အပိုင်း (၉၇၇)

ဆင်းသက်ခြင်း

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၁၆ခုနစ်တွင် ပြည်နယ်ကိုးခုတွင် ယခင် နှစ်များကကဲ့သို့ အားလပ်ရက်များ မရှိပါ။ မြေရိုင်းပြည်နယ်၊ ကျုံးကျိုးမြို့ အပြင်ဘက်၌ များစွာသော သိန်းငှက်နက်များသည် အတောင်ပံများကို ဖြန့်ကြက်ကာ လှည့်ပတ် ပျံသန်းနေကြသည်။ တန်ခိုးရှင် တစ်စုသည် လေထဲမှ ပျံသန်းကာ ကျုံးကျိုးမြို့ နယ်နိမိတ်ထဲသို့ ဝင်လာခဲ့ကြ၏။ သူတို့ကား ပြည်နယ်ကိုးခုမှ ခရီးနှင်လာခဲ့ကြသော တန်ခိုးရှင်များ ဖြစ်ကြသည်။

လွန်ခဲ့သော ငါးနှစ် ခြောက်နှစ်ခန့်က ပြည်နယ်ကိုးခုသည် မြေရိုင်းပြည်နယ်၏ တည်ရှိမှုအား မေ့လျော့နေခဲ့ကြ၏။ မြေရိုင်းပြည်နယ်ကား သူတို့၏မျက်လုံးများထဲ၌ တန်ဖိုးမဲ့ပေသည်။

ယနေ့ မြေရိုင်းပြည်နယ်ကား ပြည်နယ်ကိုးခုတွင် ဖြစ်ပေါ်လာသော မုန်တိုင်း၏ပင်မ ဗဟိုချက် ဖြစ်နေခဲ့သည်။ ပြီးခဲ့သော ရက်သတ္တပတ် အတွင်း၌ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် မကြာခင် ဖြစ်ပေါ်လာတော့မည့် စစ်ပွဲအား ကြည့်ရှုနိုင်ရန် လာရောက် နေကြသည်။ ပြည်နယ်ကိုးခုကား နှစ်တစ်ရာ အတွင်း၌ ဤသို့သော တိုက်ပွဲ မရှိဖူးသေးပေ။

ကောလာဟလများအရ ရှီဟွာတောင်၊ ကျောက်ပြည်ထောင်နှင့် တော်ဝင်အလင်း နန်းတော်တို့ အားလုံးမှာ မြေရိုင်းပြည်နယ်သို့ စစ်ချီရန် ပြင်ဆင်နေကြသည်။ အချို့သော သဘော တူညီချက်များကြောင့် ပင်လယ်ပြည်နယ်မှ တော်ဝင်မြေ သုံးခုသည်လည်း သူတို့၏ အင်အားစုများကို ပြင်ဆင်ကာ မြေရိုင်းပြည်နယ်နှင့် စစ်ခင်းရန် အသင့်ပြင်ကြ၏။

များစွာသော တော်ဝင်မြေများက သူတို့၏ စစ်သည်များအား စေလွှတ်ရန် သဘောတူညီချက် ယူခဲ့ကြရာ သူတို့၏စစ်အင်အားများကို ချိန်သားကိုက် စေလွှတ်ရန် နှောင့်နှေး နေခဲ့ရသည်။ မည်သို့ဆိုစေ မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်ဘက်၌လည်း ယွီကလန်နှင့် မှန်နန်းတော်တို့က ပါဝင် တိုက်ခိုက်မည့် သဘောရှိရာ သူတို့အနေဖြင့် အင်အားစု တစ်ခုတည်းက သွားရောက် တိုက်ခိုက်သည်ထက် တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခြင်းသာ ပိုမို အလေးသာ နိုင်ပေသည်။

နောက်ဆုံးတွင် ကောင်းကင်ပြက္ခဒိန်၏ ပထမဆုံးနေ့ရက်၌ တော်ဝင် အလင်းနန်းတော်၊ ရှီဟွာတောင်၊ ကျောက်ပြည်ထောင်၊ ပင်လယ်နန်းတော်၊ နတ်ဘုရားကမ်းပါးနှင့် မြောက်ဘက် ချောက်နက်တို့က သူတို့၏ အင်အားစုများကို တစ်ပြိုင်နက်တည်း မြေရိုင်းပြည်နယ်သို့ ချီတက်စေသည်။

ပြည်နယ်ကိုးခုတွင် မုန်တိုင်းကား စတင်လေပြီ။

တခြားသော တော်ဝင်မြေများ အတွက်မူ သူတို့အားလုံးမှာ ကျုံးကျိုးမြို့၌ ရောက်နေခဲ့ကြ သော်လည်း သူတို့၏ တကယ့်ရုပ်သွင် အစစ်ကိုမူ ထုတ်ဖော်ခြင်း မပြုကြပေ။ ထို့အတူ တော်ဝင်မြေ ခြောက်ခုမှ စစ်တပ်များအပြင် ကျိရှမ်းကမ်းပါးမှ ရှန့်ထိုကျဲနှင့် ခွန်ယိုတို့လည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုအချိန်တွင် ကျုံးကျိုးမြို့၏ သေရည်ဆိုင်တစ်ခု လူအချို့ ထိုင်နေကြသည်။ ထိုအထဲတွင် ကြီးမြတ် ထည်ဝါသော လူကြီးတစ်ဦး ရှိ၏။ သူ၏မျက်လုံးများမှာ စူးရှနက်ရှိုင်းသော်လည်း သူ့မျက်နှာမှ သိမ်မွေ့သော အပြုံးမှာ လူတိုင်းအား သက်သောင့်သက်သာ ဖြစ်စေသည်။

“ဆရာ … တော်ဝင်မြေတွေရဲ့ တိုက်ပွဲတွေ စတော့မှာလား…” လူငယ်က သူ့ရှေ့မှ အဘိုးအိုအား မေးသည်။ သူကား ယွီပြည်နယ်၏ ရှန့်ထိုတစ်ပါးဖြစ်သော ကျောက်တုံးရှန့်ထို ဖြစ်သည်။

ကျောက်တုံးရှန့်ထိုကား အလွန်သိုသိပ်စွာ နေထိုင်လေ့ရှိကာ ပြင်ပကိစ္စရပ်များအား သိပ်စိတ်ဝင်စားခြင်း မရှိပေ။ ယွီပြည်နယ်၌ ကျိရှမ်းကမ်းပါးကား နံပါတ်၁ တော်ဝင်မြေ အဖြစ် လူသိများ၏။ ကျောက်တုံးရှန့်ထို သည်လည်း ရှန့်ထိုတန်ခိုးရှင် တစ်ပါး ဖြစ်သော်လည်း လောကပြင်ပ ကိစ္စများ၌ သိပ်ပတ်သက်ခြင်း မပြုဘဲ သူ၏ ကျင့်ကြံခြင်းများ၌သာ အာရုံစိုက်လေ့ရှိသည်။

“တော်ဝင်ကျဲနန်းတော်က ရှန့်ထိုတွေက ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိကြဘူး။ မဟုတ်ရင် ကျောက်ပြည်ထောင်က လှုပ်ရှားတာ ကြာပြီ။ တော်ဝင်စစ်ပွဲကတော့ ယွီကလန်နဲ့ မှန်နန်းတော်ကလည်း ဝင်ပါတာ ဆိုတော့ လစန္ဒာရှန့်ထိုနဲ့ မှန်နန်းတော် သခင်မလည်း စစ်မြေပြင်မှာ ပေါ်ထွက် လာနိုင်တယ်။ ရှန့်ထိုတွေ တိုက်ပွဲလည်း ဖြစ်လာနိုင်တာပဲ” ကျောက်တုံးရှန့်ထိုက တည်ငြိမ်စွာ ပြောသည်။ အကယ်၍ ထိုမျှ ကြီးမားသော တော်ဝင်စစ်ပွဲကြီး ဖြစ်ပေါ်ခဲ့ပါက မရေမတွက်နိုင်သော တန်ခိုးရှင်များ သေကြနိုင်ပေသည်။ ထိုသို့သော အခြေအနေတွင် ရှန့်ထိုများပင် မပါဝင်ဘဲ နေ၍ ရမည်မဟုတ်ပေ။

“ဆရာမှာ ဒါနဲ့ပတ်သက်ပြီး အတွေးတစ်ခုခု ရှိလား” လူငယ်က ထပ်မေးသည်။

“နတ်ဘုရားတွေ တိုက်ခိုက်တယ် … ဘာတွေ ထပ်တွေးရဦးမှာလဲ” ကျောက်တုံးရှန့်ထိုက ပြုံးလျက် ပြောသည်။ သူ ဘာတွေး နေသည်ကိုမူကား မည်သူမှ မသိပေ။

ကျောက်တုံးရှန့်ထိုက သေရည်ခွက်အား သောက်လိုက်ကာ အဝေးသို့ ကြည့်သည်။ သူက ပြောသည်… “ပြည်နယ်ကိုးခုက တော်ဝင်မြေတွေ အကုန်လုံး ရောက်လာကြတယ်။ သူတို့က သေချာပေါက် ရန်ဟောင် အမွေအနှစ်ကို လိုချင်မှာပဲ။ ဒါပေမဲ့ အဲဒါက အရမ်းပူလွန်းတယ်။ ကိုင်ဆိုင်သူကို ပြဿနာ ပေးမှတော့ ဘာလို့ အတင်း ဆုပ်ကိုင် ထားချင်ရတာလဲ”

ထိုသို့ ပြောပြီးနောက် သူက ထရပ်ကာ လှမ်းထွက် လိုက်သည်။

“ဆရာက ဘယ်ကိုသွားမလို့လဲ” စားပွဲဝိုင်းတွင် ထိုင်နေသော သူများကလည်း ထရပ်ကာ သူ့နောက်မှ လိုက်ကြသည်။

“တော်ဝင်ကျဲနန်းတော်သို့ …” ကျောက်တုံးရှန့်ထို၏ အသံကို ကြားကြရသည်။ သူတို့သာ မဟုတ်၊ ကျုံးကျိုးမြို့မှ တန်ခိုးရှင်များသည်လည်း တော်ဝင်ကျဲနန်းတော်သို့ သွားနေကြသည်။

တော်ဝင်မြေများက ပူးပေါင်းကာ တော်ဝင်ကျဲ နန်းတော်အား မကြာခင် တိုက်ခိုက်တော့မည့် သတင်းများကို ကြားကြရသည်။

ကျုံးကျိုးမြို့၏ အပြင်ဘက်၌ အရပ်မျက်နှာ မျိုးစုံသို့ ပျံသန်း သွားလာနေကြသော သားရဲများ ရှိသည်။

ထိုအချိန်တွင် ကျုံးကျိုးမြို့ အနောက်ဘက် အရပ်၌ အင်အားကြီး စစ်တပ်တစ်ခု ဆင်းသက် လာခဲ့သည်။ ထောင်သောင်းချီသော စစ်သည်တော်များသည် သိဒ္ဓိဝင် လက်နက်များကို ကိုင်ဆောင်ကာ ရောက်ရှိ လာခဲ့ကြသည်။ သူတို့အား ရှန့်ထိုများ ကိုယ်တိုင်က လိုက်ပါ ပို့ဆောင်ခြင်းဖြစ်ရာ တစ်ရက်တည်းဖြင့် တော်ဝင်ကျဲနန်းတော်သို့ ရောက်ရှိ လာခဲ့ကြသည်။

သူတို့အား ဦးဆောင်လာသူမှာ ရှန့်ထိုကျိ ဖြစ်သည်။

ထိုအချိန်တွင် ရှန့်ထိုကျိက ကောင်းကင်သို့ မော့ကြည့်သည်။ တခြားသော တော်ဝင်မြေများလည်း ရောက်ရှိ လာပေတော့မည်။

“ဒီမှာ စောင့်နေ…” ရှန့်ထိုကျိက အမိန့်ပေးသည်။ တော်ဝင်မြေ ခြောက်ခုက တော်ဝင်ကျဲ နန်းတော်အား တစ်ပြိုင်နက်တည်း ချီတက်ရန် သဘောတူ ထားကြသည်။ ယခု သူတို့က ကျုံးကျိုးမြို့သို့ ဝင်ရောက် လာခဲ့ပြီဖြစ်ရာ တခြားသော တော်ဝင်မြေများ ရောက်ရှိလာရန်ကို စောင့်ဆိုင်းရန်သာ ကျန်တော့သည်။

အချိန် အနည်းငယ် ကြာပြီးနောက် အလင်းတန်း တစ်ခုသည် အဝေးမှ ပျံသန်း ရောက်ရှိလာခဲ့သည်။ ထိုသူကား ရှန့်ထိုတစ်ပါး ဖြစ်သည်။

“ဘာလို့ အမြန်လိုနေတာလဲ…” ရှန့်ထိုကျိက ရောက်လာသူအား ကြည့်ကာ မျက်မှောင်ကြုတ်သည်။ ရောက်လာသော ရှန့်ထိုကား တော်ဝင် အလင်း နန်းတော်မှ ဖြစ်သည်။

“ချီကလန်က တန်ခိုးရှင် အများအပြား တော်ဝင် အလင်းမြို့သို့ ရောက်လာပြီးတော့ တော်ဝင်အလင်း နန်းတော်ရဲ့ ပတ်ဝန်းကျင်မှာ စတည်းချ နေကြသည်” ရောက်လာသော ရှန့်ထိုက ပြောသည်။ သူ၏ စကားကိုကြားလျှင် ရှန့်ထိုကျိ၏ မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းအောင် အေးစက် လာခဲ့သည်။

ချီပြည်နယ်မှ ချီကလန်…

ဘယ်လိုလုပ် သူတို့က…

“ထိပ်တိုက် ရင်ဆိုင်တာ ရှိသေးလား” ရှန့်ထိုကျိက မေးသည်။

“ဟုတ်ကဲ့…” ထိုရှန့်ထိုက ခေါင်းညိတ်သည်… “ဒါပေမဲ့ ချီကလန်က ကျုပ်တို့ကို ဦးတည်နေတာ မဟုတ်ကြောင်း ငြင်းပယ်တယ်။ သူတို့ပြောတာက ချီကလန်က တော်ဝင်အလင်း နန်းတော်ရဲ့ တန်ခိုးရှင်တွေကို လေးစား အားကျတာကြောင့် တော်ဝင်အလင်း နန်းတော်သို့ လာရောက် လည်ပတ်တာလို့ ပြောတယ်”

ရှန့်ထိုကျိ၏ မျက်လုံးများက သတ်ဖြတ်လိုသော အငွေ့အသက်များကြောင့် စူးရှလင်းလက် လာခဲ့သည်။ ချီကလန်က တော်ဝင် အလင်းနန်းတော်ကို လေးစား အားကျသတဲ့လား။

အကြောင်းပြချက်ကား အဓိပ္ပာယ် မရှိပေ။

သူတို့၏ အပြုအမူက တော်ဝင်အလင်း နန်းတော်အား ပြောင်ပြောင် တင်းတင်း ခြိမ်းခြောက်ခြင်း ဖြစ်သည်။

သူတို့က တော်ဝင်စစ်ပွဲ၌ တိုက်ရိုက် ပါဝင် ပတ်သက်လိုခြင်း မရှိကြပေ။ ထိုကြောင့် ဤသို့သော ဉာဏ်နီဉာဏ်နက်ဖြင့် ခြိမ်းခြောက် ကြံစည်ကြခြင်း ဖြစ်မည်။

တော်ဝင်အလင်း နန်းတော်အား တော်ဝင်စစ်ပွဲ၌ ပါဝင်ခြင်းအား ဤနည်းဖြင့် တားဆီး လိုကြသည်။

“လူတချို့ကို ခေါ်ပြီးတော့ မင်း ပြန်သွားလိုက်…” ရှန့်ထိုကျိ၏ အသံက အလွန်အမင်း အေးစက်နေသည်။ ထို့နောက် သူက တော်ဝင်အလင်း နန်းတော်၏ စစ်တပ်ကို ထက်ဝက်ခွဲကာ တော်ဝင်အလင်း နန်းတော်သို့ ပြန်သွားစေသည်။

ပြန်သွားသော သူများသည် ချီကလန်မှ တန်ခိုးရှင်များအား ရင်ဆိုင်ရန် လုံလောက်ပေမည်။

ချီကလန်မှ ရောက်လာသူများသည် တကယ် တိုက်ခိုက်ရန်ထက် လာရောက် ခြိမ်းခြောက်ခြင်း မျှသာ ဖြစ်ရမည်ဟု သူယူဆသည်။

ချီကလန်မှ ရှန့်ထိုအဘိုးအိုသည် အငှားဓားဖြင့် လူသတ်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း နားလည်သည်။

ရီဖူရှင်း အသက်ရှင်နေသရွေ့ သူသည် တော်ဝင်အလင်း နန်းတော်အတွက် ကြီးမားသော ဘေးအန္တရာယ် ဖြစ်သည်။ ထို့အပြင် ဤနည်းဖြင့် ချီကလန်သည် တခြားသော အင်အားစုများကိုလည်း တိုက်ရိုက် ရင်ဆိုင်စရာ မလိုတော့ပေ။ သူကား အမှန်တကယ်ပင် မြေခွေးအို ဖြစ်သည်။

ကျုံးကျိုးမြို့၏ တောင်ဘက်ဒေသတွင် များစွာသော ဖီးနစ်ငှက်များ ဆင်းသက် လာနေသည်။ ဖီးနစ်များ၏ နောက်ကျောပေါ်၌ တန်ခိုးရှင်များ လိုက်ပါလာကြသည်။ ကျောက်ပြည်ထောင် ဘုရင်သည် သူ၏ စစ်တပ်တစ်ခုလုံးကို ခေါ်ဆောင်လာခြင်း မရှိသော်လည်း သူ ခေါ်ဆောင်လာသူများ အားလုံးမှာ ဖီးနစ်စစ်တပ်၏ လက်ရွေးစင်များ ဖြစ်ကြသည်။

ကျုံးကျိုးမြို့၏ အရှေ့တောင်ဘက်၌ အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေသုံးခု အတူတူ ရောက်ရှိ လာခဲ့ကြသည်။

ကျုံးကျိုးမြို့၏ အပြင်ဘက် နယ်နိမိတ်၌ ပျံသန်းနေခဲ့ကြသော သားရဲများသည် တော်ဝင်မြေခြောက်ခု တစ်ပြိုင်နက်တည်း ရောက်လာသည်နှင့် သူတို့သည် မြေရိုင်းပြည်နယ်၏ အရပ်မျက်နှာ တစ်ခုတည်းသို့ ဦးတည်ကာ ပျံသန်း သွားခဲ့ကြသည်။ တော်ဝင် အလင်း နန်းတော်မှ တန်ခိုးရှင်များသည် ရှေ့သို့ ဆက်လက် ချီတက်လာခဲ့ကြသည်။

တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များသည် ရှေ့သို့ဆက်လက် ချီတက် နေကြသည်။ သူတို့က ကျုံးကျိုးမြို့၏ ဗောဓိတောင်တန်းကို ကျော်ဖြတ် လာခဲ့သည်။ တောင်ထိပ်ပေါ်တွင်ကား နာမည် ကျော်ကြားသော ဘုရားကျောင်း တစ်ဆောင်ရှိသည်။ သူတို့က ထိုနေရာမှ ဖြတ်သွားစဉ်တွင် တောင်ထိပ်မှ ဗုဒ္ဓရောင်စဉ် ရောင်ဝါများ ဖြာထွက် လာခဲ့သည်။ လူအများအပြားက ထိုအရပ်ဆီသို့ အံ့အားသင့်စွာ လှမ်းကြည့်ကြသည်။ ထိုနေရာတွင် ဘုန်းတော်ကြီး ၁၀၈ပါးသည် ဧရာမဗုဒ္ဓဆင်းတု အသွင်သဏ္ဌာန်သို့ ပြောင်းလဲကာ ထည်ဝါမြင့်မြတ်သော ရောင်စဉ်များအား ထုတ်လွှတ် နေကြသည်။

ရှန့်ထိုကျိက ဗောဓိတောင်တန်းအား လှမ်းကြည့်သည်။ မြေရိုင်းပြည်နယ်တွင် ဤမျှ အားကောင်းသော ဘုန်းတော်ကြီးများ မရှိချေ။

သိသာစွာပင် သူတို့က ဗာဂျာရာဒေသမှ ဘုန်းတော်ကြီးများ ဖြစ်ကြသည်။

အရေအတွက်မှာ ၁၀၈ပါးဖြစ်သည်။ သူတို့က ဗာဂျာရာဒေသ၏ တိုက်ခိုက်ရေး ဘုန်းတော်ကြီး ၁၀၈ပါး ဖြစ်သည့်တိုင် ဘာများ လုပ်နိုင်မည်နည်း။ သူတို့က အခြေအနေကို မည်သို့ ပြောင်းလဲ နိုင်မည်နည်း။

တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များ ဖြတ်သွားလျှင် ပိုမို လင်းလက်သော အလင်းရောင်များ ဖြတ်ပေါ်လာခဲ့ကာ ဗုဒ္ဓသည် ကြီးမား ပြင်းထန်သော ဖိအားများကို သယ်ဆောင်လျက် ကျုံးကျိုးမြို့၏ ကောင်းကင်ထက်သို့ တက်လှမ်း လာခဲ့သည်။ ဗုဒ္ဓ၏ ခြေလှမ်းတိုင်းက တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များနှင့် ထက်ကြပ်မကွာသော အကွာအဝေး၌ ရှိနေသည်။

ထိုအခြင်းအရာကပင် တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များအား များစွာ သဘောမကျ ဖြစ်စေသည်။ ဗာဂျာရာဒေသမှ ဘုန်းတော်ကြီးများက ဘာကို ရည်ရွယ်နေသနည်း။ သူတို့နောက်သို့ ထက်ကြပ်မကွာ လိုက်လိုနေသည်လား။

ကွဲပြား ခြားနားသော အရပ်မျက်နှာများမှ တော်ဝင်မြေ ခြောက်ခုသည် တော်ဝင်ကျဲ နန်းတော်သို့ ချီတက်လာခဲ့ရာ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် ကြီးစွာ စိတ်လှုပ်ရှားလျက် တော်ဝင်ကျဲ နန်းတော်ရှိရာ အရပ်သို့ အပြေး လှမ်းသွားကြသည်။

လှိုင်းထနေသော လူအုပ်ကြီးထဲတွင် ချောမောသော လူငယ်တစ်ဦး ပါဝင်သည်။

သူကား ယခင်အခါက မြေရိုင်းပြည်နယ်၏ အမှတ်သင်္ကေတ၊ တော်ဝင်ကျဲနန်းတော်၏ အနာဂတ် ခေါင်းဆောင် အဖြစ် ရွေးချယ်ခံ ဖြစ်သည်။ ယခု သူကား သာမန်လူ တစ်ယောက် အနေဖြင့် တော်ဝင်ကျဲ နန်းတော်သို့ သွားနေရသည်။

သူကား သူ၏အတွင်း စိတ်ရိုင်းကို ပယ်သတ်ရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သူသည် တော်ဝင်ကျဲနန်းတော်မှ ထွက်ခွာ သွားပြီးနောက်ပိုင်း ကျိရှား တော်ဝင်နန်းတော်၌ သွားရောက် လေ့ကျင့်ခဲ့သည်။ ရှားရှင်းယွန်က ပြည်နယ်ကိုးခုမှ ပါရမီရှင်များကို ခေါ်ဆောင်ကာ အထက်ဘုံ၌ သွားရောက် လေ့ကျင့်စဉ်ကပင် သူသည် ကောင်းကင် ရွေးချယ်ခံအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့သော်လည်း ယခင် နေ့ရက်ဟောင်းများ၌ မည်သို့သော ပဋိပက္ခများ ရှိခဲ့ပါစေ၊ နန်းတော်က သူ့အား သင်ကြား ပေးခဲ့ခြင်းများ၊ သူ့ဆရာ၏ ရည်မှန်းချက်များကို မေ့လျော့ခြင်း မရှိပေ။

ယနေ့ တော်ဝင်ကျဲနန်းတော် ဘေးဒုက္ခဖြင့် ကြုံတွေ့နေရချိန်တွင် ဘေးမှ ရပ်ကြည့်နေနိုင်ခြင်း မရှိပေ။

စစ်ပွဲရလဒ်မှာ မည်သို့ ဖြစ်နေပါစေ မိမိက အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင် အားဖြည့်လိုပေသည်။

မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်၌ …

ရီဖူရှင်းသည် အဝေးသို့ မျှော်ကြည့်နေသည်။ သူ့ဘေး၌ များစွာသော ရှီတန်ခိုးရှင်းများ စုစည်းနေကြကာ အမိန့်ကို စောင့်ဆိုင်း နေကြသည်။

တော်ဝင်မြေ ခြောက်ခုသည် မကြာခင် တော်ဝင်ကျဲ နန်းတော်သို့ ရောက်ရှိလာတော့မည်ကို သူတို့လည်း သိပေသည်။

ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်မှ လူများအားလုံးကို ကြည့်သည်။ ထိုအထဲတွင် များစွာသော မိတ်ဟောင်း ဆွေဟောင်းများနှင့် မျက်နှာစိမ်းများကို တွေ့ရသည်။ ရီဖူရှင်းက ပြောသည်… “ဒီနေ့တိုက်ပွဲက အရင် တိုက်ပွဲတွေထက် အန္တရာယ် ပိုများတယ်။ ဒါပေမဲ့ ကျုပ်ပြောခဲ့တဲ့ စကားက မပြောင်းလဲဘူး။ ကျုပ်အသက်ရှင်ရင် နန်းတော်လည်း ဆက်ရှိမယ်။ နန်းတော်ပျက်စီးမှ ကျုပ်လည်း သေမယ်”

ရီဖူရှင်း၏ စကားကိုကြားလျှင် လူအများ၏ မျက်လုံးများမှာ ရဲသွေးရဲမာန်များဖြင့် တိုက်ပွဲ ဆာလောင်စိတ်များ ဖြစ်လာကြသည်။

“နောက်တစ်ခုက ဒီနေ့ ကျုပ်တို့က တိုက်ပွဲကို အနိုင်ရခဲ့ရင် နောက်ပိုင်းမှာ တော်ဝင်ကျဲ နန်းတော်ကို ဘယ်သူမှ အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး” ရီဖူရှင်း၏ အသံက ကျယ်လောင်ခြင်း မရှိသော်လည်း အားလုံးက ရှင်းလင်း ပြတ်သားစွာ ကြားကြရသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset