Switch Mode

အခန်း ( ၆၅ )

ဒီခြင်က သူတော်ကောင်းပဲ

ခြင်ကြီးမှာ အမှန်တကယ် ကြီးမားလွန်းရကား သူ့ခြေထောက်ပေါ်မှ အမွှေးများမှာ ဆူးချွန်အလား ထောင်နေသည်ကို မြင်နိုင်သည်။ အတောင်ပံများကို လှုပ်ခါလိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အနီးပတ်ဝန်းကျင်မှ သစ်ပင်များ အားလုံး ယိမ်းနွဲ့သွားလေသည်။ ဝမ်ပေါင်လဲ့နှင့်အခြားလူများမှာ သူတို့ရှေ့တွင် မုန်တိုင်းတစ်ခု ရှိနေသည့်အလား ခံစားလိုက်ရသည်။

အထူးသဖြင့် ခြင်ကြီး၏ အစွယ်မှာ ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ ကြည့်ရသည်မှာ စူးရှချွန်ထက်လွန်းလှသဖြင့် သတ္တုများကိုပါ အလွယ်တကူ ဖောက်ထွင်းနိုင်စွမ်း ရှိသည်ဟု ထင်ရသည်။ ခြင်ကြီးမှာ ပျံသန်းလာရင်း တဖြည်းဖြည်း နီးကပ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးထွက်လာပြီး ခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မည့်အလား ခံစားလိုက်ရသည်။ သူသည် တစ်သက်လုံး မကြုံဖူးသော ကြောက်ရွံ့ခြင်းမျိုးဖြင့် ထိတ်လန့်ကြောက်ရွံ့နေသည်။

ဝတ်ရုံနက်များသာမက အကြီးအကဲသည်လည်း အလားတူပင် ဖြစ်သည်။ သူတို့အားလုံး ပုရွက်ဆိတ်များက ဆင်တစ်ကောင်ကို ကြည့်နေရသည့်အလား တုန်ရီနေကြသည်။ ရေးဖွဲ့မပြနိုင်သည့် ခံစားချက်တစ်မျိုးက လူတိုင်းကို သေရတော့မည့်အလား ခံစားရစေသည်။

သို့ဖြစ်ရာ ဝမ်ပေါင်လဲ့နောက်ကို မလိုက်ရဲကြတော့‌ပေ။ သူတို့အားလုံး တုပ်တုပ်မှ မလှုပ်ရဲကြတော့ဘဲ မြေပြင်တွင် အသေကပ်ထားသည့်အလား ရပ်နေကြသည်။

ခြင်ကြီးထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် စာဖွဲ့ပြရန်ပင် မဖြစ်နိုင်ချေ။ ဝမ်ပေါင်လဲ့စိတ်ထဲတွင် အကယ်၍ ခြင်ကြီးသာ စိတ်ပါလျှင် သူ၏ အရှိန်အဝါ တစ်ခုတည်းကပင် အားလုံး၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်များကို တခဏအတွင်း ဖျက်ဆီးပစ်နိုင်မည်ဟု ထင်နေမိသည်။

လူအားလုံး ကြောက်လွန်းသဖြင့် တုန်ရီနေစဥ် ခြင်ကြီးက ဖြည်းဖြည်းချင်း ပျံသန်းသွားပြီး ခေါင်းကို ငုံ့လိုက်သည်။ ခြင်ကြီးမှာ သူ့ဘေးမှ သင်္ဘောပျံများကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေသည့်အလား ၎င်း၏ မျက်လုံးများမှာ လူတစ်ယောက်ကဲ့သို့ စိတ်ရှုပ်သည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ အတောင်ပံများကို တဖျပ်ဖျပ် ခတ်လိုက်သည့်အခါ သေင်္ဘာပျံငါးစီးသည် အရုပ်ကလေးများကို မုန်တိုင်းမွှေသွားသည့်အလား အဝေးသို့ လွင့်ထွက်သွားကြကာ ဝုန်းခနဲအသံနှင့်အတူ ခပ်ဝေးဝေး တစ်နေရာသို့ ရောက်သွားကြသည်။ တစ်စီးတည်းသာ အမြန်ရှောင်လိုက်နိုင်သည်။

ထိုမြင်ကွင်းကြောင့် လူအားလုံး အသက်ကို ရဲရဲ မရှူနိုင်တော့ဘဲ တဆတ်ဆတ် တုန်ယင်နေကြစဥ် ခြင်ကြီးက ဆက်မပျံတော့ဘဲ အပင်တစ်ပင်ပေါ်တွင် နားနေသည်။ ၎င်း၏ အကြည့်က လူအားလုံးကို ဝေ့ဝဲသွားသည်။ သို့သော် ခြင်ကြီး၏ အကြည့်မှာ မည်သူ့ပေါ် ကျရောက်သည်ဖြစ်စေ ထိုလူမှာ အသက်ပင် မရှူနိုင်ချေ။ ဝမ်ပေါင်လဲ့ပင် ဦးရေပြားများ ထုံကျင်လာသည်။ ကောင်းသည့်အချက်မှာ ခြင်ကြီးက လူတိုင်းကို ခဏသာ ဝေ့ကြည့်ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ၎င်း၏ မျက်လုံးများမှာ အကြီးအကဲပေါ်သို့ ကျရောက်သွားသည်။

အကြီးအကဲမှာ တုန်ယင်လာပြီး မျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့ခြင်းများ ရောယှက် ပေါ်လွင်နေသည်။ သူသည် အဘယ်ကြောင့် ခြင်ကြီးက သူ့ကို စိုက်ကြည့်နေကြောင်း မသိ‌‌ပေ။ သူ ကြောက်လွန်းသဖြင့် စိတ်ထဲမှ အသံကုန်ဟစ်အော်နေမိသည်။

“ ဒါ ဘယ်လို သားရဲမျိုးလဲ။ ပြည်ထောင်စုရဲ့ အကြီးဆုံး သားရဲဆယ်မျိုး စာရင်းထဲမှာ ခြင်တွေ မပါပါဘူး ”

မည်သူမျှ မလှုပ်ရဲကြပေ။ သူတို့သည် အသက်ကို မြန်မြန်ပင် မရှူရဲကြပေ။ တဒင်္ဂကြာပြီးနောက် ခြင်ကြီးမှာ မထွက်သွားသေးသဖြင့် လူအားလုံး ယခင်ကထက်ပို၍ အထိတ်တလန့် ဖြစ်လာကြသည်။

ဝမ်ပေါင်လဲ့သည် ခြင်ကြီးက အကြီးအကဲကိုသာ စိတ်ဝင်စားကြောင်း သတိထားမိပြီး တံတွေးကို မျိုချလိုက်သည်။ သူသည် ကံကောင်းလှသည်ဟု ခံစားရကာ ခြင်ကြီးက အကြီးအကဲကို တစ်ခါတည်း လက်စတုံးလိုက်လျှင် ပိုကောင်းမည်ဟု တွေးနေမိသည်။ သူက ဂရုတစိုက်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

သူက ရွေ့လျားနေရင်း ခြင်ကြီးကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။ ခြင်ကြီးသာ တစ်ခုခု တုံ့ပြန်ခဲ့လျှင် သူ ချက်ချင်း ရပ်လိုက်မည် ဖြစ်သည်။ သို့သော် သူသည် နောက်သို့ လေး၊ငါးလှမ်း ဆုတ်ပြီးသည့်တိုင် ခြင်ကြီးက သူ့ကို သတိမထားမိသည့်အပြင် အာရုံလည်း မစိုက်ပေ။ သူသည် စိတ်သက်သာရာ ရလာကာ အသက်ကို အားရပါးရ ရှူလိုက်ပြီး ခြေလှမ်းများကို အရှိန်တင်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှ ဝတ်ရုံနက်များက ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများကို မြင်နေရသည်။ သူတို့က တွေဝေနေပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ကာ အသာလေး လှမ်းလာကြသည်။ ဝမ်းမြောက်ဖွယ်ကောင်းစွာ ခြင်ကြီးက သူတို့အား လျစ်လျူရှုထားသည်ကို တွေ့လိုက်ရသည်။ သို့တိုင် သူတို့သည် မပြေးရဲသေးပေ။ တစ်လှမ်းချင်း ဆက်လျှောက်ကာ နောက်ဆုတ်လာကြသည်။

ထို့ကြောင့် အဝေးမှ ကြည့်လျှင် ဤနေရာတစ်ဝိုက်တွင် အချိန်မှာ နှေးသွားသည့်အလား ထင်ရသည်။ ဝမ်ပေါင်လဲ့နှင့် ဝတ်ရုံနက်များအားလုံးသည် အနှေးပြကွက်အလား ဖြည်းဖြည်းချင်း ဝေးနိုင်သမျှ ဝေးအောင် ကြိုးစား ဆုတ်ခွာနေကြသည်။

သူတို့အားလုံး ထွက်သွားနိုင်သည်ကို တွေ့ပြီးနောက် အကြီးအကဲမှာ စိတ်ပူပန်လာပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်ရန် ကြိုးစားကြည့်မိသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ် ရွေ့သွားသည်နှင့် ခြင်ကြီးက သူ့ကို သတိပေးသည့်အလား ရုတ်တရက် အေးစက်စက် ခံစားချက်ကြီး ဖြစ်စေသည်။

ထိုသတိပေးသည့်အကြည့်ကြီးက အကြီးအကဲကို တုန်ရီသွားစေကာ အသံမထွက်ရဲသဖြင့် စိတ်ထဲမှ ကြိတ်ပူပန်နေရသည်။

“ ဒါက ဘာကြီးလဲ၊ သူတို့ကျ လှုပ်လို့ ရတယ်။ ဒါပေမဲ့ ငါကျ မရဘူး။ ငါလည်း ဒီခြင်ကြီးကို ဘာမှ မစော်ကားမိပါလား ”

ဝမ်ပေါင်လဲ့နှင့် ဝတ်ရုံနက်များကလည်း ဤအချက်ကို သတိပြုမိကြသည်။ သူတို့အားလုံး၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားသည်။ ဝမ်ပေါင်လဲ့မှာ ရင်တဒိတ်ဒိတ်ခုန်လာပြီး ဤခြင်ကြီးကို ကျေးဇူးအထူး တင်မိလေသည်။

“ ခြင်ကြီးက သဘောကောင်းသားပဲ ”

ခြင်ကို ချီးကျူးနေရင်း ဝမ်ပေါင်လဲ့က မြန်သည်ထက် မြန်အောင် လျှောက်သွားသည်။ နောက်ဆုံးတွင် သူသည် ခြင်ကြီးနှင့် ပေတစ်ရာခန့် အကွာသို့ ရောက်လာပြီး နောက်လှည့်ကာ တချိုးတည်း ပြေးတော့သည်။

တချိန်တည်းမှာပင် ဝတ်ရုံနက်များသည်လည်း နယ်နိမိတ်ကျော်လာပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့ ထွက်ပြေးသည်ကို တွေ့ကာ သူတို့ အချင်းချင်း အကြည့်ချင်း ဆုံသွားသည်။ သူတို့၏ ခေါင်းဆောင်မှာ အထဲတွင် ပိတ်မိနေသည့်တိုင် သူတို့တာဝန်မှာ မပြီးဆုံးသေးပေ။ ထို့ကြောင့် အဖွဲ့ထဲမှ ဖွံ့ထွားသွေးကြော ထိပ်ဆုံးအဆင့် နှစ်ယောက်က ဦးဆောင်ကာ ဝမ်ပေါင်လဲ့နောက်သို့ ပြေးလိုက်သွားကြသည်။

မကြာမီပင် ထိုနေရာမှာ တိတ်ဆိတ်သွားသည်။ အကြီးအကဲတစ်ယောက်တည်းသာ တုန်တုန်ရီရီနှင့် စိတ်ထဲမှ အော်ဟစ်မြည်တမ်းကာ ကျန်နေခဲ့လေသည်။ သို့သော် အခြေအနေမှာ မည်သို့မျှ မထူးခြားလာပေ။ ခြင်ကြီးက သူ့ကို စိုက်ကြည့်နေဆဲ ဖြစ်ပြီး သူ မျှော်လင့်ချက် ကင်းမဲ့သွားသည်။

တောအုပ်ထဲတွင် ဝမ်ပေါင်လဲ့က ခြင်ကြီးနှင့် ဝေးဝေးသို့ ရောက်နေပြီ ဖြစ်သည်။ ခြင်ကြီးဆီမှ ဖိနှိပ်ထားသည့် အရှိန်အဝါ ပျောက်ကွယ်သွားသော်လည်း ဝမ်ပေါင်လဲ့မှာ အန္တရာယ်ရှိနေဆဲ ဖြစ်ကြောင်း သိနေသည်။ ဝမ်ပေါင်လဲ့က ပြေးနေရင်း မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ ဒုက္ခများ ရင်ဆိုင်တွေ့ကြုံလာရပြီးနောက် သူပင် မသိလိုက်ဘဲ အခြေအနေအရ ဆုံးဖြတ်တတ်လာပြီး ရက်စက်ကြမ်းကြုတ်တတ်လာသည်။

“ ငါ အစီအစဥ်တွေ ပြောင်းရမယ်။ သေင်္ဘာပျံတစ်စင်း ကျန်သေးတယ်။ ငါ ဝေးဝေး ရောက်သွားရင်တောင် ငါ့နောက် လိုက်လာတဲ့ ကောင်တွေကို မြန်မြန် မသတ်နိုင်ရင် အဘိုးကြီး ငါ့ကို မီလာရင် အန္တရာယ်များတယ် ”

“ အဘိုးကြီးက အခု ကျဥ်းထဲကျပ်ထဲ ရောက်နေပေမဲ့ ခြင်ကြီးကိုပဲ မှီခိုနေလို့ မရဘူး။ ဘာလို့ ခြင်ကြီးက အဘိုးကြီးကိုပဲ စိုက်ကြည့်နေလဲ မသိပေမဲ့ တိုက်ခိုက်တာမျိုးတော့ မရှိဘူး”
ဝမ်ပေါင်လဲ့က သုံးသပ်ရင်း ဆုံးဖြတ်ချက်တစ်ခုချလိုက်ကာ မျက်လုံးများက တလက်လက်တောက်ပနေသည်။

“ တစ်နည်းပဲ ရှိတယ်။ အဲဒါက အကြီးအကဲက လွဲရင် ကျန်တဲ့လူအားလုံးကို အချိန်တိုအတွင်း သတ်ဖို့ပဲ။ ဒီလိုဆို ငါ ဒီအခြေအနေကြီးကနေ ရအောင် ထွက်နိုင်ဖို့ အခွင့်အရေး အများကြီး ရှိလာမယ် ”

ထိုသို့တွေးကာ ဝမ်ပေါင်လဲ့သည် သူ့လက်ထဲမှ ခရမ်းရောင်ဓါးကို ကြည့်လိုက်ပြီး သူ့ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူက ထပ်မပြေးရန် ဆုံးဖြတ်လိုက်ပြီး သူ့ခန္ဓာကိုယ် တုန်ခါသွားသည်။ သူက ဝတ်ရုံနက်လူများကို သတ်ဖြတ်ချေမှုန်းတော့မည့်အသွင်ဖြင့် ပြန်လှည့်သွားသည်။

ထိုလူများမှာ နောက်မှလိုက်နေရင်း ရှာတွေ့နိုင်သည့် အခွင့်အရေး ပိုများစေရန် လူစုခွဲလိုက်ကြသည်။ သို့သော် သူတို့သည် တစ်ယောက်နှင့်တစ်‌ယောက် သိပ်မဝေးစေဘဲ ဆက်တိုက် ဆက်သွယ်ကာ တောထဲသို့ ချည်းနင်းလာကြသည်။ ဖွံ့ထွားသွေးကြောအဆင့်ထိပ်ဆုံး သိုင်းသမားနှစ်ယောက်က အမြန်ဆုံး ဖြစ်ပြီး သူတို့က ဦးဆောင်လာကြသည်။ သူတို့အားလုံး တောထဲတွင် ပြေးနေစဥ် ခပ်လှမ်းလှမ်းမှ ဝုန်းခနဲ အသံတစ်သံ ကြားလိုက်ရလေသည်။ ကျောင်းသားခေါင်းဆောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ဖက်တီးတစ်ယောက်သည် သူတို့ဘေး မြက်တောထဲမှ ဖြတ်ကာ အမြန်ပြေးနေသည်။

“ ဟိုမှာ ” ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့်နှစ်ယောက်က အေးစက်စက် မျက်လုံးများဖြင့် အရှိန်ကို မြှင့်လိုက်ပြီး ချက်ချင်းပင် ပြေးလိုက်ကြသည်။ သူတို့နောက်မှ လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်က ကြောက်စရာအသွင်များဖြင့် လိုက်သွားကြလေသည်။

လူအများစုက ထိုဖက်တီးကို လိုက်နေစဥ် ခပ်လှမ်းလှမ်းမှ နှစ်ယောက်ကလည်း အရှိန်ကို မြှင့်ကာ အခြားသူများနှင့် ပူးပေါင်းရန် ပြင်လိုက်သည်။ ထိုအခိုက် သူတို့ဘေးမှ မြက်တောသည် ရုတ်တရက် ပုံပျက်သွားကာ ဝမ်ပေါင်လဲ့ ထွက်လာလေသည်။ သူက မြန်လွန်းလှသဖြင့် ဝတ်ရုံနက်လူနှစ်ယောက်မှာ အငိုက်မိသွားရသည်။

သူတို့နှစ်ယောက် ပါးစပ်ဟလာသည်ကို စောင့်မနေတော့ဘဲ ဝမ်ပေါင်လဲ့က လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် အလင်းတန်းတစ်တန်း ထွက်လာသည်။ ခရမ်းရောင်ဓါး၏ အမြန်နှုန်းမှာ သာမန်ဓါးပျံများထက် များစွာ မြင့်မားသည်။ ဓားက ပေါ်လာသည်နှင့် ဝတ်ရုံနက်လူတစ်ယောက်၏ နဖူးသို့ တည့်တည့် ဝင်သွားသည်။ ဝမ်ပေါင်လဲ့က အခြားတစ်ယောက်ကို အားကုန် ဝင်တိုက်လိုက်ပြီး ထိုလူ၏ ပေါင်ကြားကို ဒူးနှင့် ကြမ်းတမ်းစွာ တိုက်လိုက်သည်။ ဝမ်ပေါင်လဲ့က ထိုလူ၏ခုခံမှုကို လျစ်လျူရှုကာ ညာလက်ကို သုံး၍ ပါးစပ်ကို ပိတ်လိုက်ပြီး ခန္ဓာကိုယ်ကို အနီးရှိ သစ်ပင်တစ်ပင်နှင့် ဝင်ဆောင့်ပေးလိုက်သည်။

ဘိုင်းခနဲ အသံနှင့်အတူ ရန်သူမှာ မျက်လုံးပြူးသွားပြီး တွန့်လိမ်ကာ သေဆုံးသွားလေသည်။ ခရမ်းရောင်ဓါးက နောက်တစ်ယောက်၏ နဖူးကို တစ်ဝက်ခန့် ထိုးဖောက်သွားရာ သူသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

အရာရာမှာ နှေးကွေးစွာ ဖြစ်သွားသည်ဟု ထင်ရသော်လည်း တဒင်္ဂမျှသာ ကြာလိုက်သည်။ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်နေသည်။ ‌ဆေးလုံးများဖြင့် ထောက်ကန်ထားသော်လည်း သူ့အင်အားမှာ အကန့်အသတ် တစ်ခု ရောက်နေပြီ ဖြစ်သည်။ သူ တိုက်ခိုက်သည့် အကြိမ်တိုင်း အသက်ကို လုပြီး တိုက်ရသည့်အပြင် အမြန်လှုပ်ရှားရသေးသည်။ သူ ဖိအားများကိုလည်း ခံေနရသည့်အပြင် အင်အားသုံးစွဲမှုမှာလည်း သိသိသာသာ မြင့်မားသည်။

သူ့အတွက် တွေးတောစဥ်းစားနေရန် အချိန်မရှိပေ။ သူက ဓါးကို ပြန်ယူလိုက်ပြီး သိုလှောင်အိတ်ထဲမှ အရုပ်တစ်ရုပ် ထုတ်ကာ အမိန့်တစ်ခု ပေးပြီးနောက် သူနှင့်အရုပ်တို့မှာ အတန်းလိုက် ပြေးလိုက်ကြသည်။ သူတို့ရှေ့တွင် သူ့ကို ရှာနေဆဲ ဖြစ်သည့် ဝတ်ရုံနက်လေးယောက် ရှိသေးသည်။

အသက်ရှူချိန်ဆယ်ကြိမ်ခန့် ကြာပြီးနောက် ကျောင်းသားခေါင်းဆောင် ဝတ်ရုံဝတ်ထားသည့် လူရိပ်ကို လိုက်ဖမ်းနေကြသော ဖွံ့ထွားသွေးကြောထိပ်ဆုံးအဆင့် သိုင်းသမားနှစ်ယောက်က လူရိပ်ကို မီသွားကြသည်။ သို့ရာတွင် ၎င်းမှာ အရုပ်တစ်ရုပ် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ မကြာသေးခင်က ဝမ်ပေါင်လဲ့က ဝစေရန် အဝတ်အလွှာပေါင်းများစွာ ထပ်ထားသော အရုပ်သာ ဖြစ်သည်။ ထိုအခိုက် သူတို့မှာ ကွက်ခနဲ မျက်နှာပျက်သွားကြလေသည်။

ထိုစဥ် အဝေးမှ သနားစရာ အော်သံတစ်သံကို ကြားလိုက်ရလေသည်။ သူတို့ ဒေါသတကြီးဖြင့် ပြေးကြည့်ကြရာ အလောင်းလေးလောင်းနှင့် ကျိုးပဲ့နေသည့် အရုပ်တစ်ရုပ်ကိုသာ တွေ့ကြရသည်။

“ အားလုံးပဲ၊ ဂရုစိုက်ကြ။ ဝမ်ပေါင်လဲ့က ငါတို့နားမှာပဲ ရှိတယ်။ ပြီးတော့ သူ့မှာ ဓမ္မအဆောင်အရုပ်တစ်ရုပ် ရှိတယ်။ မှတ်ထားကြ ”
လူနှစ်ယောက်မှာ ဘေးဘီဝဲယာကို အော်ပြောရင်း မျက်စိမျက်နှာပျက်နေကြသည်။

သူတို့ သတိပေးနေစဥ်မှာပင် နောက်ထပ် အော်သံတစ်သံ ထွက်ပေါ်လာပြန်သည်။

“ သူက ဒီနားမှာ၊ ငါတို့လို ဝတ်ရုံ ဝတ်ထားတာ… ”

အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး တောအုပ်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ သို့ရာတွင် ကျန်နေသည့် ဝတ်ရုံနက်များအားလုံး တုန်ယင်လာကြပြီး အသက်ရှူသံများ မြန်လာကြသည်။ သူတို့အားလုံးသည် ဘေးဘီဝဲယာကို ကြည့်ကာ သတိကြီးကြီး ထားပြီး လူစုလိုက်ကြသည်။

ထိုစဥ် ဝမ်‌ပေါင်လဲ့သည် မြက်တောထဲတွင် ပုန်းနေလေသည်။ သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာတစ်ခုက နက်လွန်းသဖြင့် အရိုးထိပါ မြင်နေရသည်။ သူ့နောက်ကျောတွင်လည်း အလားတူ ဒဏ်ရာနှစ်ခု ရှိသေးသည်။ သူ့အဝတ်များတွင် သွေးများ စွန်းထင်းနေပြီး နာကျင်လွန်းလှသဖြင့် နဖူးမှာ ချွေးများ သီးနေသည်။ သို့သော် သူက အောင့်အီးသည်းခံကာ နောက်ဆုံးဆေးလုံးအနည်းငယ်ကို ပါးစပ်ထဲထည့်၍ ဝတ်ရုံနက်များကို စိုက်ကြည့်နေသည်။

“ ငါ သတ်ခဲ့တာ ကိုးယောက် ရှိတယ်။ ခုနစ်ယောက်ကျော်တော့ ကျန်နေဦးမှာပဲ။ သူတို့က လွယ်လွယ်နဲ့ လူစုခွဲကြတော့မှာ မဟုတ်ဘူး။ ငါ နောက်ထပ် အစီအစဥ်တစ်ခု လိုတယ်”
ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ စိတ်ထဲမှ အဆက်မပြတ် စီစဥ်နေသည်။ ထိုအခိုက် ခပ်ဝေးဝေးမှ ပျံသန်းလာသည့် ခြင်သံတဝီဝီကို ကြားလိုက်ရသည်။ ထိုခြင်ကြီးက သူ့အထက်မှ လျင်မြန်စွာ ဖြတ်ပျံသွားလေသည်။

ထိုမြင်ကွင်းကြောင့် ဝတ်ရုံနက်အားလုံး ကြောက်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံး မော့ကြည့်လိုက်ကြပြီး ဝမ်ပေါင်လဲ့ပင် ငေးမောနေမိသည်။

“ ခြင်ကြီးက ထွက်သွားပြီလား။ အဘိုးကြီးက အသက်ရှင်နေတုန်းလား ငါ မသိဘူး။ ဒါပေမဲ့ အခုတော့ ဘာမှ ထူးမှာမဟုတ်တော့ဘူး။ ငါ ဒီအခွင့်အရေးကို သုံးပြီး တိုက်ခိုက်ရမယ် ”

Comment

Leave a Reply

Options

not work with dark mode
Reset