အပိုင်း (၉၇၆)

နတ်ဘုရားဓားထွက်ပြေးခြင်း

ရီဖူရှင်းသည် ဆေးစမ်းသပ်မှု နှစ်ကြိမ်ကို အောင်မြင်စွာ ကျော်ဖြတ် ထားပြီးဖြစ်ရာ အကယ်၍ နောက်ဆုံးတစ်ကြိမ် စမ်းသပ်မှုသာ အောင်မြင်ခဲ့ပါက သူ၏ စွမ်းအားများမှာ ကြီးစွာ တိုးတက် လာခဲ့မည်ကို သူသိသည်။

ယခင် ဆေးစမ်းသပ်မှု၌ သူကား ဒြပ်စင် အမှုန်အမွှား လောကဓာတ်ကိုပင် နားလည် သဘောပေါက်ခဲ့၏။

ယခု တော်ဝင်ကျဲ နန်းတော်ကား ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည်။ ပြည်နယ်ကိုးခု ကျောင်းတော်သို့ သွားရောက်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှန့်ထိုကျင့်က လိပ်ပြာလေးအား တော်ဝင်ကျဲနန်းတော်သို့ ကိုယ်တိုင် စေလွှတ်ခဲ့၏။

သို့သော်လည်း သည်တစ်ကြိမ် စမ်းသပ်မှုမှာ အန္တရာယ် အကြီးဆုံး ဖြစ်ပေမည်။ ထိုစဉ်က သူ့အား အလယ်အလတ် ကွန်းရှီအဆင့်သို့ တက်လှမ်းနိုင်မှာသာ ပြည်နယ်ကိုးခု ကျောင်းတော်သို့ လာရောက်ရန် မှားကြားခဲ့၏။ သို့သော်လည်း သူကား လက်ရှိတွင် အဆင့်နိမ့်ကွန်းရှီသာ ရှိသေးရာ ဆေးစမ်းသပ်မှုကို ကျော်ဖြတ်ရန်မှာ မေးခွန်းထုတ်စရာ ဖြစ်သည်။

သို့သော်လည်း လက်ရှိ အခြေအနေတွင် သူက စမ်းကြည့်ရပေမည်။ ဆေးစမ်းသပ်မှုသာ အောင်မြင်ခဲ့ပါက သူ၏ ခွန်အားများလည်း ကြီးမားလာမည် ဖြစ်ကာ ခွန်ယိုအား သတ်ဖြတ်နိုင်ပေမည်။

လိပ်ပြာလေး နောက်တွင် ရပ်နေသော စုချီဟန်အား ရီဖူရှင်းက မြင်ကာ ပြုံးပြသည်။ စုချီဟန်က သူ့အား ထူးမခြားနားစွာ ကြည့်ကာ ပြောသည်… “ဆရာစေခိုင်းလို့ ငါ ရောက်လာခဲ့တာ”

ရီဖူရှင်းက ပြုံးကာ ဘာမှ မပြောပေ။ သည်အကောင်ကား ဆေးဥယျာဉ်၌ သူ့အား သူခိုးတစ်ယောက်လို စောင့်ကြပ်ခဲ့၏။

“လိပ်ပြာလေး… ” ရယ်မောသံ တစ်ခုနှင့်အတူ ဟွာဂျီယူ ရှေ့သို့ တက်သွားသည်။

“ဂျီယူ…” လိပ်ပြာလေးကလည်း ပြုံးလျက် ပြန်နှုတ်ဆက်သည်။ ထို့နောက် သူတို့ နှစ်ယောက်မှာ ငယ်ပေါင်းကြီးဖော်များ ကဲ့သို့ ပြုံးရွှင်စွာ စကားစမြည် ပြောဆို နေကြတော့သည်။ မိန်းမလှနှစ်ယောက် အတူတူ ရပ်နေသည့် မြင်ကွင်းက မြင်သူတကာကို ရင်သပ်ရှုမော ဖြစ်စေသည်။

“ကျောင်းအုပ်များနဲ့ ဦးလေးများ … ဒါဆိုလည်း ကျုပ်က အားမနာတော့ဘူး။ လက်ရှိနန်းတော် အခြေအနေကို ခင်ဗျားတို့ မြင်တာပဲ။ ကျုပ်က ဧည့်ဝတ် မကျေနိုင်တဲ့အတွက် တောင်းပန်ပါရစေ” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “လင်းအာ… မင်းက တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်ပဲ … မင်းက တခြားလူတွေကို ဟိုဟိုဒီဒီ လိုက်ပြသင့်တယ်…”

လင်းအာက မျက်လုံး ကလယ်ကလယ်ဖြင့် ရေရွတ်သည်… “မိန်းမလှက သူ့ဝတ္တရားတွေကို မေ့နေတာ ကြာပြီ”

“မင်းက ဒါလေးတောင် မကူညီချင်ဘူးလား…” ရီဖူရှင်းက သူမ၏ခေါင်းကို အသာပုတ်ကာ ပြောသည်။ များစွာသော မိတ်ဆွေဟောင်းများ သူ့ကို လာကူညီလျှင် ရီဖူရှင်းကား ပိုမိုကောင်းမွန်သော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

သူက တော်ဝင်ကျဲနန်းတော်၌ လျှောက်သွား နေခဲ့စဉ်ကလည်း နေရာအနှံ့မှ အကူအညီများ ရောက်ရှိ လာနေခဲ့ကြသည်။

ယနေ့ အခြေအနေကား ယခင်နှင့် လုံးဝ ခြားနားပေသည်။ သည်တစ်ကြိမ်ကား သူတို့က တော်ဝင်အလင်း နန်းတော်၊ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့၏ တိုက်ခိုက်မှုကို တားဆီးရမည် ဖြစ်သည်။ သို့တိုင်အောင် မိတ်ဆွေဟောင်းများမှာ အန္တရာယ်ကို မငဲ့ကွက်ဘဲ လာရောက် ကူညီကြသည်။

“ဒါဆိုလည်း စမ်းသပ်မှုကို မြန်မြန် လုပ်ကြမယ်” ရီဖူရှင်းက လိပ်ပြာလေးအား ပြောသည်။ စစ်မှာ နီးကပ်နေပြီ ဖြစ်သလို စမ်းသပ်မှုမှာလည်း ရက်အနည်းငယ်အတွင်း ပြီးဆုံးမည် မဟုတ်ပေ။ ထို့ကြောင့် မြန်မြန်လုပ်လေ ပိုကောင်းလေ ဖြစ်သည်။

လိပ်ပြာလေးက ခေါင်းညိတ်သည်။ ထို့နောက် သူတို့ထဲမှ လူအတော်များများ အဝေးသို့ ထွက်သွားကြသည်။

သူတို့ ထွက်သွားသည်ကို မြင်လျှင် ကုယွန်ချီက အနည်းငယ် ခေါင်းညိတ်သည်။ သူမ၏ လှပသော မျက်လုံးများထဲ၌ အားငယ်သော အငွေ့အသက် တချို့အား တွေ့ရသည်။ သို့သော်လည်း သူမသည် ပြုံးနေ၏။ သူကား ယခု တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်လာပြီးဖြစ်ကာ နန်းတော်၏ ကံကြမ္မာ၊ မြေရိုင်း ပြည်နယ်၏ ကံကြမ္မာတို့မှာ သူ့အပေါ် မူတည်နေ၏။ သူ့တွင် သူမနှင့် စကားပြောရန် မည်သို့ အချိန် ရှိမည်နည်း။ တစ်နေ့တခြား ပိုမိုမြင့်မားသော အနေအထားသို့ ရောက်သွားသော သူ့အားကြည့်ကာ ဤတစ်ခေါက် စစ်ပွဲအား ကျော်လွှားနိုင်ရန် သူမမျှော်လင့်သည်။

“ဒီမိန်းကလေးက စကားပြောတာ အထိန်းအကွပ် မရှိဘူး။ သူမပြောတာကို စိတ်ထဲမထားနဲ့” သူတို့ လေးယောက်က လမ်းလျှောက်သွားလျှင် လိပ်ပြာလေး၊ ဂျီယူနှင့် စုချီဟန်တို့ကို မီလာခဲ့သည်။

“ရပါတယ်…” လိပ်ပြာလေးက အသာအယာ ခေါင်းညိတ်သည်။

ဟွာဂျီယူက ရီဖူရှင်းအား ပြုံးလျက် ပြောသည်… “လင်းအာ ပြောတာလည်း မှန်နိုင်တယ်”

ရီဖူရှင်းက မျက်လုံးပြူး သွားသည်။ လိပ်ပြာလေးက ရှက်သွေးဖြန်းသွားကာ ပြောသည်… “ဂျီယူ … သိပ်အများကြီး မတွေးပါနဲ့”

“လိပ်ပြာလေး … နင်က သူ့ကို မသိသေးဘူး။ သူက မိန်းမလှလေးတွေကို ကြည့်ရတာ သဘောကျတယ်။ အထူးသဖြင့် နင်ပဲ။ နင်သူ့ကို သတိထားမှရမယ်” ဟွာဂျီယူက လိပ်ပြာလေးအား ပြုံးလျက် ပြောသည်။

လိပ်ပြာလေး၏ မျက်နှာမှာ တဖြည်းဖြည်း နီရဲလာခဲ့သည်။ ရီဖူရှင်းကား မျက်ရည်ပင် ကျလုမတတ်။ ဤသို့ ဇနီးမယားရှိမှတော့ ရန်သူများပင် မလိုတော့ပေ။

”ဂျီယူ … မင်း ဒီလိုပြောနေရင် နောက်က တစ်စုံတစ်ယောက်က ငါ့ကို အဆိပ်ခတ်လိမ့်မယ်” ရီဖူရှင်းက ရယ်မောသည်။

စုချီဟန်က ရှေ့မှစကားပြောနေသော သုံးယောက်အား ကြည့်ကာ ဆိုလိုရင်းကို ကောင်းကောင်း နားမလည်သေးပေ။

“စီနီယာအစ်ကိုက ဒီလိုလုပ်မှာ မဟုတ်ဘူး” လိပ်ပြာလေးက ပြောသည်။

“ဆေးဥယျာဉ်မှာ ရှိတုန်းက သူငါ့ကို ခြိမ်းခြောက် ခဲ့ဖူးသေးတယ်” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။ စုချီဟန်၏ ခြေလှမ်းများ နှေးကွေးသွားကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။

“သူ့ရဲ့ ကျင့်ကြံမှု လမ်းစဉ်ကြောင့် စီနီယာအစ်ကိုရဲ့ စိတ်ကလည်း နည်းနည်း အေးစက်တယ်။ စိတ်ထဲ သိပ်မထားပါနဲ့” လိပ်ပြာလေးက စုချီဟန်အား မကြည့်ဘဲ ရှင်းပြသည်။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်ကာ စုချီဟန် လိုက်မီလာအောင် ခြေလှမ်းများကို ရပ်လိုက်သည်။ လိပ်ပြာလေးက နောက်မှ ယောက်ျား နှစ်ယောက်ကို ကြည့်သည်။ ဟွာဂျီယူက သူမ၏ လက်ကိုဆွဲကာ ပြောသည်… “ငါတို့ အရင်သွားကြမယ်”

“ဆရာကြီးစုက ကျုပ်ကို သတ်ချင်တယ် ဆိုရင်တောင် လွယ်ကူမှာ မဟုတ်တော့ဘူး” ရီဖူရှင်းက စုချီဟန်ကို ပြုံးလျက် ကြည့်သည်။

စုချီဟန်က ရီဖူရှင်းအား မျက်တောင်များ ကွေးညွတ်လျက် ကြည့်သည်။ သူ့ထံမှ အေးစက်သော အငွေ့အသက်များ စိမ့်ထွက်လာခဲ့သည်။ ကျုံးကျိုးမြို့မှ တိုက်ပွဲကို သူလည်း ကြားသိရ၏။ ရီဖူရှင်း၏ စွမ်းရည်ကား နောက်ပိုင်း နှစ်များအတွင်း များစွာ တိုးတက်ခဲ့သည်။ သူကား ကွန်းရှီအဆင့်သို့ ယခုမှ မတက်လှမ်းခဲ့သော်လည်း ထိပ်သီး ကွန်းရှီအဆင့် လေးယောက်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းအား အနိုင်ယူရန်မှာ မလွယ်ကူတော့ပေ။

“မင်း ကြိုးစား ကြည့်လို့ရတယ်…” စုချီဟန်၏ အသံက အေးစက်နေဆဲ။

“ဆရာကြီးစုက အဆိပ်ပညာရှင်ဆိုတာ ကျုပ်သိတယ်။ ဒါပေမဲ့ ဆေးစမ်းသပ်မှု နှစ်ကြိမ် ခံယူထားတဲ့ကျုပ်ကို အဆိပ်ခတ်ဖို့တော့ လွယ်ကူမှာ မဟုတ်ဘူး။ ပြီးတော့ ဆရာကြီးစုက ကျုပ်တို့ရဲ့ ဧည့်သည်ပဲ။ ဘာလို့ မျက်နှာက တင်းနေတာလဲ။ ကျုပ်က ဆရာကြီးစုလို ဧည့်ဝတ် မကျေတဲ့သူ မဟုတ်ဘူး” ရီဖူရှင်းက ဆေးဥယျာဉ်သို့ ပထမဦးဆုံး သွားရောက် လည်ပတ်စဉ်က ငြင်းပယ် ခံရခြင်းများကို ရည်ညွှန်းသည်။

စုချီဟန်က ရီဖူရှင်းအား တစ်ချက် ကြည့်သည်… “မင်းမှာ မိန်းမ မရှိရင် လိပ်ပြာလေးနဲ့ မင်းကို သဘောတူလိမ့်မယ်။ ဒါပေမဲ့ မင်းက လိပ်ပြာလေးကို ကိုယ်လုပ်တော်ပဲ ဖြစ်စေချင်တယ်ဆိုရင် မင်းဆီကို တစ်ခုခုတော့ ရောက်လာလိမ့်မယ်”

“ခင်ဗျားက တော်တော် ပျင်းစရာ ကောင်းတာပဲ။ လိပ်ပြာလေးနဲ့ ပိုပြီးတော့ ပျော်စရာ ကောင်းတယ်” ရီဖူရှင်းက စုချီဟန်၏ ပခုံးကိုပုတ်လိုက်ကာ ခြေလှမ်းသွက်သွက်ဖြင့် ဟွာဂျီယူနှင့် လိပ်ပြာလေးတို့ထံသို့ လှမ်းသွား လိုက်သည်။

စုချီဟန်မှာ အနည်းငယ် တောင့်တင်းသွားပြီး ရီဖူရှင်းက မြန်မြန်ဆန်ဆန်ဖြင့် ရှေ့မှလူများနှင့် လိုက်မီသွားသည်ကို ကြည့်သည်။

***

ရီဖူရှင်းနဲ့ တခြားလူတို့သည် ယခု တော်ဝင်ရှီ နန်းဆောင်၏ ဆေးရေကန်၌ ရောက်နေသည်။ ဤတစ်ကြိမ်တွင်ကား သီးသန့် လျှို့ဝှက်နေရာ ဖြစ်သည်။

ရီဖူရှင်းက ဆေးရေကန်ထဲသို့ ဝင်လျှင် လိပ်ပြာလေးနှင့် စုချီဟန်တို့သည် ချွေးစေးများ ပြန်နေကြသည်။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ရှေ့၌ ဆေးရေကန် တစ်ခုရှိကာ ရေကန်အပေါ် လေထု၌ပင် ကြောက်မက်ဖွယ် ငွေ့ရည်မုန်တိုင်းများ တဝုန်းဝုန်း တိုက်ခတ်နေသည်။ တစ်ခါတစ်ရံ ထိုမုန်တိုင်းများ အတွင်း၌ လျှပ်စီးများ တဖျတ်ဖျတ် လက်သွားတတ်သည်။

“ဒါ …”

ရီဖူရှင်း၏ နှလုံးမှာ ပြင်းထန်စွာ တုန်ခါသည်။ ဤအရာက ဆေးရေစိမ်ခြင်း အတွက်လား။

သို့သော် သူ့ရှေ့မှ ဆေးရေကန်မှာ တန်ခိုးရှင် တစ်ယောက်အား အစအန ပျောက်သွားစေနိုင်သော နတ်ဘုရား ပြစ်ဒဏ်နှင့် အဘယ်ကြောင့် အလားသဏ္ဌာန် တူနေရသနည်း။

ဟွာဂျီယူ၏ မျက်နှာမှာလည်း အနည်းငယ် ပျက်ယွင်းနေ၏။ ရေကန်ထဲမှ လာရောက် ရိုက်ခတ်သော ကြောက်မက်ဖွယ် အငွေ့အသက်များအား သူမခံစားမိသည်။

လိပ်ပြာလေးကား မူလကလို သက်သောင့်သက်သာ ဟန်ပန် မရှိတော့ပေ။ ဤတစ်ခေါက် သူမ၏ဆရာ ကိုယ်တိုင် ပြင်ဆင်ပေးခဲ့သော ဆေးရည်မှာ ကြောက်စရာ ကောင်းအောင် ပြင်းထန်သည်ကို သူမသိသည်။

ဟွာဂျီယူ၏ သွယ်လျသော လက်က ရီဖူရှင်းအား တင်းတင်း ဆွဲထားကာ ရီဖူရှင်းအား ဆေးရေကန်ထဲသို့ မဝင်စေလိုသော သဘောရှိသည်။ သူမက ကြားဖူးသော်လည်း ဆေးရည်စိမ်ခြင်းက ဤမျှ ကြောက်မက်ဖွယ်ကောင်းမည်ဟု မထင်ထားခဲ့ပေ။

“ဆရာပြောတာက ဒီဆေးစမ်းသပ်မှုဟာ အဆင့်မြင့် ကွန်းရှီအဆင့်သို့ ရောက်မှ လုပ်သင့်တယ်။ ဒါပေမဲ့ ရှင့်ရဲ့ လက်ရှိအဆင့်ကြောင့် ဆရာက ဆေးရည်ရဲ့ သိပ်သည်းဆကို နည်းနည်း လျှော့ထားတယ်” လိပ်ပြာလေးက ရီဖူရှင်းအားကြည့်ကာ တီးတိုးပြောသည်။

“သိပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ ရှေ့သို့တိုးသွားလျှင် ဟွာဂျီယူက သူ့အား ပို၍ပင် တင်းတင်းဆွဲသည်။

ရီဖူရှင်းက ဟွာဂျီယူအား ပြုံးလျက်ပြောသည်… “ဒါက အရင်ဆေး စမ်းသပ်မှုတွေလိုပါပဲ။ အဆင်ပြေ သွားလိမ့်မယ်”

ဟွာဂျီယူက လိပ်ပြာလေးအား ကြည့်လျှင် လိပ်ပြာလေးက ပြုံးလျက် ပြောသည်… “ဒါက အဆင်ပြေပါလိမ့်မယ်”

ထိုအခါမှ ဟွာဂျီယူက ရီဖူရှင်း၏ အဝတ်စအား ကိုင်ထားသော သူမ၏လက်ကို လွှတ်လိုက်သည်။

ရီဖူရှင်းက စုချီဟန်အား ကြည့်သည်… “ဆရာကြီးစုက အပြင်ထွက်နေလို့ ရမလား။ ကျုပ်ကို အရွယ်ရောက်နေတဲ့ ယောက်ျား တစ်ယောက်က ကြည့်နေမှာကို မလိုလားဘူး”

စုချီဟန်က ရီဖူရှင်းအား အေးစက်စွာ တစ်ချက် ကြည့်ကာ အဝေးသို့ ထွက်သွားသည်။

“ငါလည်း အပြင်သို့ ထွက်သွားမယ်” လိပ်ပြာလေးက တီးတိုး ပြောသည်။

“လိပ်ပြာလေး … ကျန်နေခဲ့ပြီးတော့ ကူညီပေးဦး။ မတော်တဆ တစ်ခုခုဖြစ်မှာ စိုးရိမ်ရတယ်” ဟွာဂျီယူက သူမအားပြောလျှင် လိပ်ပြာလေးက သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ အရောင်များ ဖြာထွက်နေခဲ့ကာ နဂါးနှင့်လူဝံ၏ မာန်သွင်း အော်ဟစ်သံများ ထွက်ပေါ်နေခဲ့သည်။ နတ်ငှက်၏ ဝိုးတဝါးပုံရိပ်ပင် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ကို ငြိမ်သက်စွာထားလျက် ဆေးရေကန်ထဲသို့ လှမ်းလိုက်သည်။

***

ကျောက်မဟာ ပြည်ထောင်…

နန်းဆောင်တစ်ခု၌ ကျောက်မဟာ ပြည်ထောင် ဘုရင်ကြီးက သတင်းပို့သမား၏ တင်ပြမှုကို နားထောင်နေသည်။

မှန်နန်းတော်၏ တန်ခိုးရှင်များသည် ကျောက်ပြည်ထောင် နယ်နိမိတ်အတွင်း ပေါ်ပေါက် လာခဲ့ကြသည်။ သူတို့၏ နေရာ အတိအကျကို မသိရသော်လည်း သူတို့သည် နန်းမြို့တော် အတွင်း၌ ခိုအောင်း နေကြဟန် တူသည်။

ကျောက်ပြည်ထောင် စစ်တပ်က ထိုတန်ခိုးရှင်များကို လိုက်လံ ရှာဖွေ သုတ်သင်ခဲ့ကာ တချို့ကို ဖမ်းမိ သတ်ဖြတ်နိုင်ခဲ့သည်။

အရှေ့ဘက် ပြည်နယ်၏ တော်ဝင်မြေ တစ်ခုဖြစ်သော မှန်နန်းတော်သည် ယခုကား လူသူမရှိသော နေရာတစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ပြီး ဖြစ်သည်။

ကျောက်ပြည်ထောင် ဘုရင်က အဝေးသို့ မျှော်ကြည့်ကာ ရှေးနန်းတော်ရာ အတွင်း၌ မှန်နန်းတော် သခင်မအား ရီဖူရှင်းက ပြုမူခဲ့သည်များကို ပြန်အမှတ် ရလာခဲ့သည်။ ဤတွင် သူ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ် လာခဲ့သည်။

ရီဖူရှင်းက သူမအား မကောင်း ကြံစည်ခဲ့သည့်တိုင် သူမက အဘယ်ကြောင့် မြေရိုင်းပြည်နယ်အား ကူညီလိုရသနည်း။

“ငါနှင့် ကျောက်ရန်ဝမ်တို့က ဖီးနစ်စစ်တပ်ကို ဦးဆောင်ပြီးတော့ မြေရိုင်း ပြည်နယ်သို့ သွားမယ်။ ကျန်တဲ့သူတွေ နန်းတော်ကို ကာကွယ်ကြ” ကျောက်ပြည်ထောင် ဘုရင်က အေးစက်စွာ အမိန့်ပေးသည်။ သူက ကျောက်ပြည်ထောင်၏ အင်အားအကြီးဆုံး စစ်တပ်ကို ဦးဆောင်ကာ မြေရိုင်းပြည်နယ်သို့ သွားရောက် တိုက်ခိုက်မည် ဖြစ်ရာ ကျန်ရှိသော လူများက မှန်နန်းတော်အား ခုခံရန် လုံလောက်ပေသည်။

ဘုန်း … ဘုန်း…

ထိုအချိန်တွင် ခန်းမရှေ့မှ ပြင်းထန်သော ပေါက်ကွဲသံများကို ကြားရသည်။ လူအများအပြားက အပြင်သို့ လှမ်းကြည့်ကြလျှင် ရုတ်တရက် ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးထဲ၌လည်း အရောင်တစ်ချက် လက်သွားသည်။

ကျယ်လောင်သော အသံနှင့်အတူ ခန်းမတံခါးမှာ ရိုက်ဖွင့်ခံရသည်။ လှပ လင်းလက်သော အလင်းတန်း တစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွား၏။ ထို့နောက်တွင် အပေါ်သို့ ပျံတက်သွားသော နတ်ဘုရားဓားအား အားလုံးက မြင်ကြရသည်။

နတ်ဘုရားဓားက အသက်ဝိညာဉ် ရှိနေတဲ့အလား လေထုကို ထိုးခွင်းကာ ပျံသန်း သွားခဲ့သည်။

ကျောက်ပြည်ထောင် ဘုရင်က အလွန်မြန်သည်။ သူသည်လည်း ကောင်းကင်ထက်တွင် ပေါ်လာသည်။ လက်ကို ဆန့်တန်းလျက် နတ်ဘုရားဓားအား လှမ်း၍ ဖမ်းဆုပ်သည်။

သို့သော်လည်း နတ်ဘုရားဓားထံမှ အရောင်တစ်ချက် လက်သွားကာ ပိုမိုမြန်ဆန်စွာဖြင့် လေဟာနယ်အား ခွင်းကာ ကောင်းကင်အပေါ် တစ်နေရာ၌ ပြန်ပေါ် လာခဲ့သည်။

ကျောက်ပြည်ထောင် ဘုရင်၏ မျက်နှာက အလွန်ရုပ်ဆိုး အကျည်းတန် သွားသည်။ သူက မြန်ဆန်စွာပင် နတ်ဘုရားဓား နောက်သို့ ပြေးလိုက်သည်။

သို့သော် နတ်ဘုရားဓားက လေဟာနယ်ကို ခွဲလျက် ပျံသန်းခြင်းဖြစ်ရာ သူ၏အမြန်နှုန်းကို ကျောက်ပြည်ထောင် ဘုရင်မှာ လိုက်မီခြင်း မရှိပေ။

နောက်ဆုံးတွင် ကျောက်ပြည်ထောင် ဘုရင်က လက်လျှော့ လိုက်သည်။ သူ့ထံမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ် နေသည်။

ထိုစဉ်က သူကား ထောင်ကျန်း၏ အသက်ကို ကျောက်ဟောင်နှင့် တခြားလူများ၏ အသက်အပြင် နတ်ဘုရားဓားဖြင့်ပါ လဲလှယ်ခဲ့တယ်။ ယခု နတ်ဘုရားဓားက အသက်ဝင်လာကာ မိမိဘာသာ ပျံသန်း ထွက်ခွာ သွားခဲ့သည်။

သိသာစွာပင် သူကား အလိမ်ခံခဲ့ရပြီ ဖြစ်သည်။

နတ်ဘုရားဓားကား အသက်ဝိညာဉ်ရှိကာ မိမိဘာသာ ပျံသန်း ထွက်ခွာ သွားနိုင်သည်။ မည်သူက နတ်ဘုရားဓားအား ထိန်းချုပ် နေသနည်း။

ဓားက မည်သည့်နေရာသို့ ထွက်ခွာ သွားသနည်း။

ထိုနေ့တွင် အရှေ့ဘက် ပြည်နယ်၏ ကောင်းကင်ထက်၌ ပျံသန်းနေကြသော တန်ခိုးရှင် အများအပြားက လေဟာနယ်ကို ထိုးခွင်းလျက် ပျံသန်းလာသော ဓားတစ်လက်သည် အရှေ့ဘက် ပြည်နယ်၏ မိုးကုပ်စက်ဝိုင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်ကို မြင်ခဲ့ကြရသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset