အပိုင်း (၉၈၃)

ရှန့်ထိုကျန့်၏ကစားပွဲ

အော့ဖန်က မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်၏ သေဆုံးခြင်းကို မြင်လျှင် စုချီဟန်အား ကြည့်သည်။

ပြည်နယ်ကိုးခုသည် ငြိမ်းချမ်း နေခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပြီ ဖြစ်သည်။ အပြောင်းအလဲ ကြီးကြီးမားမားမှာ ပြည်နယ်ကိုးခု ရှန့်ထိုတိုက်ပွဲ အပြီး၌သာ ရှိခဲ့မည်ဟု သူ ထင်ခဲ့သော်လည်း ပိုမိုမြန်ဆန်စွာ ရောက်လာခဲ့သည်။ သူ့ထက် ငယ်ရွယ်သူများသည် ကြီးမြတ်ခြင်း၏ လမ်းစဉ်ပေါ်သို့ ရောက်ရှိနေကြပြီး ဖြစ်သည်။

စုချီဟန်သည် ပြည်နယ်ကိုးခု ကျောင်းတော်၌ ထူးခြားသော ဝိသေသအား ပိုင်ဆိုင်သည်။ သူ၏နာမည် ဂုဏ်သတင်းမှာ တွန်ဟေးနှင့် လင်းရှာပိုင်တို့ကဲ့သို့ ကောင်းမွန်ခြင်း မရှိသော်လည်း ယခု သူက အဆင့်မြင့် ကွန်းရှီအဆင့်သို့ တက်လှမ်း လာခဲ့ကာ တစ်လောကလုံးကို အံ့အားသင့် စေခဲ့သည်။

သူ့ဘေးတွင် တခြား လူများကလည်း ထူးခြား ကောင်းမွန်သော တိုက်ခိုက်ရေး စွမ်းရည်များအား ပြသနေကြသည်။

သို့သော် စုချီဟန် သတ်ဖြတ်ခဲ့သော မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်သည် သာမန်မဟုတ်ပေ။ မြောက်ဘက် ချောက်နက်က သူ့အား ဤအတိုင်း ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

လေပြင်း တစ်ချက်နှင့်အတူ မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်များ အရိုးစုအနီးသို့ ရောက်လာကာ ငုံ့ကြည့်ကြသည်။ သူတို့၏ မျက်လုံးများ၌ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြစ်လာသည်။ စုချီဟန် သတ်ဖြတ်ခဲ့သူသည် ထိုလူ၏ သားဖြစ်ကာ အနာဂတ်တွင် သူ့နေရာကို ဆက်ခံမည့်သူ ဖြစ်သည်။ ယခု သူသည် စုချီဟန်၏ အဆိပ်ဖြင့် သတ်ဖြတ်ခြင်းကို ခံရ၏။ သူ ဝတ်ဆင်ထားသော ရတနာချပ်ဝတ်မှာလည်း အဆိပ်အား ကာကွယ်နိုင်စွမ်း မရှိပါ။

ပိုမိုသော တန်ခိုးရှင်များ စုစည်းလာကြကာ စုချီဟန်နှင့် လိပ်ပြာလေးအား အထပ်ထပ် ဝန်းရံကြသည်။ မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်များတွင် အတောင်ပံများ ရှိကာ သူတို့ထံမှ မကောင်းဆိုးဝါး အငွေ့အသက်များ ပါသော လေလှိုင်းများ ရိုက်ခတ် လာခဲ့သည်။ ပြင်းထန်သော လေလှိုင်းများသည် မုန်တိုင်းအသွင် ဆောင်လာ၏။

လိပ်ပြာလေး၏ မျက်နှာ အမူအရာက ပြောင်းလဲ လာခဲ့သည်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မိမိတို့မှာ အရေးကြီးသောသူများ မဟုတ်ပေ။ အဘယ်ကြောင့် စစ်တပ်က သူမတို့အား လာရောက် ဝန်းရံကြသနည်း။ သူမတို့ သတ်ဖြတ်ခဲ့သော တစ်စုံ တစ်ယောက်ကြောင့် ပေလော။

သူမနှင့် စုချီဟန်တို့သည် အချိန်အများစုကို ဆေးဥယျာဉ်၌ ကုန်ဆုံးနေခဲ့ကြရာ ပြင်ပလောကမှ ကိစ္စရပ်များကို သိပ်နားမလည်ကြပေ။ သူမတို့က မြောက်ဘက် ချောက်နက်မှ အရေးပါသော လူများအား မသိကြပေ။

နန်းတော်မှ တန်ခိုးရှင်များက သွားရောက် ကူညီရန် ပျံသန်း သွားကြသော်လည်း အော့ဖန်က လက်ဝှေ့ယမ်းလျှင် ပင်လယ် နန်းတော်မှ တန်ခိုးရှင်တစ်စု သူတို့အား သွားရောက် တားဆီးသည်။ သူက ရှန့်ထိုကျင့်၏ တပည့်များကို ကြံစည်လိုခြင်း မရှိခဲ့သော်လည်း မြောက်ဘက် ချောက်နက်မှ လူများက အလိုရှိလျှင် သူလည်း ကူညီရပေမည်။

အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုသည် မဟာမိတ်ဖွဲ့ထား ကြသော်လည်း ကိုယ်စီကိုယ်င အကြံအစည်များ ရှိကြပေသည်။

အော့ဖန် လုပ်နေသည်ကား အလွန် ယုတ်မာသော ကိစ္စဖြစ်သည်။

“သူက အဆိပ်ပညာမှာ ထူးချွန်တယ်။ သူနဲ့ အနီးကပ် မတိုက်ခိုက်ဘဲ အဝေးကပဲ မှော်ပညာတွေကို အသုံးပြုပါ” မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင် တစ်ယောက်က ပြောသည်။ သူတို့အနီးမှ လေဟာနယ်မှာ အနက်ရောင် တိမ်များဖြင့် ဖုံးကွယ်ထားပြီး ထိုအရာက ပျက်စီး ပြိုကွဲတော့မည့် ပုံစံဖြစ်သည်။ သူ တစ်ယောက်တည်းသာ အလွန်အမင်း အားကောင်း ကြသည် မဟုတ်ဘဲ သူနှင့်အတူ လိုက်ပါ လာသူများ သည်လည်း အလွန် ပြင်းထန်သော မှော်စွမ်းအင်များဖြင့် စုချီဟန်နှင့် လိပ်ပြာလေးတို့အား တိုက်ခိုက်ရန် ကြိုးစားကြသည်။

လိပ်ပြာလေး၏ မျက်နှာက ပြာနှမ်း သွားသော်လည်း စုချီဟန်က သူမရှေ့တွင် ရပ်သည်။ သူ၏ အနက်ရောင် ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ် လွင့်နေသလို သူ၏ မျက်လုံးနက်များ မှာလည်း ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ် နေသည်။

သူ၏ဆရာက ရီဖူရှင်းအား ကူညီရန် အဘယ်ကြောင့် အမိန့်ပေးခဲ့သည်ကို နားမလည် သော်လည်း သူ့ဆရာ၏ အမိန့်ကို သူ နာခံရပေမည်။

စုချီဟန်ကား အထက်တန်းစား မိသားစုတစ်ခု၌ မွေးဖွားခဲ့ကာ ငယ်ရွယ်စဉ် ကတည်းက ပါရမီမြင့်သည်။ သူ၏အဖေသည် မိသားစု ခေါင်းဆောင် ဖြစ်ကာ နာမည် ကျော်ကြားသူ ဖြစ်သည်။ သူ၏ အမေသည်လည်း ကောင်းကင်၏ သမီးတော်အလား လှပချောမောကာ ဂုဏ်မြင့်သည်။ သူမွေးဖွား လာသောအခါ၌ စုချီဟန်၏ အနာဂတ်သည် ကြီးကျယ် ခမ်းနားခြင်းများဖြင့် ပြည့်စုံနေသည်။ တစ်နေ့တွင် သူ၏ အဖေအား သူ့ဦးလေးက အဆိပ်ခတ်ခဲ့ကာ သူ၏အမေမှာလည်း လှည့်စားကာ အသတ်ခံခဲ့ရသည်။ သူ၏အဖေက နောက်ဆုံး ထွက်သက်ကို အသုံးပြုကာ စုချီဟန်အား လူသူ အရောက်အပေါက် နည်းသော တောင်တစ်လုံးသို့ ခေါ်ဆောင်လျက် အကြိမ်ကြိမ် ဦးခိုက် ကန်တော့ခဲ့သည်။ နောက်ဆုံးတွင် သူ၏ အဖေသည် အဆိပ်ဒဏ်ဖြင့်ပင် သူ့ရှေ့၌ သေဆုံးခဲ့သည်။

ထို့နောက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သူ၏ဆရာနှင့် တွေ့ဆုံခဲ့၏။ နောက်ပိုင်းတွင် သူ၏ဆရာသည် အလွန် ကျော်ကြားသော ဆေးဆရာ တစ်ဖြစ်လဲ အဆိပ်ပညာရှင် ဖြစ်ကြောင်း သိခဲ့ရသည်။

သူ့အား အဆိပ်ပညာကို သင်မည်လော၊ ဆေးပညာကို သင်မည်လောဟု သူ၏ဆရာက မေးသည်။ သူက တွန့်ဆုတ်ခြင်း မရှိဘဲ အဆိပ်ပညာကို ရွေးခဲ့သည်။ အကယ်၍သာ အဆိပ်ပညာကို ရွေးခဲ့ပါက မယုံကြည်နိုင်ဖွယ် ကောင်းသော နာကျင်မှုများအား ခံစားရလိမ့်မည်ဟု သူ၏ဆရာက ပြောသော်လည်း စုချီဟန်က ဆုံးဖြတ်ချက်အား မပြောင်းလဲခဲ့ပေ။

ထို့နောက်တွင် စုချီဟန်က အဆိပ်လမ်းစဉ်ကို လိုက်စားခဲ့သည်။ အဆိပ်များအား သူ၏ခန္ဓာကိုယ်ဖြင့် စမ်းသပ်ခဲ့ကာ ရန်သူများကိုလည်း ထိုအဆိပ်များဖြင့်ပင် သတ်ဖြတ်သည်။

သူကား အေးစက်လွန်းရကား လူသားတို့၏ ခံစားချက်များပင် မရှိပေ။ လူအများက သူ့အား ဆရာကြီးစုဟု ခေါ်တွင် ကြသော်လည်း သူက ပြန်လည် တုံ့ပြန်ခြင်း မပြုပေ။

အားလုံးက ရှန့်ထိုကျင့်၏ တပည့်ကြီးအား သိကြသော်လည်း သူ့ဆရာက သူ့အပေါ် မည်မျှ တင်းကျပ်သည်ကို သူကိုယ်တိုင်သာ သိပေသည်။ သူ့ဆရာ၏ မျက်လုံးများထဲ၌ လိပ်ပြာလေးသာ သူ၏ တစ်ဦးတည်းသော တပည့် ဖြစ်ဟန်ရသည်။

သူ့အား ဆရာကြီးစုဟု ခေါ်တွင်ကြခြင်းမှာ ဆေးဥယျာဉ်၏ တပည့်ကြီးအဖြစ် သတ်မှတ် ကြသောကြောင့် ဖြစ်သည်။ သို့သော် အမှန်တကယ် အားဖြင့် စုချီဟန်သည် သူ့ဆရာရှေ့၌ တစ်သက်လုံး သိမ်ငယ်စွာ နေထိုင်ခဲ့ရသူ ဖြစ်သည်။

သူ၏ဆရာသည် အဆိပ်ပညာရှင် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဆေးပညာကို မြတ်နိုး လာခဲ့သည်ဟု သူ ကြားဖူးသည်။ သူ့ဆရာအား ပြောင်းလဲပေးခဲ့သူမှာ ဆရာကတော်ပင် ဖြစ်သည်။ ထို့ကြောင့် သူက အဆိပ်ပညာကို ဦးဆုံး ရွေးချယ်ခဲ့သောအခါ သူ့ဆရာက သူ့အား သဘောမကျ ဖြစ်ခဲ့ဟန် ရသည်။ အဆိပ်များဖြင့် ပြည့်နေသော သူ့အား မည်သူက သဘောကျမည်နည်း။

စုချီဟန်၏ စိတ်ထဲတွင် အနက်ရှိုင်းဆုံး စွဲမှတ်ထားသည်မှာ သူ့ဆရာ တစ်ကြိမ်တစ်ခါက သူ့အား သတိပေးခဲ့သော စကားတစ်ခွန်း ဖြစ်သည်။ အဆိပ်ပညာအား လေ့ကျင့်သူက အချိန်မရွေး သေဆုံးနိုင်သည်။ ထို့ကြောင့် လိပ်ပြာလေးအား ထိခိုက်အောင် မလုပ်နဲ့ဟု သူ့အား သတိပေးခဲ့သည်။ သူ့ဆရာ၏ နှလုံးသား၌ မိမိ၏ ဖြစ်တည်မှုမှာ လိပ်ပြာလေးနှင့် မနှိုင်းယှဉ် နိုင်ကြောင်း သူ နားလည်သည်။ သူ့ဆရာက သူမအား သမီးအရင်းကဲ့သို့ သဘောထားကာ အမြဲတမ်းအားဖြင့် ဆရာကတော်ကို သတိရတမ်းတနေသူ ဖြစ်ကြောင်း သူသိသည်။ ဆေးဥယျာဉ်၏ နောက်၌ရှိသော ဆရာကတော်၏ အခန်းထဲသို့ မည်သူ့ကိုမှ ဝင်ခွင့်မပြုသည်ကိုလည်း သူသိသည်။

သူက ဆရာကို မုန်းတီးခြင်း မရှိသော်လည်း သူ့ဆရာ၏ သဘောကို သူခံစား၍ ရသည်။ သူက သေဆုံး နိုင်သော်လည်း လိပ်ပြာလေးအား ထိခိုက်၍ မရပေ။

လောကတွင် သူ ကာကွယ်ရမည့်သူ နှစ်ဦးမှာ သူ၏ဆရာနှင့် လိပ်ပြာလေးတို့ ဖြစ်ကြသည်။

“လိပ်ပြာလေး… ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ တိုက်ပွဲအတွက် စိတ်မပူနဲ့” စုချီဟန်က တီးတိုးပြောသည်။ လိပ်ပြာများစွာက သူမအား ရစ်ပတ်ကာ အလင်း အရံအတားများ ဖြစ်ပေါ်လာသည်။ စုချီဟန်က ရှေ့သို့ တက်သွားကာ ကောင်းကင်ထက်မှ ဆင်းသက်လာသော တိုက်ခိုက်မှုများအား ကာကွယ်သည်။

သူ့ထံသို့ လျှပ်စီးနက်များ ဆင်းသက် လာကြသည်။ စုချီဟန်က လိပ်ပြာလေး၏ ရှေ့တွင် ရပ်နေကာ သူ၏မျက်လုံးများ၌ သတ်ဖြတ်လိုသော အလိုဆန္ဒများ ပြင်းထန်စွာ ဖြစ်ပေါ် လာခဲ့သည်။ ကောင်းကင်ထက်မှ လူတိုင်းက သူတို့ထံသို့ ရိုက်ခတ်လာသော တိုက်စားခြင်း လောကဓာတ်ကို ခံစားကြရသည်။

ဘုန်း … လျှပ်စီးနက်များ စုချီဟန်ထံသို့ ကျဆင်း လာခဲ့ကာ သူ့အား ပြင်းထန်စွာ တုန်ခါစေသည်။ သို့သော်လည်း သူကား မည်သို့မှ မခံစားရသလို တည်ငြိမ်စွာ ရပ်နေ၏။

ဝုန်း…

ကြောက်မက်ဖွယ် လျှပ်စီးများက မုန်တိုင်းနက်များ အသွင်အဖြစ် ပြောင်းလဲသွားကာ ကျဆင်း လာပြန်သည်။ သို့သော်လည်း စုချီဟန်ကား လုံးဝ မရှောင်တိမ်းဘဲ ထိုအတိုင်း သူ့အပေါ်သို့ ကျဆင်းစေသည်။

နောက်ထပ် မုန်တိုင်းတစ်ခုက သူ့ထံသို့ ရောက်လာသလို လိပ်ပြာလေးထံ သို့လည်း ရိုက်ခတ်သွားရာ သူမ၏အရံအတားကို ကျဆင်းစေလျက် တုန်ခါ စေပြန်သည်။

အားလုံးက စုချီဟန်ကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူ၏ခန္ဓာကိုယ်က အဘယ်ကြောင့် ထိုမျှ သန်မာရသနည်း။

ထိုတိုက်ခိုက်မှုများက အဆင့်မြင့် ကွန်းရှီတစ်ဦးအား သတ်ဖြတ်နိုင်စွမ်း ရှိသည်။

လေထဲမှ လူအချို့မှာ စုချီဟန်၏ အဆိပ်များ တိုက်စားမှုကြောင့် အရိုးစုများ အဖြစ် ပြောင်းလဲ သွားကြပြီ ဖြစ်သည်။ သူ၏ မှော်အဆိပ်များမှာ ကုစားမရနိုင်ပေ။ အဆိပ်သင့်သူမှာ ထိပ်သီး ကွန်းရှီဖြစ်လျှင်ပင် သေဆုံးရပေမည်။

“အားလုံး သတိထားကြ…” အားလုံးက သူတို့ကိုယ်သူတို့ အလင်း အရံအတားများဖြင့် ကာကွယ်ကြသည်။ ထို့နောက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်ကြလျှင် စုချီဟန်၏ ပါးစပ်မှ သွေးများ စီးကျ လာတော့သည်။ သူက ငုံ့ကြည့်လျှင် လိပ်ပြာလေးမှာ တိုက်ခိုက်မှု တစ်ခုကြောင့် နောက်သို့ လွင့်စဉ် သွားသည်အား မြင်သည်။ တော်ဝင် ရတနာက သူမအား ကာကွယ် ထားသည့်တိုင် သူမ၏ ပါးစပ်မှလည်း သွေးများ စီးကျလာသည်ကို မြင်ရ၏။

စုချီဟန်က လျှပ်တစ်ပြက် ဆင်းသက် လာခဲ့ကာ သူမအား ကာကွယ်သည်။ ပြင်းထန်သော တိုက်ခိုက်မှုများ ဆင်းသက် လာခဲ့ပြန်ကာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလျက် ပါးစပ်မှ သွေးများ အဆက်မပြတ် ယိုစီး ကျလာခဲ့သည်။

“အစ်ကို… ညီမကို စိတ်မပူနဲ့။ သူတို့ကို တိုက်ခိုက်ပါ” လိပ်ပြာလေးက ပြောသည်။ သူ့တွင် ထိုလူများအား သတ်ဖြတ်ရန် စွမ်းရည် ရှိကြောင်း သူမသိသည်။

ဤ တစ်လောကလုံးတွင် ရီဖူရှင်းအပြင် သူမဆရာ၏ ဆေးစမ်းသပ်မှုကို ခံယူခဲ့သူ နောက်တစ်ယောက် ရှိသေးပေသည်။ သို့သော် သူ ခံယူခဲ့သော ဆေးစမ်းသပ်မှုမှာ ရီဖူရှင်းနှင့် ကွဲပြား ခြားနား ပေသည်။ ရီဖူရှင်းက ဆေးစမ်းသပ်မှုဖြင့် ခန္ဓာကိုယ်ကို တည်ဆောက် ဖွဲ့စည်းပြီး သူမ၏ ဆရာတူအစ်ကိုမှာ အဆိပ်ခန္ဓာ ကိုယ်အား တည်ဆောက် ဖွဲ့စည်းခြင်း ဖြစ်သည်။

“သူတို့အားလုံး သေရမယ်” စုချီဟန်က တီးတိုး ပြောသည်။ သူ၏ ချောမောသော မျက်လုံးများ၌ အေးစက်သော အလင်းတစ်ချက် လက်သွား သော်လည်း လိပ်ပြာလေးအား ကြည့်သော အခါ ပြန်လည် နွေးထွေးလာခဲ့သည်… “ဆရာ သင်ပေးခဲ့တာကို အသုံးပြုပြီးတော့ ကာကွယ်… အဆိပ်မသင့်စေနဲ့…”

“အစ်ကို… မလုပ်နဲ့…” သူမက ခေါင်းယမ်းသည်။ သူ ဘာလုပ်တော့မည်ကို သူမခံစားမိ၏။ သူမ၏ သန့်စင်သော မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်… “အစ်ကို မသေရဘူးလို့ ဆရာက ပြောတယ်…”

“ငါ့ဘဝက မင်းမျက်ရည်တွေနဲ့ မထိုက်တန်ပါဘူး” စုချီဟန်က လိပ်ပြာလေး၏ မျက်ရည်များအား သုတ်ပေးရန် ဟန်ပြင်ပြီးမှ တွန့်ဆုတ်သွားကာ လက်ကို ပြန်ရုပ်သိမ်းသည်။ သူက ထရပ်ကာ ကောင်းကင်အား မော့ကြည့်၏။

သူတွေးမိသည် … ငါ သေရတော့မည်လား။ ထိုအရာက သူ့ဆရာအား အနည်းငယ် စိတ်ပူပန် စေနိုင်မည်လော။

သိပ်မဖြစ်နိုင်ပေ။

လိပ်ပြာလေး အသက်ရှင်သရွေ့ သူ၏သေဆုံးခြင်းက အထူးအထွေ ရှိမည်မဟုတ်ပေ။

စုချီဟန်က အပေါ်သို့ ဆက်လက်၍ ပျံတက်သွားခြင်းက သူသည် လိပ်ပြာလေးနှင့် တမင်ဝေးအောင် ပျံသန်း သွားသည်နှင့် တူ၏။ သူက သူမအား အဆိပ်သင့် စေမည်ကို စိုးရိမ်၏။ လောကဓာတ်များ အဆင်မပြတ် ပေါက်ကွဲကြလျှင် သူ၏ပါးစပ်မှ သွေးများ စီးကျ လာခဲ့သော်လည်း စုချီဟန်ကား သိပ်ဂရုမစိုက်ပေ။ သူကား ထောင်ပေါင်း များစွာသော အဆိပ် ဆေးရည်များကို စိမ်ဖူးကာ သေခြင်း ရှင်ခြင်းက သူ့အတွက် သိပ်အရေး မပါတော့ပေ။ နောက်ထပ် အနည်းငယ် နာကျင်မှုက ဘာများ ထူးခြား သွားမည်နည်း။

သူက ကောင်းကင်အား ထူးမခြားနားစွာ ကြည့်သည်။ သူကား လူသေ တစ်ယောက်ကို ကြည့်နေသော ပုံစံမျိုးဖြစ်၏။

“ချိပ်ပိတ်ကို ချိုးဖျက်ခြင်း…” မျက်လုံးအား မှိတ်လိုက်လျှင် သူ၏ သွေးကြောများ၌ သွေးများ ဆူပွက်ကြ၏။ သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အငွေ့အသက်များ ထွက်ပေါ် လာခဲ့ကာ ကောင်းကင်အား နက်မှောင် စေသည်။ သူ၏သွေးများမှာ ထိုအငွေ့များ၌ ပေါင်းစပ် ပါဝင်နေဟန် ရသည်။ ချိပ်ပိတ်တစ်ခု ပွင့်ထွက် လာသည့်အလား အဆိပ် သဘာဝ စွမ်းအားများ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာ၏။ ထိုအခိုက်တွင် နှစ်ပေါင်းများစွာ သိုလှောင် ထားခဲ့သော အဆိပ် အဆီအနှစ်များမှာ အပြင်သို့ ရူးသွပ်စွာ ပြေးထွက် လာခဲ့ကြ၏။

သူ့နောက်တွင် အနက်ရောင် အသွင် သဏ္ဌာန် အဆိပ်နတ်ဘုရား တစ်ပါး ပေါ်လာသည်။

အဆိပ်ငွေ့များ ကောင်းကင်ကို ဖုံးအုပ်သွားလျှင် တစ်လောကလုံး မည်းနက် သွားသည်။ လောကဓာတ် အရံအတားများပင် တဖြည်းဖြည်း တိုက်စား ကြေပျက် သွားသည်။

သူတို့၏ စိတ်ဝိညာဉ်များ ထုံကျဉ်သွားကာ အတွေးများ ရပ်တန့် သွားသည်။ အနည်းငယ်မျှသော အဆိပ်ငွေ့က သူတို့၏ ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင် လာခဲ့လျှင် အတွင်း ကလီစာများမှာ တဖြည်းဖြည်း အဆိပ်များ၏ စားသုံးခြင်း ခံရသည်။ သူတို့၏ ခန္ဓာကိုယ်များ အသက်မဲ့စွာဖြင့် ကောင်းကင်ထံမှ ကျ၏။ ပြင်းထန်သော တိုက်ခိုက်မှုများ မရှိတော့ပဲ အပေါ်မှ ကျဆင်းလာသော အလောင်းများသာ ရှိသည်။

စုချီဟန်၏ မျက်နှာ သည်လည်း နက်မှောင် သွား၏။ သူ၏ မျက်လုံးများတွင် ခံစားချက်များ ကင်းမဲ့နေသလို ထိုနေရာတွင် ရပ်လျှင် မည်သူကမှ လိပ်ပြာလေး၏ အနီးသို့ မကပ်နိုင်ပေ။

“အစ်ကို…” လိပ်ပြာလေး၏ မျက်လုံးများမှာ မျက်ရည်များ စီးကျလာသည်။ သူမ၏ ခေါ်သံကို ကြားလျှင် သူ၏ မျက်လုံး ထောင့်စွန်းမှ မျက်ရည်စများ ခိုတွဲလာခဲ့သည်။

သူ၏ တစ်ကိုယ်လုံးမှာ အဆိပ်များဖြင့် ပြည့်နှက် နေသည်။ သူကား သူမ၏ ဘေး၌ နေ၍မရပေ။

အဝေးမှ ရီဖူရှင်းက သူတို့ထံသို့ ပျံသန်း သွားနေသည်။ ထိုနေရာမှ အခြေအနေကို သူ ကောင်းကောင်း မြင်သည်။ ရှန့်ထိုကျင့်က သူတို့အား မိမိထံသို့ လာရောက် ကူညီစေသည်။ သူတို့ သေဆုံးသွားမည်ကို ရပ်ကြည့်နေ၍ မရပေ။

ထိုနေရာမှ တိုက်ပွဲမှာ ရှန့်ထိုလီနှင့် ရှန့်ထိုရှားတို့ အပါအဝင် လူ အများအပြား၏ အာရုံစိုက်မှုကို ရရှိသည်။

“ရှန့်ထိုကျင့်က တော်တော်ကို ပြင်းထန်တာပဲ” ရှန့်ထိုလီက ခေါင်းယမ်းသည်။

“ဘာဖြစ်နေတာလဲ။ သူ့ရဲ့ တပည့် နှစ်ယောက်လုံးကို ဘာလို့ ဒီအခြေအနေသို့ ကျရောက် စေတာလဲ” ရှန့်ထိုရှားက မေးမြန်းသည်။

ရှန့်ထိုကျင့်သည် ပြည်နယ်ကိုးခု ကျောင်းတော်၌ အချိန်တိုင်း လေ့ကျင့်နေခဲ့သူ ဖြစ်သည်။ သူ့အား အသိနားလည်ဆုံးသော သူမှာ ရှန့်ထိုလီ ဖြစ်သည်။

“စုချီဟန်က ရှန့်ထိုကျင့်ဟာ လိပ်ပြာလေးကိုပဲ သူ့သမီး အရင်းလို သဘောထားတယ်လို့ တွေးနေတာ။ ဒါပေမဲ့ သူကိုယ်တိုင်က ရှန့်ထိုကျင့်ရဲ့ စိတ်ထဲမှာ ဘယ်အတိုင်း အတာထိ လေးနက်မှုရှိလဲ ဆိုတာ နားလည်ပုံ မရဘူး”

ရှန့်ထိုရှား၏ မျက်နှာ၌ ထူးဆန်းသော အမူအရာ တစ်ခု ဖြစ်လာသည်။

“ရှန့်ထိုကျင့်က …” သူက ပြောသည်။

ရှန့်ထိုလီက ခေါင်းညိတ်သည် … “ဟုတ်တယ်… စုချီဟန်ဟာ ရှန့်ထိုကျင့် အငယ်စား တစ်ယောက်နဲ့ မတူပေဘူးလား။ သူက စုချီဟန်အပေါ် ရက်စက်တာက သူ့ကိုယ်သူ ရက်စက်ခဲ့သလိုပဲ”

“ရှန့်ထိုကျင့် ဘာလုပ်ဖို့ ကြိုးစား နေတာလဲ” ရှန့်ထိုရှားက မေးမြန်းသည်။

ရှန့်ထိုလီက မသက်မသာပြုံးကာ ခေါင်းယမ်းသည်… “တကယ်လို့ နန်းတော်က ဒီအကျပ်အတည်းကို ကျော်လွှား နိုင်တယ်ဆိုရင် ကျုပ်က ရှန့်ထိုကျင့်ကို ပြည်နယ်ကိုးခု ကျောင်းတော်မှာ လာနေဖို့ အားထုတ်ခဲ့သမျှက ဒီကလေးရဲ့ အကျိုးအမြတ်တွေ အတွက်ပဲ ဖြစ်သွားတော့မှာပဲ”

ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အကြံအစည်လဲ။ စုချီဟန်က ရှန့်ထိုကျင့်၏ ကစားကွက်ကို မမြင်သော်လည်း ရှန့်ထိုလီက မည်သို့ နားမလည်ဘဲ နေမည်နည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset