အချိန်လုံလောက်စွာ ရခဲ့လျှင် ဝမ်ပေါင်လဲ့မှာ ထိုမျှ ပြင်းထန်သည့် ဒဏ်ရာမျိုး ရခဲ့မည် မဟုတ်ပေ။ သူ့အနေဖြင့် ဝတ်ရုံနက်လူများနှင့် တိုက်ပွဲကို အမြန်အဆုံးသတ်နိုင်ရန် လိုအပ်နေခဲ့သည်။ သူသာ တိုက်ပွဲကို အချိန်ဆွဲနေမိပါက အခြားသော ဝတ်ရုံနက်နှင့် လူများက သေချာပေါက် သူ့ကို မိသွားမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ပြန်တိုက်နိုင်ရန်အတွက် အနာခံရမည် ဖြစ်ပြီး ဉပမာအနေဖြင့် ယခင်တိုက်ပွဲမှ လူလေးယောက်တည်း၏ တန်ပြန်တိုက်စစ်ဖြင့် ဆိုပါက ဝမ်ပေါင်လဲ့မှာ ဓမ္မအဆောင် အသုံးပြုသည့်တိုင် ဒဏ်ရာပြင်းထန်စွာ ရမည် ဖြစ်သည်။
ယခုလက်ရှိတွင် သူ့အခြေအနေမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။ မြက်ပင်များကို ဖြတ်သန်းကာ အမြန်ဆုံးနှုန်းဖြင့် ကျောကော့နေအောင် ပြေးရလေသည်။ ဆေးလုံးများကို မျိုချနေရင်း သူ၏ သိုလှောင်လက်ပတ်ထဲမှ ကျန်နေသည့်အရာများကို အမြန်စစ်ကြည့်လိုက်သည်။
“ ဆေးလုံးကလည်း အများကြီး မကျန်တော့ဘူး။ ငါ ဓမ္မအဆောင်တွေကိုလည်း တစ်ဝက်လောက် သုံးပြီသွားပြီ ”
ဝမ်ပေါင်လဲ့သည် နှုတ်ခမ်းသပ်လိုက်ပြီး ဝင်ပုန်းစရာ သစ်ပင်တစ်ပင်ကို တွေ့သွားသည်။ ဝတ်ရုံနက်လူတစ်ယောက်ဆီမှ ရရှိခဲ့သည့် ကွယ်ဝှက်ပုလဲကို ထုတ်ကာ လုံအောင် ပုန်းပြီးမှ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူက ရှာဖွေရေး ဓမ္မအဆောင်တစ်ခုကို ထုတ်ကာ ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်လိုက်သည်။
“ ငါ ဒါကို ပြန်ပြင်ဖို့ဆို ဖွင့်ပစ်မှ ရမယ်၊ အစွမ်းကို ပြောင်းပြန်လှန်ပစ်နိုင်ရင် ငါ သူတို့နေရာတွေကို သိနိုင်ပြီ ”
အခြားသူများဆိုလျှင် ဤသို့ လုပ်နိုင်မည် မဟုတ်ပေ။ သို့သော် ဓမ္မလက်နက်ဌာန၏ သုံးထပ်ကွမ်းကျောင်းသားခေါင်းဆောင် တစ်ယောက်အနေနှင့် သူသည် ဝိညာဥ်ကျောက်တုံး၊ ကမ္ဗည်းစာနှင့် ဝိညာဥ်အမြုတေ ပညာရပ်များတွင် ထိပ်တန်းအဆင့်ဖြစ်ပြီး ကမ္ဗည်းစာများအတွက် စည်းစနစ်တကျ တွက်ချက်နည်းလည်း တတ်မြောက်ထားသည်။ ဤသည်မှာ အခြားမည်သူမျှ မလုပ်နိုင်သည့် အရာမျိုး ဖြစ်သည်။ အဝိုင်းပုံ ဓမ္မအဆောင်ကို စစ်ဆေးပြီးနောက် ဝမ်ပေါင်လဲ့သည် အောင်မြင်နိုင်ကြောင်း ယုံကြည်ထားသည်။
“ စုစုပေါင်း ရှာဖွေရေးဓမ္မအဆောင်တွေက ရှစ်ခုတောင် ရှိတာ၊ ငါ သုံး၊လေးခါလောက် မအောင်မြင်ရင်တောင် ကိစ္စမရှိဘူး။ ငါတစ်ခါပဲ လုပ်နိုင်ဖို့ လိုတာ ”
ထိုသို့တွေးတောပြီးနောက် ဝမ်ပေါင်လဲ့မှာ အချိန်က တန်ဖိုးရှိကြောင်း နားလည်ထားရာ ချက်ချင်းပင် ဓမ္မအဆောင်များကို စတင် စမ်းသပ်ပြုပြင်တော့သည်။
ယခု တိမ်ရေကန်မိုးသစ်တောထဲ၌ ဝတ်ရုံနက်နှင့် လူအရေအတွက်မှာ သုံးဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားပြီ ဖြစ်သည်။ ကျန်နေသည့် ဝတ်ရုံနက်များမှာ ပို၍ သတိကြီးကြီး ထားနေရသည်။ လက်တွေ့တွင် ဝမ်ပေါင်လဲ့ကို လိုက်ဖမ်းရခြင်းမှာ အလွန်တရာ ခက်ခဲပြီး အန္တရာယ်ကြီးလှသည်။ သို့ဖြစ်ရာ သူတို့သည် စနစ်တကျ သေချာလေ့ကျင့်ထားသူများ ဖြစ်သည့်တိုင် တုန်လှုပ်နေဆဲ ဖြစ်သည်။
အထူးသဖြင့် အဖွဲ့အကြီးအကဲမှာ ရတက်မအေးနိုင်အောင် ဖြစ်နေရသည်။ သူသည် ဝမ်ပေါင်လဲ့နှင့် သူ့လူခုနစ်ယောက်တို့ ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် နေရာတွင် ရပ်ကာ ရွှံ့ထဲမှ အလောင်းများ ဆွဲထုတ်နေသည်ကို ကြည့်နေသည်။ ခေါင်းဆောင်အနေဖြင့် ကျောင်းသားတစ်ယောက်ကို သတ်ရန် လူများစွာ ခေါ်လာခဲ့သည်။ သို့တိုင်အောင် သူ့ဆုံးရှုံးမှုမှာ ကြီးမားလွန်းလှသည်။ သူ့အတွက် ဤအဖြစ်အပျက်မှာ မျက်နှာပျက်စရာ ဖြစ်သည်။ သူ၏မျက်နှာထား တင်းမာနေပြီး လူသတ်လိုစိတ်များ ပိုမို ထကြွလာသည်။
“ သောက်ကျိုးနဲ … ဝမ်ပေါင်လဲ့က ခန္ဓာအချုပ်အနှောင် အထွတ်အထိပ် အဆင့်လို့ ငါ့ကို ပြောထားတာပဲ။ ဒါပေမဲ့ ခန္ဓာအချုပ်အနှောင်အဆင့်က လူတစ်ယောက်က ငါ့လူ ဆယ်ယောက်နီးပါးကို ဘယ်လိုလုပ် သတ်ပစ်နိုင်တာလဲ။ ခန္ဓာအချုပ်အနှောင်အဆင့်မပြောနဲ့၊ ဖွံ့ထွားသွေးကြောအဆင့်ချင်း တူရင်တောင် အဲဒီလို သတ်ပစ်နိုင်ဖို့ဆိုတာ လုံးဝ မလွယ်ဘူး ”
သူတို့သည် မူလက ဝမ်ပေါင်လဲ့ကို အမိန့်နာခံသည့်အနေဖြင့် သတ်ရန် ကြိုးစားနေခြင်း ဖြစ်သော်လည်း ယခုမူ အမိန့်ကို ရုပ်သိမ်းသွားလျှင်တောင် ဝမ်ပေါင်လဲ့ကို ရအောင် သတ်ပစ်တော့မည် ဖြစ်သည်။
“ နောက်ပြီး ဒီကောင်လေးမှာ ဘာလို့ ဓမ္မအဆောင်တွေ အဲဒီလောက် အများကြီး ရှိနေတာပါလိမ့် ”
အဖွဲ့အကြီးအကဲမှာ အံကို တင်းတင်းကြိတ်လိုက်သည်။ သူ့လက်အောက်ငယ်သားများအားလုံး ထိတ်လန့်နေကြသည်ကို သတိပြုမိသောကြောင့် ခိုင်မောသော စိတ်ဆန္ဒနှင့်အတူ သူ့အကြည့်က ပိုမိုအေးစက်လာသည်။
“ ဆက်ရှာကြစမ်း။ အားလုံးပဲ၊ နားထောင်ကြ။ ဒီခွေးကောင်က လုံးဝ ပုံမှန်မဟုတ်ဘူး။ မင်းတို့ သူ့ကို တွေ့တာနဲ့ အချက်ပြလိုက်၊ ငါကိုယ်တိုင် သူ့လည်ပင်းကို ချိုးပစ်မယ်”
ဝတ်ရုံနက်လူများက ခေါင်းညိတ်လိုက်ကြပြီး မျက်နှာထားတင်းတင်းများဖြင့် လူစုခွဲကာ ထပ်ရှာကြသည်။
သူတို့သည် သစ်တောထဲတွင် ပိုက်စိပ်တိုက် လိုက်ရှာနေကြစဥ် ပုန်းနေသည့် ဝမ်ပေါင်လဲ့မှာ ပျက်စီးသွားသည့် အဝိုင်းပုံ ဓမ္မအဆောင်ငါးခုကို လျစ်လျူရှုထားလိုက်သည်။ လက်ရှိတွင် သူသည် အောင်မြင်စွာ ပြန်လည် ပြင်ဆင်နိုင်လိုက်သည့် ရှာဖွေရေး ဓမ္မအဆောင်တစ်ခုကို တောက်ပစွာ ကြည့်နေသည်။
ထိုဓမ္မအဆောင်ပေါ်တွင် အရပ်မျက်နှာအနှံ့ လျင်မြန်စွာ ရွေ့လျားနေသည့် အမှတ်အသားနှစ်ဆယ်ကို သူ တွေ့နေရသည်။ သူနှင့်အနီးဆုံးတွင် သုံးယောက် ရှိနေပြီး သူတို့အချင်းချင်း အလွန်မဝေးလှပေ။ ဝမ်ပေါင်လဲ့သည် တစ်ယောက်တည်း တီးတိုးရေရွတ်နေရင်း စဥ်းစားတွေးတောနေသည်။ သူတို့က ဝိုင်းဝန်း ပိတ်ဆို့ရှာဖွေနေရာ သူ့ကို အနှေးနှင့်အမြန် ရှာတွေ့ကြမည် ဖြစ်သည်ကို သူ နားလည်နေသည်။
“ ငါ အခုလို ပုန်းအောင်းနေလို့ မဖြစ်ဘူး။ ငါ ရှေ့ဆက်သွားပြီး သူတို့ကို လူစုခွဲမှ ဖြစ်မယ်။ ဒါမှ ငါ ဆက်ပြီး လျှို့ဝှက်နေလို့ရမယ် ”
ဝမ်ပေါင်လဲ့သည် အသက်ဝဝ ရှူသွင်းကာ သစ်ခေါင်းထဲမှ အမြန် ထွက်လာသည်။ သူက ဓမ္မအဆောင်ကို ကြည့်၍ ဦးတည်ချက်ပြောင်းပြီး မနှေးမမြန် ထွက်ပြေးနေလေသည်။ ဝတ်ရုံနက်လူများကို တစ်ယောက်ပြီး တစ်ယောက် ရှောင်ကာ အန္တရာယ်ကင်းသည့် နေရာမှနေ၍ တိမ်ရေကန်မိုးသစ်တော၏ အတွင်းပိုင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်နေသည်။
အကြောင်းတစ်စုံတစ်ရာသာ မပေါ်လာလျှင် ဝမ်ပေါင်လဲ့သည် ဝိုင်းထားရာမှ လွတ်မြောက်နိုင်သေးသည်။ သို့ရာတွင် လွတ်ခါနီးဆဲဆဲ၌ သူ့အမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။ သူ့ခြေထောက်များ ရပ်တန့်သွားပြီး အသက်ရှူသံများ ပြောင်းဆန်သွားသည်။ သူ့အပေါ်ကျရောက်နေသည့် သွေးဆာနေသော အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရသည်။
ဖြည်းဖြည်းချင်း ခေါင်းကို လှည့်ကြည့်လိုက်ရာ ဝမ်ပေါင်လဲ့၏မျက်နှာမှာ ဖြူဖပ်သွားပြီး ချွေးများ ပြန်လာသည်။
သစ်ပင်တစ်ပင်၏ ညာဘက်ခြမ်းတွင် မြွေခုနစ်ကောင် ရှိနေသည်။
မြွေများမှာ လူကြီးလက်မောင်းခန့် တုတ်ကာ ခန္ဓာကိုယ်တစ်ခုလုံး ခေါင်းများမှ လွဲ၍ နီရဲနေကြသည်။ ဖျတ်ခနဲကြည့်လျှင် မွေးကင်းစ ကလေးမျက်နှာနှင့် ဆင်ဆင်တူပါသော်လည်း မျက်လုံးများထဲတွင် လူတစ်ယောက်၏ ရင်ထဲသို့ အကြောက်တရားများ စိမ့်ဝင်သွားစေမည့် ရက်စက်ကြမ်းတမ်းမှုမျိုး ထင်ဟပ်နေသည်။
ဟုန်ကူပိုင်ယင်မြွေတွေပဲ….
ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တုန်ရီသွားရသည်။ သူသည် ပုံရိပ်ယောင်နယ်မြေစစ်ဆေးပွဲတွင် အကြောက်အလန့်မရှိ တိုက်ခိုက်ခဲ့သော်လည်း မြွေမှာ တစ်ကောင်တည်း ဖြစ်သည်။ ယခု မြွေခုနစ်ကောင်နှင့် ကြုံရသည့်အခါ ဝမ်ပေါင်လဲ့မှာ ထိတ်ခနဲ ဖြစ်သွားပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူလိုက်သည်။ သူက သေရေးရှင်ရေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဖြစ်၍ အနှီမြွေခုနစ်ကောင်နှင့် ရင်ဆိုင်မတိုက်ချင်ပေ။
‘ မအော်လိုက်နဲ့၊ တောင်းပန်ပါတယ် မအော်ကြနဲ့နော်။ ငါ မင်းတို့ကို မသတ်ဘူး… ‘
သို့သော် ဝမ်ပေါင်လဲ့မှာ နောက်ဆုတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် မြွေများ၏ သွေးဆာနေသော အကြည့်များမှာ ပိုမို ပြင်းထန်လာသည်ကို သတိထားမိသွားသည်။ မြွေတစ်ကောင်မှာ ပါးစပ်ဟနေပြီ ဖြစ်သည်။ သူသည် အံကို ကြိတ်ကာ အမြန်ဆုံးနှုန်းဖြင့် မြွေခုနစ်ကောင်ဆီသို့ ပြေးဝင်သွားပြီး ညာလက်ကို မြှောက်၍ ဓမ္မအဆောင် တံဆိပ်တော်များ၊ ဆေးလုံးများနှင့် ဓါးပျံများကို သုံးကာ တိုက်ခိုက်လိုက်ရာ လျှပ်တစ်ပြက်အတွင်း မြွေခုနစ်ကောင်ကို သတ်ပစ်လိုက်နိုင်သည်။
အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသည်။ ဝမ်ပေါင်လဲ့သည် အလုံးစုံသုံးကာ တိုက်ခိုက်ခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။ ကျန်မြွေတစ်ကောင်က တိုက်ကွက်ကို ရှောင်ကာ ပါးစပ်မှ အော်မြည်လိုက်သည်။
အသံတစ်သံက တစ်တောလုံး ပျံ့လွင့်သွားသည်။ တိတ်ဆိတ်နေသော တောအုပ်ထဲတွင် ကလေးငိုသံကို အားလုံး ကြားလိုက်ရသည်။
အသံမှာ ကျယ်လွန်းလှပြီး အသံထွက်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ မျက်နှာထား ပိုမို တင်းမာသွားသည်။ သူကြောက်နေသည်မှာ မြွေများ မဟုတ်ဘဲ ၎င်းတို့၏ အော်သံများကို ကြောက်နေခြင်း ဖြစ်သည်။ ပုံရိပ်ယောင်နယ်မြေ စစ်ဆေးပွဲ၌ ဝမ်ပေါင်လဲ့သည် သူတို့အော်သံများမှာ အထူးကျယ်လောင်ကြောင်း သိခဲ့ပြီး ဖြစ်သည်။
“ သေစမ်း ”
ဝမ်ပေါင်လဲ့သည် ဓမ္မအဆောင်များနှင့် မြွေအသေများကို လျင်မြန်စွာ သိမ်းလိုက်သည်။ သူသည် နောက်ဆုံးတစ်ကောင်ကို သတ်ရန် အချိန်မရှိတော့ဘဲ တဟုန်ထိုး ပြေးထွက်လာခဲ့သည်။
တချိန်တည်းမှာပင် ပတ်ပတ်လည်မှ ဝတ်ရုံနက်များက မြွေအော်သံကို ကြားလိုက်ရပြီး သူတို့အားလုံး အသံကြားရာဘက် လှည့်လိုက်ကြသည်။ သူတို့အားလုံး အသွားကို စောင့်မနေဘဲ အကြီးအကဲက နှာမှုတ်ကာ ဆုံးဖြတ်လိုက်ပြီး ညာဘက်လက်ကို မြှောက်လိုက်ကာ အမိန့်ပေးရန် ပြင်လိုက်သည်။ ဤနေရာတစ်ဝိုက်ကို အသံထုတ်လွှင့်ခြင်းများ ပိတ်ဆို့ထားသော်လည်း ပြင်ပမှ ထုတ်လွှင့်ခြင်းများကိုသာ ပိတ်ထားခြင်း ဖြစ်သည်။ အဖွဲ့အတွင်း၌ သူတို့ချင်း အသံထုတ်လွှင့်ချက်များ ပေးပို့နိုင်သေးသည်။
“ သင်္ဘောပျံတွေ၊ အဲ့နားကို ဗုံးကြဲပစ်လိုက်”
အကြီးအကဲက ပြောရင်း နှာမှုတ်လိုက်သည်။ သူသည် ယခင်က ထိုသို့ မကြဲပစ်ခြင်းမှာ အသံကျယ်ကြီးက တိမ်ရေကန်မိုးသစ်တောထဲမှ သားရဲအားလုံး၏ အာရုံကို ဆွဲဆောင်မိမည် စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် သစ်တောထဲတွင် အချိန်အတော်လေး ကြာသွားပြီးနောက် ဝမ်ပေါင်လဲ့မှာလည်း ဖမ်းရန် မလွယ်သောကြောင့် ရဲတင်းစွာ စွန့်စားကြည့်လိုက်ခြင်း ဖြစ်သည်။
သူ ပြောပြီး မကြာမီမှာပင် သင်္ဘောပျံငါးစင်းက အဝေးမှ ပျံသန်းလာကြသည်။ ၎င်းတို့သည် လျင်မြန်စွာ ချဥ်းကပ်လိုက်ကြပြီး အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ အလင်းတန်းများမှာ ကြောက်မက်ဖွယ် ပူလောင်ပြီး ချက်ချင်းပင် ပေါက်ကွဲသွားကြပြီး ဟုန်ကူပိုင်ယင်မြွေအော်သံများ ထွက်လာခဲ့သည့် နေရာမှာ တစ်စစီ ဖြစ်သွားလေသည်။
ပေါက်ကွဲသံများမှာ ထိတ်လန့်စရာ ကောင်းလှသည်။ ပေါက်ကွဲသံများ ဆက်ထွက်လာပြီး မြေပြင်များ တုန်ဟီး၍ သစ်ပင်၊မြက်ပင်များ ဖွာခနဲ ဖြစ်သွားကာ ရွှံစေးများ နေရာအနှံ့ လွင့်စင်ကုန်လေသည်။ တရစပ်ဗုံးကြဲနေခြင်းကြောင့် ထိုနေရာတစ်ခုလုံး မွစာကြဲကာ ပျက်စီးသွားလေသည်။
ဝမ်ပေါင်လဲ့မှာ ပုန်းနေရာမှ ထွက်လာခဲ့ရသည်။ သူက သွေးများကို ထွေးထုတ်နေရပြီး ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီေနသည်။ သူထွက်လာသည်နှင့် တပြိုင်နက် အကြီးအကဲ၏မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားပြီး ကောင်းကင်ကိုမော့ကြည့်ကာ တဟားဟား ရယ်မောလိုက်သည်။ ထို့နောက် အလွန်မြန်သည့် အရှိန်ဖြင့် ဝမ်ပေါင်လဲ့ရှိရာ ပြေးထွက်သွားစဥ် သူ့ခန္ဓာကိုယ်မှ မျက်စိကျိန်းစေလောက်သည့် အလင်းတန်းတစ်ခု ထွက်နေသည်။
သူ၏အရှိန်မှာ မြန်လွန်းနေပြီး ဖွံ့ထွားသွေးကြော အထွတ်အထိပ်အဆင့် စွမ်းအားများ ပေါက်ကွဲ ထွက်လာသည်။ တစ်နေရာအရောက်တွင် သူက သွေးချီကို အထွတ်အထိပ်အထိ သန့်စင်ပြီးသွားပြီ ဖြစ်သည့်အပြင် ယခင်က ထူးဆန်းသောဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်ဖြစ်၍ သူ့ထံမှ အာနာပါနအဆင့် အငွေ့အသက်များ ထွက်ပေါ်နေသည်။
အမှန်တကယ် အာနာပါနအဆင့် မရောက်သေးသော်လည်း သူ့တိုက်ပွဲစွမ်းရည်မှာ ဖွံ့ထွားသွေးကြောအဆင့်၏ အထွတ်အထိပ်ကို သိသိသာသာ ကျော်တက်သွားလေသည်။
ဝမ်ပေါင်လဲ့မှာ ဒဏ်ရာအပြင်းအထန် ရထားပြီး အလင်းတန်း ဗုံးများကြောင့်လည်း အတော်လေး ထိခိုက်သွားသေးသည်။ သူက အသက်ကို မနည်းရှူနေရစဥ် အာနာပါနအဆင့်တစ်ပိုင်း အကြီးအကဲမှာ သူနှင့် နီးကပ်လာလေသည်။
အကြီးအကဲသည် နီးလာသည်နှင့် ညာလက်ကို မြှောက်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးမှ လေများကို ဆွဲယူလိုက်သည့်အလား လက်တစ်ခုလုံး ကြက်သွေးရောင် ပြောင်းသွားပြီး ချောက်ခြားဖွယ် အားတစ်ခုကို ထုတ်လွှတ်နေပြီး ဝမ်ပေါင်လဲ့ဆီ ဦးတည်ပျံသန်းသွားသည်။ သူ ဖြတ်သန်းလာသည့် လမ်းတလျှောက် ပတ်ဝန်းကျင်တစ်ခုလုံး မီးလောင်တိုက်သွင်းခံရသည့်အလားပင်။
“ သေစမ်း ”
သေခြင်းတရား နီးကပ်လာသည်တွင် ဝမ်ပေါင်လဲ့မှာ ထွက်ပြေး၍ မရနိုင်ကြောင်း နားလည်လက်ခံလိုက်သည်။ သူက သွေးရူးသွေးတန်း မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်ပြီး ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ သိုလှောင်လက်ပတ်ထဲမှ ဓမ္မအဆောင် တံဆိပ်တော်အားလုံး ထွက်လာသည်။
ဝမ်ပေါင်လဲ့က ၎င်းတို့ကို အသက်သွင်းလိုက်သည်ဖြစ်၍ ဓမ္မအဆောင်တစ်ခု၏ အလင်းရောင်မျိုး ထွက်ပေါ်လာပြီး ၎င်းတို့ကို ဝိညာဥ်ချီဖြင့် ဝန်းရံပြီးနောက် အကြီးအကဲထံ စေလွှတ်လိုက်သည်။
အခြားသူများဆိုလျှင် ထိုဓမ္မအဆောင်များကို ဖျက်ဆီးရဲမည် မဟုတ်ဘဲ နောက်ဆုတ်သွားကြမည် ဖြစ်သည်။ သို့သော် အကြီးအကဲသည် အဆောင်များကို အထင်သေးကာ မရပ်ဘဲ လက်အိတ်စွပ်ထားသည့် ညာဘက်လက်ကို အသုံးပြုကာ ပြင်းထန်စွာ ရိုက်ချလိုက်ရာ ချက်ချင်းပင် သူ့လက်အိတ်ထံမှ ပိုမိုကြီးမားသည့် စွမ်းအားလှိုင်း ထွက်ပေါ်လာသည်။
“ ပျက်စီးစမ်း ”
တဒင်္ဂအတွင်း လက်အိတ်ထံမှ မုန်တိုင်းအသေးစားတစ်ခု ပေါက်ကွဲထွက်လာပြီး ဝမ်ပေါင်လဲ့၏ ဓမ္မအဆောင်များဆီ ဦးတည်သွားသည်။ ပေါက်ကွဲမှုကြောင့် ဓမ္မအဆောင်တံဆိပ်တော်များမှ ကွဲအက်သည့် အသံများ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ အက်သွားကြသော်လည်း ကြေမွမသွားသေးပေ။ ကွဲသွားသည်မှာ ဓမ္မအဆောင်၏ အပြင်ဘက်အလွှာသာ ဖြစ်ပြီး ဝိညာဥ်အမြုတေများမှာ မပျက်စီးသွားကြပေ။ ထို့ပြင် ဓမ္မအဆောင် အကြွင်းအကျန်များက အကြီးအကဲ၏ လက်ဝါးမှ တရှိန်ရှိန်တောက်လောင်နေသည့် အပူကို ဟန့်တားချေဖျက်ပေးလိုက်သည်။
ဝုန်းခနဲ ပေါက်ကွဲမှုကြောင့် လက်ဝါးမှ အပူမှာ လျော့နည်းသွားသော်လည်း ဓမ္မအဆောင်များကို ဖြတ်သန်းသွားသေးသည်။ သို့သော် ဝမ်ပေါင်လဲ့ထံသို့ ကျရောက်သည့်အချိန်တွင် ထိုစွမ်းအား၏ လေးဆယ်ရာခိုင်နှုန်းခန့်သာ ကျန်တော့သည်။ ဝမ်ပေါင်လဲ့မှာ တာအိုဝတ်ရုံနှင့် သိုလှောင်လက်ပတ်၏ အကာအကွယ်တို့ကြောင့် သွေးများ အန်သော်လည်း ၎င်းစွမ်းအားကို အသုံးပြုကာ ရှေ့သို့ တဟုန်ထိုး ဆက်သွားလိုက်သည်။ တစ်ဆက်တည်း ဝတ်ရုံအောက်ထဲတွင် သူက ခရမ်းရောင်ဓါးကို ဆုပ်ကိုင်ထားလိုက်သည်။
ဤခရမ်းရောင်ဓါးမှာ သူ၏ဝှက်ဖဲဖြစ်ရာ သူ့အနေဖြင့် လွယ်လင့်တကူ ထုတ်ပြရန် မဖြစ်နိုင်ပေ။ ထိုသို့မဟုတ်ပါက တစ်ဖက်ရန်သူအနေဖြင့် ဤဓါးကို သတိထားနေမည် ဖြစ်သည်။ ဤဓါးကို သူသေကိုယ်သေတိုက်ကွက်မျိုးအတွက်သာ အသုံးပြုရန် သူ စဥ်းစားထားသည်။
“ တောက် ၊ သေစမ်း ”
အကြီးအကဲမှာ အံဩသွားသည်။ သူ့အမူအရာမှာ မယုံနိုင်ခြင်းနှင့် ဒေါသထွက်ခြင်းပေါင်းကာ ရှုံ့မဲ့နေသည်။ သူသည် ဝမ်ပေါင်လဲ့၏ လက်နက်များထဲတွင် ဤမျှ အရည်အသွေးမြင့်သော ဓမ္မအဆောင်မျိုး ရှိနေမည်ဟု အမှန်တကယ် မထင်ထားခဲ့ပေ။
ထိုခဏ၌ ဝတ်ရုံနက်များ အားလုံး ရောက်လာကြလေပြီ။ ဝမ်ပေါင်လဲ့မှာ ခေါင်းဆောင်၏ လက်ချက်ကြောင့် သွေးများ အန်နေသည်ကို မြင်ရလျှင် သူတို့မျက်လုံးများထဲတွင် သွေးဆာနေသည့် အရိပ်အယောင်များ ပေါ်လာပြီး နောက်မှ လိုက်ကြတော့သည်။
ထိုစဥ် မမျှော်လင့်သော ဖြစ်ရပ်တစ်ခု ဖြစ်ပျက်လာသည်။
ခြင်အော်သံ တဝီဝီ မြည်သံက ရုတ်တရက် တိမ်ရေကန်မိုးသစ်တောအတွင်း ထွက်ပေါ်လာသည်။ ထိုအော်သံက အဆက်မပြတ် လွင့်ပျံနေပြီး ကြားရသမျှ လူအားလုံးကို စိုးရိမ်ထိတ်လန့်သွားစေသည်။ တိမ်ရေကန်မိုးသစ်တောထဲမှ သားရဲများပင် မသိစိတ်မှ ကြောက်လန့်လာသည့်အလား တုန်ရီနေကြသည်။
ဝမ်ပေါင်လဲ့မှာလည်း အလန့်တကြား ဖြစ်သွားသည်။ သူ့နောက်မှ ဝတ်ရုံနက်များမှာလည်း မျက်နှာပျက်သွားကြသည်။
သစ်တောထဲမှ ခပ်လှမ်းလှမ်းတစ်နေရာမှ သတ္တဝါတစ်ကောင် ပျံထွက်လာသည်။ ယင်းမှာ ဆယ်ပေခန့် ရှည်လျားပြီး တောင်တန်းငယ်တစ်ခုအလား ထင်ရသည်။
ဧရာမခြင်ရိုင်းတစ်ကောင်ပင် …
ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ခြင်ကြီးဆီမှ ထွက်ပေါ်လာရာ လူတိုင်း ကြောက်လန့်တုန်လှုပ်သွားကြလေသည်။