အပိုင်း ( ၉၇၈)

တံခါးပေါက်ဝသို့ ရောက်လာသော ရန်သူများ

မျက်လုံးများ အားလုံးက တော်ဝင်ကျဲ နန်းတော်အပေါ်၌ ရပ်နေသော လူငယ်အား ကြည့်ကြသည်။

ယနေ့တိုက်ပွဲပြီး နောက်ပိုင်းတွင် တော်ဝင်ကျဲနန်းတော်နှင့် တပည့်များအား မည်သူမှ အနိုင်ကျင့်ရဲတော့မည် မဟုတ်ပေ။

ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်အား မည်သူမှ မမျှော်မှန်းနိုင်ခဲ့ဖူးသော အမြင့် တစ်နေရာသို့အထိ ဆွဲခေါ်ခဲ့သည်။ ရှေးနန်းတော်ရာ၌ တော်ဝင်မြေ အများအပြား ကြားမှပင် ရီဖူရှင်းက ဟောင်ကျူဂီအား ရန်ဟောင် အမွေအနှစ် ဆက်ခံစေရန် ကူညီပေးခဲ့သည်။ ယခင် ပင်လယ်ဘုရင် ပိုင်ဆိုင်ခဲ့သော အချိန်နှင့် လေဟာနယ်လှံကိုလည်း ပိုင်ဆိုင်ခဲ့သည်။ သူက ကျောက်ပြည်ထောင်အား တိုက်ခိုက်ရာတွင်လည်း အသာစီးရခဲ့သလို ကျိရှန်းကမ်းပါးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။ သူကိုယ်တိုင်က ပြည်နယ်ကိုးခု ရှီအဆင့်ဝင် လေးယောက်အား သတ်ဖြတ် နိုင်ခဲ့သည်။

ပြည်နယ်ကိုးခုတွင် မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်ခေါင်းဆောင် ရီဖူရှင်းအား မသိသူမရှိပေ။

ထို့ကြောင့် လက်ရှိတွင် ပြည်နယ်ကိုးခုမှ တော်ဝင်မြေများ မဟာမိတ်ပြုကာ တော်ဝင်ကျဲ နန်းတော်အား လာရောက် တိုက်ခိုက်ရန် ကြံစည် နေကြသော်လည်း ရီဖူရှင်း၏ အောင်မြင်မှုက တော်ဝင်ကျဲနန်းတော်မှ လူများအားလုံးအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ပေသည်။

တော်ဝင်မြေများက တော်ဝင်ကျဲ နန်းတော်အား တိုက်ခိုက်ရန် အချင်းချင်း မဟာမိတ်ပြုကြရသည်။ သူတို့က တော်ဝင်ကျဲနန်းတော်ကို မိမိတို့အင်အား သက်သက်ဖြင့် တိုက်ခိုက်ရဲခြင်း မရှိကြပေ။

တိုက်ပွဲ ဆာလောင်သော အငွေ့အသက်များ လေထုထဲ ပြည့်နှက်လာခဲ့လျှင် ရီဖူရှင်းက ဆက်ပြောသည်… “ကျုပ်ကြားတာက ဟောင်ကျူဂီကို ထုတ်ပေးရင် ငါတို့ ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခက လွတ်မြောက်မယ်လို့ လူတွေက ပြောတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဟောင်ကျူဂီအပြင် နန်းတော်ရဲ့ တခြား လူတွေကိုလည်း ထုတ်ပေးဖို့ တောင်းဆိုလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကျုပ်က ဟောင်ကျူဂီ တစ်ယောက်တည်း ကိုတောင် မကာကွယ်နိုင်ရင် နန်းတော် တစ်ခုလုံးကို ဘယ်လို ကာကွယ်နိုင်မှာလဲ”

ရီဖူရှင်းက အားလုံးကိုပြောလျှင် လူတိုင်း၏စိတ်ဓာတ်မှာ တက်ကြွ လာခဲ့ကြသည်။

“အခု ကျုပ်က ရှေ့ဆုံးကနေပြီးတော့ ရင်ဆိုင် တိုက်ခိုက်မယ်။ ဒီနေ့ တိုက်ခိုက်တဲ့ တိုက်ပွဲက တော်ဝင်ကျဲနန်းတော်ရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်တယ်”

တော်ဝင်ကျဲနန်းတော်မှ မရေမတွက်နိုင်သော တပည့်များ၏ စိတ်နှလုံးများ ကြီးစွာ လှုပ်ရှားတက်ကြွ လာခဲ့ကြသည်။

“တော်ဝင်ကျဲနန်းတော် အတွက်…” ဓားနန်းဆောင်သခင် ဓားမိစ္ဆာက ပြတ်သားစွာ အော်ဟစ်သည်။

“တော်ဝင်ကျဲနန်းတော် အတွက်…” ဓားသခင်က တည်ကြည် လေးနက်စွာ ပြောသည်။

“တော်ဝင်ကျဲနန်းတော် အတွက်…” အသံများ ဟိုမှသည်မှ ကြားလာရသည်။

“တော်ဝင်ကျဲနန်းတော် အတွက်…” ကောင်းကင်ထက်၌ မရေမတွက်နိုင်သော အော်ဟစ်သံများအား ကြားရသည်။ တော်ဝင်ကျဲနန်းတော် တစ်ခုလုံး၌ ထိုအသံများသာ ကြီးစိုးနေခဲ့သည်။ သူတို့၏ စိတ်ဓာတ်က တစ်ခါမှ ဤသို့တက်ကြွဖူးခြင်း မရှိချေ။

လူအုပ်ထဲတွင် ဓားသည် ငြိမ်သက်စွာ ထိုင်လျက် ပတ်ပတ်လည် နေရာများအား စောင့်ကြပ်သည်။ ယန်ဟောင်က အင်အားစု တစ်ခုအား ဦးဆောင်ကာ တစ်နေရာအား စောင့်ကြပ်သည်။ ကျန်ကျောင်းနှင့် တခြား ဓားသမား ရှစ်ယောက်တို့က မြေပြင်တွင် ဝင်္ကပါ အနေအထားဖြင့် ထိုင်နေကြသည်။ ဟွာဂျီယူ၊ ယူချင်း၊ ရီဝူချင်းနှင့် တခြားလူများက နန်းတော်သခင်၏ စီနီယာအစ်ကို အစ်မများနှင့်အတူ ရပ်နေကြသည်။

လူအုပ်ထဲတွင် လတ်တလောကမှ နန်းတော်၏ တရားဝင် တပည့်ဖြစ်လာသော လျူစီရွှန်သည်လည်း ရှိနေသည်။ သူမ၏ မျက်လုံးများက လေထဲတွင် ရှိနေသော လူငယ်ထံသို့ ရောက်နေသည်။ ထိုချောမောသော လူငယ်ကား မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်မှ မရေမတွက်နိုင်သော လူများ၏ ယုံကြည် အားထားမှုကို ရယူထားသူ ဖြစ်သည်။

လူအုပ်ထဲတွင် ပြည်နယ်ကိုးခု ကျောင်းတော်မှ နတ်မိမယ်ဒီးနှင့် ဆရာကြီးစုတို့လည်း ရှိနေသည်။ လူအုပ်ထဲတွင် ရပ်နေရင်း သူတို့သည်ပင် စိတ်ဓာတ်များ တက်ကြွ လာခဲ့ကြသည်။ နတ်မိမယ်ဒီး၏ မျက်လုံးများ နီရဲလာခဲ့ကာ ပြောသည်… “ဒီတိုက်ပွဲထဲမှာ ဝင်ပါခွင့်ရခဲ့ကာ ဂုဏ်ယူစရာပါပဲ”

စုချီဟန်က ကောင်းကင်ထက်သို့ စိုက်ကြည့်သည်။ လေထဲမှ လူငယ်မှာ ခေါင်းမာကာ တဇောက်ကန်း ဆန်သော်လည်း ယခုအချိန်တွင် ဂုဏ်သရေ ကြီးမြတ်ဟန် ရသည်။ သူသာ လက်ထပ်ထားခြင်း မရှိခဲ့ရင် လိပ်ပြာလေးအတွက် အမှန်တကယ်ပင် သင့်တော်သော လက်တွဲဖော် ဖြစ်သည်။

ရီဖူရှင်းက ဤရက်ပိုင်းအတွင်း ဆေးစမ်းသပ်မှုများကို နေ့တိုင်း ခံယူခဲ့သည်။ ဆေးစမ်းသပ်မှုကာလ ၈၁ရက် မပြည့်သေးသော်လည်း ရက်အတန်ကြာ ဖြတ်သန်း လာခဲ့ခြင်းက တစ်စိတ်တစ်ပိုင်း အောင်မြင်ခြင်းဟု ဆိုနိုင်သည်။

အကယ်၍ ရီဖူရှင်းက ပထမဦးဆုံးနေ့ ဆေးစမ်းသပ်မှုကို ဖြတ်ကျော် နိုင်ခဲ့ပါက သူတို့က ရီဖူရှင်းအား ကူညီရမည်ဟု လိပ်ပြာလေး၏ ဆရာက ပြောခဲ့သည်။

ထို့ကြောင့် စုချီဟန်က ရီဖူရှင်းအား သဘောမကျသော်လည်း တိုက်ပွဲတွင် ဝင်ပါခဲ့သည်။ သူ့ဆရာက ဤသို့ အမိန့်မပေးခဲ့သည့်တိုင် လိပ်ပြာလေးက တိုက်ပွဲတွင် ပါဝင်နေခြင်း၌ သူက ဤအတိုင်း ရပ်ကြည့်နေ၍ မရပေ။

လေထဲတွင် သားရဲများ ပျံသန်းနေကြကာ သူတို့၏ မျက်လုံးများသည် အဝေးသို့ စူးရှစွာ ကြည့်နေကြသည်။ တော်ဝင်ရှီနန်းဆောင် အတွင်း၌ ဝင်္ကပါများဖြင့် ကာကွယ်ထားသော တစ်နေရာ ရှိပေသည်။ ထို့နေရာ၌ ရှီအဆင့်အောက်၌ တန်ခိုးရှင်များ ရှိနေကြသည်။ သူတို့၏ မျက်လုံးများမှာ လေထဲတွင် ရှိနေသော လူများအား ကြည့်နေကြသည်။ မကြာခင် ဖြစ်ပေါ်လာမဲ့ တိုက်ပွဲသည် တော်ဝင်ကျဲနန်းတော်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးပေမည်။

အကယ်၍ တော်ဝင်ကျဲ နန်းတော်သာ အနိုင်ရခဲ့ပါက ရီဖူရှင်း၏ အနာဂတ်ကို လှုပ်ယမ်းနိုင်စွမ်း ရှိသူမှာ အလွန်ရှားပါး သွားပေလိမ့်မည်။ သူကား ရှီအဆင့်အတွင်း၌ ပြိုင်ဘက် ကင်းသည်။ တစ်နေ့တွင် ရှန့်ထိုဖြစ်လာခဲ့ပါက သူ့အား သတ်ဖြတ်ရာမှာလည်း လွယ်ကူမည် မဟုတ်ပေ။

ရီဖူရှင်း အသက်ရှင်သရွေ့ တော်ဝင်ကျဲ နန်းတော်သည်လည်း မားမားမတ်မတ် ရပ်တည်နိုင်သည်။

အကယ်၍ တော်ဝင် ကျဲနန်းတော်သာ ပျက်စီးသွားခဲ့ပါက မြေရိုင်းပြည်နယ်၌ နောက်ထပ် တော်ဝင်မြေ ကျန်ရစ်တော့မည် မဟုတ်ရာ အတိတ်ကထက် များစွာ ဆုတ်ယုတ် သွားပေလိမ့်မည်။

လေထဲတွင် ပျံသန်းနေသော သားရဲများသည် အဝေးဆီမှ ရိုက်ခတ်လာသော အရှိန်အဝါများအား ခံစားမိဟန် တူသည်။

“သူတို့ ရောက်လာကြပြီ”

လူအများအပြားမှာ တိတ်ဆိတ်သွားခဲ့ပြီး ရီဖူရှင်း၏ မျက်လုံးက အဝေးသို့ ရောက်သွားသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများက လေဟာနယ်ကို ထိုးဖောက်သွားပြီး လေထဲတွင် မမြင်ရသော လေစီးကြောင်းများ ဖြစ်ပေါ်လာသည်။ ကောင်းကင်ထက်၌ ပျံသန်းနေကြသော သားရဲများကလည်း ကျယ်လောင်စွာ အချက်ပေး အသံပြုကြသည်။

သူတို့အားလုံးမှာ စစ်တပ်ကြီး ခြောက်ခုအား ရင်ဆိုင်ရတော့မည် ဖြစ်ကာ ယခင် တိုက်ပွဲများဖြင့် စာလျှင် မမျှော်မှန်းနိုင်အောင် ခက်ခဲကြမ်းတမ်း ပေလိမ့်မည်။

တဖြည်းဖြည်းဖြင့် အဝေးဆီမှ ရောင်စဉ်များအား လှမ်းမြင်ရသည်။ တော်ဝင် အလင်းနန်းတော်မှ ရှန့်ထိုကျိနှင့် တန်ခိုးရှင်များသည် ဦးဆုံး ရောက်ရှိလာခဲ့ကာ တော်ဝင်ကျဲနန်းတော် အပြင်ဘက် လေထဲ၌ နတ်ဘုရားတို့၏ စစ်တပ်တစ်ခုအလား ရပ်နေကြသည်။

ဖီးနစ်အော်သံများကိုလည်း ကြားကြရကာ မီးတောက်မီးလျှံများ ကောင်းကင်ကို လောင်ကျွမ်း လာခဲ့သည်။ ကျောက်ပြည်ထောင် ဘုရင်နှင့် ကျောက်ရန်ဝမ်တို့ သည်လည်း ဖီးနစ်စစ်တပ်နှင့်အတူ ရောက်ရှိ လာကြသည်။ သူတို့၏ အရေအတွက်မှာ တခြား စစ်တပ်များဖြင့် ယှဉ်လျှင် အလွန် နည်းပါးပေသည်။

ရှီဟွာတောင် ရှန့်ထိုသည်လည်း မကြာခင် ရောက်လာခဲ့သည်။ ရှီဟွာတောင်မှ ရှန့်ထိုသုံးပါးလုံး ရောက်ရှိ လာခဲ့ကြသည်။ သူတို့၏ အရေအတွက်မှာ အင်အားစုသုံးခုအတွင်း အများဆုံး ဖြစ်သည်။

နောက်အရပ်တစ်ခုမှ ကြီးမားသော အရှိန်အဝါအား ခံစားကြရသည်။ တော်ဝင်ကျဲနန်းတော်မှ လူများ လှမ်းကြည့်ကြလျှင် အဆုံးမဲ့ ပင်လယ်မှ တော်ဝင်မြေသုံးခုပေါင်း စစ်တပ်သည် အရေအတွက် အများဆုံးဖြင့် ရောက်လာသည်ကို မြင်တွေ့ကြရသည်။

ပင်လယ်ပြည်နယ်ကား အဆုံးမဲ့ ပင်လယ်အတွင်း၌ တည်ရှိသည်။ မြေနေရာမှာ အလွန်ကျယ်ပြောပြီး တန်ခိုးရှင်များမှာလည်း မရေမတွက်နိုင်အောင် တည်ရှိသည်။ ထို့ကြောင့် တော်ဝင်မြေသုံးခုက မဟာမိတ်ပြုကာ အင်အားများကို စုစည်းလျက် ချီတက်လာလျှင် သူတို့၏ အင်အား မည်မျှ ကြီးမားမည်ကို ခန့်မှန်းနိုင်သည်။

တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များသည် စိတ်ဓာတ်များ အလွန် တက်ကြွ နေကြသော်လည်း ထိုမျှများပြားသော ရန်သူများကို ကြည့်ကာ စိုးရွံ့ကြရသည်။

အဝေးဆီမှ ဗုဒ္ဓအရောင်အဝါများ လေထု တစ်ခုလုံးကို ရိုက်ခတ်လာခဲ့သည်။ လူအများအပြားက ထိုအရပ်သို့ လှမ်းကြည့်ကြလျှင် လေထဲတွင် ဗုဒ္ဓနတ်ဘုရားကဲ့သို့ အသွင်သဏ္ဌာန်အား မြင်ကြရသည်။

“ဗာဂျာရာဒေသကလည်း ဝင်ပါတော့မလို့လား” ရှန့်ထိုကျိက အေးစက်စွာ ပြောသည်။ ဗာဂျာရာဒေသမှ ဘုန်းတော်ကြီးများသည် သူတို့နှင့် ခရီးလမ်း တစ်လျှောက်လုံး အတူတူ လာခဲ့ခြင်း ဖြစ်သော်လည်း ဤဘုန်းကြီးများမှာ သူတို့၏ မိတ်ဆွေများ မဟုတ်သည်မှာ သေချာသည်။ ရှေးနန်းတော်ရာ၌ ဗာဂျာရာဒေသသခင်သည် ရီဖူရှင်းအား ကူညီခဲ့သေးသည်။

“ဗာဂျာရာဒေသ ဘုန်းတော်ကြီး ၁၀၈ပါးက မဟာလမ်းစဉ်ရဲ့ ဉာဏ်အလင်းတော်ကို လာရောက် ရှာဖွေပါတယ်” လေထုကို ရိုက်ခတ်လာသော အသံတစ်သံအား ကြားကြရသည်။ ဗုဒ္ဓရောင်စဉ် ရောင်ဝါများသည် တော်ဝင်ကျဲ နန်းတော်နှင့် လွန်စွာ နီးကပ်လာခဲ့၏။ သူတို့သည် တော်ဝင်ကျဲနန်းတော်၏ ရှေ့မှ မြေကွက်လပ်သို့ ဆင်းသက်လာခဲ့လျှင် တော်ဝင်ကျဲနန်းတော်၏ တပည့် အများအပြားက တိုက်ခိုက်ရန် ဟန်ပြင်ကြသည်။ သို့သော်လည်း ရီဖူရှင်းက ဝင်္ကပါ တည်ဆောက်ရန် ဟန်ပြင်နေသော သူတို့အား လက်ဝှေ့ယမ်းကာ တားဆီးသည်။

ဘုန်း…

ကျယ်လောင်သော အသံနှင့်အတူ ပတ်ပတ်လည်မှ ဖုန်မှုန့်များ လွင့်စဉ် သွားကြသည်။ ၁၀၈ပါးသော ဘုန်းတော်ကြီးများသည် တစ်ပါးနှင့်တစ်ပါး ဆင့်ကဲ တွယ်ဆက်ကာ ဗုဒ္ဓနတ်ဘုရား အသွင်သို့ ပြောင်းလဲသည်။ ဘုန်းတော်ကြီးများသည် တစ်ဦးပခုံးပေါ်သို့ တစ်ဦးတက် ရပ်နေကြခြင်း ဖြစ်သည်။ အပေါ်သို့ ရောက်လေလေ ဘုန်းတော်ကြီး အရေအတွက် နည်းလေလေ ဖြစ်သည်။ အပေါ်ဆုံး၌ ဘုန်းတော်ကြီး တစ်ပါးတည်းသာ ရှိသည်။ သူကား ဂုဏ်သရေ ကြီးမြတ်သော ဗုဒ္ဓသင်္ကန်းတော်ကို ဝတ်ဆင်ထားကာ အလွန်ငယ်ရွယ် နုပျိုသည်။ ဘုန်းတော်ကြီး ဖြစ်သည့်တိုင် သူကား ချောမော ခန့်ညားကာ မျက်လုံးများသည် တခြားလူများ၏ စိတ်ကို ထွင်းဖောက် မြင်နိုင်သည့်အလား ထူးဆန်းသော စွမ်းအားများ ပိုင်ဆိုင်ဟန် ရသည်။

သူကား လက်အုပ်ချီကာ တရားစာ တချို့ကို ရေရွတ်လျက် ရီဖူရှင်းအား ကြည့်သည်။

ရီဖူရှင်းက ရှေ့သို့ လှမ်းသွားလိုက်ကာ ထိုဘုန်းတော်ကြီးအား ဦးညွှတ် အရိုအသေပြုသည်။

ထိုသူကား ဗာဂျာရာဒေသ ၁၀၈ပါးသော ဘုန်းတော်ကြီးများ၏ ခေါင်းဆောင် ဖြစ်သည်။

“အစ်ကိုထန်ရှင်း…” ယူချင်းက ခေါ်လိုက်သည်။

ရီဖူရှင်းက ယူချင်း၏ အသံကိုကြားလျှင် သူကလည်း ခေါင်းညိတ်လျက် နှုတ်ဆက်သည် … “ဆရာထန်ရှင်း…”

“နန်းတော်သခင်ရီ…” ဘုန်းတော်ကြီးက ရီဖူရှင်းအား ပြန်လည်၍ လက်အုပ်မိုးကာ နှုတ်ဆက်သည်။ တော်ဝင်ကျဲနန်းတော်မှ လူများသည် ထိုဘုန်းတော်ကြီးအား လေးစားစွာ ကြည့်ကြသည်။

ထိုသူကား ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ်သုံးနေရာတွင် ရှိသော ဗာဂျာရာဒေသမှ ဘုန်းတော်ကြီး ထန်ရှင်းဖြစ်သည်။ ပြီးခဲ့သော ပြည်နယ်ကိုးခု ရှန့်ထိုပြိုင်ပွဲ၌ ပါဝင်ခဲ့ခြင်း မရှိပေ။ မဟုတ်လျှင် သူကား လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကပင် ရှန့်ထိုတစ်ပါး ဖြစ်နေလေပြီ။

ပြောကြသည်မှာ ဘုန်းကြီးထန်ရှင်းသည် ရှန့်ထိုဖြစ်ရန်အတွက် ပြင်ပ အကူအညီများအား ရယူခြင်း မရှိလိုပေ။ သူက ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ်သုံးနေရာ၌ ရှိခြင်းမှာ ပြည်နယ်ကိုးခု ရှန့်ထိုပြိုင်ပွဲ၌ ပါဝင်ခဲ့ခြင်း မရှိခဲ့သောကြောင့်လည်း ဖြစ်သည်။ အကယ်၍ ဘုန်းကြီးထန်ရှင်းသာ ဝင်ပြိုင်ခဲ့ပါက ကျိရာအား အလွယ်တကူ ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု အားလုံးက ယူဆကြပေသည်။

“ယူချင်း… ငါ့ရဲ့ ဂိုဏ်းတူညီငယ်တွေက မင်းနဲ့ လက်ရည်စမ်းချင် တာကြောင့် ဒီအထိ ရောက်လာ ခဲ့ကြတယ်” ဘုန်းကြီးထန်ရှင်းက ယူချင်းအား ပြောသည်။

“ဒီတိုက်ပွဲပြီးရင် ကျုပ်တို့ လက်ရည်စမ်းဖို့ အချိန် အများကြီး ရှိတယ်” ယူချင်းက ဗာဂျာရာဒေသမှ ဘုန်းတော်ကြီးများအား ပြောသည်။

“မင်းက အမြဲတမ်း တိုက်ခိုက်ချင် နေတာပဲ…” ဘုန်းတော်ကြီး တချို့က ပြုံးလျက် ပြောသည်။

“သတိထား… ယူချင်း။ ဒီတစ်ခေါက် ငါမင်းကို ညှာမှာ မဟုတ်ဘူး” နောက်တစ်ပါးကလည်း ပြောသည်။

“ကောင်းပြီ… ဒါပြီးရင် ကျုပ်တို့ စိတ်ရှိသလောက် တိုက်ခိုက်ကြတာပေါ့” ယူချင်းက ခေါင်းညိတ်သည်။

“ထန်ရှင်း… မင်းက ဉာဏ်အလင်း ရှာနေတာလား… သေချင်နေတာလား” တော်ဝင်အလင်း နန်းတော်မှ ကျိရာက အေးစက်စွာ ပြောသည်။ သူ၏မျက်လုံးမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ဓားတစ်စင်းလို စူးရှနေခဲ့သည်။

ထန်ရှင်းက ကျိရာဘက်သို့ လှည့်လျှင် ကျိရာက ဆက်ပြောသည်… “တကယ်လို့ မင်းက ဉာဏ်အလင်း ရှာနေရင် တခြား နေရာသို့သွား … သေချင်နေတာ ဆိုရင်တော့ ဒီမှာပဲ ဆက်နေလိုက်”

ထန်ရှင်းက သူ့အားကြည့်ကာ လက်အုပ်ချီသည်။ ဗုဒ္ဓအလင်းများ သူ့ထံမှ ဖြာထွက်လာခဲ့ရာ သူကပြောသည်… “မင်းရဲ့အသိ အာရုံတွေက ညစ်ထေးနေခဲ့တော့ ဗုဒ္ဓလမ်းစဉ်နဲ့ သန့်စင်ဖို့ လိုနေပြီ”

“ကျုပ်တို့ ဘယ်လို လုပ်ရမလဲ… အစ်ကိုကြီး” သူ့အောက်မှ ဘုန်းတော်ကြီး တစ်ပါးက မေးသည်။

“သူတို့ရဲ့ ဝိညာဉ်တွေ ဖယ်ရှားပြီးတော့ပေါ့…” ဘုန်းကြီး ထန်ရှင်းက ပြန်ဖြေသည်။

အောက်မှ ဘုန်းတော်ကြီးများက ခေါင်းညိတ်ကြသည်။

ကျိရာ၏ မျက်လုံးများက အလွန်အမင်း အေးစက် နေခဲ့သည်။ ပြည်နယ်ကိုးခု ရှီအဆင့်၏ နံပါတ်နှစ်နှင့် နံပါတ်သုံးတို့သည် မကြာခင် စစ်မြေပြင်၌ ရင်ဆိုင် တွေ့တော့မည့်ဟန် ရှိနေသည်။

အဝေးမှ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများအား ခံစားကြရသည်။ ရှန့်ထိုကျိနှင့် ရှီဟွာတောင် ရှန့်ထိုတို့၏ မျက်နှာများက အေးစက် နေခဲ့သည်။ ယွီကလန်မှ တန်ခိုးရှင်များ သည်လည်း ရောက်ရှိလာခဲ့ပြီး ဖြစ်သည်ကို သူတို့ သိလိုက်ကြသည်။

တော်ဝင်မြေ ခြောက်ခုက တော်ဝင်ကျဲနန်းတော်အား တိုက်ခိုက် ဖျက်ဆီးတော့မည့် အခြေအနေတွင် ယွီကလန် ရောက်ရှိလာခြင်းက ကြီးမားသော အနှောင့်အယှက် ဖြစ်သည်။

ရှန့်ထို အရှိန်အဝါက ထိုနေရာအား ရိုက်ခတ် လာခဲ့သည်။ တော်ဝင်ကျဲနန်းတော်သို့ တန်ခိုးရှင်နှစ်ဦး ဆင်းသက် လာခဲ့သည်။ သူတို့သည် ရှားကလန်မှ ရှန့်ထိုရှားနှင့် ပြည်နယ်ကိုးခု ကျောင်းတော်မှ ရှန့်ထိုလီတို့ ဖြစ်ကြသည်။

“ကျုပ်တို့က တိုက်ပွဲကို လာပြီးတော့ ကြည့်တာ…” ရှန့်ထိုရှားက ပြောသည်။ သူတို့က တော်ဝင်ရှီ နန်းဆောင် အပေါ်သို့ တက်ကာ အားလုံးကို ပြောသည်… “ဒီနေရာက တော်ဝင်ကျဲ နန်းတော်ရဲ့ ဧည့်သည်တွေ ထိုင်မဲ့နေရာပဲ။ ဒီနေရာကို မတိုက်ခိုက်ကြနဲ့”

“ရှန့်ထိုလီ… ကျုပ်တို့ စစ်တုရင် တစ်ပွဲ ကစားကြရအောင်” ရှန့်ထိုရှားက ရှန့်ထိုလီကို ပြောသည်။

“သေချာတာပေါ့…” ရှန့်ထိုလီက ခေါင်းညိတ်ကာ သူတို့ နှစ်ယောက်သည် တော်ဝင်ရှီ နန်းဆောင် အပေါ်၌ နေရာယူကြသည်။ ရှားကလန်နှင့် ပြည်နယ်ကိုးခု ကျောင်းတော်မှ တပည့်များသည် သူတို့နောက်၌ နေရာ ယူကြသည်။

လင်းရှာပိုင်နှင့် တွန်ဟေးတို့ သည်လည်း ပြည်နယ်ကိုးခု ကျောင်းတော်၏ တပည့်များ အကြားတွင် ရှိသည်။ သူတို့၏ မျက်လုံးများမှာ စစ်မြေပြင်သို့ ရောက်နေသည်။ ဤတိုက်ပွဲ ပြီးဆုံးသွားပါက ပြည်နယ်ကိုးခု၏ ရှီနှင့်ရှန့်ထို အဆင့်မှာ ပြောင်းလဲ သွားပေလိမ့်မည်။

သူတို့သာ မဟုတ်ပေ။ ပြည်နယ်ကိုးခုမှ နာမည်ကျော် ပုဂ္ဂိုလ်များနှင့် မရေမတွက်နိုင်သော တန်ခိုးရှင်များ သည်လည်း အဝေးမှ လှမ်းကြည့် နေကြသည်။

အဖြူရောင် ဝတ်ဆင်ထားသော လူငယ် တစ်ယောက်သည် တော်ဝင်ကျဲနန်းတော်သို့ ဆင်းသက် လာခဲ့သည်။

ရီဖူရှင်းနှင့် တခြားလူများသည် ထိုလူငယ်အား ကြည့်ကာ အံ့အားသင့် သွားကြသည်။

ဓားမိစ္ဆာ၊ ထို့ကျန်း၊ ယူစီ၊ ကျူးကော့ချန်းဖန်နှင့် တခြားလူများက သူ့အား ကြည့်ကြသည်။ သူတို့အားလုံးက ပိုင်လွေလီအား ရင်းရင်းနှီးနှီး သိကြသည်။

ပိုင်လွေလီက တော်ဝင်ကျဲနန်းတော်မှ လူများအား ဘာမှမပြောဘဲ ကြည့်သည်။

“တော်ဝင်ကျဲနန်းတော်က ပြန်လည် ကြိုဆိုပါတယ်…” ရီဖူရှင်းက သူ့အားကြည့်ကာ ပြောသည်။ ပိုင်လွေလီက တော်ဝင်ကျဲ နန်းတော်အတွက် တိုက်ခိုက်ပေးလို မှတော့ ရီဖူရှင်းကလည်း အတိတ်မှ ဖြစ်ခဲ့သည်များအား တွက်ကပ်လိုသော ဆန္ဒမရှိတော့ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset