”
စစ်မြေပြင်၌ ဘာဖြစ်ခဲ့သည်ကို သူမသိပေ။ သို့သော် သူတို့အား အင်ပါယာရှားက သတိထားမိ သွားလျှင် ပြဿနာ ကြီးနိုင်ပေသည်။ ယခု သူစေလွှတ်ထားသော သူများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရ၏။ ဆုံးရှုံးမှုမှာ နည်းပါးခြင်း မရှိသော်လည်း သူ့အဆင့်အတန်းဖြင့် သိပ်ကြီးမားသော ပြဿနာတော့ မဟုတ်ပေ။
အရည်အသွေးမြင့် တော်ဝင် ရတနာတစ်ခု ပေါ်လာသည်။ ထိုအရာသည် အာကာသခရီးသွား ရတနာယာဥ်ပျံ တစ်စီး ဖြစ်သည်။ သူတို့က ယာဥ်ပျံ အတွင်းသို့ ဝင်ရောက်သွားပြီး မကြာမီ ယာဥ်ပျံက လေထုထဲသို့ တိုးဝင် ပျောက်ကွယ် သွားသည်။ မျက်လုံး တစ်မှိတ်အတွင်း ထိုနေရာမှ လူစုသည် အစအနမကျန် ကွယ်ပျောက် သွားကြ၏။
သူတို့ ထွက်သွားပြီး မကြာမီ ထိုနေရာသို့ လူတစ်စု ဆင်းသက် လာခဲ့သည်။ သူတို့က ခြေရာ လက်ရာများအား တစ်ချက်ကြည့်ကာ ကောင်းကင်အား လေ့လာ ကြည့်ကြသည်။ ကြည့်ရသည်မှာ သူတို့က ခြေတစ်လှမ်း နောက်ကျခဲ့၏။ သို့သော်လည်း သူတို့က အချိန်မီ ရောက်လာခဲ့လျှင်ပင် တစ်ဖက် အုပ်စုအား တားဆီးနိုင်မည် မဟုတ်ပေ။ အင်ပါယာရှားက တိုက်ပွဲအား စောင့်ကြည့်ရန်သာ ညွှန်ကြား ထားခြင်းဖြစ်ရာ သူတို့၏ စွမ်းရည်မှာ အကန့်အသတ် ရှိပေသည်။
***
တော်ဝင်ကျဲ နန်းတော်၏ စစ်မြေပြင်မှ အူကီယိုသံစဥ်သည် စစ်မြေပြင် တစ်ခုလုံးအား ပျံ့လွင့်နေခဲ့သည်။ လောကဓာတ်များ ကင်းလွတ်ရာ နယ်မြေ သဘာဝ စွမ်းအားများ အသုံးပြုခွင့် မရှိသော နေရာ၌ သံစဉ်၏ ပိတ်မိခြင်း ခံနေရသူများမှာ အဆက်မပြတ် သတ်ဖြတ် ခံနေရသည်။
တော်ဝင်စစ်ပွဲကား သံသယရှိစရာ မလိုအောင် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
“နောက်ဆုတ်မယ် …” ရှန့်ထိုကျိက ပြောသည်။ တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များက နောက်ဆုတ်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ သို့သော် ကု့ချင်းသံစဥ်များ ရိုက်ခတ်လာလျှင် သေခြင်းတရားက နောက်မှ လိုက်ပါလာသည်။ ထိုအရာက တော်ဝင် အလင်း နန်းတော်မှ တန်ခိုးရှင်များ အားလုံးကို ယနေ့တွင်ပင် အဆုံးသတ်ရန် ရည်ရွယ်သည်။
မှန်သည် … ချီကလန်၏ ခြိမ်းခြောက်မှုကြောင့် တော်ဝင်အလင်း နန်းတော်မှ အင်အားများ အားလုံး ဤနေရာသို့ ရောက်မလာနိုင်ခဲ့ကြပေ။ သို့တိုင်အောင် ကျိရာနှင့် တော်ဝင်အလင်း နန်းတော်မှ အတော်ဆုံးသော တန်ခိုးရှင်များ အသတ်ခံခဲ့ရသည်။ လက်ရှိတွင် ရှန့်ထိုကျိ မည်သို့ ခံစားနေရမည်ကို ခန့်မှန်းနိုင်သည်။
“နောက်ဆုတ်မယ် …” ရှီဟွာတောင်ရှန့်ထိုက အမိန့်ပေးသည်။
“နောက်ဆုတ်မယ် …” ကျောက်ပြည်ထောင် ဘုရင်နှင့် အဆုံးမဲ့ပင်လယ်မှ ရှန့်ထိုများကလည်း သူတို့၏ လူများအား ဆုတ်ခွာစေသည်။ သူတို့က အလွန်တရာ တွန့်ဆုတ်မိ ကြသော်လည်း သူတို့၏လူများ ဆက်လက် အသတ် ခံနေရမည်ကို ကြည့်မနေနိုင်ပေ။ လက်ရှိတွင် ဆုတ်ခွာခြင်းကသာ တစ်ခုတည်းသော ရွေးချယ်ခွင့် ဖြစ်သည်။
ယနေ့ တော်ဝင်မြေ ခုနစ်ခုက မဟာမိတ်ဖွဲ့ကာ တော်ဝင်ကျဲ နန်းတော်သို့ လာရောက် တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း သူတို့က ရန်ဟောင် အမွေအနှစ်ပိုင်ရှင် ဟောင်ကျူဂီအား မဖမ်းဆီးနိုင်ခဲ့သလို အချိန်နှင့် လေဟာနယ်လှံအားလည်း မရရှိခဲ့ကြပေ။ အရေးအကြီးဆုံးမှာ ရီဖူရှင်းအား မသတ်ဖြတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့က မရေမတွက်နိုင်သော အသက်များအား ပေးဆပ်ခဲ့ရ၏။
ကျိရှမ်း ကမ်းပါး၏ ရှန့်ထို ခေါင်းဆောင်ဖြစ်သော ရှန့်ထိုကျဲ၊ ကျိရာ၊ ခွန်ယိုနှင့် လျူကျောင်းတို့ ယနေ့တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။ တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များသည် ဆုတ်ခွာ နေကြသော တန်ခိုးရှင်များအား အရူးအမူး လိုက်လံ သတ်ဖြတ် နေကြဆဲ ဖြစ်သည်။
ထိုအခိုက်တွင် ကောင်းကင်ထက်မှ ကြီးမားသော အရှိန်အဝါများ ဆင်းသက် လာခဲ့သည်။ မရေမတွက်နိုင်သော မျက်လုံးများက ကောင်းကင်ထက်သို့ ကြည့်ကြသည်။ ထိုအရာက ကောင်းကင်ဘုံ စစ်တပ် ရောက်ရှိ လာသည့်အလား ဖြစ်ရာ လူတိုင်း၏ စိတ်နှလုံးအား တုန်ယင်စေသည်။
အင်ပါယာရှား၏ လူများ ရောက်ရှိ လာခဲ့ကြပြီ ဖြစ်သည်။ သိသာစွာပင် အင်ပါယာရှား ကိုယ်တိုင်က တော်ဝင်ကျဲ နန်းတော် တိုက်ပွဲအား ကြည့်ရှုနေခဲ့သည်။ မည်သူကမှ တစ်ခါမှ မတွေးခဲ့ဖူးသလို ကြားဖူးခြင်းလည်း မရှိကြချေ။ အင်ပါယာရှားသည် ပြည်နယ်ကိုးခုမှ မည်သည့် ကိစ္စရပ်များကိုမှ ဂရုစိုက်ခဲ့သည် မဟုတ်ပေ။ သို့သော် ယခု အင်ပါယာရှား၏ စစ်တပ်သည် တော်ဝင်ကျဲ နန်းတော်သို့ ရောက်ရှိလာခဲ့သည်။ ရှန့်ထိုရှားပင် ကြီးစွာ စိတ်လှုပ်ရှား လာခဲ့၏။
ဤသည်က ရီဖူရှင်း ထုတ်လွှတ်ခဲ့သော ကိုယ်ရောင်ကိုယ်ဝါ ကြောင့်လား။ အင်ပါယာရှားက ရီဖူရှင်းအား မည်သို့ သဘောထား မည်နည်း။
သိသာစွာပင် ရီဖူရှင်းက ထိုစွမ်းအားများကို ယခင်က ထုတ်လွှတ်ဖူးခြင်း မရှိခဲ့ပေ။ သူက မထုတ်လွှတ် ရဲခဲ့သည်လည်း ဖြစ်နိုင်၏။ ထိုအရာက မည်သို့သော လျှို့ဝှက်ချက် ဖြစ်ပါစေ ထိုလျှို့ဝှက်ချက်သည် အင်ပါယာရှား၏ အာရုံကို ဆွဲငင် နိုင်လိမ့်မည်ဖြစ်ရာ ရီဖူရှင်းက ထုတ်လွှတ်ရဲခြင်း မရှိခဲ့ပေ။ သို့သော် သေခြင်းတရားနှင့် ရင်ဆိုင်ရသော အခါတွင် သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော်လည်း အင်ပါယာရှားက သူ့လူများအား စေလွှတ်ခဲ့ပြီဖြစ်ရာ ရှန့်ထိုရှားက အင်ပါယာထံသို့ သွားရောက် တင်ပြနေစရာ မလိုတော့ပေ။
မဟာ စစ်တပ်ကြီး ဆင်းသက် လာခဲ့ကာ ဦးဆောင်လာသူမှာ ရှားရှင်းယွန် ဖြစ်သည်။ သူမ၏ မျက်လုံးက လေထဲတွင် ကု့ချင်း တီးခတ်နေသော လူငယ်ထံသို့ ရောက်လာ၏။ မကြာသေးမီက သူ၏ဇနီးမှာ စစ်ပွဲအတွင်း၌ ဆုံးပါးခဲ့သည်။
“အင်ပါယာရှားရဲ့ အမိန့်တော် … တော်ဝင်မြေတွေ အကုန်လုံးက သူတို့ရဲ့ ကိုယ်ပိုင် တော်ဝင်မြေသို့ ပြန်ပြီးတော့ နောက်ထပ် အမိန့်တွေကို စောင့်ဆိုင်းပါ … သူတို့က ခွင့်ပြုချက် မရှိဘဲ ပြင်ပ နယ်မြေများသို့ ထွက်ခွာခွင့်၊ ဆက်ဆံခွင့် မရှိဘူး။ အမိန့်တော်ကို ချိုးဖောက်သူက အသတ်ခံရမယ်” ရှားရှင်းယွန်၏ ဘေးမှ ရှန့်ထိုတစ်ပါးက ကြေညာသည်။
အင်ပါယာရှားက ရှန့်ထိုကျဲ့၏ လှုပ်ရှားမှုကြောင့် တော်ဝင်မြေများ အားလုံးကို ထိန်းချုပ် လိုသည်လား သို့မဟုတ် ရီဖူရှင်းကြောင့် ပေလော။
“အားလုံး ပြီးသွားပြီလား …” မရေမတွက်နိုင်သော လူများက ကောင်းကင်ထက်ကို ကြည့်ကြသည်။ ထိုအခိုက်တွင် ရှန့်ထိုကျိ၊ ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့အားလုံး နားလည်ခဲ့သည်မှာ သူတို့အားလုံး ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။ သူတို့က ဤအရှုံးအတွက် ကြီးမားစွာ ပေးဆပ်ခဲ့ရသည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား အင်ပါယာရှားသာ ရီဖူရှင်းအား တားဆီးခြင်း မရှိလျှင် တစ်နေ့တွင် သူတို့မှာ သေချာပေါက် အဆုံးသတ် ရပေတော့မည်။
“ကောင်းပါပြီ …” ရှန့်ထိုကျိက ခေါင်းညိတ်သည်။ ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့က သဘောတူဟန်ဖြင့် ခေါင်းညိတ် ကြသည်။ အင်ပါယာရှား၏ အမိန့်တော်ကို မည်သူက မနာခံဘဲ နေရဲမည်နည်း။
ကု့ချင်းသံစဥ်က ရုတ်တရက် ရပ်တန့်သွားကာ ကု့ချင်းဝိညာဥ် သည်လည်း ပျောက်ကွယ် သွားသည်။ ရှိရှိသမျှသော အားအင်များ ကုန်ခန်းသွားပြီ ဖြစ်သော ရီဖူရှင်းသည် ကောင်းကင်ထက်မှ အရုပ်ကြိုးပြတ် ကျဆင်းသည်။ လူအချို့ လျှပ်တစ်ပြက် သူ့ထံသို့ ပျံသန်း သွားကြ၏။ ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့ ဦးဆုံးရောက်ကာ သူ့အား ဖမ်းဆီး လိုက်ကြသည်။
“အစ်မနှစ် … အစ်ကိုသုံး …” ရီဖူရှင်း၏ မျက်လုံးများတွင် မျက်ရည်များ …။ ထို့အတူ ကျူးကော့မင်းယွီသည်လည်း မျက်ရည်ကျ၏။ ရီဖူရှင်း၏ မျက်လုံးများကို ကြည့်ကာ သူမ၏ စိတ်နှလုံးသည်လည်း နာကျင်ရ၏။ ဂူတုံးလျိုက ရီဖူရှင်း၏ လက်အား ဆုပ်ကိုင် ထားသည်။ သူက ဘာမှမပြောပေ။ လက်ရှိတွင် စကားလုံးများက အသုံးဝင်ခြင်း မရှိပေ။ သူက အကောင်းဆုံး ကြိုးစားခဲ့သလို အားလုံးကလည်း ထိုနည်းတူ ဖြစ်သည်။
သို့သော် ရှန့်ထိုကျဲ ဝင်ရောက် တိုက်ခိုက်မည်ဟု မည်သူက တွေးထင်မိမည်နည်း။ ရှန့်ထိုကျဲအား မည်သူက တားဆီး နိုင်မည်နည်း။ ဂျီယူနှင့် ရာရာတို့က အသက် အသေခံကာ ခုခံတားဆီးခဲ့ခြင်း မရှိခဲ့လျှင် ရီဖူရှင်းနှင့် ယူချင်းတို့လည်း ထိုနေရာတွင်ပင် အသက်ပျောက် သွားနိုင်ပေသည်။
အဝေးတွင် တော်ဝင်ရှီ နန်းဆောင်မှ လူအများအပြားလည်း သူ့ထံသို့ ရောက်ရှိ လာခဲ့ကြသည်။ ထိုအထဲတွင် မျက်ရည်များ ပြည့်လျှံနေသော လူနှစ်ယောက်လည်း ပါသည်။ သူတို့က မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရီဖူရှင်း၏ ရှေ့သို့ ရောက်လာခဲ့ကြ၏။ ထိုနှစ်ယောက်မှာ ဟွာဖန်းလူနှင့် နန်ဒူဝမ်ရန်တို့ ဖြစ်ကြသည်။
“ဆရာ … ဆရာကတော် …” ရီဖူရှင်းက ကျူးကော့မင်းယွီ၏ အကူအညီ မယူဘဲ မြေပြင်ပေါ်တွင် ဒူးထောက်သည်။ သူက ဆရာနှင့် ဆရာကတော်တို့အား ပြန်လည် မဆပ်နိုင်တော့သော အကြွေးတစ်ခု တင်ခဲ့ပြီ ဖြစ်သည်။ သူတို့က ဂျီယူအား သူ့ထံသို့ ပေးအပ်ခဲ့ကြ သော်လည်း သူက သူမအား မကာကွယ် နိုင်ခဲ့ပေ။
နန်ဒူဝမ်ရန်က ရီဖူရှင်းအား ဆွဲထူကာ မျက်ရည်များဖြင့် ပွေ့ဖက်သည် … “ဖူရှင်း … ဒါက မင်းအမှား မဟုတ်ပါဘူး …” ထို့အတူ ဟွာဖန်းလူကလည်း ရီဖူရှင်းအား ဆွဲထူသည်။ ထိုအခိုက်တွင် သူက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ရုတ်တရက်အားဖြင့် လွန်စွာ အိုစာသွားဟန် ရသည်။ သူက ဟွာဂျီယူ ပျောက်ကွယ် သွားသော အရပ်အား ကြည့်ကာ အတိတ်မှ ဖြစ်ရပ်များ ခေါင်းထဲတွင် တရိပ်ရိပ် ပေါ်လာခဲ့သည်။
ထိုအချိန်က ချင်းကျူ ကျောင်းတော်တွင် သူနှင့် သူ့သမီး ဟွာဂျီယူတို့ အတူတူ နေထိုင်ခဲ့ကြသည်။ တစ်နေ့တွင် သူတို့၏ ဘဝထဲသို့ ရီဖူရှင်း ရောက်လာခဲ့ကာ နေ့ရက်များမှာ အသက်ဝင် စိုပြည်ခဲ့သည်။ သူက ရီဖူရှင်းအား တပည့်အဖြစ် လက်ခံကာ ကု့ချင်းနှင့် မှော်စာလိပ် ရေးခြင်းများ သင်ကြား ပေးခဲ့သည်။ နောက်ပိုင်းတွင် သူ့သမီးနှင့် သူ့တပည့်တို့အား သူက သဘောတူခဲ့သည်။
ထိုအရာများ အားလုံးမှာ လှပသော အမှတ်တရများ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှက မနေ့ တစ်နေ့ကလို ထင်မှတ်ရ သော်လည်း ယခုအခါ လက်လှမ်း မမီသော အရာများ ဖြစ်သွားခဲ့လေပြီ။
***