လေဟာနယ်ထဲတွင် တန်ခိုးရှင်များ၏ ခန္ဓာကိုယ်များသည် ပေါက်ကွဲပျက်စီး သွားရပြီး မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင် အတော်များများ ကျဆုံးသွားရ၏။ တိုက်ခိုက်ရေး ဝင်္ကပါသည်လည်း လျော့ပါး ပြိုလဲ သွားတော့သည်။
ရီဖူရှင်းက ထိုအခွင့်အရေးအား မည်သို့ လက်လွတ် ခံမည်နည်း။ ဝင်္ကပါသုံးခု၏ ပူးပေါင်းမှုမှာ အားနည်းချက် ဖြစ်လာရာ ယခု ဝင်္ကပါတစ်ခုအား ဖြိုခွင်းရန် အခွင့်အရေးအား မည်သို့ လက်လွှတ်မည်နည်း။ သူ၏ အမြန်နှုန်းကား မြန်သည်ထက် ပိုနေခဲ့ကာ မြောက်ဘက် ချောက်နက်မှ ထိပ်သီး တန်ခိုးရှင်ထံသို့ ဦးတည် သွားသည်။
မြောက်ဘက် ချောက်နက်မှ ထိပ်သီး တန်ခိုးရှင်ကား စိတ်နယ်လွန် စွမ်းအားဖြင့် တိုက်ခိုက် ခံထားရပြီးဖြစ်ကာ သူ၏ စိတ်နယ်ပယ်ထဲ၌ ခွန်ပန်ပုံရိပ်က ပြင်းထန်စွာ ကာကွယ် ပေးနေရသည်။ သို့သော် နတ်သမီးပုံရိပ်သည် သူ၏စိတ်ထဲ၌ တိုက်ရိုက်အားဖြင့် ပေါ်ပေါက်လာခဲ့ပြီး လျှပ်စီး လောကဓာတ်များ ဆင်းသက် လာခဲ့တော့သည်။ ထိုအခိုက်တွင် သူ၏ စိတ်နှလုံး တစ်ခုလုံး တင်းကျပ် ပြင်းထန်သော ခံစားချက်ကို ရသည်။ သူကား ပြင်ပမှ တိုက်ခိုက်မှုများကို အာရုံစိုက်ရန် အလွန် ခက်ခဲလာခဲ့ပြီး အန္တရာယ်၏ အငွေ့အသက်များကို ခံစားရတော့သည်။ သူက ထိတ်လန့်တကြားပင် နောက်ဆုတ်ရန် ကြိုးစားသည်။
ခွန်ပန်၏ သက်စောင့်ဝိညာဉ်က သူ၏ အတောင်ပံများအား ဖြန့်ကြက်ကာ လျှပ်တစ်ပြက် ရွေ့လျားသည်။ သို့သော် သူ၏ ပတ်ပတ်လည်မှ အချိန်နှင့် လေဟာနယ်မှာ အေးခဲနေသည်ကို သူခံစားရ၏။ သူကား နွံနစ်နေသူပမာ ရုန်းထွက်ရန် မစွမ်းသာပေ။ သူက ထွက်ပြေး လွတ်မြောက်ရန် အပြင်းအထန် ကြိုးစားနေသော အခိုက်တွင်ပင် ရတနာလှံက သူ၏မျက်လုံးရှေ့သို့ မြန်ဆန်စွာ ရောက်လာခဲ့၏။ ခွန်ပန်၏ အတောင်ပံနှစ်ခုက သူ့အား ဖုံးအုပ် ကာကွယ်ရန် ကြိုးစားကြသည်။
ရီဖူရှင်းက လျှပ်စီး၏ အမြန်နှုန်းဖြင့် ဆင်းသက် လာခဲ့ခြင်း ဖြစ်ကာ ဘန်းခနဲ မြည်သံနှင့်အတူ ခွန်ပန်၏ အတောင်ပံများ အပိုင်းပိုင်း ပြတ်တောက် သွားသည်။ ကြောက်မက်ဖွယ် လေပွေလှိုင်းများက အရာအားလုံးကို အပျက်အစီးများ ဖြစ်စေနိုင်၏။ ရတနာလှံက အရာအားလုံးကို ထွင်းဖောက်ကာ မှော်နက်စွမ်းအင်များကို ဖြတ်ကျော်လျက် တစ်ဖက်လူ၏ဦးခေါင်းနှင့် လာရောက် မိတ်ဆက်ပေးသည်။
“သေစမ်း…” မြောက်ဘက် ချောက်နက် တန်ခိုးရှင်ကလည်း ရူးသွပ်သူပမာ အော်ဟစ်လျက် အမှောင် ရတနာလှံအား ရီဖူရှင်းထံသို့ ထိုးသွင်းသည်။ သို့သော် ရီဖူရှင်းက ထိုတိုက်ခိုက်မှုအား သည်အတိုင်း လျစ်လျူရှုလျက် ရတနာလှံကို ဆက်လက် ထိုးသွင်းလိုက်၏။
ဖောက်ထွင်းသံ တစ်ခုနှင့်အတူ ရတနာလှံသည် ထိုတန်ခိုးရှင်၏ ဦးခေါင်းကို ဖောက်ဝင်သွားကာ ဇီဝိန်ကြွေ သွားတော့၏။ တစ်ဘက်မှ ရန်သူ၏ အမှောင်ရတနာ လှံသည်လည်း ရီဖူရှင်း၏ ရင်ဘတ်ကို လာရောက် ထိုးနှက်သော်လည်း သတ္တု ထိရိုက်သံ တစ်ခုကိုသာ ကြားရကာ လှံရှည်သည် ရီဖူရှင်းအား ထွင်းဖောက်ခြင်းငှာ မစွမ်းသာခဲ့။
ရှန့်ထိုကျန့် သည်လည်း စစ်မြေပြင်အား ကြည့်နေသည်။ တတိယ အကြိမ်မြောက် ဆေးစမ်းသပ်မှုသည် ပြီးဆုံးခြင်း မရှိသေးသည့်အပြင် ရီဖူရှင်း၏ ကျင့်ကြံမှုအဆင့်မှာ အဆင့်နိမ့် ကွန်းရှီ အဆင့်မျှသာ ရှိပေသည်။ အကယ်၍ ရီဖူရှင်းသာ အဆင့်မြင့် ကွန်းရှီသို့ တက်လှမ်းခဲ့ပြီး ဆေးစမ်းသပ်မှုကို ပြီးမြောက် အောင်မြင်ခဲ့ပါက သူသည် ရှန့်ထိုအဆင့်သို့ မတက်လှမ်းရ သေးသော်လည်း ရှန့်ထိုတစ်ပါးနှင့် ကွဲပြားမှု ရှိတော့မည် မဟုတ်တော့ပေ။ နတ်ဘုရား ပြစ်ဒဏ်ကို ခံယူသော အခါ၌လည်း သူ့အား မည်သို့မှ ထိခိုက်စေတော့မည် မဟုတ်တော့ပေ။
မြောက်ဘက် ချောက်နက် ရှန့်ထိုထံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ် လာခဲ့သည်။ ခုနက သေဆုံးခဲ့သူသည် မြောက်ဘက် ချောက်နက်၏ စွမ်းအား အမြင့်ဆုံး ရှီတန်ခိုးရှင် ဖြစ်သည်။ တော်ဝင် ရတနာမှာလည်း ရန်သူ့လက်တွင်းသို့ ကျဆင်းခဲ့ကာ လူအများအပြား သည်လည်း ဟောင်ကျူဂီ၏ လက်ထဲ၌ သေဆုံးခဲ့ရသည်။ ထိုအခြင်းအရာက မြောက်ဘက် ချောက်နက်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေသည်။ စုချီဟန်သည်လည်း မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင် များစွာအား သတ်ဖြတ် ခဲ့သေး၏။ အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုတွင် မြောက်ဘက် ချောက်နက်မှာ ဆုံးရှုံးမှု အများဆုံး ဖြစ်သည်။
“သတ်…” ဟွာဂျီယူက အေးစက်စွာ ပြောသည်။ သူမ၏ သွယ်လျသော လက်ချောင်းက လေထုကို ဖိအားပေးဟန် လုပ်လျှင် သူမ၏နောက်မှ နတ်မိမယ်ကလည်း အလားသဏ္ဌာန် ပြုမူသည်။ သူမ၏ မျက်လုံးများသည် အသူရာ ချောက်နက်ကဲ့သို့ နက်ရှိုင်းကာ လက်ချောင်းဖြင့် ဖိနှိပ်လျှင် ထိုအရာက ကြီးမားသော ဘေးဒုက္ခများအား သယ်ဆောင် လာသည်ဟုပင် ခံစားရသည်။ မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်များသည် သူတို့၏ စိတ်နယ်ပယ်ထဲသို့ တိုးဝင်လာသော ခရမ်းရောင် လျှပ်စီးများအား ခံစားကြရကာ မချိမဆံ့ နာကျင် ကြရသည်။
“အဲဒီ မိန်းကလေးက တစ်ခုခုပဲ …” ရှန့်ထိုလီက ဟွာဂျီယူကို ကြည့်သည်။ သူမ၏ နောက်၌ ပုံရိပ် သဏ္ဌာန်နှစ်ခု ရှိသည်။ တစ်ခုမှာ သူမ၏ ခန္ဓာကိုယ် အတွင်း၌ ခိုအောင်းနေသော ရှန့်ထိုတစ်ပါး ဖြစ်ပြီး နောက်ပုံရိပ် တစ်ခုမှာ တစ်နေရာမှ ဆင့်ခေါ်ထားခြင်း ဖြစ်ဟန်ရကာ ရောင်စဉ်ရောင်ဝါများ လင်းလက်နေသည်။ ထိုပုံရိပ်အား တစ်ချက် ကြည့်ရုံမျှသာ ကြည့်သူအား ကိုးကွယ် ယုံကြည်လိုသော စိတ်ဆန္ဒများကို ဖြစ်ပေါ်စေသည်။
ရှန့်ထိုရှားကလည်း ဟွာဂျီယူကို ကြည့်သည်။ ဟွာဂျီယူ အသုံးပြုနေသော စွမ်းရည်မှာ ထိုဆင့်ခေါ်ထားသော အရိပ်သဏ္ဌာန်၏ အထောက်အပံ့များ ဖြစ်ကြောင်း သူ ခံစားမိသည်။ သို့သော်လည်း ရှန့်ထိုရှားက မည်မျှပင် ကြိုးစားကာ ကြည့်သော်လည်း ထိုပုံရိပ်အား ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုပုံရိပ်ထံမှ လာသော စွမ်းရည်၏ နက်ရှိုင်းသော ခံစားချက်အား သူသိပေသည်။
ဤသို့သော ခံစားချက်ကို ပေးစွမ်းသော နောက်တစ်ယောက်အား ရှန့်ထိုရှား သိပေသည်။ ထိုသူကား အထက်ဘုံနှင့် အောက်ဘုံကို အပိုင်စိုးရသော အင်ပါယာရှား ဖြစ်ပေသည်။ ကြည့်ရသည်မှာ သည်မိန်းကလေး သည်လည်း အထက်ဘုံသို့ ခရီးစဉ်၌ ကံကောင်းမှု အချို့ ရှိခဲ့ဟန်ရသည်။
ဘန်း …
ကျယ်လောင်သော အသံတစ်ခုက ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့အား သတိပြန်ဝင် လာစေသည်။ ရီဖူရှင်းနှင့် တခြားလူတို့က မြောက်ဘက် ချောက်နက်၏ ဝင်္ကပါအား ဖျက်ဆီးခဲ့ကြသည်။ နတ်ဘုရား ကမ်းပါးနှင့် ပင်လယ် နန်းတော်တို့ကလည်း ဤအတိုင်း ရပ်ကြည့်မနေကြပါ။ ဝင်္ကပါနှစ်ခုက တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြသည်။ ငွေရောင်လှံရှည်က နဂါးတစ်ကောင် အသွင်ဖြင့် တိုးဝင်လာခဲ့သလို ရွှေစေတီကလည်း အရာအားလုံးအား နင်းချေ ဖျက်ဆီးရန် ကြိုးပမ်းသည်။ ရီဖူရှင်းက မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်အား သတ်ဖြတ်ပြီးနောက် သူက ထိုတိုက်ခိုက်မှုများအား ဆက်လက် ခုခံသော်လည်း နောက်သို့ လွင့်စဉ်ခဲ့ရသည်။ သူက သွေးတစ်ပွက် အန်ကာ သူ့အသက်ရှူသံမှာလည်း လေးလံ လာခဲ့သည်။
“သူ့ရဲ့ ခံနိုင်ရည်အားက ဘာလို့ ဒီလောက် အားကောင်းတာလဲ” ရှန့်ထိုများ အားလုံးက စစ်မြေပြင်ကို ကြည့်နေကြသည်။ ထိုတိုက်ခိုက်မှုများ အားလုံးသည် အလွန်ပြင်းထန်၏။ စေတီ၏ အလင်းများသည် ပြင်းထန်သော အားလှိုင်းများအလား ကျဆင်းလာခဲ့၏။ ထိုအရာက အသွေးအသားများ ကိုသာ မဟုတ်ဘဲ စိတ်ဝိညာဉ်ကိုလည်း ဖိနှိပ်ပေသည်။ သို့သော် ရီဖူရှင်းကား သွေးတစ်ပွက်သာ အန်၏။ ကြည့်ရသည်မှာ သူက ရတနာလှံကိုသာ အားကိုးသည် မဟုတ်ဘဲ သူ၏ ပင်ကို စွမ်းရည်မှာလည်း အလွန် အားကောင်း ပေသည်။
ရွှေစေတီသည် လေထဲတွင် ရွှေတောင်ကုန်းကြီး အလား ခိုင်မာစွာ တည်ရှိနေပြီး သူ့ထံမှ အလင်းများအား ဖြန့်ကြက် ထားသည်။ ရောင်စဉ် ရောင်ဝါများသည် လှိုင်းများ ဖြစ်ပေါ်စေလျက် အောက်သို့ ဆင်းသက်လာလျှင် ရီဖူရှင်းက သူ၏ စိတ်ဝိညာဉ်စွမ်းအားများ တစ်စတစ်စ ယိုယွင်းလာမှုကို ခံစားရ၏။ တစ်ချိန်တည်းမှာပင် လေဟာနယ်သည်လည်း တင်းကျပ် ပိတ်ဆို့ သွားခဲ့၏။
ဟွာဂျီယူ၏ အပေါ်တွင် စိတ်ဝိညာဉ် မုန်တိုင်းများ ဖြစ်ပေါ်နေပြီး သူမ၏ စိတ်စွမ်းအားများသည် ကောင်းကင်နှင့် မြေပြင်အကြားမှ လောကဓာတ်များအား စေခိုင်းနိုင်စွမ်းသည်။ သူမက နတ်ဘုရားကမ်းပါးမှ တန်ခိုးရှင်များထံသို့ လှမ်းသွား လိုက်သည်။ လင်းချီ၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ သူက တိုက်ပွဲဝင်္ကပါ အတွင်း၌ ရှိနေသော်လည်း သူ့စိတ်နယ်ပယ် အတွင်းသို့ အတားအဆီးမရှိ ဝင်ရောက် တိုက်ခိုက်လာသော စိတ်နယ်လွန် စွမ်းအားများအား ခံစားရ၏။
လက်ရှိအချိန်တွင် ဘာလုပ်ရမည်ကို ရီဖူရှင်း ကောင်းကောင်း သိသည်။ သူ၏စိတ်အား ကာကွယ်ထားသော တော်ဝင်အသိ ရှိပေသည်။ သက်စောင့်ဟော်နန်းမှ သစ်ရွက်လှုပ်သံများနှင့် ရှေးသစ်ပင်ကြီးသည် ယိမ်းခါ လှုပ်ခတ်လျက် အကိုင်းအခတ်များအား ခွဲဖြာလျှင် တစ်လောကလုံးမှာ ရီဖူရှင်း၏ လက်အောက်၌ ဖြစ်သည်ဟု အနီးအနားမှ လူများအားလုံးက ခံစားကြရသည်။
ဧရာမ ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာကာ နတ်ဘုရား လူဝံကြီးက အဆုံးအစမဲ့သော ကြယ်တာရာများ ဝိုင်းရံခစားသော ဒီမွန်းနတ်ဘုရား အသွင်သို့ ပြောင်းသွားသည်။
“လေဟာနယ် အေးခဲခြင်း …” ရက်စက် ကြမ်းကြုတ်သော လောကဓာတ်များ ပေါ်ထွက်လာလျှင် ရီဖူရှင်း၏ ပတ်ပတ်လည်မှ အရာခပ်သိမ်းမှာ ရပ်တန့်သွား၏။ ဧရာမရွှေစေတီ သည်လည်း နှေးကွေးသွားကာ ကြီးမားသော သဏ္ဌာန်တစ်ခုသည် ကောင်းကင်ထက်သို့ ခုန်တက်လျက် စေတီကြီးအား ဆုပ်ကိုင်သည်။
တန်ခိုးရှင်များ အားလုံးက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ စေတီကြီးသည် ဖြည်းညင်းစွာ လည်ပတ်လျက် လောကဓာတ်များအား တတိတိ တိုက်စားနေသည်။ တစ်ချိန်တည်းမှာပင် ဒီမွန်းနတ်ဘုရား ဆင်းသက်လာကာ ကြယ်တာရာ လောကဓာတ်များကို အသုံးပြုလျက် စေတီကြီးအား ပွေ့ဖက် ချုပ်ကိုင်သည်။
တခြား တစ်ဖက်တွင် ပင်လယ်နန်းတော်မှ အော့ဖန်သည် သုံးခွမှိန်းအား ကိုင်ဆောင်လျက် ရီဖူရှင်းထံသို့ ပြေးဝင်လာခဲ့သည်။
“သွား …” ရီဖူရှင်းက ပြောလျှင် တော်ဝင်နဂါး တစ်ကောင်သည် လျှပ်စီး လောကဓာတ်များအား သယ်ဆောင်ကာ သုံးခွမှိန်းထံသို့ သွားရောက် ခုခံသည်။ လေထဲတွင် လျှပ်စီးနဂါးနှင့် ငွေနဂါးတို့ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
ရီဖူရှင်း ကိုယ်တိုင်က နတ်ငှက် အသွင်သို့ ပြောင်းသွားကာ နတ်ဘုရား ကမ်းပါးမှ လင်းချီနှင့် တခြားသော တန်ခိုးရှင်များထံသို့ ဦးတည်သွားသည်။ နတ်ငှက်က အတောင်ပံဖြန့်ကာ ပျံသန်းလျှင် လျှပ်စီး အလင်းတန်းထက် များစွာ မြန်ဆန်နေခဲ့သည်။
“နောက်ဆုတ် …” လင်းချီက အော်ဟစ်ကာ ရတနာစေတီအား ပြန်ခေါ်ရန် ကြိုးစားသည်။ သို့သော်လည်း စေတီသည် ဟွာဂျီယူ၏ စိတ်နယ်လွန် စွမ်းအားများကြောင့် အထိန်းအချုပ် ကင်းမဲ့သွားဟန်ရကာ ထိုအခိုက်တွင် ဘေးမှ ရုတ်တရက် ရောက်လာသော ရီဖူရှင်းကြောင့် လင်းချီက ကြီးမားသော အန္တရာယ်၏ အငွေ့အသက်ကို ရသည်။
ရတနာစေတီမှ ရောင်စဉ် ရောင်ဝါများ ပေါက်ကွဲ ထွက်လာရာ ဒီမွန်း နတ်ဘုရားက အဆက်မပြတ် မာန်သွင်း၍ ချုပ်ကိုင်သည်။ ဧရာမ သဏ္ဌာန်ကြီးက ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်သော်လည်း တဖြည်းဖြည်းဖြင့် ကွဲအက် ပျက်စီးလာခဲ့သည်။
လျှပ်စီးနဂါးသည်လည်း ငွေနဂါးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။ တစ်ချိန်တည်းမှာပင် လေထဲမှ ပြင်းထန်သော စိတ်နယ်လွန် စွမ်းအားများ ဆင်းသက် လာခဲ့သည်။ လင်းချီနှင့် တခြားလူများ အားလုံးက သူတို့၏ စိတ်နယ်ပယ်များ ပြင်းထန်စွာ တုန်ခါမှုကို ခံစားကြရသည်။
သူတို့၏ ရှေ့တွင် ရီဖူရှင်းက နတ်ငှက် အသွင်ဖြင့် ရတနာလှံကို ကိုင်ကာ မြန်ဆန်စွာ ပျံသန်း လာခဲ့သည်။
ဘုန်း …
ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ ရတနာလှံက ဝင်္ကပါပေါ်သို့ ကျဆင်း လာခဲ့သည်။
“ကွဲစမ်း … ”
လင်းချီက အော်ဟစ်လျှင် ဒီမွန်း နတ်ဘုရားသည် ပျက်စီး ပြိုလဲသွားပြီး စေတီကြီးက သူ့ထံသို့ ပျံသန်းလာခဲ့သည်။ နတ်ငှက်သည် အလင်းတန်း အသွင်ဖြင့် အရာခပ်သိမ်းကို ဖြတ်တောက်ကာ ဝင်္ကပါအတွင်းသို့ တိုးဝင်လာခဲ့သည်။
ထိုအခိုက်တွင် ကောင်းကင်မှ သွေးမိုးစက်များ ရွာသွန်းသွားခဲ့ကာ လူအများအပြားမှာ အော်ဟစ်ရန်ပင် အခွင့်အရေးမရဘဲ အသက်ပျောက် သွားကြသည်။ သူတို့ထဲတွင် စွမ်းအား အမြင့်ဆုံး ဖြစ်ဟန်တူသူ လင်းချီပင်လျှင် လှံရှည်၏ ထွင်းဖောက်မှုကြောင့် အသက်ပျောက် ရသည်။
စစ်မြေပြင်ထဲ၌ မရေမတွက်နိုင်သော လူများက ထိုရက်စက် ကြမ်းတမ်းသော မြင်ကွင်းအား တွေ့မြင်ကြရသည်။ ဤတစ်ကြိမ်ကား နတ်ဘုရား ကမ်းပါးမှ အသတ်ခံရသူများသည် မြောက်ဘက် ချောက်နက်မှ အသတ်ခံရသူများထက်ပင် များပြားသည်။
“ရူးသွပ်စရာပဲ …” လူအများအပြား၏ စိတ်နှလုံးများမှာ တုန်ယင်ကြသည်။ ရီဖူရှင်းက သူ၏ သက်စောင့်ဝိညာဉ်အား စတေးကာ နတ်ဘုရားကမ်းပါးမှ တန်ခိုးရှင်များအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။
သို့သော် ဤသို့သော နည်းလမ်းကို အသုံးပြုခြင်းဖြင့် သူကိုယ်တိုင်က မထိခိုက်စေဘူးလား။ သက်စောင့်ဝိညာဉ်ကို ဖျက်ဆီးခြင်းက သူ့အတွက် အသက်အန္တရာယ် မဖြစ်စေဘူးလား။
***