Switch Mode

အပိုင်း (၉၈၀)

မဟာဗောဓိလက်ဝါး

ရီဖူရှင်းက အချိန်နှင့် လေဟာနယ်လှံအား စီးနင်းရင်း သူ၏လက်မှ အရောင်အဝါတချို့ လင်းလက်လာခဲ့ပြီး လေဟာနယ်ထဲ၌ ဝင်္ကပါများပြိုကွဲကာ ကစဉ့်ကလျား ဖြစ်နေသော တန်ခိုးရှင်များအား ရိုက်နှက်သည်။

ရီဖူရှင်း လှုပ်ရှားလျှင် သူ့ဘေး၌လည်း လူရိပ်များ အတောင်ပံများ သဖွယ် လိုက်ပါ လာကြသည်။ ရီဖူရှင်းက ရှေ့ဆုံးမှ သွားနေသော်လည်း ဘေးမှ လူများက သူ့အား တစ်ဖက်တစ်ချက်မှ ကာကွယ် ပေးကြ၏။

သူနှင့် အနီးဆုံးလူ နှစ်ယောက်မှာ ဟွာဂျီယူနှင့် ယူချင်းဖြစ်၏။ သူတို့နောက်တွင်ကား ဟောင်ကျူဂီနှင့် ဓားသခင်တို့ ဖြစ်ကြ၏။

သူတို့၏နောက်တွင်ကား နောက်ထပ် ဝင်္ကပါနှစ်ခုရှိ၏။ တိုက်ခိုက်ရေး၌ ကျွမ်းကျင်အဆင့် ကျန်ကျောင်းနှင့် ဓားသမားကိုးယောက်၊ ထိန်းချုပ်ရာတွင် ထူးချွန်သော ရေခဲနန်းတော်သခင်မက မှော်ဝင်္ကပါအား ဖွဲ့စည်းထားပြီး နှစ်ဦးဆုံးက ရီဖူရှင်းအား စောင့်ကြပ်ရန်နှင့် ရန်သူများအား တိုက်ခိုက်ရန် တာဝန်ယူ ထားကြ၏။

ရီဖူရှင်း၏ တစ်ကိုယ်ရည် စွမ်းရည်က မည်မျှ ကောင်းမွန်ပါစေ၊ သည်တိုက်ပွဲကား မဟာစစ်တပ်နှစ်ခု အကြား ရင်ဆိုင်မှုဖြစ်၏။ တစ်စုံတစ်ခု လွဲချော်သွားခြင်းက ရီဖူရှင်းအား အသက်ဆုံးရှုံးစေကာ တော်ဝင်ကျဲ နန်းတော်မှာလည်း ပြိုလဲ သွားရပေလိမ့်မည်။

ထိုအချိန်တွင် ဟွာဂျီယူ၏နောက်၌ ရှန့်ထိုတန်ခိုးရှင် တစ်ပါး၏ ပုံရိပ်ရေးရေးကို မြင်ကြရ၏။ နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်အား လက်တွင်ကိုင်ကာ သူမက စိတ်ဝိညာဉ် အားလှိုင်းအား ပတ်ဝန်းကျင်သို့ ရိုက်ခတ်စေ၏။ ထိုအခိုက်တွင် သူမအနီးသို့ ကပ်လာတိုင်းသူများမှာ သူတို့၏ စိတ်စွမ်းအားများ ပြိုလဲတော့မည်ကဲ့သို့ ခံစားကြရ၏။

ဟောင်ကျူဂီ၏ နောက်၌လည်း ရန်ဟောင်ဝိညာဉ် ပေါ်ထွက်လာခဲ့က သူ၏ ဓာတ်သဘာဝများအား ကြီးစွာ အားကောင်း စေသည်။ ရန်ဟောင်လေးအား လက်တွင်ကိုင်ကာ တစ်ဖက်ရန်သူများအား ချိန်ရွယ်လျှင် ထိုလူများမှာ ချောက်ချားဖွယ် ခံစားချက်များအား ရကြသည်။

တခြား တစ်ဖက်တွင် ယူချင်းနှင့် ဓားသခင်တို့ထံမှ ကြီးမားသော မိစ္ဆာ အငွေ့အသက်များ ထွက်ပေါ် လာခဲ့၏။

သူတို့အုပ်စု မြန်ဆန်စွာ ရွေ့လျား သွားကြကာ ရန်သူ စစ်တပ်ထဲသို့ ရောက်လာကြ၏။ မရေမတွက်နိုင်သော တန်ခိုးရှင်များက ကြောက်မက်ဖွယ် ကောင်းသော ထုထည်တစ်ခုအား ဖန်တီးခဲ့ကြရာ တွေ့မြင်သူတိုင်းက ကြောက်ရွံ့ ထိတ်လန့် ရသည်။ သို့သော်လည်း မရေမတွက်နိုင်သော လူများ၏ အကြည့်အောက်၌ပင် ရီဖူရှင်းက စိုးရွံ့ခြင်း ကင်းစွာ ထိုနေရာသို့ တိုးဝင်သွား၏။

အချိန်နှင့် လေဟာနယ်လှံ၏ ကြီးမြတ်ခြင်း ဂုဏ်ရောင်သည် ကျယ်ပြောသော လေဟာနယ်အား ဖြန့်ကြက်လာခဲ့ကာ ရီဖူရှင်း၏ လက်ထဲမှ လှံသည် ကောင်းကင်သို့ ထိုးခွင်း သွားခဲ့သည်။ ထိုအခိုက်တွင် ကောင်းကင်နှင့် မြေပြင်၏ အချိန်နှင့် လေဟာနယ်မှာ ပိတ်ဆို့ ခံလိုက်ရဟန်ရပြီး လူအများအပြား၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ မကြာမီ လေထုကို ထိုးခွင်းလျက် လှံရှည်တစ်လက် ထွက်ပေါ်လာခဲ့ရာ မရေမတွက်နိုင်သော ခန္ဓာများ ပေါက်ကွဲ ပျက်စီးရပြီး သွေးနံ့များ လှိုင်လှိုင် ထွက်ပေါ် လာခဲ့သည်။

“ဝင်္ကပါနဲ့အတူ ရှေ့တက်ကြ… သူတို့ကို ရတဲ့နည်းနဲ့ သတ်ရမယ်” ရှန့်ထိုကျိက ကောင်းကင်ထက်တွင် ရပ်လျက် ရီဖူရှင်း ရှိနေရာသို့ ကြည့်ကာ အမိန့်ပေးသည်။ သူတို့က လူများစွာကို စတေးရလျှင်ပင် ယနေ့၌ ရီဖူရှင်းအား အသေသတ် ရပေမည်။

တစ်ချိန်တည်းမှာ လူများစွာက အရပ်မျက်နှာမျိုးစုံမှ ဝင်ရောက် တိုက်ခိုက်၏။ ဟွာဂျီယူက ရီဖူရှင်း၏ နောက်မှ နီးကပ်စွာ လိုက်ပါနေခဲ့ပြီး သူမ၏ သရဖူဝိညာဉ်သည် လင်းလက် တောက်ပနေခဲ့၏။ မမြင်ရသော စိတ်နယ်လွန်စွမ်းအားက များစွာသော တန်ခိုးရှင်များထံသို့ ရိုက်ခတ် လာခဲ့၏။

“စိတ်နယ်လွန် လျှပ်စီး … ကောင်းကင် အပြစ်ဒဏ်… ” ဟွာဂျီယူက ပြောလျှင် အနီးတစ်ဝိုက်မှ လူများမှာ စိတ်နယ်လွန် လျှပ်စီးမိုးကြိုးဖြင့် အတိုက်ခိုက်ခံခဲ့ရရာ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်လာခဲ့ကာ စိတ်ဝိညာဉ်များ မှာလည်း ပြိုလဲတော့မည်ကဲ့သို့ ဖြစ်လာသည်။ သူတို့၏ အတွေးများပင် ဆက်လက် အလုပ်မလုပ်တော့ပေ။

ဖုန်း …

မြားများက လေဟာနယ်ကို ခွင်းကာ ရောက်လာလျှင် ထိုတန်ခိုးရှင်များ၏ ခေါင်းသို့ ထွင်းဖောက် သွားသည်။ ဟောင်ကျူဂီ၏ လေးကို ဟွာဂျီယူ၏ စိတ်နယ်လွန် စွမ်းအားများက အထောက်အပံ့ ပြုထားလျှင် သူတို့နှစ်ယောက်၏ ပူးပေါင်း တိုက်ခိုက်မှုမှာ ပြင်းထန် အားကောင်းလွန်း နေသည်။

ဘေးဘက်တွင် ဟောင်ကျူဂီနှင့် ဟွာဂျီယူတို့အား လာရောက် တိုက်ခိုက်သူများ ရှိနေသည်။ သူတို့နှစ်ယောက်သည် အလွန်အရေးပါသော ပြစ်မှတ်များ ဖြစ်ကြ၏။ ဟွာဂျီယူကား ရီဖူရှင်း၏ ဇနီးဖြစ်ကာ ဟောင်ကျူဂီကား ရန်ဟောင် အမွေအနှစ် ပိုင်ရှင်ဖြစ်ပြီး စစ်ပွဲဖြစ်လာခြင်း၏ အကြောင်းအရင်းလည်း ဖြစ်သည်။ သည်အုပ်စုအား ဖယ်ရှားနိုင်လျှင် အရာအားလုံး အဆုံးသတ် သွားပေမည်။

လူအများအပြားက လာရောက် တိုက်ခိုက်လျှင် ကောင်းကင်နှင့် မြေပြင်အကြား ဓားပန်းချီတစ်ခု ပေါ်လာကာ အရာခပ်သိမ်းအား သတ်ဖြတ်သည်။ ကျန်ကျောင်းနှင့် ဓားသမား ကိုးယောက်က ဝင်္ကပါ အစီအစဉ်အတိုင်း ချီတက်ကြကာ ရတနာဓား၏ ပြိုင်ဘက်ကင်းသော စွမ်းအားအား သယ်ဆောင်ကြ၏။ ထိုမြင်ကွင်းကို ကြည့်ကာ ကျောက်ပြည်ထောင် ဘုရင်၏မျက်နှာမှာ မည်းမှောင်သွားသည်။ ကျန်ကျောင်းတို့ အုပ်စု အသုံးပြုနေသော ရတနာဓားမှာ သူတို့ ကျောက်ပြည်ထောင်၏ ရတနာဖြစ်သော ဖီးနစ်ဓားဖြစ်၏။ ကျောက်ဟောင် အသတ်ခံရသောအခါ ဓားအား ရီဖူရှင်း ယူဆောင် သွားခဲ့၏။

တခြား တစ်ဖက်တွင်ကား ယူချင်းက ရတနာပုဆိန်ကို အသုံးပြုနေပြီး ဓားသခင်က မိစ္ဆာဓားအား အသုံးပြုနေ၏။ သူတို့၏လက်နက်များ ဖြတ်သန်း သွားသည့် နေရာတိုင်း၌ ကောင်းကင်နှင့် မြေပြင်တို့မှာ ပွင့်ထွက်သွားဟန် ရ၏။ ယွန်ရှင်း၏ ရေခဲဓာတ်ဖြင့် ချုပ်နှောင် ပိတ်ဆို့ ကူညီပေးလျှင် သူတို့၏တိုက်ခိုက်မှုများအား တားဆီးနိုင်သူ ရှားပါးပေသည်။ အဆင့်နိမ့်သူတို့ကား ရေခဲဓာတ်ကြောင့် သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်း သွားကာ သည်အတိုင်း လည်စင်းကြသည်။

ဖီးနစ်ဝင်္ကပါ သည်လည်း ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့ကာ ရီဖူရှင်းတို့အဖွဲ့အား တားဆီးရန် ကြိုးစားကြ၏။ သို့သော် ရုန့်ရင်းကြမ်းတမ်းသော အရောင်အဝါများ ဖြစ်ပေါ်လာပြီး အဆုံးမဲ့ဓားကို ကိုင်ဆောင်ထားသော ရွှေလူဝံကြီး တစ်ကောင်က မြေပြင်မှသည် ကောင်းကင်သို့ ခုန်တက်လာခဲ့၏။

ယန်ဟောင်က နန်းတော်မှ တန်ခိုးရှင် ထောင်ချီအား စုစည်းကာ သုံးဆယ့်ခြောက်ခုသော ကောင်းကင်ဝင်္ကပါအား အခြေခံလျက် ပိုကြီးမားသော ဝင်္ကပါအား တည်ဆောက်ကာ အဆုံးမရှိသော အထောက်အပံ့များဖြင့် အဆုံးမဲ့ဓားကို ဝှေ့ယမ်းကာ ဖီးနစ်ဝင်္ကပါအား တိုက်ခိုက်သည်။

ထိုတော်ဝင် ရတနာမှာလည်း ကျောက်ပြည်ထောင်၊ အဆုံးမဲ့နန်းတော်မှ လုယက်ခဲ့ခြင်း ဖြစ်သည်။

ရွှေဖီးနစ်၏ အတောင်ပံများသည် ကောင်းကင်၏ အတောင်ပံများအလား ပြင်းထန်စွာ ကျဆင်းလာခဲ့၏။ ကျောက်မင်က ရွှေဖီးနစ်ဝင်္ကပါအား ထိန်းချုပ်ကာ ကောင်းကင်ဝင်္ကပါနှင့် တိုက်ရိုက် ရင်ဆိုင်သည်။

အဆုံးမဲ့ဓားနှင့် ရွှေဖီးနစ် အတောင်ပံတို့ ရင်ဆိုင်မိလျှင် ကြောက်မက်ဖွယ် စွမ်းအား ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။ လေဟာနယ်မှာ အစိတ်စိတ် ကွဲအက်တော့မည့်ဟန် ရကာ ပေါက်ကွဲသံများအား ကြားကြရသည်။

ရွှေလူဝံကြီးမှာ နောက်ဆုတ် သွားရသည်။ သူကား ကောင်းကင်ဝင်္ကပါ၏ အထောက်အပံ့ဖြင့် ကြီးမားသော ခွန်အားများကို ပိုင်ဆိုင်ထား၏။ တစ်ဖက်တွင် ဖီးနစ်စစ်တပ်မှာလည်း ကျောက်ပြည်ထောင်၏ အားအကောင်းဆုံး စစ်တပ်ဖြစ်၏။ ဖီးနစ်စစ်တပ်မှ တန်ခိုးရှင်များ အားလုံးက သူတို့၏ မူလဝိညာဉ်များအား ထုတ်လွှတ်ကြ၏။ လင်းလက်သော အရောင်များနှင့်အတူ ကျောက်မင်က တစ်ဖန် ဝင်္ကပါ၏စွမ်းအားများကို စုစည်းလျက် သူတို့ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခန့်မှန်းနိုင်၏။

တဘုန်းဘုန်း မြည်သံများ လျှပ်စီးမိုးကြိုးများ ပေါက်ကွဲသည့်အလား ထွက်ပေါ်လာခဲ့ပြီး နတ်လူဝံကြီးမှာလည်း နောက်သို့ အားယူကာ အဆုံးမဲ့ဓားကို ဝှေ့ယမ်းလျှင် ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများမှ စုစည်း ဖြစ်ပေါ်လာသော ပုံရိပ်များစွာတို့သည် ကောင်းကင်တစ်ခွင်၌ ပြည့်နှက် သွားတော့သည်။ ယန်ဟောင်က ရှေ့သို့ တစ်လှမ်းတက်ကာ မာန်သွင်း အော်ဟစ်လျှင် ကောင်းကင်က လှုပ်ယမ်း၏။ အဆုံးမဲ့ဓားသည် နှင်တံပညာအား အခြေပြုလျက် တစ်ဖန် ဝှေ့ယမ်းလိုက်လျှင် ကြီးမားသော စွမ်းအားက အရာအားလုံးကို ချိုးဖျက်တော့မည့်ဟန် မြင်ရ၏။

ဘုန်း…

နောက်ထပ် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ယန်ဟောင်အား နောက်ဆုတ် စေသည်။ သို့သော်လည်း သူကား ဘာမှ မခံစားရသလို အဆုံးမဲ့ဓားအား တစ်ကြိမ်ပြီး တစ်ကြိမ် ဝှေ့ယမ်း၏။ ကောင်းကင်မှာလည်း စွမ်းအား အစုအဖွဲ့များကို ဖန်တီးပေးလျှင် ထိုမှ ဖြစ်တည်လာသော ဖိအားမှာ အသက်ရှူရန်ပင် ခက်ခဲစေသည်။

အဆက်မပြတ် ဖြစ်တည်လာခဲ့သော အဆုံးမဲ့ဓားသည် အောက်သို့ ကျဆင်းလာခဲ့လျှင် ထိတွေ့မှုတိုင်းက လေဟာနယ်ကို အက်ကွဲစေ၏။ လေထဲတွင် မြင်ရသည်ကား အဆုံးအစမဲ့သော ပုံရိပ်များ ဖြစ်ကြကာ နောက်ဆုံးတွင် ယန်ဟောင်၏ ဓားချက်အောက်၌ ဖီးနစ်တောင်ပံများ ကျိုးပျက် ရတော့သည်။

ဖီးနစ်ဝင်္ကပါ အတွင်း၌ များစွာသော တန်ခိုးရှင်များသည် တစ်ခဏချင်း အတွင်း အသက်ပျောက် သွားကြသလို တခြားသော တန်ခိုးရှင်များ မှာလည်း သွေးပွက်ပွက်အန်ပြီး အားပျော့ သွားကြသည်။

ဤအရာကပင် တော်ဝင်မြေ ဆယ်ခုအကြား စစ်ပွဲဖြစ်ပေသည်။ ဤစစ်ပွဲတွင် လူမည်မျှသေမည်ကို မသိရပေ။

သည်စစ်ပွဲ ပြီးနောက်တွင် ပြည်နယ်ကိုးခု၏ အနာဂတ် အင်အားမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေမည်။

ဂါး …

နောက်ထပ် ဟိန်းသံတစ်ခု ကြားကာ ယန်ဟောင်၏ ခန္ဓာထံမှ ပြင်းထန်သော သားရိုင်း အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ သူ့ခန္ဓာက တစ်ဖန် အရွယ်အစား ကြီးမားလာခဲ့၏။ သားရိုင်း နတ်ဘုရားအလား ရွှေလူဝံကြီးကား သူ့ခြေလှမ်းတိုင်းတွင် ကောင်းကင်က တုန်ခါရ၏။

သူ့လက်ထဲမှ အဆုံးမဲ့ဓားအား ပြင်းထန်စွာ ဝှေ့ယမ်းလျှင် ကောင်းကင်နှင့် မြေပြင်အကြား ရုန့်ရင်း ကြမ်းတမ်းသော မုန်တိုင်းများ ဖြစ်ပေါ်လာ၏။

နောက်ဆုံးတွင် အဆုံးမဲ့ဓားက ကောင်းကင်အား ဖုံးအုပ်ကာ ဖီးနစ်ဝင်္ကပါထံသို့ အားပြည့် အင်ပြည့်ဖြင့် ကျဆင်းလာခဲ့၏။

တစ်ချိန်တည်းမှာ ရွှေဖီးနစ်က သူ၏ အတောင်ပံများအား ဖြန့်ကြက်လျက် ကောင်းကင်မှနေ၍ ဓားသွားကဲ့သော ထက်ရှသော အတောင်အမွေးများအား အောက်သို့ ကျဆင်းစေသည်။

ထိုနေရာ တစ်ခုလုံးတွင် ထိတ်လန့်ဖွယ် ပေါက်ကွဲသံများကိုသာ ကြားကြရပြီး ပျက်စီးခြင်း မုန်တိုင်းများ နေရာအနှံ့၌ ဖြစ်ပေါ်၏။ များစွာသော တန်ခိုးရှင်များ ဒဏ်ရာများ ရကြကာ ဖီးနစ်ဝင်္ကပါသည်လည်း နှစ်ခြမ်းကွဲသွားပြီး ကောင်းကင် ဝင်္ကပါသည်လည်း အထိန်းအကွပ်မဲ့စွာ ပျက်ယွင်း သွားခဲ့သည်။

ယန်ဟောင်ကား ထိုအရာများကို သိဟန်ပင်မတူပေ။ သူ၏ခန္ဓာမှ ရွှေရောင်သွေးများ စီးကျနေသော်လည်း ရပ်တန့်ခြင်း မရှိဘဲ ကျောက်မင်ထံသို့ လှမ်းသွား လိုက်သည်။

ကျောက်မင်က လှမ်းကြည့်လျှင် ယန်ဟောင်၏ မျက်လုံးများမှာ နီရဲလောင်ကျွမ်း နေသည်ကို မြင်၏။ သူကား ဘီလူး ဝင်စီးနေဟန်ရပြီး ထိုအခိုက်တွင် သူ၏မျက်လုံးထဲ၌ လူသတ်လိုသော စိတ်များသာ ရှိနေဟန်တူသည်။

သူ၏လက်က လှုပ်ရှားသွားလျှင် ကျောက်ပြည်ထောင်မှ တန်ခိုးရှင်တစ်ဦး အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွား၏။ သို့သော် ကျောက်ဟောင်က သူ့အား တစ်ချက်မျှပင် လှမ်းမကြည့်ဘဲ လမ်းတစ်လျှောက် ထိပ်သီး ရှီတန်ခိုးရှင်များအား သတ်ဖြတ်လျက် ရှေ့သို့ လှမ်းလာခဲ့၏။

ကျောက်မင်ကလည်း သူ့အား မီးတောက်များ လောင်ကျွမ်းနေသော မျက်လုံးများဖြင့် ကြည့်သည်။ သူတို့နှစ်ယောက် ဝင်္ကပါမှ ခွဲခွာလိုက်ကြကာ နှစ်ယောက်သား ဘာစကားမှ မဆိုဘဲ တစ်ဖန် ပူးကပ် သွားကြပြန်သည်။

နောက်ထပ် တိုက်ပွဲ တစ်နေရာတွင် ကျိရာဦးဆောင်သော ဝင်္ကပါက ရီဖူရှင်းအား တားဆီး လိုသော်လည်း သူတို့ရှေ့သို့ တန်ခိုးရှင်တစ်စုက ရောက်နှင့်ပြီး ဖြစ်သည်။ ဗုဒ္ဓ အလင်းရောင်များ ဖြာထွက်လျက် ၁၀၈ပါးသော ဘုန်းတော်ကြီးများ ကျိရာ၏ရှေ့၌ ပေါ်လာသည်။ သူတို့က ပူးပေါင်း ဖွဲ့စည်းထားသော ဗုဒ္ဓနတ်ဘုရားမှာ ဧရာမကြီးမားပြီး ပေထောင်သောင်း မြင့်မားပေသည်။

ဘုန်းတော်ကြီးများက သူ၏ လက်များအား အုပ်မိုးလျက် ဗုဒ္ဓ တရားတော်များအား ရွတ်ဖတ်ကာ အားလုံး၏နားစည်သို့ ရိုက်ခတ်စေသည်။

“မင်းတို့ ခေါင်းတုံးတွေ သေချင်နေတာပဲ…” ကျိရာက အေးစက်စွာ ပြောသည်။ သူ့ကို ဗဟိုပြုလျက် ဝင်္ကပါမှ ဖွဲ့စည်းသော စစ်နတ်ဘုရားတစ်ခု ဖြစ်တည်လာ၏။ သူ့ထံမှ အလွန် ပြင်းထန်သော အလင်းဓာတ်များ စီးဆင်း လာခဲ့သည်။

“ကျုပ်ကလည်း မင်းကို ငရဲပြည်သို့ ပို့ပေးရမှာပေါ့” ဘုန်းကြီး ထန်ရှင်းက ပြောသည်။ သူ၏ အသံနှင့်အတူ ဗုဒ္ဓ၏ ကျက်သရေတော်မှာလည်း ပိုမို လင်းလက် လာခဲ့၏။

ကျိရာက ဘာမှ ထပ်မပြောတော့ပေ။ စစ်နတ်ဘုရားမှ အဆုံးအစမဲ့သော အလင်းများအား ထုတ်ဖော်ကာ အလင်းတန်း တိုင်းသည် ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်၏။

ဒင်…

အသံတစ်သံအား ကြားကြရသည်။ ရှေးဗုဒ္ဓနှင့် အလားသဏ္ဌာန်တူသော ရွှေခန္ဓာတော်သည် လက်ဖဝါးများအား အုပ်မိုးလျက် ငုံ့ကြည့်သည်။ အဆုံးမဲ့ အလင်းတန်းများက လာရောက် ထိတွေ့သော်လည်း ဗုဒ္ဓ၏ ဖြိုဖျက်မရသော ခန္ဓာတော်အား ထိခိုက်အောင် မတတ်နိုင်ပေ။

ဗာဂျာရာဒေသ၏ နာမည် ကျော်ကြားခြင်းမှာ အလကား မဟုတ်ပေ။

ယခု ဗုဒ္ဓရွှေခန္ဓာတော်မှာပင် ဗာဂျာရာဒေသ၏ အကြီးမြတ်ဆုံးသော နည်းစနစ်တစ်ခု ဖြစ်ပေသည်။

တစ်ရာ့ရှစ်ပါးသော ဘုန်းတော်ကြီးများ ညီညာစွာ လှုပ်ရှားကာ သူတို့၏ တရားသံများမှာ အမှန်တကယ် ထူးဆန်းသော စွမ်းအားများအဖြစ် ပြောင်းလဲလျက် ဗုဒ္ဓအလင်းများများ ပိုမိုသိပ်သည်း ပြင်းထန်စေသည်။ သူ၏သွင်ပြင်မှာ အမှောင်ထုတို့ ကြီးစိုးနေသော လောကသို့ နေမင်းတစ်စင်း ထွန်းလင်း လာသည့်အလား…။ မဟာဗောဓိ ဗုဒ္ဓတစ်ဖန် ပြန်မွေးဖွား လာသည့်အလား…။

ဘုန်းကြီးထန်ရှင်းက သူ၏လက်အား မြှောက်ကာ ဆန့်တန်းလိုက်၏။ သူ၏လှုပ်ရှားမှုမှာ အလွန် နှေးကွေးသည်။ သူ့အပေါ်မှ ဗုဒ္ဓနတ်ဘုရားကလည်း တူညီစွာ လှုပ်ရှား၏။ လက်ဝါးက ကောင်းကင်မှ ကျဆင်းလာခဲ့လျှင် ကောင်းကင်နှင့် မြေပြင်အကြား ကမ္ဘာတစ်ခု ဖြစ်တည်လာသည်။ ကောင်းကင်နှင့် မြေပြင်အကြား ဖြစ်တည်လာသော ထိုမဟာဗောဓိ လက်ဝါးမှာ လောကမှ မကောင်းဆိုးဝါးတို့ အားလုံးကို နှိမ်နင်းရန်အလို့ငှာ ဆင်းသက်လာသော ဗုဒ္ဓကိုယ်စားတော်ပင်ဖ ြစ်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset