စစ်မြေပြင်၌ တော်ဝင်ကျဲ နန်းတော်မှ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် ရီဖူရှင်းထံသို့ ရောက်ရန် အပြင်းအထန် ကြိုးစားနေကြ၏။ ဓားသခင် ထုတ်သော ဓားချက်တိုင်းက သွေးမိုးစက်များ သွန်းရွာစေ၏။ ယူချင်းကလည်း သူ့အား ဝိုင်းထားသော တန်ခိုးရှင်များအား ဖောက်ထွက်ရန် ကြိုးစား တိုက်ခိုက်နေ၏။ တန်ခိုးရှင် ကိုးယောက်သည် ရီဖူရှင်းအား အမှန်တကယ် သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု သူခံစားရ၏။
“သူ့ကို သတ် …” လေထဲမှ အေးစက်သော အသံတစ်သံအား ကြားကြရသည်။ တော်ဝင်မြေသုံးခုမှ တန်ခိုးရှင်များက ရီဖူရှင်းရှိနေရာအား ဗဟိုထား၍ အထပ်ထပ် ဝန်းရံကြကာ တခြား တန်ခိုးရှင်များ မကပ်လာစေရန် တားဆီးကြ၏။ သူတို့က ရီဖူရှင်းအား မည်သည့် နည်းနှင့်မဆို သတ်ရန် ဆုံးဖြတ် ထားကြပြီး ဖြစ်သည်။
ထိုအခိုက်တွင် ဟောင်ကျူဂီ သည်လည်း မရေမတွက်နိုင်သော ရွှေချည်မျှင်များ ရစ်ပတ်မှုကို ခံထားရ၏။ သူ့အနေဖြင့် ရန်ဟောင် အမွေအနှစ်ကို ပိုင်ဆိုင်ထားသည် ဆိုသော်လည်း လက်ရှိတွင် တန်ခိုးရှင် ကိုးယောက်အား အန်တုရန် မည်သို့မှ မစွမ်းသာခဲ့။
ရီဖူရှင်းကား နတ်ငှက်၏ အတောင်ပံများဖြင့် ဟွာဂျီယူကို အုပ်မိုး ကာကွယ်ထား၏။ တစ်ဖက်တွင် မရေမတွက်နိုင်သော ရွှေချည်မျှင်များ သည်လည်း အဆက်မပြတ် ကျဆင်းလာခဲ့ကာ သူတို့အသက်အား နုတ်ယူရန် ကြိုးစားကြ၏။
အဝေးမှ ဓားအသိတစ်ခု ရိုက်ခတ် လာခဲ့၏။ ရှန့်ထိုများက လှမ်းကြည့် လိုက်ကြကာ သူတို့၏ မျက်နှာ အမူအရာများ ပြောင်းလဲ သွားကြသည်။ လူနှစ်ယောက်က တော်ဝင် ရတနာဓားအား စီးနင်း လာခဲ့ကြကာ တစ်ယောက်ကား တော်ဝင်ကျဲ နန်းတော်မှ ရှန့်ထိုတစ်ပါး ဖြစ်သော ကျေးရွာ ခေါင်းဆောင် ဖြစ်သည်။
နောက်တစ်ယောက်ကား အသက် ၁၈ နှစ် အရွယ်ခန့်ရှိသော မိန်းမငယ် တစ်ယောက် ဖြစ်သည်။ သူမသည် ကျစ်ဆံမြီး ကျစ်ထားကာ ခြေထောက် ဗလာဖြင့် မရင့်ကျက်သေးသော မိန်းကလေးပုံဟန် ဖြစ်၏။ သို့သော် သူမ၏ မျက်လုံးများမှာ လောက၏ အထက်ရှဆုံးသော ဓားတစ်လက်အလား စူးရှလွန်းသည်။ သူမကား မရဏတောင်တွင် တစ်ချိန်လုံး လေ့ကျင့်နေခဲ့သော ရာရာဖြစ်၏။ သူမက စစ်မြေပြင်အား တစ်ချက် ကြည့်ကာ လူသူ အသိပ်သည်းဆုံးသော တစ်နေရာသို့ ဦးတည်လိုက်၏။
တန်ခိုးရှင် အများအပြားက အားကောင်းသော ဓားအသိကို ခံစားမိကာ လှည့်ကြည့် ကြသော်လည်း သူတို့ မြင်သည်ကား လျှပ်စီးတန်းပမာ အလင်းတန်း တစ်ခု ဖြတ်သန်း သွားခြင်းပင်။ အဆက်မပြတ်သော ဖြတ်တောက်မှုများ ဖြစ်ပေါ်လာကာ ထိပ်သီး တန်ခိုးရှင် တစ်ဆယ်ကျော် ရုတ်တရက် အသက်ပျောက် သွားကြသည်။
လေထဲမှ ရှန့်ထိုများက ရာရာကို လှမ်းကြည့်ကြ၏။ ကျောက်ပြည်ထောင် ဘုရင်နှင့် ရှီဟွာတောင် ရှန့်ထိုတို့ မျက်မှောင်ကြုတ် လိုက်ကြ၏။ မရဏဓားဝင်္ကပါ၏ ဓားဝိညာဉ်ဟု သံသယ ဝင်ခံရသော မိန်းကလေးကား အမှတ်မထင် ပြန်လာခဲ့၏။ သူမ၏ ကြီးထွားနှုန်းမှာလည်း မယုံကြည် နိုင်လောက်အောင် မြန်ဆန်ခဲ့ကာ လက်ရှိတွင် ကွန်းရှီ အဆင့်အမြင့်ဆုံး၌ ရှိနေ၏။
“သူမကို သတ်…” ကျောက်ပြည်ထောင် ဘုရင်က အေးစက်စွာ ပြောသည်။
တစ်ယောက်ပြီး တစ်ယောက်က ရာရာထံသို့ ပျံသန်း သွားကြကာ တားဆီးကြ၏။ ရတနာဓားက အတားအဆီးမဲ့စွာ ရီဖူရှင်း ရှီနေရာသို့ ဖြန်းသန်း သွားနေခဲ့၏။ လူအများအပြားက ရာရာ၏ရှေ့သို့ ရောက်လာခဲ့ကြသည်။ ကျောက်ပြည်ထောင်မှ တန်ခိုးရှင် အချို့က ဖီးနစ်အသွင်သို့ ပြောင်းလဲကာ သူမအား ရွှေမီးတောက် လက်သည်းများဖြင့် တိုက်ခိုက်ကြ၏။
ရာရာက ရှေ့သို့ ဆက်ရွေ့လျား လာခဲ့သည်။ သူမ၏နက်ရှိုင်းစူးရှသော မျက်လုံးများက သူမကို တားဆီးရန် ဟန်ပြင်နေကြသော တန်ခိုးရှင်များအား ကြည့်၏။ ထိုအခိုက်တွင် သူတို့က အသူရာ ချောက်နက်သို့ ကျဆင်း သွားသည့်အလား ခံစားချက်ကို ရကြသည်။ သွေးနီရောင် ချောက်နက်ထဲ၌ ဓားများ ပျံသန်းနေကြ၏။ လေထဲတွင် သွေးနီရောင် ဓားတစ်လက် ရှိနေသည်။ အဆုံးအစမဲ့သော ဓားသိများ ဓားထံမှ ဖြာထွက် လာနေခဲ့ကာ သူတို့၏ စိတ်အသိအား လာရောက် ဖြတ်တောက် ကြသည်။ သူတို့၏မျက်နှာများ ပြာနှမ်းသွားပြီး ထိုနေရာတွင်ပင် သူတို့၏ စိတ်အသိများ ပျက်စီးသွားလို့ ခံစားကြရသည်။
ခြေဗလာဖြင့် မိန်းကလေးသည် ရှေ့သို့ တစ်လှမ်း တက်ကာ လေထုအား ဖြတ်သန်း သွား၏။ သူမ ဖြတ်သန်းသွားလျှင် ထိပ်သီး တန်ခိုးရှင်များ အတုံးအရုံး မြေပြင်ပေါ်သို့ အသက်မဲ့စွာ ကျ၏။ သူတို့ကား မည်သို့ သေဆုံးသွားသည်ကိုပင် မသိလိုက်ကြပေ။
“သူမကို တားကြစမ်း…” ရှန့်ထိုကျိနှင့် ရှီဟွာတောင် ရှန့်ထိုတို့က ဆိုသည်။ သည်မိန်းကလေးမှာ တန်ခိုးရှင် ကိုးယောက်အား တားဆီး နိုင်လောက်သည်ဟု သူတို့ ခံစားရ၏။ အကယ်၍ သူမသာ ရီဖူရှင်းထံသို့ ရောက်သွားခဲ့လျှင် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်၏။ သူတို့က ရီဖူရှင်းအား သတ်နိုင်ရန် သိပ်မလိုတော့ပေ။ ထိုရှားပါးသည့် အခွင့်အရေးအား မည်သို့ လက်လွှတ် ခံနိုင်မည်နည်း။
အပေါ်မှ တဝုန်းဝုန်း မြည်သံများ ကြားရ၏။ ဧရာမ တောင်ကုန်းကြီးများ တစ်ခုပြီးတစ်ခု ရာရာထံသို့ ဆင်းသက် လာကြ၏။ သို့သော်လည်း ဓားသည် တောင်များကို တစ်ခဏ အတွင်း၌ ဖောက်ထွင်း သွား၏။ သူမ၏ လမ်းတစ်လျှောက် တားဆီးရဲသူ ဟူသမျှမှာ စက္ကန့်ပိုင်းအတွင်း အသက်ပျောက် သွားကြရမြဲ။ ရှည်ကြာသော တိုက်ပွဲမှာ ခဏအတွင်း ဖြစ်ပျက်ခဲ့ပြီး မကြာခင် မိန်းကလေးသည် ရီဖူရှင်း ရှိနေရာ စစ်မြေပြင် အနီးသို့ ရောက်လာ၏။ သူမကား ထိုနေရာသို့ ရောက်ရန် တစ်ခဏမျှသာ ကြာမြင့်ခဲ့၏။
ရှန့်ထိုကျိ၊ ရှီဟွာတောင် ရှန့်ထိုနှင့် တခြားသော အဆုံးမဲ့ပင်လယ်မှ ရှန့်ထိုများ အားလုံး၏ အမူအရာများ ပြောင်းလဲ သွားကြ၏။ လက်ရှိ အခြေအနေတွင်ပင် တိုက်ပွဲ အနေအထားမှာ ပြောင်းလဲ နိုင်သေးသည်လား။
ရှန့်ထိုကျဲက ရာရာအား စူးစိုက် ကြည့်နေရာမှ သုန်မှုန်စွာ ပြောသည်…
“ခွန်ယို…”
လက်ရှိတွင် ပြည်နယ်ကိုးခု ရှီအဆင့်ဝင်များမှာ တော်ဝင်ကျဲ နန်းတော်မှ ထိပ်သီး တန်ခိုးရှင်များနှင့် ရင်ဆိုင် တိုက်ခိုက်နေကြရာ ရာရာအား တားဆီး နိုင်လောက်သူမှာ ခွန်ယို တစ်ယောက်သာ ရှိပေသည်။
ခွန်ယိုက ရှေ့သို့ တက်လာခဲ့လျှင် နတ်ဘုရားဆင်များ ပေါ်လာခဲ့၏။ ဧရာမ ဆင်ပုံရိပ်ကြီးများ ကောင်းကင်မှ ဆင်းသက်လာခဲ့ကာ သူမအား ဖိအားပေးကြ၏။
ဝုန်း … ဝုန်း … ဝုန်း …
နတ်ဘုရား ဆင်များမှာ အမှန်တကယ်ပင် ဓားချက်များ အကြား အစိတ်စိတ် အမြွှာမြွှာ ပြတ်တောက် သွားကြပြီး ဓားအား တားဆီးနိုင်ခြင်း မရှိကြပေ။ ဓားသည် အရာအားလုံးကို ဖြတ်တောက်လျက် ခွန်ယိုထံသို့ ဦးတည် လာခဲ့၏။
ဒုန်း…
ခွန်ယိုက လေးနက်သော အမူအရာဖြင့် ရှေ့သို့ တစ်လှမ်း တက်လာခဲ့၏။ ထိုခြေလှမ်း၌ အဆုံးမဲ့သော ခွန်အားများ စုစည်း ပါဝင်လာဟန်ရပြီး နတ်ဆင်စွမ်းအားများ အဆုံးအစမဲ့စွာ ပေါက်ကွဲ ထွက်လာခဲ့၏။ တော်ဝင် ရတနာဓားမှာ လုံးဝ တားဆီးနိုင်ခြင်း မရှိသော်လည်း သူ့အမြန်နှုန်းကတော့ နှေးကွေး သွားပေသည်။
သူက ရှေ့သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ တော်ဝင် အလင်းများ ကွဲထွက်လာခဲ့ကာ ဧရာမ နတ်ဆင်ကြီးက ရှေ့သို့ လျှောက်လှမ်း လာခဲ့ပြီး ခွန်ယိုထံသို့ ဦးတည်လာသော ရတနာဓားဖြင့် ရင်ဆိုင်သည်။ ဓားကား နောက်ဆုံးတွင် ထိုနေရာ၌ ရပ်တန့်သွားခဲ့ပြီး နတ်ဆင်၏ ခန္ဓာကိုယ်ကြီးအား တတိတိ ဖောက်ထွင်းရန် ကြိုးစားသည်။ ထို့နောက် ဓားနောက်တွင် ရာရာပေါ်လာခဲ့ကာ ခွန်ယိုအား အေးစက်စွာ ကြည့်သည်။ ထိုအခိုက်တွင် ခွန်ယိုသည် သူမ၏ မျက်လုံးများမှ အန္တရာယ် အငွေ့အသက်များအား ရသည်။
“သူတို့ကို မြန်မြန် အဆုံးသတ် …” ရှန့်ထိုကျဲက ရာရာကို မျက်မှောင်ကြုတ် ကြည့်ကာ တန်ခိုးရှင် ကိုးဦးအား ပြောသည်။ တန်ခိုးရှင် ကိုးဦး၏ လက်နက်များမှ စွမ်းအားများ ပိုမို သိပ်သည်းစွာ ထွက်ပေါ် လာခဲ့၏။ ရွှေချည်မျှင်များက နတ်ငှက်အား အဆက်မပြတ် ဖြတ်တောက် လာခဲ့ကြသည်။ အတောင်ပံများမှာ တဖြည်းဖြည်း ပျက်စီးလာခဲ့ကာ ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား သတ်ဖြတ်နိုင်ရန် သိပ်မဝေးတော့။
မရေမတွက်နိုင်သော လူများက အသက်ပြင်းပြင်း မရှူရဲကြတော့။ ထိုနေရာတွင် ဖြစ်ပျက် နေသည်များအား ခံစားမိသူများက ဆက်လက်၍ တိုက်ခိုက်ရန်ပင် အာရုံမရှိတော့။ တော်ဝင်စစ်ပွဲ၏ အဓိက သော့ချက်မှာ ရီဖူရှင်း၏ သေခြင်း ရှင်ခြင်း၌ ရှိနေကြောင်း အားလုံးက သိနားလည် ကြပေသည်။
အကယ်၍ ဤစစ်ပွဲ၌ သူ အသက်ရှင်ခဲ့လျှင် နောင်တွင် တော်ဝင်မြေ ခုနစ်ခုမှာ သေချာပေါက် အဆုံးသတ် ပေမည်။ အကယ်၍ ယနေ့၌ သူသေဆုံးပါက တော်ဝင်ကျဲ နန်းတော် ဟူ၍ မရှိနိုင်တော့။
ရီဖူရှင်း၏ ခန္ဓာကိုယ်အား အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ် လာခဲ့၏။ သူ၏ လက်များက ဟွာဂျီယူကို လုံခြုံစွာ ပွေ့ဖက် ထားနိုင်ဆဲ။ ဖျက်ဆီး အားကောင်းသော ချည်မျှင်များ သူ့ခန္ဓာကိုယ်ကို စတင် ဖြတ်တောက်ကြလျှင် တစ်ကိုယ်လုံး သွေးများ ပေကျံလာခဲ့၏။ ရီဖူရှင်း၏ လက်များထဲမှ နွေးထွေးမှုကို ဟွာဂျီယူ ခံစားရသည်။ သူမ၏ မျက်လုံးအစုံ၌ မျက်ရည်စများ။ သူမက ခေါင်းငုံ့လျှင် စိန်ပွင့်အလား မျက်ရည်စများသည် ရီဖူရှင်း၏ သွေးစွန်းနေသော အဝတ်များ ပေါ်သို့ ကျ၏။
ထိုအခိုက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ် အတွင်းမှ ဆူပွက်လာနေသော စွမ်းအားများကို သူမ ခံစား၍ ရသည်။ သူ ဘာလုပ်တော့မည်ကို သူမသိသည်။ နောက်ထပ် ပိုကောင်းသော ရွေးချယ်မှုလည်း သူ့တွင် ရှိဟန်မတူတော့။ အကယ်၍ သူ ထပ်စောင့်နေခဲ့လျှင် သူတို့ကြုံရမည်က သေဆုံးခြင်းတရား။ သို့သော်လည်း အကယ်၍ ရီဖူရှင်းသာ ထိုသို့လုပ်ခဲ့ပါက နောက်တွင် ပါလာမည့် အကျိုးဆက်ကို သူမ မခန့်မှန်းနိုင်ပေ။
ဤသို့သော အခြေအနေတွင် ထိုအကျိုးဆက်များကိုလည်း တွေးနေ၍ မရတော့ပေ။ သူတို့အားလုံးက အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။ တော်ဝင်ကျဲနန်းတော် တစ်ခုလုံး အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြ၏။ အားလုံးက ခိုင်မာသော ယုံကြည်ချက်များဖြင့် တိုက်ခိုက်ခဲ့ကြ၏။ ယွီကလန်၊ ဗာဂျာရာဒေသ၊ မှန်နန်းတော်နှင့် တခြား အင်အားစုများစွာကပင် သူတို့အား တော်ဝင်စစ်ပွဲ၌ ကူညီခဲ့ကြ၏။
သူတို့က တော်ဝင်မြေ ခုနစ်ခု၏ တိုက်ခိုက်မှုကို ကောင်းကောင်း ကာကွယ် နိုင်ခဲ့ကြကာ တော်ဝင်မြေသုံးခု၏ အင်အားစုများကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ကြပြီး အနိုင်ရလဒ်မှာ လက်တစ်ကမ်း အလိုသို့ ရောက်လာခဲ့၏။ သို့သော် ရုတ်တရက် ထူးဆန်းသော လူကိုးယောက် ပေါ်လာခဲ့ကာ ရီဖူရှင်း၏ အသက်အန္တရာယ်အား ခြိမ်းခြောက် လာခဲ့သည်။ သည်လူများမှာ ဟောင်ကျူဂီ၏ ရန်ဟောင် အမွေအနှစ်အတွက် ရောက်လာသော ပြင်ပကမ္ဘာမှ လူများဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။
သူတို့က မိမိတို့ထက် အင်အားကြီးသော ရန်သူများအား ကာကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြ၏။ ရန်သူများကလည်း ရီဖူရှင်း သေစေရန် အလုံးစုံသော ပေးဆပ်မှုကို ပြုလုပ်ကြသည်။
ဤသို့ဆိုလျှင်လည်း သင်တို့အားလုံး ဤနေရာ၊ ဤအချိန်၌ပင် သေဆုံးကြ ပေတော့။
***