Switch Mode

အခန်း ( ၆၃ )

ချောင်ပိတ်မိသွားသော သားရဲအား သတ်ဖြတ်ရှင်းလင်းခြင်း

မိုးသစ်တောထဲရှိ မြေကြီးမှာ စိုထိုင်းကာ ရွှံ့ညွန်များ ထူထပ်နေ၏။ တစ်ပေနီးပါးခန့် ရှည်လျားသော ကင်းခြေများများနှင့် မရေမတွက်နိုင်လောက်အောင် များပြားသော အဆိပ်ပြင်း မြွေအမျိုးအစားပေါင်းများစွာလည်း ရှိနေကြသည်။ ထို့အပြင် ထိုတောနက်ကြီးထဲတွင် ခိုအောင်းနေကြသည့် သားရဲကြီးများလည်း ရှိနေကြသေးသည်။

ထိုသစ်တော၏အစွန်းအဖျားတွင် ရောက်နေလျှင်တောင် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အလွန် ကြောက်ရွံ့ထိတ်လန့်စရာကောင်းနေမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသစ်တော၏ အတွင်းပိုင်းထဲအထိ မဝင်ရသေးပါသော်လည်း ဝင်ခွင့်စာမေးပွဲအတွင်း သူ ကြုံတွေ့ခဲ့ရသော ပုံရိပ်ယောင်နယ်မြေမှာ ဤသစ်တောကြီးကို မှီငြမ်းတုပထားသည် ဖြစ်ပြီး အသေးစိတ်များစွာအထိ အတိအကျ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က ထိုမိုးသစ်တောကြီးနှင့် အကျွမ်းတဝင် ရှိနေသည်ဟုပင် ဆိုနိုင်သည်။

လက်ရှိတွင်မူ သူသည် ရွှံ့များထဲတွင် နစ်နေ၏။ သူသည် ပါးစပ်ထဲတွင် အဆိပ်ဖြေဆေးလုံးတစ်လုံး ငုံထားပြီး မလှုပ်မယှက်ရပ်ကာ ရွှံ့ထဲတွင် ခံစားနေရသည့် မအီမလည် ခံစားချက်များကို သည်းခံနေရသည်။ သူ၏ မျက်လုံးတစ်ဖက်နှင့် နှာခေါင်းပေါက်တို့သာ အပြင်ဘက်တွင်ရှိနေပြီး သူသည် ထိုမျက်လုံးကိုမှေးကာ အခြေအနေများကို အကဲခတ်နေ၏။

တခဏအကြာတွင် ဝမ်ပေါင်လဲ့၏ နှလုံးခုန်သံမှာ စတင်မြန်ဆန်လာတော့သည်။ ဝတ်ရုံနက်လူကြီးတစ်ယောက် သူ၏ရှေ့တွင် ပေါ်လာ၏။ သူသည် အလွန် မြန်ဆန်ပြီး လက်ထဲတွင် ဓမ္မအဆောင်တစ်ခုကို ကိုင်ကာ ပြေးလွှားရင်း စူးစမ်းရှာဖွေနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုလူကြီး၏ လက်ထဲမှ ဓမ္မအဆောင်ကို မြင်လိုက်ရသောအခါ မျက်လုံးများမှေးသွား၏။ သူသည် ၎င်း၏ အလုပ်လုပ်ပုံကို မသိပါသော်လည်း ဓမ္မလက်နက်ဌာန၏ ကျောင်းသားတစ်ယောက် ဖြစ်နေသည့်အပြင် သုံးထပ်ကွမ်း ကျောင်းသားခေါင်းဆောင်လည်း ဖြစ်နေသောကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်ကိုကြည့်၍ ၎င်းမှာ ရွေ့လျားမှုများကို အာရုံခဲ့နိုင်သည့် ရှာဖွေရေးဓမ္မအဆောင်တစ်ခုဖြစ်ကြောင်း သိလိုက်သည်။

လူတစ်ယောက်မှာ ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်ရှိသွားပါက သူ၏ ခန္ဓာကိုယ်အား ချုပ်နှောင်ပိတ်လှောင်နိုင်စွမ်း ရှိသွားသည် မဟုတ်ပါလော။ ထို့ကြောင့် အပူချိန်ကို အာရုံခံ၍ ရှာဖွေသည့် နည်းလမ်းများအားလုံး ထိုအချိန်တွင် အသုံးဝင်တော့မည် မဟုတ်ပေ။ ထိုအခြေအနေမျိုးတွင် ရွေ့လျားမှုများကို အာရုံခံ၍ ရှာဖွေနိုင်စွမ်းရှိသော ဓမ္မအဆောင်များသာ အသုံးဝင်တော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုဓမ္မအဆောင်ကို မြင်လိုက်ရသည်နှင့် တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော် သူသည် တွေးတောနေရန် အချိန်မရှိသောကြောင့် ရွှံ့အိုင်ထဲမှ ဝုန်းခနဲ ပျံထွက်လာ၏။ ထိုကဲ့သို့ သူ ထွက်ပေါ်လာသည့်အချိန်တွင် သူ၏ တည်နေရာကို သိရှိသေးပုံမပေါ်သော ဝတ်ရုံနက်လူကြီးမှာ ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ဝမ်ပေါင်လဲ့ ရှိနေခဲ့သောနေရာသို့ ဦးတည်ရွေ့လျားသွား၏။

ထိုအခါ ဝမ်ပေါင်လဲ့ ပုန်းနေခဲ့သောနေရာမှာ အုန်းခနဲမြည်ကာ ပေါက်ကွဲသွားပြီး ရွှံ့များမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြသည်။ အကယ်၍ သူသာ အနည်းငယ်ခန့် နှေးကွေးနေခဲ့မည်ဆိုပါက ဒဏ်ရာအပြင်းအထန် ရသွားမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လက်မတင်လေး လွတ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏မျက်လုံးများထဲတွင် စိုးထိတ်နေသည့် အမူအရာများ ပေါ်လာပြီး သူသည် နောက်သို့လှည့်ကာ ထွက်ပြေးသွားတော့သည်။

” ဝမ်ပေါင်လဲ့ ”
ဝမ်ပေါင်လဲ့မှာ သူ၏တိုက်ကွက်မှ လွတ်မြောက်သွားသည်ကို မြင်လိုက်ရသောအခါ ထိုလူကြီးက လှောင်ပြုံးပြုံးလိုက်ပြီး ထွက်ပြေးနေသော ဝမ်ပေါင်လဲ့နောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လိုက်လာ၏။ သူသည် ဖွံ့ထွားသွေးကြောအဆင့် စွမ်းအားများကို ထုတ်လွှတ်လိုက်သောအခါ သူ၏ အမြန်နှုန်းမှာ တစ်မုဟုတ်ချင်း ထိုးတက်သွားသဖြင့် ချက်ချင်းပင် ဝမ်ပေါင်လဲ့အား လိုက်မီသွား၏။ ထို့နောက် သူသည် ညာလက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့အား လှမ်းဆွဲရန် ပြင်လိုက်သည်။

သို့သော် သူ ဝမ်ပေါင်လဲ့ကို လိုက်မီသွားသည့် အချိန်မှာပင် ဝမ်ပေါင်လဲ့၏နောက်တွင် အံ့သြဖွယ်ကောင်းသော စုပ်အားတစ်မျိုး ရုတ်တရက် ပေါ်ထွက်လာ၏။ ထိုစုပ်အားမှာ အလွန် အစွမ်းထက်လှသောကြောင့် ထိုဝတ်ရုံနက်လူကြီး၏ အမူအရာမှာ ပြောင်းလဲသွားပြီး ရှေ့ဘက်သို့ ဆွဲငင်ခံလိုက်ရသဖြင့် ဒယိမ်းဒယိုင် ဖြစ်သွားရသည်။

သူသည် ရှေ့သို့ ခြေတစ်လှမ်းသာ ဆွဲငင်ခံလိုက်ရပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ လုံလောက်ပေသည်။ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို ရွေ့လျားသွားပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း အကြောက်တရားများ ရှိမနေတော့ပေ။ ထိုကြောက်စိတ်များ၏နေရာတွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် အမဲလိုက်ခံခဲ့ရသော လူတစ်ယောက်တစ်၏ သတ်ဖြတ်လိုစိတ်များက အစားထိုးသွားပြီ ဖြစ်သည်။

” ခင်ဗျားက ကျုပ်ကိုသတ်ချင်တယ်ပေါ့ ဟုတ်လား။ ခင်ဗျားကို အရှင်မထားဘူး ”

ဝမ်ပေါင်လဲ့သည် ထိုကဲ့သို့အော်ဟစ်ကာ ညာလက်ကို ရုတ်တရက်မြှောက်လိုက်၏။ ဝတ်ရုံနက်လူကြီးမှာ စုပ်အားထဲတွင် ပိတ်မိနေသဖြင့် သူ၏ ခန္ဓာကိုယ်မှာ မတည်မငြိမ်ဖြစ်နေရသည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က ထိုလူကြီး၏ လက်ကောက်ဝတ်ကိုလှမ်း၍ ဖမ်းဆုပ်လိုက်ပြီး ဂျွတ်ခနဲမြည်အောင် လိမ်ချိုးလိုက်သဖြင့် အရိုးများ ကျိုးသွားရတော့သည်။

ဝတ်ရုံနက်လူကြီးမှာ မအော်ဟစ်နိုင်ခင် ဝမ်ပေါင်လဲ့မှာ အခွင့်အရေးကို ကောင်းကောင်းအသုံးချကာ ထိုလူကြီး၏ နောက်ဘက်သို့ ရောက်သွားပြီး သူ၏ ပါးစပ်ကို လက်ဖြင့်အုပ်လိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သွေးကြောကြီးများ ထောင်မတ်လာကာ အသက်ရှူသံများ မြန်ဆန်လာပြီးနောက် ထိုလူကြီး၏ လည်ပင်းကို ရက်စက်ကြမ်းကြုတ်စွာ လိမ်ချိုးပစ်လိုက်တော့သည်။

ထိုအခါ နောက်ထပ် ဂျွတ်ခနဲ မြည်သံတစ်သံ ထပ်၍ ပေါ်ထွက်လာပြီး ထိုလူကြီးမှာ မျက်လုံးများပြူးသွားကာ ခန္ဓာကိုယ်တခုလုံး အပြင်းအထန် တုန်ရီသွားပြီးမှ ငြိမ်ကျသွားတော့သည်။

ဘေးပတ်ဝန်းကျင်မှာမူ တိတ်ဆိတ်ငြိမ်သက်သွား၏။ ဝမ်ပေါင်လဲ့၏ လေးလံသော အသက်ရှူသံများကိုသာ ကြားနေရ၏။ ဝမ်ပေါင်လဲ့မှာ ထိုလူကြီး၏ လည်ပင်းကို လိမ်ချိုးလိုက်ပြီး ဖြစ်သော်လည်း သူ၏ ပါးစပ်ကိုမူ လက်ဖြင့် အုပ်ထားဆဲဖြစ်ပြီး အသက်ရှူကြိမ်ဆယ်ကြိမ်ကျော် ကုန်ဆုံးသွားသောအခါမှသာ လက်ထဲမှ လွှတ်ပေးလိုက်၏။ သူ၏ မျက်နှာမှာ ဖြူဆွတ်နေပြီဖြစ်ပြီး သူသည် အသက်မပါသော အကြည့်များဖြင့် ထိုဝတ်ရုံနက်လူကြီး၏ ရုပ်အလောင်းကို စိုက်ကြည့်နေမိတော့သည်။

” ငါ လူတစ်ယောက်ကို သတ်လိုက်မိပြီ ”
ဝမ်ပေါင်လဲ့မှာ တိုးတိုးလေးရေရွတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ စတင်တုန်ရီလာတော့သည်။ သို့သော် သူသည် သွေးထွက်သံယို အတွေ့အကြုံတစ်ခုကို ကြုံလိုက်ရပြီ ဖြစ်သောကြောင့် သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း ပေါ်ပေါက်လာ၏။ ထိုသတ်ဖြတ်လိုစိတ်မှာ ယခင်က သူ၏ရက်စက်ကြမ်းကြုတ်မှုများနှင့် မတူညီပေ။ တိတိကျကျ ဆိုရမည်ဆိုလျှင် သူ၏ ရက်စက်ကြမ်းကြုတ်မှုများမှာ လူငယ်တစ်ယောက်၏ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ခဲ့၏။ ယခုမှာမူ ၎င်းနှင့် လုံးဝ မတူညီတော့ပေ။

