Switch Mode

အပိုင်း (၉၉၀)

ဝင်္ကပါကို ဖျက်ခြင်း

“သူတို့ကိုတား…” ရှန့်ထိုကျိနှင့် ရှီဟွာတောင် ရှန့်ထိုတို့က အမိန့်ပေးလျှင် ထိုးနှက် တိုက်ခိုက်နေကြသော ထိုလူများသည် ရုတ်တရက်အားဖြင့် ခုခံတားဆီးခြင်းသို့ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ရီဖူရှင်းသည် ကျန်ကျောင်း၊ ယွန်ရှင်းနှင့် ဓားသခင်တို့၏ အစောင့်အရှောက်များမှာ ကွဲကွာ သွားရသည်။ သူတို့ သုံးယောက်တည်းအား ကြီးမားသော စစ်တပ်ကြီးက ဝန်းရံထား၏။ ရီဖူရှင်း လွတ်မြောက်ရန် သူတို့က မည်သို့ ခွင့်ပြုမည်နည်း။ ဤတစ်ကြိမ်တွင် သူသည် သေချာပေါက် သေရမည်။

ရီဖူရှင်း သေသည်နှင့် တော်ဝင် စစ်ပွဲသည်လည်း ပြီးဆုံးပေမည်။ သူတို့၏ မဟာမိတ်မှာလည်း ချက်ချင်း ပြိုလဲပေမည်။ ထိုအချိန်တွင် တော်ဝင်ကျဲ နန်းတော် သည်လည်း အဆုံးသတ် ပေလိမ့်မည်။

ထိုအချိန်တွင် အော့ဖန်က ရီဖူရှင်း၏ လက်ထဲတွင်ရှိသော အချိန်နှင့် လေဟာနယ်လှံအား လောဘ မျက်လုံးများဖြင့် ကြည့်သည်။ သူက တော်ဝင် ရတနာအား မြှောက်ကာ ကြီးမားသော အားလှိုင်းကို ဖြစ်ပေါ်စေသည်။ ကောင်းကင်ထက်မှ အလုံးအထည်ကြီးစွာ ကျဆင်းလာသော လှိုင်းလုံးများသည် ပြင်းထန်သော အားအင်များအား သယ်ဆောင်လာ၏။

“ခဲစမ်း…” အော့ဖန်က ထူးမခြားနားစွာ ပြောသည်။ ကောင်းကင်နှင့် မြေပြင်သည် အေးခဲသွားရ၏။ တစ်လောကလုံးမှာ အဖြူရောင်များ ဖြစ်သွားပြီး ရေခဲရုပ်တုများ ပေါ်ပေါက်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်သည်လည်း ကောင်းကင်နှင့် မြေပြင်အကြား၌ အေးခဲသွားဟန် ရသည်။ အော့ဖန်က ဧရာမရေနတ်ဘုရား တစ်ပါးကဲ့သို့ ရေဘဝဲစွမ်းအားများ ရစ်ပတ်လျက် ဆင်းသက်လာသည်။ သုံးခွမှိန်း ကျဆင်းလာလျှင် ရေခဲရုပ်တုများမှာ ပြိုပျက်သွားရပြီး အရာခပ်သိမ်းမှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားရသည်။

ကျယ်လောင်စွာ ပေါက်ကွဲသံတစ်ခု ထွက်လာသည်။ ရီဖူရှင်းအား ရစ်ပတ်ထားသော အလင်းအရံအတားသည် ယိုယွင်းသွားကာ နတ်ငှက်ပုံရိပ်က လေဟာနယ်အား ဖြတ်သန်းလျက် ကောင်းကင်ဆီသို့ ဦးတည် သွားသည်။ အချိန်နှင့် လေဟာနယ်လှံက အချိန်နှင့် လေဟာနယ်ဓာတ်တို့ ပြင်းထန်စွာ ထွက်ပေါ်လျက် အချိန်နှင့် လေဟာနယ်ကို အေးခဲစေသည်။

“ကွဲစမ်း…” အော့ဖန်က ရေလှိုင်းများ အကြား၌ ပြင်းထန်စွာ အော်ဟစ်လျှင် ငွေရောင်ခြည်များက လေဟာနယ်ကို ထိုးခွင်းကာ ကြီးမားသော စွမ်းအားများနှင့် အတူ ကျဆင်း လာခဲ့သည်။ မုန်တိုင်း၏ ဗဟိုချက်မနေရာမှ သုံးခွမှိန်း တစ်ခုသည် နဂါး၏ ဟန်ပန်ကို ယူလျက် ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။

ထိုအခိုက်တွင် အောက်ခြေ၌ရှိသော ရီဖူရှင်းသည် ထင်ယောင်ထင်မှား ခံစားချက်များနှင့် ရင်ဆိုင်နေရသည်။ သူ့အား ပြင်းထန်သော လှိုင်းလေများက အဆက်မပြတ် လာရောက် ရိုက်ခတ်သည်ဟု ခံစားရသည်။ ရတနာလှံအား ရှေ့သို့ ထိုးသွင်းလိုက်လျှင် ပြင်းထန်သော ထိတွေ့ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာ၏။ လှံက လေထုကို ထိုးနှက်လိုက်ခြင်း ဖြစ်သော်လည်း သူက ကောင်းကင်မှ အဆုံးအစမဲ့သော ရေလှိုင်းများကို ဖြတ်တောက် သွားသည်ဟု ခံစားရ၏။ သူက လှိုင်းလုံးများ တစ်လုံးပြီးတစ်လုံး ထိုးခွင်းကာ ကြောက်မက်ဖွယ် လေဟာနယ် မုန်တိုင်းအား ဖြစ်စေလျက် အပေါ်သို့ တက်လာသည်။

ရတနာလှံနှင့် သုံးခွမှိန်းတို့ ရင်ဆိုင် တွေ့ကြသည်။ ပတ်ဝန်းကျင်အား ပြင်းထန်သော လှိုင်းလေမုန်တိုင်းများ ရိုက်ခတ်သွား၏။ ငွေနဂါးနှင့် နတ်ငှက်တို့ ပြင်းထန်စွာ တိုက်ခိုက်လျှင် ကောင်းကင်တစ်ခွင် တုန်ခါရသည်။

ဘုန်း…

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ နှစ်ဦးသား လူချင်း ခွာလိုက်ကြသည်။ ရီဖူရှင်းသည် နောက်သို့ အတော်ဝေးဝေး ဆုတ်သွားရသလို အော့ဖန်သည်လည်း နောက်သို့ ဆုတ်သွားရ၏။ သူ၏လက်မှာ အနည်းငယ် တုန်ယင်နေပြီး ပြင်းထန်စွာ နာကျင်မှုအား ခံစားရ၏။

ထိုမြင်ကွင်းအား ကြည့်ကာ လူအများအပြားသည် ထိတ်လန့် အံ့အားသင့်ရ၏။ ပြည်နယ်ကိုးခု၌ သူက ပြိုင်ဘက်ကင်းဟု ကြွေးကြော်ခြင်းမှာ အလကား ဟုတ်ဟန် မရပေ။ အော့ဖန်ကလည်း အောက်ကို ငုံ့ကြည့်ကာ လွန်စွာ ထိတ်လန့်ရသည်။ သို့သော်လည်း သူ့စိတ်အား တည်ငြိမ်အောင် ထိန်းလိုက်၏။ ရီဖူရှင်းက မည်မျှပင် အားကောင်းပါစေ ယနေ့ ဤနေရာမှ အသက်ရှင် လွတ်မြောက် လိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် မြောက်ဘက် ချောက်နက်မှ ခွန်သတ္တဝါဆန်း ကလည်း ဝင်္ကပါ၏ စွမ်းအားများကို စုစည်းနေသည်။ ခွန်ပန်က အတောင်ပံများကို ဖြန့်ကာ တောင်များနှင့် မြစ်များကို ဝါးမျိုတော့မည့်ဟန် တပြင်ပြင် ရှိနေသည်။ နတ်ဘုရား ကမ်းပါးမှ ရန်ချီကလည်း ရွှေရောင်စေတီ တစ်ဆူအား ဆင့်ခေါ်ကာ ရောင်စဉ်ရောင်ဝါများ ထွန်းလင်းစေသည်။

တော်ဝင်မြေ သုံးခုမှ စွမ်းအားအမြင့်ဆုံး ရှီတန်ခိုးရှင် သုံးဦးသည် ဝင်္ကပါအား အခြေပြုလျက် ရှီဖူရှင်းအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။ တွန်းလှန်ခြင်းငှာ မစွမ်းသာသော ဖိအားသည် လေထုထံသို့ ကျဆင်း လာခဲ့၏။

ထိုအချိန်တွင် ပိုးချည်မျှင်များပမာ အလင်းတန်းများသည် ရီဖူရှင်း၊ ဟွာဂျီယူနှင့် ဟောင်ကျူဂီတို့ ထံသို့ လာရောက် ရစ်ပတ်ကြသည်။ သူတို့၏ နဖူးဆုံမှတ် သွေးကြောမ၌ ကြာပန်းမီးအိမ် တစ်ခုစီ လင်းလက် လာခဲ့သည်။ သူတို့၏ သုံးယောက်၌ တစ်ဖန် စိတ်စွမ်းအားများ ပိုမို အားကောင်း လာခဲ့သည်။ ဟွာချင်းချင်းက သူတို့အား ပိုမိုသော စွမ်းအားများ ထောက်ပံ့ ကူညီနေသည်ကို ရီဖူရှင်း သိသည်။ တစ်ဖက်တွင် တခြား စစ်မြေပြင်မှ တန်ခိုးရှင်များ၏ စိတ်စွမ်းအားများ အားနည်း သွားရသည်။

ရီဖူရှင်းက ရတနာလှံအား တင်းတင်း ဆုပ်ကာ ကောင်းကင်ထက်မှ တန်ခိုးရှင်များကို ကြည့်သည်။ သူ၏ သွေးကြောများမှ သွေးများသည် တဖြည်းဖြည်း ဆူပွက်လာဟန် ရနေ၏။ သူ၏အတွေးကို သိသည့်အလား ဟွာဂျီယူက သူ့အား စိတ်ဖြင့်ပြောသည်။

“မလုပ်နဲ့…”

ရီဖူရှင်း ဘာလုပ်လိုသည်ကို သူမသိသည်။ လုံးဝမလိုအပ်ဘဲ ထိုစွမ်းအားများကို ရီဖူရှင်းက ထုတ်ဖော်ခြင်း မပြုသင့်ပေ။ အင်ပါယာရှား ကိုယ်တိုင်က ဤတိုက်ပွဲအား စောင့်ကြည့် နေနိုင်လောက်သည်။ အကယ်၍ အင်ပါယာရှားသာ ရီဖူရှင်း၏ လျှို့ဝှက်ချက်ကို သိသွားပါက အကျိုးဆက်မှာ ခန့်မှန်း၍ပင် မရနိုင်ပေ။

ရီဖူရှင်းကလည်း သူ၏ အသက်မှာ သူကိုယ်တိုင် အတွက်သာ မဟုတ်ဘဲ တော်ဝင်ကျဲ နန်းတော် တစ်ခုလုံးနှင့် သက်ဆိုင်နေသည်ကို နားလည်၏။ သူသာ တစ်ခုခု ဖြစ်သွားပါက တော်ဝင်ကျဲ နန်းတော် တစ်ခုလုံး အဆုံးသတ်ပေမည်။ မဖြစ်မနေ လိုအပ်ခြင်း မရှိပါဘဲ သူကလည်း ထိုစွမ်းရည်အား အသုံးမပြုလိုပေ။ သို့သော်လည်း လက်ရှိ အခြေအနေတွင် ဧကရာဇ်အသိအား လောင်ကျွမ်းခြင်း မပြုပါဘဲ တော်ဝင်မြေ သုံးခု၏ ပိတ်ဆို့ခြင်းအား ဖောက်ထွက်ရန် မလွယ်ကူပေ။

“ငါတို့မှာ အခွင့်အရေး ရှိသေးတယ်…” ဟွာဂျီယူက တီးတိုး ပြောသည်။ သူမ၏ သရဖူဝိညာဉ် ပေါ်ထွက်လာလျှင် ပြင်းထန်သော စိတ်နယ်လွန် စွမ်းအားများ ဖြာထွက် လာခဲ့သည်။ သူမက မျက်လုံးအား မှိတ်ကာ အရာအာလုံးအား ဖွင့်ချလိုက်သည်။ ကောင်းကင်မှ ကျဆင်းလာသော ကြီးမြတ်သော ရောင်ဝါသည် ဟွာဂျီယူအား ပိုမို လင်းလက်စေ၏။ သူမ၏ စိတ်က အလွန့် အလွန် ဝေးကွာသော ကမ္ဘာခြား အရပ်တစ်ခုမှ ကောင်းကင် နတ်ဘုရားမှ အလား ရပ်နေသော အဆုံးမဲ့ ကြီးမြတ်သူ တစ်ယောက်ကို ခံစားမိ၏။

ဟွာဂျီယူ၏ နောက်တွင် ကောင်းကင် နတ်ဘုရားမ၏ ပုံရိပ်တစ်ခု ပေါ်လာကာ ဤလောကနှင့်ပင် သက်ဆိုင်ဟန် မရသော စိတ်နယ်လွန် စွမ်းအားများ ဖြစ်ပေါ်လာခဲ့သည်။

“ဂျီယူ …” ရီဖူရှင်းက ဟွာဂျီယူအား ကြည့်သည်။ ဤသည်က မည်သို့သော စွမ်းရည်ပေနည်း။ ဂျီယူက သူ့အားလည်း တစ်ခါမှ မပြောပြခဲ့ဖူးပေ။

“လှုပ်ရှားကြ…” ရန်ချီက ပြောသည်။ ထိုစိတ်နယ်လွန် စွမ်းအားထံမှ သူက အန္တရာယ်၏ အငွေ့အသက်ကို ရသည်။ ထိုအခိုက်တွင် ရတနာစေတီက ရွှေတောင်ကြီး တစ်ခုအသွင်သို့ ပြောင်းလဲကာ အရာအားလုံးကို နင်းချေတော့မည့်ဟန်ဖြင့် ကျဆင်းလာသည်။

ရီဖူရှင်းက လျှပ်တစ်ပြက် အားဖြင့် ဟွာဂျီယူ၏ ရှေ့၌ ရပ်သည်။ ပြင်းထန်သော လေဟာနယ် အေးခဲဓာတ် အောက်၌ စေတီ၏ လှုပ်ရှားမှုမှာ နှေးကွေး သွားဟန် ရသည်။ သို့သော်လည်း ဧရာမစေတီကြီးက ရီဖူရှင်းထံသို့ ဆက်လက် ကျဆင်းလာကာ ကြယ်တာရာ အရံအတားများအား ဆက်တိုက် ဖျက်ဆီးသည်။

ဂါး …

မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ မာန်သွင်းသံနှင့်အတူ ရီဖူရှင်း၏ နောက်၌ နတ်လူဝံကြီး တစ်ကောင် ပေါ်လာသည်။ သူ၏လက်ထဲမှ ရတနာလှံသည် နှင်တံအသွင်သို့ ပြောင်းလဲ သွားကာ အနီး၌ ရွှေရောင် ကြယ်တစ်ပွင့်က ရတနာ စေတီထံသို့ တိုးဝင် သွားသည်။ ကျယ်လောင်စွာ ထိရိုက်သံနှင့်အတူ ရတနာစေတီသည် အပေါ်သို့ တစ်ဖန် မြောက်တက် သွား၏။ သို့သော်လည်း အော့ဖန်နှင့် မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်တို့က ရီဖူရှင်းအား အလစ်မပေးဘဲ အဆက်မပြတ် တိုက်ခိုက်ကြသည်။

လှိုင်းလေများနှင့်အတူ သုံးခွမှိန်းက တစ်ဖန် ပြင်းထန်သော မုန်တိုင်းတစ်ခုအား စုစည်း၏။ မြောက်ဘက် ချောက်နက်မှ

ဘုန်း…

ထိုအခိုက်တွင် ဟွာဂျီယူ၏နောက်၌ ရှန့်ထိုပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ သူ၏ စိတ်စွမ်းအားများ အကန့်အသတ်သို့ အထိ ထုတ်လွှတ်လျှင် သူမ၏ ဆံပင်ရှည်များက လေထဲတွင် ပျံသန်းနေကြ၏။ သူမ၏လှပကာ လင်းလက်သော မျက်လုံးများက နက်ရှိုင်း လျှို့ဝှက်ဟန် ရနေကာ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးမှ အရာခပ်သိမ်းသည် သူမ၏စိတ်ထဲ၌ လာရောက် ထင်ဟပ်ကြ၏။

ထိုအခိုက်တွင် ရီဖူရှင်းအား တိုက်ခိုက်နေကြသူများ အားလုံးသည် သူတို့ထံသို့ ရစ်ပတ်လာသော စိတ်နယ်လွန် စွမ်းအားများကို ခံစားမိကြ၏။ ထိုအရာက နေရာတိုင်းတွင် ရှိနေကာ သူတို့၏ စိတ်အသိများအား ခြိမ်းခြောက် လာခဲ့သည်။ ထို့အပြင် ထိုစိတ်နယ်လွန် စွမ်းအားများက စိတ်စွမ်းအား မုန်တိုင်းများကို စုစည်း ဖြစ်ပေါ်နေစေဟန် ရသည်။

“စိတ်နယ်လွန် မိုးကြိုးစွမ်းအား…” ဟွာဂျီယူ၏ မျက်လုံးများမှ ခရမ်းရောင် အလင်းတစ်ချက် လက်သွားသည်။ ချက်ချင်း ကောင်းကင်နှင့် မြေပြင်အကြား မမြင်ရသော ဖျက်ဆီးခြင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ တော်ဝင်မြေသုံးခုမှ တန်ခိုးရှင်များအား တိုက်ခိုက်သည်။ တန်ခိုးရှင်များ အားလုံး၏ စိတ်အသိများမှာ ပြင်းထန်စွာ တုန်ခါကြ၏။

ဟောင်ကျူဂီကလည်း ထိုစွမ်းအားကို ခံစားမိသည်။ သူ့ခန္ဓာကိုယ် သည်လည်း စတင်၍ လောင်ကျွမ်းလာကာ ရန်ဟောင်လေးသည် သူ၏လက်၌ ဖြစ်ပေါ်လာပြီး လေထဲမှ တန်ခိုးရှင်များအား ချိန်ရွယ်သည်။ ရီဖူရှင်းကလည်း သူ၏ စိတ်စွမ်းအားများကို ထုတ်ဖော်ကာ လက်ဆန့်တန်း လိုက်သည်… “ကြယ်တာရာ အချုပ်အနှောင်…” လေဟာနယ်ထဲတွင် ဥက္ကာခဲတစ်ခု ဖြစ်ပေါ်လာကာ တန်ခိုးရှင်များအား တိုက်ရိုက် ပိတ်ဆို့သည်။ ရီဖူရှင်း ကိုယ်တိုင်က လျှပ်စီးတန်း အဖြစ် ပြောင်းလဲသွားပြီး ကြယ်တာရာ အချုပ်အနှောင်အား ဖောက်ခွဲလိုက်သည်။

ဘုန်း…

ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာကာ ကြယ်တာရာများ လွင့်စဉ်သွားကြပြီး တစ်ချိန်တည်းတွင် သုံးခွဲမှိန်းနှင့် ရတနာလှံတို့ ရင်ဆိုင်မိကြသည်။ သည်တစ်ကြိမ်ကား ရီဖူရှင်းက လက်ဦးမှု ရယူထားပြီး ဖြစ်သည်။ ထိုဖောက်ခွဲမှုက တစ်ဖက်လူ၏ တိုက်ခိုက်မှုအား ကာကွယ်ရန် မဟုတ်ဘဲ သူတို့၏ ဆင်ခြင် တွက်ဆမှုကို နှောင့်ယှက်ရန် ဖြစ်သည်။

အချိန်နှင့် လေဟာနယ် တင်းမာ အေးခဲခြင်း ဖြစ်ပေါ်လာကာ လေထု တစ်ခုလုံးအား ပိတ်ဆို့သည်။ ကြောက်မက်ဖွယ်ရာ အနက်ရောင် လေပွေလှိုင်းမှာ ရတနာလှံ၏ ထိုးနှက်မှုကြောင့် ယိုင်နဲ့ ပျက်ပြယ် သွားခဲ့ရသလို ထို တိုက်ခိုက်မှုကလည်း ရီဖူရှင်းအား ပြင်းထန်စွာ ထိရိုက်သည်။

မြောက်ဘက် ချောက်နက်မှ ခွန်ပန်သည် ရီဖူရှင်းက သူ့ထံသို့ ပြေးလာ နေသည်ကို မြင်လျှင် နောက်ကို ဆုတ်ရန် ကြိုးစားသည်။ ခွန်ပန်၏ လက်သည်းများက သူ့အား ဖမ်းဆုပ်ကာ နောက်ဆုတ်သည့် အချိန်တွင် ရီဖူရှင်းလည်း ရှေ့သို့ ဆက်တိုးလာခဲ့၏။ သို့သော်လည်း ရီဖူရှင်းက သူ့အား တိုက်ခိုက်ခြင်း မပြုပေ။ ထိုအစား သူက ခွန်ပန်ဝင်္ကပါ၏ ဝမ်းဗိုက်နေရာအား ရတနာလှံကို အသုံးပြု၍ ထိုးသွင်း တိုက်ခိုက် လိုက်သည်။

ဘုန်း… ဖျက်ဆီးခြင်း စွမ်းအားများ ပေါက်ကွဲ ဖြစ်ပေါ်လာကာ ခွန်ပန်၏ ခန္ဓာသည် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ဝင်္ကပါသည်လည်း ပြိုလဲ၏။ ပုံမှန်အားဖြင့် ဟွာဂျီယူက ထိုအခွင့်အရေးအား လက်လွတ်မခံပါ။ သူမ၏ ညို့ငင်နိုင်စွမ်းသော မျက်လုံးများက ထိုနေရာသို့ ကြည့်လိုက်လျှင် ပြိုလဲ ပျက်စီးကုန်သော ခွန်ပန်ဝင်္ကပါထဲမှ တန်ခိုးရှင်များသည် သူတို့၏ စိတ်ဝိညာဉ်များ မုန်တိုင်းတစ်ခု အလယ်သို့ ကျဆင်း သွားသကဲ့သို့ ခံစားလိုက် ကြရသည်။ သူတို့၏ စိတ်နယ်ပယ်ထဲတွင် နတ်သမီးတစ်ပါး ပေါ်လာကာ သူတို့အား အုပ်မိုး၍ ကြည့်သကဲ့သို့ ခံစားရ၏။ အလင်းတန်းများ သူတို့၏ စိတ်နယ်ပယ်ကို ရိုက်ခတ်လာခဲ့၏။ ထိုအခိုက်တွင် သူတို့၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသည်။ ထို့အတူ ဟောင်ကျူဂီ၏ မြားများကလည်း အချိန်ကိုက် သူတို့၏ ဦးခေါင်းများကို ဖောက်ထွင်း သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset