အခန်း ( ၆၆ )

မင်းတို့ကောင်တွေက ပျော်နေကြတာပေါ့

ထိုသို့တွေးကာ ဝမ်ပေါင်လဲ့သည် အသက်ကို ပြင်းပြင်း ရှိုက်လိုက်သည်။ သူသည် ဤပွဲတွင် ရှိသမျှ အကုန်ထုတ်သုံးခဲ့ရသည်။ သို့မှသာ သူ့ဘက်က အရေးနိမ့်နေသည့် အခြေအနေကို ယခုလက်ရှိ အခြေအနေသို့ ပြောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ခြင်ကြီး ပျံထွက်သွားသည်ကို တွေ့ပြီးနောက် အဖွဲ့ခေါင်းဆောင် အသက်ရှင်ကျန်ကာ သူ့နောက် လိုက်လာနိုင်ခြေ ရှိသောကြောင့် သူသည် နည်းလမ်းများကို တွေးမနေနိုင်တော့ချ။ အထူးသဖြင့် ခြင်ကြီးက သူ့အပေါ်မှ ဖြတ်ပျံသွားချိန်တွင် ဖြစ်သည်။

“ သတ်ပစ်မယ် ”
ဝမ်ပေါင်လဲ့က စိတ်ထဲမှ ကြုံးဝါးလိုက်ပြီး အကြည့်များက အေးစက်သွားသည်။ ဆေးလုံးများ အရည်ပျော်သွားပြီး အနွေးဓါတ်က ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး အင်အားအပြည့် ဖြစ်လာသည်။ အမြင့်ဆုံး အရှိန်ထိတင်ကာ လူခုနစ်ယောက်ဆီ ပြေးဝင်သွားသည်။

သာမန်အားဖြင့် သူ ပြေးလာနေသည်ကို ချက်ချင်း သတိထားမိကြမည် ဖြစ်သော်လည်း အပေါ်မှ ဖြတ်ပျံသွားသော ခြင်ကြီးက ကြောက်နေဆဲဖြစ်သည့် လူခုနစ်ယောက်ကို စိတ်အာရုံလွင့်သွားစေသည်။ ဝမ်ပေါင်လဲ့က ထိုတဒင်္ဂအချိန်လေးကို အသုံးပြုကာ သူတို့နား ချဥ်းကပ်လာခြင်း ဖြစ်သည်။

“ ဝမ်ပေါင်လဲ့ ”
သူတို့ ဝမ်ပေါင်လဲ့ကို သတိပြုမိသောအချိန်တွင် ဝမ်ပေါင်လဲ့သည် ပေတစ်ရာခန့်သာ ကွာဝေးတော့သည်။ သူ၏ ဖွံ့ထွားသွေးကြော ကျင့်ကြံခြင်းအဆင့်က ပေါက်ကွဲထွက်လာချိန်တွင် ခန္ဓာကိုယ်ကို လှုပ်ရှားပြီး အော်လံကြီးကို ထုတ်ယူလိုက်သည်။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်းရှိ အသံများကို ကျော်လွန်သည့် အကျယ်လောင်ဆုံး အသံကြီးကို ဝမ်ပေါင်လဲ့က ထုတ်လွှင့်ပေးလိုက်သည်။

ဤအသံကြီးမှာ ကျယ်လောင်လွန်းလှပြီး ဝမ်ပေါင်လဲ့မှာ အော်လံကို ညှာတာခြင်း မရှိ အားကုန်ထုတ် အသံကုန် ဟစ်နေသည်။ သိပ်မကြာမီ အော်လံကြီးမှာ မခံနိုင်တော့ဘဲ ကွဲအက်သွားသည်။ သို့သော်လည်း မြေကြီးပါ တုန်သွားစေသည့် အသံလှိုင်းတစ်လုံးက တိုင်ဖုန်းမုန်တိုင်းသဖွယ် ပေါက်ကွဲထွက်လာရာ မျက်လုံးနှင့်ပင် မြင်ရသည်။ ၎င်းအသံလှိုင်းသည် အရာအားလုံးကို တိုးတိုက် ဖြတ်ကျော်သွားသည်။

ဝတ်ရုံနက်နှင့်လူများမှာ အဆင်သင့်ပြင်ထားကြသော်လည်း အံ့ဩလွန်းလှသဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန် မေ့သွားကြသည်။ သူတို့အားလုံး တုန်ခါသွားကြပြီး ခေါင်းထဲမှ တဝီဝီမြည်ကာ ပြေးနေရာမှ ရပ်လိုက်ကြရသည်။

တဝီဝီမြည်သံနှင့် တခဏတာ ရပ်တန့်သွားကြသည်မှာ ဝမ်ပေါင်လဲ့အတွက် အခွင့်အရေး ဖြစ်သည်။ သူ့အရှိန်မှာ ပိုမြန်လာပြီး‌ ပေတစ်ရာအကွာအဝေးကို လျှော့ချလိုက်သည်။

သို့သော် လူတိုင်းက အသံလှိုင်းကြောင့် တုန်ခါသွားခြင်း မဖြစ်ကြပေ။ လူသုံးယောက်မှာ ဝမ်ပေါင်လဲ့ အော်လံကြီး မထုတ်ခင်ကပင် ဓမ္မလက်နက်များကို ဆွဲထုတ်ကာ အကာအကွယ်လုပ်ထားပြီး ဖြစ်သည်။ သူတို့မှာ အသံကြောင့် တုန်ရီသွားကြသော်လည်း သက်ရောက်အားမှာ မပြင်းလှပေ။ ဝမ်ပေါင်လဲ့ ရောက်လာသည်ကို တွေ့သောကြောင့် သုံးယောက်သားက ကြုံးဝါးအော်ဟစ်ကာ ဝမ်ပေါင်လဲ့ဆီ တည့်တည့် ဝင်သွားကြသည်။

သူတို့ထဲမှ နှစ်ယောက်မှာ ဝမ်ပေါင်လဲ့ ပူပန်ရသည့် ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့် သိုင်းသမားများ ဖြစ်သည်။

ယခင်ကဆိုလျှင် ဝမ်ပေါင်လဲ့သည် သေချာပေါက် နောက်ဆုတ်ကာ ကွေ့သွားမည် ဖြစ်သည်။ သို့ရာတွင် သူ့အကြည့်မှာ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ပေါ်လွင်နေပြီး နောက်မဆုတ်သည့်အပြင် အရှိန်ကိုပါ မြှင့်လိုက်သေးသည်။ သူ အနားမရောက်မီ အခိုက်အတန့်လေးတွင် ညာလက်ကို လှုပ်ကာ အသံနှိမ့်ကာ အော်လိုက်သည်။

“ သူတို့ကို ဖမ်းလိုက်စမ်း”

ထိုသို့ ပြောပြီး ဝမ်ပေါင်လဲ့က သိုလှောင်လက်ပတ်ထဲမှ ကြိုးခုနစ်ချောင်းနှင့် အရုပ်ခုနစ်ရုပ်ကို ထုတ်လိုက်သည်။ ထိုအရုပ်များမှာ သူ၏ နောက်ဆုံး တိုက်ကွက်ဖြစ်သည်။ အရုပ်များမှာ ကျား၊မ၊သားရဲ အရုပ်များပါသည်။ သူတို့ထွက်လာပြီးနောက် ဝမ်ပေါင်လဲ့၏ အမိန့်အတိုင်း ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့် သက်လတ်ပိုင်း ဝတ်ရုံနက်လူနှစ်ယောက်ဆီ တည့်တည့် ပျံသွားသည်။

ထိုလူနှစ်ယောက်၏ အမူအရာများမှာ ပြောင်းလဲသွားပြီး ချက်ချင်း ပိတ်ဆို့ရန် ကြိုးစားကြသည်။ သို့ရာတွင် အရုပ်များမှာ များလွန်းသည့်အပြင် အလွန် ကြံ့ခိုင်တောင့်တင်းကြသည်။ အရုပ်များက ကြိုးများကို သုံးကာ ရန်သူနှစ်ယောက်ကို ချုပ်နှောင်ရန် ကြိုးစားကြသည်။ ထို့ကြောင့် ရန်သူများမှာ ပြန်လည် ရင်ဆိုင်ရန် ခက်ခဲနေသည်။ သူတို့ထဲမှ တစ်ယောက်က နောက်ဆုတ်ကာ ပျောက်ကွယ်သွားစဥ် အရုပ်ငါးရုပ်နှင့် ကြိုးလေးချောင်းက သူ့နောက်မှ လိုက်သွားကြသည်။

ကျန်နေခဲ့သည့် တစ်ယောက်မှာလည်း လွတ်အောင် မရှောင်နိုင်ပေ။ ကြိုးများက ခြေထောက်ကို ရစ်ပတ်ထားကြသည်။ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် အရုပ်နှစ်ယောက်က သူ့ကို တစ်ဖက်တစ်ချက်က တင်းတင်း ဆွဲချုပ်ထားကြသည်။ ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့် သက်လတ်ပိုင်းလူမှာ ရုန်းကန်နေရင်း မျက်နှာအမူအရာ ပြောင်းသွားသည်။

အသံလှိုင်းပေါက်ကွဲခြင်းမှသည် အရုပ်များက ချုပ်နှောင်လာသည်အထိ အရာအားလုံး လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ပေါင်လဲ့က ဤအခွင့်အရေးကို သုံးကာ ရန်သူကို ဓါးဖြင့် ထိုးသတ်ရန် ပြင်ထားသည်။ သို့သော် ရန်သူ၏ မျက်လုံးထဲမှ အကြည့်က ပြောင်းလဲသွားပြီး လက်ဖဝါးထဲတွင် တစ်ခုခုကိုင်ထားသည်ကို သတိပြုမိလိုက်သည်။ ဝမ်ပေါင်လဲ့က ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့် သက်လတ်ပိုင်းလူကို လျစ်လျူရှုကာ အခြားလူများကို ကြည့်လိုက်သည်။ ထို့နောက် ဦးတည်ချက်ပြောင်းကာ တတိယမြောက် ဝတ်ရုံနက်လူကို ဝင်တိုးလိုက်သည်။

ထိုဝတ်ရုံနက်လူမှာ သွေးများ အန်ကျလာပြီး ရုတ်ခြည်း နောက်ဆုတ်လိုက်သော်လည်း ဝမ်ပေါင်လဲ့က ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခိုက် ဓါးပျံတစ်လက်စီမှ တစ်ချောင်းထက်တစ်ချောင်း ပိုမို ချွန်ထက်သည့် ဓါးပျံ ဆယ်လက်ထွက်ပေါ်လာပြီး ထွက်ပြေးသွားသော ဝတ်ရုံနက်လူဆီ ပြေးဝင်သွားကြသည်။

အော်ဟစ်ထွက်ပြေးသွားသည့် ဝတ်ရုံနက်လူက ဓမ္မလက်နက်ကို ထုတ်ကာ တားဆီးသော်လည်း အလုပ်မဖြစ်ပေ။ ဓါးများက ရပ်တန့်ခြင်းမရှိ သူ့ကို တည့်တည့်ကြီး ဖြတ်ဝင်သွားသည်။ ဝမ်ပေါင်လဲ့သည် အမောတကောနှင့် အခြားလူ‌လေးယောက်ဆီ သွားလိုက်သည်။

သူတို့သည် အော်လံကြီးကြောင့် ထိတ်လန့်သွားကြသော်လည်း အန္တရာယ် ကျရောက်လာသောကြောင့် မျက်နှာများ ဖြူဖျော့ကာ ပြန်လည် ခုခံရန် အတွေးနှင့် နောက်ဆုတ်သွားကြသည်။ သို့ရာတွင် ဝမ်ပေါင်လဲ့က လက်ကို ဝှေ့ယမ်းလိုက်ရာ တံဆိပ်တော်အငယ်စား ခုနစ်ခုက သူတို့ကို ရိုက်ခတ်သွားသည်။ တံဆိပ်တော်များက ပို၍နီးကပ်လာပြီး ပေါက်ကွဲတော့သည်။ အချိန်မီ မရှောင်နိုင်သည့် လူတစ်ယောက်ခေါင်းပေါ်သို့ တံဆိပ်တစ်ခု ကျရောက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ ဘုရားရေ၊ သူ့မှာ ဘာလို့ ဒီလောက် ဓမ္မလက်နက်တွေ အများကြီး ရှိနေရတာလဲ။ သူက ထာဝရတာအိုကျောင်းရဲ့ ဓမ္မလက်နက်ဌာနက ဆိုရင်တောင် ဒီလောက်ထိတော့ မများသင့်ပါဘူး ”

အခြားလူသုံးယောက်မှာ တုန်ယင်နေကြသည်။ ဝမ်ပေါင်လဲ့သည် အဆင့်မြင့် ဝိညာဥ်ကျောက်တုံးများကိုသာ သုံး၍ ဝိညာဥ်အမြုတေအူတိုင်များ သုံးထားရာ သူ၏ ဓမ္မလက်နက်များမှာ အစွမ်းထက်လှသည်။ ဖျက်ဆီးခြင်း စွမ်းအားမှာလည်း ပေါ့သေးသေး မဟုတ်ဘဲ မထိမိသည့်တိုင် အခြားလူသုံးယောက်ကို သွေးများ အန်ထွက်စေသည်။ သူတို့က နောက်ဆုတ်နေကြစဥ် ဝမ်ပေါင်လဲ့က ရှေ့သို့ တိုးလာသည်။ သူ့လက်ချောင်းများမှာ ခရမ်းရောင်လက်သွားပြီး လူတစ်ယောက်၏ လည်ပင်းကို ခုတ်လိုက်သည်။

ထို့နောက် ညာခြေကို မြှောက်ကာ နောက်တစ်ယောက်၏ ပေါင်ကြားကို ကန်ထည့်လိုက်သည်။ နာကျင်စွာ အော်သံများ လေထဲတွင် ပဲ့တင်ထပ်နေစဥ် ဝမ်ပေါင်လဲ့က နောက်ဆုံးတစ်ယောက်၏ လက်ကောက်ဝတ်ကို လိမ်ချိုးကာ အခြားတစ်ယောက်၏ နဖူးကို တည့်တည့် ထုလိုက်သည်။ ဝမ်ပေါင်လဲ့မှာ ဟောဟဲဆိုက်နေပြီး ပိတ်မိနေသည့် ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့်လူကို ကြည့်လိုက်သည်။

သူနှင့်ရင်ဆိုင်နေရသည်မှာ ခုနစ်ယောက်ရှိပြီး သူက ငါးယောက်ကို သတ်ပစ်လိုက်ပြီဖြစ်သည်။

သူ ကြည့်လိုက်သည်နှင့် မြေကြီးပေါ်မှ ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့် ဝတ်ရုံနက်လူမှာ ခက်ခက်ခဲခဲ ကြိုးပမ်းရသော်လည်း လွတ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယင်းမှာ ကြိုးများ မလောက်ဘဲ အရုပ်နှစ်ရုပ်ဖြင့်သာ ဝိုင်းချုပ်ထားရသောကြောင့် ဖြစ်သည်။ သူက ဝမ်ပေါင်လဲ့ကို ကြည့်သောအခါ စိတ်လှုပ်ရှားနေသည့်ပြင် စိတ်သက်သာရာ ရသွားသည့်ပုံ ပေါ်သည်။ သူက ဝမ်ပေါင်လဲ့ဆီသို့ လက်ကို မြှောက်ကာ လက်ထဲမှ ပုံမှန် မဟုတ်သည့် ဆေးလုံးတစ်လုံးကို ပစ်လွှတ်လိုက်သည်။

“ ဝမ်ပေါင်လဲ့၊ မင်းက တကယ့်ကို တော်ပါပေတယ်။ ဒါပေမဲ့ မင်း ငါ့ကို သတ်ဖို့ အကောင်းဆုံး အခွင့်အရေးကို လွတ်သွားပြီ ”

ဝမ်ပေါင်လဲ့၏ အကြည့်များ ပြောင်းလဲသွားသည်။ ယခင်က ဤလူကို အရင်ဆုံး သတ်ပစ်ရန် သူ စီစဥ်ထားခဲ့သော်လည်း ထိုလူ၏လက်ထဲတွင် တစ်စုံတစ်ခု ရှိနေခဲ့ဟန်တူသည်။ သူ လျှောက်ပြောနေသည် ဖြစ်နိုင်သော်လည်း အမှန်တကယ် ဖြစ်နေပါက ဝမ်‌ပေါင်လဲ့မှာ အထိအခိုက် ရှိလာနိုင်သည်။ သတိလွတ်နေသည့် လူလေးယောက် အသိဝင်လာပါက ဝမ်ပေါင်လဲ့မှာ အရေးနိမ့်သွားနိုင်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့က သူ့ကို ခဏလွှတ်ထားကာ အခြားလူငါးယောက်ကို အရင်သတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူ့သုံးသပ်ချက် မှားသွားလျှင်ပင် ဤတိုက်ပွဲကို သူ အောင်မြင်နိုင်ခြေ ရှိသေးသည်။

“ ခုလည်း သိပ်နောက်မကျသေးပါဘူး ”
ဝမ်ပေါင်လဲ့၏ အကြည့်မှာ အေးစက်စက်နိုင်လှသည်။ သူက ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့် သက်လတ်ပိုင်းလူဆီသို့ တရှိန်ထိုး ပြေးလာသည်။ ခန္ဓာကိုယ်တစ်ချက်လှည့်ကာ ထိုလူက ဝမ်ပေါင်လဲ့ကို ရင်ဆိုင်လိုက်သည်။

သူတို့နှစ်ယောက်မှာ ချက်ချင်းပင် တိုက်ခိုက်ကြတော့သည်။ အသက်ဆယ်ကြိမ်ရှူရန် ကြာချိန်အတွင်း သူတို့သည် ဆယ်ကြိမ်ထက်မနည်း တိုက်ကွက်များ သုံးပြီးနေပြီ။ ဝတ်ရုံနက်သက်လတ်ပိုင်းလူမှာ ဖွံ့ထွားသွေးကြောအဆင့် အထွတ်အထိပ်ကို ရောက်နေပြီး ဓါးရှည်ဓမ္မလက်နက်တစ်ခု ပိုင်ဆိုင်ထားရာ တိုက်ပွဲမှာ အတော်လေး အကြိတ်အနယ်ရှိလှသည်။ သက်လတ်ပိုင်းလူက ဓါးရှည်ကို လွှဲရမ်းလိုက်လျှင် ဝိညာဥ်ချီများ ထွက်လာပြီး ဝမ်‌ပေါင်လဲ့၏ ခရမ်းရောင် ဓါးရှည်နှင့် အကြိမ်ပေါင်းများစွာ တိုက်မိကြသည်။

သက်လတ်ပိုင်းလူက ဝမ်ပေါင်လဲ့၏ စည်းချက်ကို မိသွားချိန်တွင် ဝမ်ပေါင်လဲ့၏ အကြည့်များ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်း သစ်စေ့ထွက်လာပြီး ကိုယ်ထဲမှာ ကြောက်မက်ဖွယ် စုပ်အားတစ်မျိုး ပျံ့ထွက်လာသည်။

သက်လတ်ပိုင်းလူမှာလည်း ကောက်ကျစ်လှသည်။ သူသည် စည်းချက်နှင့်အညီ အလိုက်သင့်သွားနေသော်လည်း ဝမ်ပေါင်လဲ့ကို အထင်မသေးရဲသော‌ကြောင့် တချိန်လုံး သတိအပြည့် ရှိနေခဲ့သည်။ သို့တိုင် ဝမ်ပေါင်လဲ့သည် အမှန်တကယ်တွင် ရှေးဟောင်းသိုင်းအဆင့်ကို ကျော်လွန်သည်အထိ အစွမ်းထက်မည်ကို သူ မထင်ထားခဲ့ပေ။

အဆုံးသတ်တွင် ဤသစ်တောထဲ၌ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့ကို တွေ့ကြုံလိုက်ရသူ အားလုံး အသက်ပေးသွားကြရသည်။

သတိထား ပြင်ဆင်ထားသည့် နည်းလမ်းများကိုပင် သုံးရန် အချိန် မရှိလိုက်ပေ။ ရုတ်တရက် တစ်စုံတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲယူသွားပြီး မျက်လုံးအိမ်များ ပြူးကျယ်သွားသည်။ သူ အသံမထွက်နိုင်ခင် ဝမ်ပေါင်လဲ့၏ ခရမ်းရောင်ဓါးက သူ့လည်ပင်းထဲသို့ စွပ်ခနဲ တိုးဝင်သွားသည်။

သေသွားသည့်တိုင် သူ့မျက်လုံးများမှာ ပြူးကျယ်နေပြီး ညာဘက်လက်က ဝမ်ပေါင်လဲ့၏ အဝတ်များကို ဆုပ်ကိုင်ထားသည်။ သူ့အကြည့်များမှာ လက်မခံနိုင် ဖြစ်နေသော်လည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဝမ်ပေါင်လဲ့မှာ ခါးကို ကုန်းကာ ဒူးပေါ်သို့ ဘယ်လက်ကို တင်၍ အသက်ကို ပင်ပန်းစွာ ရှူရှိုက်နေရသည်။ သူက ဓါးကို ပြန်ထုတ်လိုက်စဥ် နောက်ဘက်မှ ခြေသံများ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

မှောင်မည်းနေသော တောအုပ်ထဲတွင် လေပြင်းက အကြီးအကဲကို သယ်လာသည့်အလားပင်။

အကြီးအကဲ၏ မျက်လုံးများမှာ ရဲရဲနီနေကြသည်။ သူက ဝမ်ပေါင်လဲ့နား ဆယ်ပေအကွာခန့်အထိ ရောက်လာပြီး ဘေးပတ်လည်မှ အလောင်းများကို ကြည့်လိုက်သည်။ အတော်လေး ကြာပြီးနောက် ဝမ်ပေါင်လဲ့ကို ကြည့်ကာ အက်ကွဲနေသော အသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ ဒီလို ဖြစ်မယ်သိခဲ့ရင် ငါ ဒီအလုပ်ကို လက်ခံမှာ မဟုတ်ဘူး။ နှမြောစရာပဲ….. ခုတော့ မင်းကို သတ်မှပဲ ရတော့မယ် ”

အကြီးအကဲက လက်အိတ်စွပ်ထားသည့် ညာဘက်ကို မြှောက်ကာ တင်းကြပ်စွာ ဆုပ်လိုက်သည်။ ထိုအခိုက် သူ့ပတ်လည်တွင် မယုံနိုင်လောက်အောင် လူသတ်ချင်စိတ် ထက်သန်နေသည့် လေပွေတစ်ခု ပေါ်လာသည်။

တချိန်တည်း ထိုနေရာနှင့် မနီးမဝေးရှိ မြက်တောထဲ၌ အခြား ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့် သက်လတ်ပိုင်း ဝတ်ရုံနက်လူမှာ သူ့ရှေ့ကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။

သူ့ဘေးပတ်လည်တွင် ပြတ်ထွက်သွားသော ကြိုးအပိုင်းအစများ ရှိနေပြီး သူ့ပေါ်တွင် အရုပ်ငါးရုပ် ရှိနေသည်။ သုံးရုပ်မှာ ကြီးမားကြမ်းတမ်းပြီး နှစ်ရုပ်မှာ အစေခံမိန်းကလေးများ ဖြစ်ကြသည်။ သူတို့အားလုံးသည် သူ့ကို မျက်နှာသေများဖြင့် ဝိုင်းချုပ်ထားကြသည်။ သူတို့မပျက်မချင်း လွှတ်ပေးမည့် ပုံ မပေါ်ချေ။

ထိုမျှနှင့် သူသည် ကြောက်မည်မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်းလူ၏ မျက်နှာချင်းဆိုင်တွင် အနက်ရောင်မြူခိုးများ ပေါ်လာသည်။ မြူခိုးထဲတွင် မျောက်ပုံစံ အရိပ်တစ်ရိပ် ရှိနေသည်။ ၎င်းအရိပ်မှာ မျောက်ဝံတစ်ကောင်၏ မေးေစ့၊ ရှေ့ထွက်နေသော ပါးစပ်နှင့် ခပ်ပိန်ပိန် လူငယ်တစ်ယောက် ဖြစ်သည်။ ထိုလူငယ်မှာ အားနည်းသူကို အနိုင်ကျင့်ကာ အစွမ်းထက်သူကို မြှောက်ပင့်တတ်သော သစ္စဖော်တစ်ယောက်အသွင်ရှိသည်။ သူက လေထဲတွင် ထိုင်ချလိုက်ကာ ပါးစပ်ကို လက်ချောင်းကပ်ကာ သက်လတ်ပိုင်း ဝတ်ရုံနက်လူကို ‘ရှူး’လုပ်ပြလိုက်သည်။ သူ့အကြည့်များက အရုပ်များဆီ ဝေ့သွားသည်။

“ တိတ်တိတ်နေ၊ ဟိုနားက တိုက်ခိုက်နေတဲ့သူတွေကို မနှောင့်ယှက်နဲ့။ ဒါပေမဲ့…. မင်းတို့က တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ။ ဒီကမ္ဘာကြီးက လူတွေက ဘယ်လိုပျော်ရမလဲ တကယ်သိကြတာပဲ။ ဒီအရုပ်တွေက …. မဆိုးဘူး။ မကြောက်ပါနဲ့။ စိတ်အေးအေးထား။ ငါ့ရဲ့ ဆိုးဆိုးဝါးဝါး ကြယ်သခင်တွေက ငါ့ကို လူသတ်ခွင့်မပေးဘူး။ ငါက မင်းကိုကယ်ဖို့ ဒီနားလာတာ… ”

ထိုသို့ပြောနေစဥ် သူ့မျက်လုံးထဲ၌ မနှစ်မြို့ဖွယ် အမူအရာမျိုး ပေါ်လာပြီးနောက် ညာလက်က အရုပ်များဆီသို့ ရောက်သွားသည်။

ရုတ်တရက် အရုပ်များက စတင်လှုပ်ယမ်းလာသည်။ ဤသည်မှာ တစ်ခုခု ထူးခြားသွားသည့်အလားပင်။


Comment

Leave a Reply

Options

not work with dark mode
Reset