အချိန်အတော်အတန်ကြာပြီးမှ သူသည် ခေါင်းမော့လာ၏။ မှောင်မိုက်နေသည့် သစ်တောကြီးထဲတွင် သူ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပနေသောကြောင့် သူ၏ အမူအရာမှာ အန္တရာယ်အပြည့်ရှိသည့်ပုံ ပေါ်နေ၏။ ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် ဆိတ်ငြိမ်နေပြီးမှ ထိုလူကြီး၏ ပစ္စည်းများကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ရှာဖွေရေး အဝိုင်းပြားကို ကြည့်လိုက်သည်။ ၎င်းမှာ မည်းနက်နေ၏။ ထို့ကြောင့် အထူးနည်းလမ်းများဖြင့်သာ ၎င်းကို ဖွင့်နိုင်မည်ဖြစ်ပြီး သာမန်လူတစ်ယောက်မှာ ၎င်းအား အသုံးပြုနိုင်မည် မဟုတ်ကြောင်း ထင်ရှားမြင်နိုင်ပေသည်။

ထိုအထူးနည်းလမ်းတချို့မှာ လက်ဗွေရာနှင့် မျက်လုံးပုံစံများကို အသုံးပြုကြသည်ဖြစ်ပြီး တချို့မှာမူ သွေးနံ့နှင့် ဝိညာဉ်ချီ အတက်အကျများကို အာရုံခံရခြင်း ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက်စကားလုံး တစ်ခုကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ ထိုရှာဖွေရေး ဓမ္မအဆောင်ကိုကြည့်ရင်း မျက်လုံးများမှေးသွား၏။ သူသည် ၎င်းအား သူ၏ သိုလှောင်လက်ကောက်ထဲတွင် သိမ်းဆည်းလိုက်ပြီးနောက် ဓမ္မအဆောင် ခုနစ်ခု၊ ရှစ်ခုခန့်ကို ထုတ်ယူကာ ၎င်းတို့ကို ထိုအလောင်း၏ အဝတ်အစားများထဲတွင် ထည့်ထားလိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှတွေးတောလိုက်ပြီး ဘေးပတ်ပတ်လည်ရှိ ရွှံ့အိုင်များထဲတွင် ဓားပျံအနည်းငယ်ဝှက်ကာ ချိတ်ဆက်နိုင်စေရန်အတွက် ကမ္ဗည်းစာလုံးအချို့ကို လိုသလို ပြောင်းလဲလိုက်သည်။ ထို့နောက် သူသည် ထို‌နေရာမှ ထွက်ခွာလာကာ ဘေးနားတစ်ဝိုက်ရှိ ချုံနွယ်ပိတ်ပေါင်းများထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

သိပ်မကြာခင် ဝတ်ရုံနက်လူကြီးသုံးယောက် အလျင်စလို ရောက်ရှိလာ၏။ သူတို့က ရောက်လာသည်နှင့် တစ်ပြိုင်နက် သေဆုံးနေပြီဖြစ်သော သူတို့၏ မိတ်ဆွေကို မြင်လိုက်ရသဖြင့် သူတို့၏ အမူအရာများမှာ ပြောင်းလဲသွားသည်။ ထို့ကြောင့် သူတို့သည် သတိကြီးကြီးထား၍ ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးလိုက်၏။ ဝမ်ပေါင်လဲ့၏ အရိပ်အယောင်တစ်ခုပင် ရှိမနေတော့ကြောင်း သေချာသွားသည့်အခါမှသာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အမူအရာများဖြင့် ထိုအလောင်းနားသို့ ချဉ်းကပ်လာပြီး မည်သည့်ဒဏ်ရာကြောင့် သေဆုံးသွားရခြင်းဖြစ်ကြောင်း စစ်ဆေးရန် ပြင်လိုက်၏။

သို့သော် သူတို့ထဲမှတစ်ယောက်မှာ အလွန် သတိကြီး၏။ သူသည် သူ၏ မိတ်ဆွေများကို တားလိုက်ပြီး ညာလက်ကိုမြှောက်ကာ လေပြင်းတစ်ချက်ကို ထုတ်လွှတ်လိုက်၏။ ထို လေပြင်းမှာ အလောင်းပေါ်ရှိ အဝတ်အစားများကို လွင့်စင်သွားအောင် တိုက်ထုတ်ပစ်လိုက်သဖြင့် ရဲရဲနီသော ဓမ္မအဆောင်တံဆိပ်တော်တချို့ ပေါ်လာ၏။

ထို လေပြင်း၏ တိုက်ခတ်မှု အရှိန်ကြောင့် ထိုတံဆိပ်တော်များမှာ ရုတ်တရက် ပေါက်ကွဲသွားကြသဖြင့် ထိုပေါက်ကွဲမှုဒဏ်ကြောင့် အလောင်းကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရတော့သည်။

” တော်တော်ကို ရက်စက်လှပါလား ”

” ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တကယ်ကို ယုတ်မာတာပဲကွ ”

ထိုသုံးယောက်မှာ အသက်ပြင်းပြင်း ရှူမိလိုက်ကြပြီး အနားသို့ မကပ်ခဲ့မိသည့်အတွက် စိတ်အေးသွားရတော့သည်။ သို့သော် ထိုအချိန်တွင် ဘေးပတ်ပတ်လည်ရှိ ရွံ့အိုင်များထဲမှ ဓားပျံဆယ်လက် ရုတ်တရက် ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်လာကြ၏။ ထိုဓားပျံများမှာ အလွန် မြန်ဆန်နေသည့်အပြင် ထိုလူကြီး သုံးယောက်မှာ တံဆိပ်တော်များ၏ ပေါက်ကွဲမှုကြောင့် တုန်လှုပ်ချောက်ချားနေဆဲဖြစ်ရာ တုံ့ပြန်ချိန် မရလိုက်ပေ။ သူတို့၏ အမူအရာများမှာ ပြောင်းလဲသွားပြီး သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ကြတော့သည်။

ထိုဓားပျံများမှာ ရွှီခနဲမြည်အောင် ပျံသန်းသွားပြီး ထို လူကြီးသုံးယောက်၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားကြ၏။

သူတို့၏ မသေခင် နောက်ဆုံး အော်ဟစ်သံများမှာ တိတ်ဆိတ်ငြိမ်သက်နေသည့် သစ်တောကြီးတစ်ခွင် ပျံ့နှံ့သွားသောကြောင့် ဝတ်ရုံနက်လူများများစွာ အမူအရာများ ပြောင်းလဲသွားကြပြီး ထိုအသံများ ထွက်ပေါ်လာသည့်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဝမ်ပေါင်လဲ့မှာလည်း သူတို့၏ အော်ဟစ်သံများကို ကြားလိုက်ရသည်။ သို့သော် သူသည် ရပ်တန့်သွားခြင်းမရှိဘဲ မြေကြီးပေါ်ရှိ မြက်ပင်များကြားထဲတွင် ဆက်၍ရှိနေဆဲပင်။ ထို့နောက် သူသည် သူ၏ ရှေ့တွင် ရှိနေသော ဝတ်ရုံနက်လူကြီးတစ်ယောက်ဆီသို့ သတိကြီးကြီးထား၍ ချဉ်းကပ်နေ၏။

ထိုလူကြီးမှာ သူ့မိတ်ဆွေများ၏ အော်ဟစ်သံကို ကြားလိုက်ရသောကြောင့် အထိတ်တလန့် ဖြစ်သွားပြီးး ခေါင်းမော့ကြည့်လိုက်သည့် အချိန်မှာပင် ဝမ်ပေါင်လဲ့၏ အကြည့်များမှာ အေးစက်သွားပြီး သူ့ကိုယ်သူ မာန်တင်းကာ တိုက်ခိုက်ရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူ၏ ပတ်ပတ်လည်ရှိ မြက်ပင်များနှင့် သစ်ပင်များမှာ တွန့်လိမ်ကာ ပုံပျက်သွားသည်ကို သတိထားမိလိုက်သဖြင့် သူ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ သူသည် နောက်သို့ဆုတ်ရန် ပြင်လိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။

” မျိုးမစစ်ကောင်။ မင်း လှည့်စားခံလိုက်ရပြီကွ ”
ထိုလူကြီးမှာ ကြောက်မက်ဖွယ်ကောင်းစွာ ပြုံး၍ ကြိမ်းဝါးလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဘေးပတ်ပတ်လည်ရှိ ချုံနွယ်ပိတ်ပေါင်းများထဲမှ အနက်ရောင်အဝတ်အစားများနှင့် လူခြောက်ယောက်မှာ မည်သည့်နေရာကမှန်းမသိ ပေါ်ထွက်လာ၏။ သူတို့က ဝမ်ပေါင်လဲ့အား ဝိုင်းထားကြပြီး သူ၏အနားသို့ ချဉ်းကပ်လာနေကြပြီဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်မှာ လက်ထဲတွင် ပုလဲလုံးတစ်လုံးကို ကိုင်ထား၏။ ထိုပုလဲလုံးမှာ တံလျှပ်တစ်မျိုးကို ဖန်တီးကာ ထိုခြောက်ယောက်အား ကွယ်ဝှက်ပေးထားခဲ့ခြင်း ဖြစ်သည်။

” သတ်ပစ်စမ်းကွာ ”
ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးကိုပါ ထည့်တွက်လိုက်မည်ဆိုပါက စုစုပေါင်း ခုနစ်ယောက်ခန့် ရှိနေပြီဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်း ဓမ္မအဆောင်တစ်ခုစီကို ထုတ်ယူလိုက်ကြပြီး ဖွံ့ထွားသွေးကြောအဆင့် ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှတ်လိုက်ကြကြောင့် ထိုနေရာတစ်ဝိုက်တွင် အသေးစား သွေးချီတုန်ခါမှု နယ်နိမိတ်တစ်မျိုး ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် သူတို့အားလုံး ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်လာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ အန္တရာယ်နှင့် နဖူးတွေ့ ဒူးတွေ့ကြုံနေရပြီဖြစ်ရာ အစွမ်းကုန်ထုတ်မှ ရတော့မည်ဖြစ်သည်။ သူ၏ အမြန်နှုန်းမှာ သိသိသာသာ ထိုးတက်သွားပြီး သူသည် ဝတ်ရုံနက် သတ်လတ်ပိုင်းလူကြီးဆီသို့ ပြေးဝင်သွားလိုက်သည်။ တချိန်တည်းမှာပင် သူသည် ညာလက်ကိုမြှောက်၍ သူ၏ ပတ်ပတ်လည်သို့ ဓမ္မအဆောင်တံဆိပ်တော်ဆယ်ခုကို ချက်ချင်းပစ်လွှတ်လိုက်သဖြင့် သူ၏ ဘေးနားတစ်ဝိုက်မှ လူများမှာ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ရ၏။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့ထဲမှ ပေါ်ထွက်လာသော စုပ်အားများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် ထို သက်လတ်ပိုင်းလူကြီး၏ အမူအရာမှာ ပြောင်းလဲသွားပြီး ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ လက်ချောင်းကို ဖမ်းဆုပ်ကာ လှန်ချိုး‌လိုက်တော့သည်။

ထို့ကြောင့် ထိုလူကြီးမှာ ငယ်သံပါအောင် အော်ဟစ်လိုက်ရ၏။ သို့သော် သူသည်လည်း ရက်စက်ကြမ်းကြုတ်သူတစ်ဦး ဖြစ်ရာ သူ၏ ကျိုးသွားသော လက်ချောင်းကို လျစ်လျူရှုလိုက်ပြီး သူ၏ခေါင်းဖြင့် ဝမ်ပေါင်လဲ့အား တိုက်လိုက်၏။ ဝမ်ပေါင်လဲ့ကမူ ခန္ဓာကိုယ်အားယိမ်း၍ ရှောင်တိမ်းလိုက်သည်။ ထိုလူကြီး၏ ခေါင်းတိုက်ချက်မှာ သူ၏ ပခုံးကို ထိသွားပါသော်လည်း သူသည် ထိုလူကြီး၏ လက်ကောက်ဝတ်ကို ဖမ်းမိသွားပြီး ၎င်း၏အဆစ်ကို အားဖြင့် ဖိချလိုက်တော့သည်။

ထိုကဲ့သို့သော အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ဝတ်ရုံနက်လူကြီးမှာ နဖူးတွင် ချွေးပြန်လာရတော့သည်။ သူသည် အော်ဟစ်မြည်တမ်းကာ ရုန်းကန်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ မြန်ဆန်လွန်းနေပြီး သူ၏ လှုပ်ရှားမှုများမှာလည်း အလွန် ထူးဆန်းကာ ပိရိသေသပ်လွန်းနေ၏။ သူသည် ခြေထောက်ကိုမြှောက်၍ ထိုလူကြီး၏ ပေါင်ကြားကို ကန်ကျောက်လိုက်ပြန်သည်။ သူ့ကန်အားမှာ ပြင်းထန်လှသောကြောင့် ထိုလူကြီးမှာ သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တန်းလိုက်ရပြီး နောက်သို့ ပေအနည်းခန့် လွင့်ထွက်သွား၏။ သူ မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ သူ၏ အော်ဟစ်သံများမှာ ပို၍ပင် စူးရှလာတော့သည်။ သူသည် မြေကြီးပေါ်တွင် လှိမ့်နေပြီး အသက်သေ ရတော့မည့်အလား အော်ဟစ်ညည်းညူနေ၏။

ထိုမြင်ကွင်းကြောင့် အခြားလူခြောက်ယောက်မှာ ပင့်သက်များရှိုက်သွားကြပြီး မှင်တက်ကာ ဝမ်ပေါင်လဲ့အား တအံ့တဩနှင့် ကြည့်နေကြတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ရပ်တန့်သွားခြင်းမရှိပေ။ သူသည် ဟောဟဲလိုက်နေပြီး သူ၏ အကြည့်များမှာလည်း အေးစက်နေပြီ ဖြစ်သည်။ ထို့နောက် သူသည် သူ ပစ်လွှတ်လိုက်သော တံဆိပ်တော်များကို ထိန်းချုပ်နေသည့် ပုံစံဖြင့် ညာလက်ကို မြှောက်လိုက်၏။ ထိုအခါ ထို တံဆိပ်တော်များမှာ လူတစ်ယောက်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံဝဲလာကြတော့သည်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့က ညာလက်ကို ထပ်၍ ဝှေ့ယမ်းလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ ဓားပျံဆယ်လက်ကျော်မှာ ရုတ်ချည်းဆိုသလို အခြားသူများဆီသို့ ပျံဝဲလာ၏။ ထိုဓားပျံများမှာ မြန်ဆန်လွန်းလှသည့်အပြင် အလွန် များပြားနေသည်ဖြစ်ရာ ထိုဝတ်ရုံနက်လူများမှာ ရှောင်တိမ်းကာ ပုန်းကွယ်လိုက်ရ၏။ ထိုကဲ့သို့သော တရစပ် တိုက်ခိုက်မှုများေကြာင့် ထိုဓားပျံများမှာ လူနှစ်ယောက်ကို ထိုးဖောက်သွား၏။ သူတို့မှာ အသက်မသေသေးပါသော်လည်း ဒဏ်ရာရသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးကို အသုံးချကာ သူ၏ အမြန်နှုန်းကို မြှင့်တင်လိုက်ပြီး အခြားလူတစ်ယောက်ဆီသို့ ကပ်သွား၏။ သူသည် နောက်ကျောဘက်တွင် တစ်ချက် ထိုးနှက်ခံလိုက်ရသဖြင့် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပါသော်လည်း တောင့်ခံလိုက်ပြီး ထိုလူကြီး၏ အနီးသို့ရောက်သွားကာ လက်ကောက်ဝတ်ကို လိမ်ချိုးလိုက်၏။ ထို့နောက် ယခင်နည်းတူ ထိုလူကြီး၏ ပေါင်ကြားကိုပါ ကန်ကျောက်လိုက်ပြန်သည်။

ထိုလူကြီးမှာ အော်ဟစ်နေစဉ် ဝမ်ပေါင်လဲ့၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ သူ့အား နောက်ဘက်မှ တိုက်ခိုက်ခဲ့သည့်လူမှာ ကြောက်ရွံ့ထိတ်လန့်နေသည့် အမူအရာဖြင့် ထွက်ပြေးရန် ပြင်လိုက်၏။ သို့သော် ဝမ်ပေါင်လဲ့၏ နောက်ကျောမှ အားပြင်းသော စုပ်အားတစ်ခု ပေါ်ထွက်လာသဖြင့် ထိုလူကြီးမှာ ရပ်တန့်သွားရသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်နှင့် ဝမ်ပေါင်လဲ့က သူ၏ရှေ့တွင် ပေါ်လာ၏။

” သေစမ်း ”
ဝမ်ပေါင်လဲ့မှာ ကြိမ်းဝါးလိုက်ပြီး လက်သီးတစ်ချက်ဖြင့် ထိုလူကြီး၏ ရင်ဘက်ကို ထိုးနှက်လိုက်သည်။ ထို့နောက် ဂျွတ်ခနဲမြည်သံတစ်သံ ပေါ်ထွက်လာပြီး သူသည် နောက်ထပ်လူတစ်ယောက်ကို သတ်လိုက်ပြန်တော့သည်။

ထိုအဖြစ်အပျက်များအားလုံးမှာ မြန်ဆန်လွန်းနေ၏။ သူတို့ ဝမ်ပေါင်လဲ့ကို ဝိုင်းတိုက်ကြသည့် အချိန်မှစ၍ သူ တတိယမြောက်လူကြီးကို တိုက်ခိုက်လိုက်သည့် အချိန်အထိ စက္ကန့်အနည်းငယ်မျှသာ ကုန်ဆုံးသေးသည်။ ကျန်ရှိနေသော လူလေးယောက်မှာမူ တအံ့တဩဖြစ်ကာ ဆွံ့အနေကြရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ယခုလောက် ရက်စက်ကြမ်းကြုတ်နေလိမ့်မည်ဟု သူတို့ လုံးဝထင်မထားခဲ့သည်မှာ အထင်အရှား မြင်နိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့မှာ အန္တရာယ်ကြီးသော အခြေအနေများထဲတွင် နေထိုင်နိုင်ရန် အထူးလေ့ကျင့်ထားကြသည့် အတွေ့အကြုံရင့်သန်နေသော ကြေးစားများဖြစ်ကြသည်။ ထို့ကြောင့် သူတို့က သွေးဆာနေသော အမူအရာများဖြင့် သူတို့၏ ဓမ္မအဆောင်များကို အသီးသီး ထုတ်ယူလိုက်ကြပြီး ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်လာကြတော့သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွား၏။ သူသည် လက်ကိုဝှေ့ယမ်းလိုက်သောအခါ တံဆိပ်တော်များနှင့် ဓားပျံများအားလုံးမှာ အသံများကျယ်လောင်စွာ မြည်ဟည်းကာ ပျံဝဲသွားကြ၏။ တချိန်တည်းမှာပင် သူသည် ရှေ့သို့ပြေးထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ဖြင့် အခြားလူလေးယောက်ကို တည့်တည့်မတ်မတ် ဝင်တိုက်လိုက်၏။

ငါးမိနစ်ခန့် ကုန်ဆုံးသွားပြီးနောက်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ရင်ဘတ်ကို လက်ဖြင့်ဖိထားရင်း သွေးများထပ်၍ အန်ထွက်လာ၏။ သူ ထိုနေရာမှ ထွက်ခွာလာသော အခါတွင်မူ သူ၏ နောက်တွင်ကျန်ရစ်ခဲ့သည့် အလောင်းခုနစ်လောင်းမှာ ရွှံ့အိုင်များထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset