Switch Mode

အပိုင်း (၉၆၇)

ရန်ဟောင်အမွေအနှစ်ကို မည်သူရယူမည်နည်း

ရုပ်တုကား နတ်ဘုရား ပြစ်ဒဏ်အောက်၌ အစိတ်စိတ် အပိုင်းပိုင်းဖြစ်ကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွား၏။

ပြည်နယ် ကိုးခုလုံး၌ ဟောင်စီကား သေးငယ်သော ဖြစ်တည်မှု တစ်ခုဖြစ်သည်။ သို့သော်လည်း သူကား ပြည်နယ်ကိုးခုမှ ရှန့်ထိုများ အားလုံးကို တားဆီးခဲ့သူဖြစ်၏။ သူ၏သေဆုံးခြင်းက ဟောင်စီ၏ နာမည်အား ပြည်နယ် တစ်ခုလုံး သိစေသည်။

ထိုအချိန်တွင် မြေရိုင်းပြည်နယ်မှ လူများအားလုံး ရောက်နေခဲ့ကြသည်။ ဓားမိစ္ဆာ၊ ကျူးကော့ချန်းဖန်၊ ယူစီ၊ စုရှမ်းနှင့် တခြားလူများ အားလုံး ဟောင်စီနှင့်အတူ ပျောက်ကွယ် သွားသော ရုပ်တုအား ကြည့်ကြသည်။ သူတို့အားလုံး သက်ပြင်းများ ချမိကြ၏။

အတိတ်တွင် ဟောင်စီကား ကောင်းကင်မြေရိုင်း အဆင့်၌ နံပါတ်(၅)ချိတ်ကာ ထောင်ကျန်း၊ ယူစီနှင့် စုရှမ်းတို့ နောက်မှ အစဉ်အတိုင်း လိုက်ပါကြသည်။ ယခင် နေ့ရက်ဟောင်းများကို အတူတူ ကျော်ဖြတ်ခဲ့ကြကာ တော်ဝင်ကျဲ နန်းတော်၌ လေ့ကျင့်ခဲ့ကြသည်။ ထောင်ကျန်းကား ရှန့်ထိုအဆင့်သို့ တက်လှမ်းကာ သူ၏အိပ်မက်အား ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ ယခု ဟောင်စီလည်း သူ၏ကိုယ်ပိုင် နတ်ဘုရား ပြစ်ဒဏ်အား ဆင့်ခေါ်နိုင်ခဲ့သော်လည်း ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့။

ဟောင်စီသည် တည်ငြိမ်စွာ ထွက်သွားခဲ့သည်ကို သူတို့အားလုံး သိကြသည်။ သူ၏သား ဟောင်ကျူဂီသည် ရန်ဟောင် အမွေအနှစ်ကို ဆက်ခံရရှိခဲ့ကာ သူကိုယ်တိုင်ကလည်း နတ်ဘုရား ပြစ်ဒဏ်အား ဆင့်ခေါ်နိုင်ခဲ့သည်။ သူ့တွင် နောင်တမရှိဘဲ ဘဝကူး သွားခဲ့သည်ဟု ဆိုနိုင်ပေသည်။

“အဘိုးကြီး … ငြိမ်းငြိမ်းချမ်းချမ်း သွားပါ…” သူတို့အားလုံး ရင်ထဲမှ ပြောမိကြသည်။ ရီဖူရှင်းနှင့် ဟောင်ကျူဂီတို့ ဘက်ကို လှမ်းကြည့်ကာ သူတို့အားလုံး ကျေနပ်ကြရသည်။ လူငယ်များကား သူတို့ကို တဖြည်းဖြည်း မီလာပြီ ဖြစ်ကာ မကြာခင် သူတို့နေရာ၌ အစားထိုးတော့မည် ဖြစ်သည်။

ရှေးနန်းတော်ရာကား ပြိုလဲပြီးဖြစ်ကာ ကောင်းကင်နှင့် မြေပြင်မှာလည်း ကြည်လင် သန့်စင်လာခဲ့ပြီဖြစ်သည်။ လတ်ဆတ်သော လေညင်းများ တသွင်သွင် တိုက်ခတ်နေ၏။ ကောင်းကင်ထက်မှ အရိပ်သဏ္ဌာန်များ ပျံသန်းလာခဲ့၏။ ထိုသူများမှာ ဟောင်ကျူဂီထံသို့ ပျံသန်းလာသော ရှန့်ထိုများ ဖြစ်ကြသည်။

မင်းသမီးနောက်မှ လိုက်ပါလာသော ရှန့်ထိုများက သူမ၏ဘေးနားသို့ ရောက်လာကြကာ သူတို့၏ မျက်လုံးများ ရီဖူရှင်းထံသို့ အေးစက်စွာ ရောက်လာကြသည်။ သည်အကောင်ကား မင်းသမီးကို တားဆီးရဲ၏။

ဟောင်ကျူဂီကား တခြားလူများကို မမြင်သည့်အလား ဟောင်စီ ပျောက်ကွယ်သွားရာ နေရာသို့ ရောက်လာခဲ့၏။ ဟောင်စီကား အငွေ့အသက်များ အနေဖြင့်ပင် မကျန်ရစ်တော့။

ရီဖူရှင်း သူ့ဘေးနားသို့ လျှောက်လာခဲ့ကာ တိတ်ဆိတ်စွာ ရပ်သည်။ သူသည်လည်း ဟောင်ကျူဂီ၏ ရင်ထဲမှ နာကျင်မှုများအား ခံစားမိသည်။

ယခု မြေရိုင်း ပြည်နယ်တစ်ခွင် နာမည်ကျော်ကြားသော အဘိုးအိုကား ထွက်သွားပြီဖြစ်သည်။

ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များ အားလုံးက လှုပ်ရှားလိုကြသော်လည်း မင်းသမီးက ဘာမှ မပြောသေးရာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ရန်ဟောင် အမွေအနှစ်မှာ ရှားရှင်းယွန် ပိုင်သင့်ပေသည်။ သူမ၏ သဘောထားမပါဘဲ မည်သူမှ မထိရဲပေ။

ရှန့်ထိုရှားသည်လည်း လူအုပ်ထဲတွင် ရှိနေသည်။ သူ၏မျက်လုံးများမှာ ရှားရှင်းယွန်ထံသို့ ရောက်လာ၏။ သူမက ရီဖူရှင်းအား ကြည့်နေသည်ကိုမြင်လျှင် ရီဖူရှင်းအတွက် ချွေးစေးများ ပြန်မိသည်။ သည်ခွေးကောင်ကား အမှန်ပင် မင်းသမီးနှင့် ယှဉ်ပြိုင်ရဲသည်။

“တော်ဝင်မြေတွေ အကြားက တိုက်ပွဲတွေမှာ အဖေချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ လိုလိမ့်မယ်” ရှားရှင်းယွန်က ပြောသည်။

မရေမတွက်နိုင်သော လူများမှာ မင်းသမီးအား ကြည့်ကြသည်။ သူမက ရန်ဟောင် အမွေအနှစ်အား ချန်ထားရစ်ခဲ့သည်ဟု ဆိုလိုသည်လား။

ရှားရှင်းယွန်ကား လူအများ မည်သို့ တွေးနေသည်ကို ဂရုမစိုက်ပေ။ သူမ၏ မျက်လုံးများက လီယောင်ထံသို့ ရောက်လာကာ ပြောသည် … “ရန်ဟောင်အမွေအနှစ်က ပိုင်ရှင်တွေ့သွားပြီ ဆိုတော့ ရှင်ပြန်ဖို့ သင့်ပြီ…”

လီယောင်က ပြုံးလျက် ပြောသည် … “မင်းသမီးက သိပ်ပြီးတော့ ဖော်ရွေမှု မရှိဘူး…။ ကျုပ်က အင်ပါယာရှားဘုံအတွင်း ခရီးအချို့သွားဖို့ တွေးထားတယ်…”

သူက လက်ဝှေ့ယမ်းကာ သူ့လူများအား ခေါ်လျက် ထွက်သွားသည်။

သူတို့သည်လည်း နန်းတော်ရာ အတွင်းသို့ ဝင်ရောက် ရှာဖွေခဲ့သော်လည်း အမွေအနှစ်ကား တခြားလူ တစ်ယောက် ပိုင်ဆိုင်ခဲ့၏။ သည်နေရာမှာ အင်ပါယာ ရှားဘုံဖြစ်ရာ သူ့တွင် တခြား ရွေးချယ်စရာ မရှိပေ။ သူက တခြားနည်းလမ်းများ သုံးခဲ့ပါကလည်း အင်ပါယာရှား ခွင့်ပြုမည်မဟုတ်ပေ။

“သွားရအောင် … ” ရှားရှင်းယွန်က ပြောကာ သူမလူများအား ခေါ်လျက် ထွက်သွားသည်။ အထက်ဘုံမှ လူများစွာကလည်း ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ ထွက်သွားကြသည်။

မကြာမှီ ထိုနေရာ၌ ပြည်နယ်ကိုးခုမှ လူများသာ ကျန်ရစ်သည်။

ရှားရှင်းယွန် ထွက်သွားသော်လည်း သည်နေရာမှာ ပိုမို၍ တင်းကျပ် လာသည်ဟု ခံစားကြရသည်။ မည်သူမှ စကားမပြော ကြသော်လည်း အားလုံးမှာ အတွေးများ ခေါင်းထဲတွင် ပြေးလွှားနေကြသည်။

ရှားရှင်းယွန် ထွက်သွားပြီးပြီဖြစ်ရာ မကြာခင် သည်နေရာ၌ သွေးချောင်း စီးတော့မည့် လက္ခဏာဖြစ်သည်။ အားလုံးက ရှန့်ထို အမွေအနှစ်အတွက် တိုက်ခိုက်ကြပေလိမ့်မည်။

ရီဖူရှင်းသာ အမွေအနှစ်အား ထိန်းသိမ်းရန် ကြိုးစားပါက တော်ဝင်ကျဲ နန်းတော်မှ လူများအားလုံးမှာ အဆုံးသတ် သွားပေလိမ့်မည်။

မည်သူက ပြည်နယ်ကိုးခုမှ တော်ဝင်မြေများ အားလုံးကို ရင်ဆိုင်နိုင်မည်နည်း။

“ကျောက်ပြည်ထောင်ဘုရင် … ခင်ဗျား လွဲသွားခဲ့တယ်…” ရှီဟွာတောင်ရှန့်ထိုက ကျောက်ကျိမင်အား မေးသည်။

ကျောက်ပြည်ထောင် ဘုရင်၏ လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသော မျက်လုံးများမှာ ရီဖူရှင်းထံသို့ ရောက်လာသည်။

နန်းတော်ရာ အတွင်း၌ ဖြစ်ခဲ့သည်များအား သူမပြောပေ။ မှန်နန်းတော် သခင်မအား ရီဖူရှင်း ပြုမူခဲ့သည်များကား သူက ပို၍ပင် မပြောလိုပေ။

ရီဖူရှင်းသည် မင်းသမီးကိုပင် အနိုင်ယူနိုင်စွမ်းသည်ကိုလည်း မပြောပေ။ ထိုသို့ ထုတ်ပြောခြင်းက ယွီကလန်ကဲ့သို့ တော်ဝင်ကျဲနန်းတော်နှင့် မဟာမိတ်ပြုလိုသော အဖွဲ့အစည်းများ ထပ်မံပေါ်ပေါက် လာနိုင်၏။

ယခု ဟောင်ကျူဂီသည် ရန်ဟောင် အမွေအနှစ်အား ရရှိခဲ့ကာ ရီဖူရှင်းက ထိုအရာအား ထိန်းသိမ်းလိုသည်။ သူ မည်မျှ အားကောင်းပါစေ မကြာမီ သေရပေမည်။

ရီဖူရှင်း၏ စိတ်နေသဘောထားဖြင့် သူကား ရန်ဟောင် အမွေအနှစ်ကို မည်သည့်နည်းနှင့်မျှ လက်လွှတ်မည် မဟုတ်ပေ။

“မင်းသမီးစကားတွေက ရှင်းလင်းနေပြီးပြီ။ ခင်ဗျားတို့က ဘယ်လိုပဲ တိုက်ခိုက်ပါစေ အင်ပါယာရှား ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။ မလိုက်နာရင် ကျုပ်ကို အဆိုးမဆိုနဲ့…” ရှန့်ထိုရှားက ရုတ်တရက် ပြောကာ အားလုံးကို အံ့အားသင့်စေသည်။

ပြည်နယ်ကိုးခု၏ ခေါင်းဆောင် အဘိုးအိုကား အမြဲတမ်းအားဖြင့် ညင်သာ သိမ်မွေ့သူကား တခြားအရာများအတွက် တိုက်ခိုက်ရန် မလိုပေ။ သူကိုယ်တိုင်ကား ပြည်နယ်ကိုးခု၏ အမြင့်ဆုံး၌ ရပ်နေနိုင်သည်။

သူပြောသော စကား၏ နောက်ကွယ်၌ ဘာရှိနေသနည်း။

အနည်းဆုံး သူသည်လည်း ရန်ဟောင် အမွေအနှစ်အတွက် မတိုက်ခိုက်တော့ဟု ဆိုလိုသည်။

“ကောင်းခြင်း ဆိုးခြင်းဆိုတာ ဒွန်တွဲနေတတ်တယ် … ဒီအတွက် မတိုက်ခိုက်နဲ့…” ပြည်နယ်ကိုးခု ကျောင်းတော်မှ ရှန့်ထိုလီပြောလျှင် ကျောင်းတော်သားများက ခေါင်းညိတ်ကာ ရှန့်ထိုလီဘေးသို့ ရောက်လာကြပြီး အခြေအနေကို တိတ်ဆိတ်စွာ ကြည့်ကြသည်။

ရန်ဟောင် အမွေအနှစ်ကား ပိုင်ဆိုင်သူအတွက် ကိုင်တွယ်ရန် ပူလောင် လွန်းပေသည်။

ပြည်နယ်ကိုးခုမှ အင်အား အကြီးဆုံးနှစ်ဖွဲ့ နောက်ဆုတ်သွားလျှင် လက်ရှိတွင် ရှန့်ထိုကျိ အင်အား အကြီးဆုံးဖြစ်လာသည်။

ရှန့်ထိုကျိကား ဟောင်စီကြောင့် သေမလိုဖြစ်ခဲ့ကာ ကျိမိုမှာလည်း တော်ဝင်ကျဲ နန်းတော်ကြောင့် အသတ်ခံခဲ့ရ၏။ သူက မည်သည့် နည်းနှင့်မျှ တော်ဝင်ကျဲ နန်းတော်ကို အလွတ်ပေးမည် မဟုတ်ပေ။

ထိုအခိုက်တွင် ရှန့်ထိုကျိ၏ မျက်လုံးများက တခြား အင်အားစုများထံသို့ ရောက်လာကာ ဟောင်ကျူဂီကို လက်ညှိုးထိုးလျက်ပြောသည်။

“လူက တစ်ယောက်တည်း.. ကျုပ်တို့ ဘယ်လို တိုက်ခိုက်မလဲ…”

ရှန့်ထိုကျိ ပြောလိုသည်ကို အားလုံး နားလည်ကြသည်။ ရှန့်ထိုကျိကဲ့သို့ အားကောင်းသူပင် အင်အားစုတိုင်းကို ရင်မဆိုင်နိုင်ပေ။ အခြေအနေက အနည်းငယ် ရှုပ်ထွေးပေသည်။

“ရှန့်ထိုကျိမှာ ဘယ်လို အတွေးမျိုးရှိလဲ”

ယိကလန် ခေါင်းဆောင်က တခြားလူများ မည်သို့တွေးမည်ကို ဂရုမစိုက်ဘဲ မေးသည်။ သူကား တော်ဝင်ကျဲ နန်းတော်မှ လူများ မည်သို့ တွေးမည်ကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

ယခုတွင် တော်ဝင်ကျဲ နန်းတော်မှ မည်သူတို့ အသက်ရှင်လျက် ထွက်သွားနိုင်မည်နည်း။

ရီဖူရှင်းက ဟောင်ကျူဂီကို ထုတ်ပေးလျှင်ပင် ရှန့်ထိုကျိက ကျိမိုကို သတ်ဖြတ်ခဲ့သော အင်အားစုအား ခွင့်လွှတ်မည် မဟုတ်ပေ။

တော်ဝင်အလင်း နန်းတော်မှ မြေရိုင်းပြည်နယ်အား ဖိနှိပ်လျှင် ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့ မည်သို့ ထိုအခွင့်အရေးအား လက်လွှတ်မည်နည်း။

ယွီကလန်ကရော တော်ဝင်ကျဲ နန်းတော်အား ဝင်ကူညီရဲပါမည်လား။

“စိတ်ဝင်စားတဲ့ တော်ဝင်မြေတွေက လူတစ်ယောက်စီ လွှတ်ပြီးတော့ သူ့ကို သတ်နိုင်တဲ့သူက ရမယ် … ဘယ်လိုလဲ…” ရှန့်ထိုကျိက ဟောင်ကျူဂီကို လက်ညှိုးထိုးကာ ပြောသည်။

“သူ့မှာ ရန်ဟောင် အမွေအနှစ်ရှိတယ်  … ခင်ဗျားက သူ့ကို တကယ် သတ်ချင်တာလား…” ယိကလန် ခေါင်းဆောင်က မေးသည်။

လူအများအပြားက ခေါင်းညိတ် ထောက်ခံကြသည်။ ဟောင်ကျူဂီအား သူတို့က အသက်ရှင်လျက်ဖြင့်သာ လိုချင်ကြသည်။

“ဒါဆို သူ့ကိုရော … ” ရှန့်ထိုကျိက ရီဖူရှင်းအား လက်ညှိုး ထိုးပြပြန်သည်။

ရီဖူရှင်းအား သတ်နိုင်သူ ဟောင်ကျူဂီအား ရမည်။

တော်ဝင်မြေများ အားလုံး တိတ်ဆိတ် နေကြသည်။ ရှန့်ထိုကျိ၏ စကားနောက်ကွယ်မှ အကြံများကို သူတို့ခန့်မှန်းနေကြသည်။

မည်သို့ဆိုစေ စည်းကမ်းက ရှန့်ထိုကျိအား အလေးသာစေသည်။ အားလုံးက ပြည်နယ်ကိုးခု ရှီအဆင့်တွင် နံပါတ်(၂)နေရာ၌ ရှိသော ကျိရာအား သိကြသည်။ တော်ဝင်မြေများ အားလုံးက ပါဝင်တိုက်ခိုက် ကြမည်ဆိုပါက ရီဖူရှင်းအား ကျိရာက သတ်ရန် အလွန်လွယ်ကူပေမည်။

တစ်စုံတစ်ယောက်က ရီဖူရှင်းအား သတ်ဖြတ်နိုင်ခဲ့သည် ဆိုလျှင်ပင် တော်ဝင်မြေများက ဟောင်ကျူဂီအား လက်လွှတ်နိုင်ပါမည်လား။

ထိုအခိုက်တွင် လူအုပ်ထဲမှ ရီဖူရှင်းက လေထဲတွင် ရပ်နေသော ရှန့်ထိုကျိအား ကြည့်သည်။

သူနှင့် ဟောင်ကျူဂီတို့အား သူက ဘာထင်နေသနည်း။ သူ၏စစ်တုရင် နယ်ရုပ်များ အနေဖြင့်လား။

ယနေ့ ရန်ဟောင်အမွေအနှစ်အား မည်သူတို့ လာယူမည်ကို သူကြည့်လိုသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset