အပိုင်း (၉၆၁)

ဘယ်သူပိုပြီး ကြမ်းကြုတ်သလဲ

ရီဖူရှင်း နားမလည်။ မှန်နန်းတော်သခင်မနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ နှစ်ယောက်လုံး လှုပ်ရှားခြင်း မရှိကြ။ မှန်နန်းတော် သခင်မကား သူမ၏ မျက်လုံးများကို တစ်ဖက်သို့ လှည့်သွားကာ ရီဖူရှင်းအား မကြည့်တော့။ သူမကား စိတ်ငြိမ်သက်အောင် ထိန်းသိမ်း ထားရကာ ကြီးမားသော ဖိအားအောက်သို့ ရောက်နေသည်။

ထူးဆန်းသော မြင်ကွင်းက ရီဖူရှင်းအား မျက်မှောင်ကြုတ် စေသည်။ သူက ရှေ့သို့ ဖြည်းဖြည်းချင်း ချင်းနင်း ဝင်ရောက်သွားလျှင် ဟောင်ကျူဂီကလည်း နောက်မှ လိုက်သည်။ သူတို့ကား ရှန့်ထိုနှစ်ပါးအား အလွန် သတိထားလျက် ကပ်သွားကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူတို့ရှေ့တိုး လာသည်နှင့်အမျှ ပိုမို ကြီးမားလာသော ဖိအားတစ်ခုကို သူတို့ ခံစားလိုက်ကြရသည်။

ရီဖူရှင်းနှင့် ဟောင်ကျူဂီတို့က မော့ကြည့်ကာ ထည်ဝါ ခန့်ညားသော ရန်ဟောင် ရုပ်တုကြီးအား ကြည့်ကြသည်။ ချက်ချင်းပင် ပုံရိပ်က သူတို့၏စိတ်ထဲတွင် တိုက်ရိုက် ပေါ်လာကာ သူတို့အား သက်ရှူရ ခက်စေသည်။ ရန်ဟောင်ပုံရိပ်မှာ သူတို့၏ မျက်လုံး ရှေ့မှောက်သို့ ရောက်လာသလို ထင်မှတ် ရသည်။

ဘုန်း… သူတို့၏ စိတ်ဝိညာဉ်မှာ တုန်ခါ သွားသည်။ သူ၏စိတ်မှာ ပြိုကျလုနီးပါး ဖြစ်လာသည်ဟု ရီဖူရှင်း ခံစားရ၏။ လောကမှ အရာအားလုံးမှာ ပြောင်းလဲ သွားခဲ့ကာ ရန်ဟောင် တန်ခိုးရှင်မှာ သူ့ရှေ့၌ နတ်ဘုရားတစ်ပါး အလား လာရောက် ရပ်သည်။

“မင်းက ငါ့အမွေကို ဆက်ခံဖို့ စိတ်ဓာတ် ခိုင်မာ ရင့်ကျက်ရဲ့လား” ရှေးဆန်သော အသံမှာ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်မှ ခရီးနှင်လာကာ ရီဖူရှင်းနှင့် ဟောင်ကျူဂီတို့၏ စိတ်ထဲသို့ စိမ့်ဝင်လာကာ စစ်ဆေး မေးမြန်းသည့်နှယ် ခံစားကြရသည်။

ယခု ရီဖူရှင်း သိသည်ကား ရန်ဟောင် အမွေအနှစ်မှာ သူတို့၏ မျက်လုံးအောက်၌ ရှိနေခြင်းပင်။ သူတို့ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ ရှိနေသေးသည်။ ရန်ဟောင်မျိုးဆက် တစ်ယောက် ဖြစ်လျှင်ပင် သည်နေရာကို ရောက်လာစေ ဦးတော့၊ သူ၏ အမွေအနှစ်နှင့် ထိုက်တန်ကြောင်း သက်သေပြရ ပေဦးမည်။

သူ၏အမွေကို ဆက်ခံလိုသူမှာ စိတ်ဓာတ် အားနည်းသူ ဖြစ်ပါက ရန်ဟောင် အမွေအနှစ် ဖြစ်သည့်တိုင် အသုံးမဝင်နိုင်။ သူ့မျိုးဆက် တစ်ယောက်က သူ့အမွေကို ဆက်ခံရန် အရည်အချင်း မရှိပါက သူက နောက်တစ်ယောက်ကို ဆက်လက် ရှာဖွေပေမည်။

ရီဖူရှင်းက မိမိမှာ ပုံရိပ်ယောင် ကမ္ဘာထဲသို့ ရောက်လာသလို ခံစားရသည်။ သူ့တွင် မည်သည့် လျှို့ဝှက်ချက်မှ မရှိတော့ဘဲ အရာအားလုံးမှာ ပုံရိပ်ယောင် ကမ္ဘာထဲ တစ်ကွက်ချင်း ပြန်လည် မြင်ယောင် လာရသည်။

လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က…

ချင်းကျူ ကျောင်းတော်၌ အစ်မချင်ယီ၊ ဖန်းရှင်းဇွီတို့ လက်ရှိ မည်သို့ နေကြမည်နည်း။ သူက အစ်မချင်ယီအား သဘောကျသည်။ မည်သူမဆို ဆွဲဆောင်မှု ကောင်းကာ ချောမောသော မိန်းကလေးအား သဘောကျ ပေမည်။ သို့သော်လည်း မြေခွေးမ ဟွာဂျီယူကား လှပချောမော လွန်း၏။ အစ်မချင်ယီနှင့် လွဲချော်ရခြင်းက နောင်တရစရာ ဖြစ်သော်လည်း သူ၏စိတ်က ထိုမျှဖြင့် မတုန်လှုပ်ပေ။

သူ၏အဖေ ရီဘေချွန်နှင့် သူ၏အမေ…

သူတို့ထံမှ သတင်း မကြားခဲ့ရသည်မှာ ကြာမြင့်ခဲ့လေပြီ။ သို့တိုင်အောင် ထိုကိစ္စကလည်း သူ့စိတ်ကို မတုန်လှုပ်စေခဲ့။

အင်ပါယာရီချင်နှင့် ငိုကြွေးနေသော နှင်းလူဝံ အင်ပါယာတို့ အပြင် နန်ဒူကလန်၏ အစဦးပထမ… အင်ပါယာက သံစဉ်တစ်ပုဒ်ဖြင့် ဝင်ရောက် စွက်ဖက်လာခြင်း…။ ထိုအချိန်မှပင် သူ၏စိတ်နှလုံးက ကိုက်ခဲလာခဲ့၏။ ထိုအခိုက်တွင် ကြီးမားသော ဖိအားတစ်ခု ဆင်းသက် လာကာ ထိုအရာမှာ မဟာလမ်းစဉ်၏ နတ်ဘုရား ပြစ်ဒဏ်က သူ့အား လာရောက် ဒဏ်ခတ် သကဲ့သို့ ဖြစ်ပေမည်။ ညည်းသံ တစ်ချက်နှင့်အတူ သူ၏မျက်နှာက ပြာနှမ်း သွား၏။ ထိုကိစ္စက သူ၏ စိတ်အတွင်းပိုင်းတွင် ရှိနေဆဲဖြစ်ကာ ယခုထိ လက်မလွှတ် နိုင်သေး…။

“ဒါဆို ခင်ဗျားက ကျုပ်ဘဝကို ပြန်စိစစ်ကြည့် နေတာပေါ့…ဟ…” သူ၏မျက်နှာတွင် ငေါ့တော့တော့ အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ မျက်လုံးများက စူးရှစွာဖြင့် ရန်ဟောင် ရုပ်တုကို ကြည့်သည်။ တစ်စုံ တစ်ယောက်မှာ လုံလောက်သော စိတ်ဓာတ် ခိုင်မာမှုရှိပါက ရှန့်ထို ဖြစ်နိုင်သည်ဟု ဆိုကြသည်။ ဒီလိုဆိုရင် ခင်ဗျားက ကျုပ်ရဲ့ စိတ်ကို စမ်းသပ် နေတာပေါ့။

သူ၏စိတ်နှလုံးက နာကျင် ရသော်လည်း တိုက်ပွဲ၌ ဆုံးပါးခဲ့သော အဘိုးအို ကိစ္စမှာ သူ၏ လမ်းကြောင်းကို သွေဖည် နိုင်စွမ်းတော့ မရှိပေ။ သူက ဖြည်းညင်းစွာ ထရပ်လျက် ရှေ့သို့ လှမ်းလိုက်သည်။ သူ၏စိတ်ထဲတွင် အဖြစ်ဟောင်းများ တဖျတ်ဖျတ် ပေါ်လာသည်။ အရှေ့မြေရိုင်း ပြည်နယ်၊ ကော့တေး၌ သူ၏ စီနီယာ အစ်ကို အစ်မများ သူ့ကို လွန်စွာ ဂရုစိုက် ချစ်ခင်ကြသည်။ ကောင်းကင် တောင်မှ တိုက်ပွဲတွင် အရာအားလုံး အဆုံးသတ်ခဲ့၏။ သို့သော်လည်း အဘိုးအို ခေါ်ဆောင် သွားခြင်း ခံရခြင်းမှာ သူ့စိတ်နှလုံးထဲ အခဲမကြေသော ကိစ္စဖြစ်နေဆဲ။ ကောင်းကင် ဒေသမှ မင်းသမီးအား တွေ့လျက် သူမအား နှင်းလူဝံ အင်ပါယာနှင့် ထိုအဘိုးအိုတို့ အကြောင်း မေးမြန်းလိုသည်။

နဂါးပတ်တောင်၊ ထိုက်ဟန်တောင်နှင့် တော်ဝင်ကျဲ နန်းတော်တို့၌ ဖြစ်ပျက်ခဲ့သော တိုက်ပွဲများ စီစီရီရီ ပေါ်လာသည်။ သူကား အမြဲတမ်းအားဖြင့် ပြည့်စုံသူ မဟုတ်သလို အမှားများလည်း လုပ်ပေသည်။ တစ်ခါတစ်ရံ ခေါင်းမာ၏။ ရှားရှင်းယွန်ကို သူက သည်အတိုင်း ခေါင်းငုံ့ ဦးညွှတ်ကာ သူမနောက်သို့ လိုက်ပါ လေ့ကျင့်လိုက်၍ ရသည်။ အရာအားလုံးမှာ ကောင်းမွန်စွာ အဆုံးသတ်မှာ သူ၏ဘဝလည်း သာယာ သွားပေလိမ့်မည်။ သို့သော် ထိုပြီးနောက် သူ၏ စိတ်ဓာတ်က ခိုင်မာရင့်သန်ပြီး တုန်လှုပ်ခြင်း ကင်းနိုင်ပါဦး မည်လား။ ယခု သူက အချို့သော အရာများအား ဆုံးရှုံးရသည် ဆိုသည့်တိုင် သူ၏စိတ်ဓာတ်ကား ခိုင်မာနေဆဲဖြစ်သည်။

သူ၏စိတ်ဓာတ်က ခိုင်မာသလားဟု မေးလျှင် မှန်သည်ဟု ဖြေရပေမည်။ သူ၏စိတ်က အပြစ်ကင်းကာ ပြည့်စုံသည် ဟုတော့ မဆိုရဲ။ သို့သော် သူ၏ ယုံကြည်မှုက ခိုင်မာကာ ပြိုလဲနိုင်ခြင်း မရှိပေ။

ဒုန်း…

နှေးကွေး လေးလံသော ခြေလှမ်းက ရှေ့သို့ အားပြင်းစွာ ကျဆင်းလာခဲ့ပြီး ထိုခြေလှမ်းမှာ သူရှာဖွေရာ လမ်းကို ဦးတည် နေသည့်အလား…

အက်ကွဲသံများနှင့်အတူ သူ၏စိတ်ကို ဖိအားပေးလာခဲ့သော ရန်ဟောင်ပုံရိပ်မှာ မှန်တစ်ချပ် အစိတ်စိတ် ကွဲအက် ကြေပျက် သွားသည့်အလား…

ခြေတစ်လှမ်းမျှတွင် အရာအားလုံး ပျောက်ကွယ် သွားခဲ့၏။

သူ့အနီးတွင် မမြင်ရသော လေလှိုင်းများ ရိုက်ခတ် လာခဲ့သည်။ သူ၏ စိတ်စွမ်းအားမှာ တစ်နည်းနည်းဖြင့် အားကောင်း လာခဲ့ဟန်ရ၏။

ခြေတစ်လှမ်းမျှတွင် သူကား ကွန်းရှီ အဆင့်သို့ တက်လှမ်းခဲ့သည်။

ရီဖူရှင်းက သိပ်မဝေးသော နေရာမှ ရန်ဟောင်ရုပ်တုအား ဘာမှ မထူးခြားသလို ကြည့်သည်။ ထို့နောက် ဘေးမှ ဟောင်ကျူဂီအား ကြည့်သည်။ ဟောင်ကျူဂီမှာလည်း တစ်စုံတစ်ခုသော အတိတ် ဖြစ်ရပ်ဆိုးများအား ပြန်လှန် သုံးသပ် နေမိဟန်ရပြီး မျက်လုံးထောင့်စွန်း၌ မျက်ရည်စ အချို့ကို တွေ့ရသည်။ သူ့ခန္ဓာမှာ အနည်းငယ် တုန်ခါနေပြီး တစ်စုံတစ်ခုအတွက် ရုန်းကန်နေရဟန် ရှိသည်။

ဟောင်ကျူဂီမှာ မည်သည့် အရာအတွက် စိတ်ယိမ်းယိုင် နေသည်ကို သူသိသည်။ သူ၏အဖေက အသက်စွန့်ကာ အုတ်ဂူတံခါးကို ပိတ်ထားသည်။ ထိုအချက် တစ်ခုတည်းက သူ့စိတ်ကို နာကျင် နောင်တရစေသည်။

ဟောင်ကျူဂီ တစ်ယောက် ဤကိစ္စကို ကျော်ဖြတ် နိုင်စေရန် သူ မျှော်လင့်သည်။ ရီဖူရှင်းက သည်အတိုင်း ထရပ်ကာ ရုပ်တုထံသို့ လျှောက်လှမ်း သွားနိုင်ပြီ ဖြစ်သည်။ သူသာ ဆန္ဒရှိပါက ရန်ဟောင် အမွေကိုလည်း ရယူနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း သူ မလုပ်လို။ သည်အရာကား ဟောင်ကျူဂီ အတွက်သာ ဖြစ်ရပေမည်။

ဤသို့ ဆုံးဖြတ်ခြင်းက အန္တရာယ် များ၏။ မှန်နန်းတော် သခင်မနှင့် ကျောက်ပြည် ထောင်ဘုရင်တို့မှာ စမ်းသပ်မှုကို ကျော်ဖြတ် နေကြဆဲ ဖြစ်သည်။ သို့သော်လည်း သူကား မိမိယုံကြည်မှုကို ခိုင်မာစွာ ဆုပ်ကိုင်ထားဆဲ။ ဟောင်စီနှင့် ဟောင်မိသားစုမှာ မိမိနှင့် ရင်ပေါင်တန်းကာ တိုက်ခိုက်ခဲ့သူများ ဖြစ်ပြီး သူက သည်အမွေကို ရယူခဲ့ပါက သူတို့က မိမိအား အပြစ် မတင်သည့်တိုင် မိမိမှာ ထိုလူတို့အား မျက်နှာပြရန် အင်အား ရှိမည် မဟုတ်တော့။

သူက ရှေ့သို့ တက်သွားကာ ရှန့်ထိုနှစ်ပါး ရှိနေရာသို့ လျှောက်သွားသည်။ မှန်နန်းတော် သခင်မက ရီဖူရှင်းအား တစ်ဖန် ကြည့်ပြန်သည်။

“ကျောက်ကျိမင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးတော့ သူ့စိတ်က စစ်ဆေး ခံနေရတယ်… ဒါက မင်းအတွက် အခွင့်အရေးပဲ” မှန်နန်းတော် သခင်မ၏ မျက်လုံးများက နီရဲနေသည်။ သူမ၏ အခြေအနေမှာလည်း ကျောက်ပြည်ထောင် ဘုရင်ထက် ပိုမကောင်းသည်မှာ ထင်ရှား၏။

ရီဖူရှင်းက သူမအား ဘာမှ မပြောဘဲ သည်အတိုင်း ကြည့်နေသည်။

“ကျောက်ကျိမင် ငါ့ကလန်က လူ ၃ဝဝဝ နဲ့ ငါ့မိသားစုတွေ အကုန်လုံးကို သတ်ဖြတ်ခဲ့တယ်။ ရန်ဟောင်အမွေကို ရခဲ့ရင် ငါက ကျောက်ကျိမင်ကို လက်စားချေဖို့ ဆုံးဖြတ်ထားတယ်။ ဖူရှင်း … မင်းက ငါ့ကို အစ်မတော်လို့ ခေါ်တယ်။ အပြင်မှ ဖြစ်ခဲ့တာအပြင် တခြား မင်းအပေါ် ငါ မကောင်းတာ ဘာလုပ်ခဲ့လဲ” မှန်နန်းတော်သခင်မက ပြောသည်။

“ကျုပ်က ခင်ဗျားကို ယုံရမလား မယုံရဘူးလား … အစ်မတော် သခင်မ …” ရီဖူရှင်းက မှန်နန်းတော် သခင်မအား ကြည့်ကာ ပြောသည်…” ယွီကလန်ကလူတွေ သေတာ ခင်ဗျားလုပ်တာ မဟုတ်ဘူးလား”

“အမှန်ပဲ…” မှန်နန်းတော် သခင်မက မငြင်းပေ။ ယွီချန်းက ထိုလူများအား သတ်ခြင်းမှာ သူမသတ်သည်နှင့် မခြားပေ။

“ယွီကလန်က မင်းနဲ့ လက်ထပ်ခြင်းနဲ့ မဟာမိတ် ပြုချင်တယ်။ ဒါက မင်းရဲ့ အလားအလာကို သူတို့မြင်လို့ပဲ။ ယွီကလန်ကလူတွေ သေတာ ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင်တို့ဆီ သူတို့က သေချာပေါက် သံသယဖြစ်ပြီး ယွီကလန်လည်း မင်းနဲ့ ပိုနီးကပ်လာမှာပဲ”

“ခင်ဗျား လုပ်ခဲ့တာ အတွက် မှန်နန်းတော်က ပြဿနာကြားထဲ ရောက်လာမှာကို မစိုးရိမ်ဘူးလား” ရီဖူရှင်း မေးသည်။

“ယွီကလန်သာ ဝင်ပါလာရင် မင်းနဲ့ပဲ ပူးပေါင်းမှာပဲ။ ကျောက်ပြည်ထောင် ပြိုလဲသွားပြီး ယွီကလန်က ငါ့ဆီ လာဖြေရှင်း နိုင်တယ်” မှန်နန်းတော် သခင်မက ဆက်ပြောသည်… “အခု အခြေအနေမှာ ဘယ်လိုပဲ ကြည့်ကြည့် … မင်းက ငါ့ကို ဆန့်ကျင့်မှာလား … ကျောက်ကျိမင်ကို ဆန့်ကျင်မှာလား”

ကျောက်ပြည်ထောင် ဘုရင်ကား ထိုနေရာတွင်ပင် လှုပ်ရှားခြင်း ကင်းစွာ ထိုင်နေသည်။ သူ၏လက်ရှိ ဦးတည်ချက်မှာ သူ၏ စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန်နှင့် ရန်ဟောင်ဖိအားကို ချိုးဖျက်ရန် ဖြစ်သည်။

မှန်နန်းတော် သခင်မ ပြောသည်မှာ အဓိပ္ပာယ် ရှိသည်ဟု သူခံစားရသည်။ သူ့အတွက်မူ ကျောက်ပြည်ထောင် ဘုရင်သာ ရန်သာ အစစ်အမှန် ဖြစ်သည်။

“မင်းက ရန်ဟောင်အမွေကို ဟောင်မိသားစု မျိုးဆက်ကို ပေးချင်တယ်။ ကျောက်ပြည်ထောင် ဘုရင်သာ သေရင် ငါကလည်း အဲဒါကို လက်ဖျားနဲ့တောင် ထိမှာ မဟုတ်ဘူး။ ဒီအတွက် မင်းက ငါ့ဆီက ဘာမဆို တောင်းနိုင်တယ်” မှန်နန်းတော် သခင်မက ပြောသည်။

ရီဖူရှင်းက ကျောက်ပြည်ထောင် ဘုရင်အား ကြည့်သည်။ သူ၏ မျက်လုံးများက သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ သူက မှန်နန်းတော် သခင်မ ပြောသည်ကို လက်ခံသောကြောင့် မဟုတ်ဘဲ သူနှင့် ကျောက်ပြည်ထောင် ဘုရင်တို့မှာ အတူယှဉ်တွဲရှိနေ၍ မရခြင်းကြောင့်သာ။ သူက ဝင်လာကတည်းက ဤအခြင်းအရာကို တွေးပြီး ဖြစ်သည်။ သူက စွန့်စားရမည်လား…။ သည်အခွင့်အရေးကား နောက်တစ်ခေါက် ရောက်မလာနိုင်။

သူ၏လက်ထဲတွင် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံပေါ်လာကာ သူ့ခန္ဓာကိုယ်မှ စွမ်းအားများ နှင်တံထံသို့ တိုးဝင်သွားသည်။ ကြီးမားသော ဖိအားများ ဖြစ်တည်လာ၏။ ကျောက်ပြည်ထောင် ဘုရင်မှာ ကြီးမားသော ဒဏ်ရာများ ရထားသည်မှာ သံသယ ရှိစရာမလို။ ထို့အပြင် သူကား မဟာလမ်းစဉ်၏ ဖိအားများကို ခံစားနေရ၏။ သည်အခွင့်အရေးအား သူလက်လွတ် မခံနိုင်။

ဝုန်း…

သူက ရှေ့သို့ တက်သွားကာ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဖြင့် ရိုက်ချလိုက်သည်။ ထိုအခိုက်တွင် သူ၏ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပြိုလဲတော့မည်ကဲ့သို့ ဖြစ်လာသည်။ ကောင်းကင်မှ အဆုံးအစမဲ့သော နှင်တံပုံရိပ်က ကျောက်ပြည်ထောင် ဘုရင်၏ ခေါင်းပေါ်သို့ ကျဆင်း လာခဲ့၏။

တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့သော ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား ရုတ်တရက် ကြည့်သည်။ သူ့ထံမှ ရောင်စဉ် ရောင်ဝါများနှင့်အတူ ဖီးနစ်ဝိညာဉ် ထွက်ပေါ်လာခဲ့ကာ ရီဖူရှင်းထံသို့ ဦးတည် လာခဲ့သည်။

ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံမှာ ဖီးနစ်ငှက်နှင့် ရင်ဆိုင်မိပြီး ရီဖူရှင်းက သူ့တစ်ကိုယ်လုံး ဖောက်ထွင်း ဖျက်ဆီးခြင်း ခံရသည်ဟုပင် ခံစားမိသည်။ ကြောက်မက်ဖွယ် စွမ်းအားက သူ့အား နောက်သို့ လွင့်စဉ်စေသည်။ သူ့ခန္ဓာမှ အရိုးများ ကျိုးအက် သွားဟန်ရပြီး ထိုအခိုက်တွင် ဓားရောင် တစ်ချက် ဝင်းလက်သွားကာ ကျောက်ပြည်ထောင် ဘုရင်၏ ဦးခေါင်းသို့ တိုးဝင်သွားသည်။

ကျောက်ပြည်ထောင် ဘုရင်က မြေပြင်ကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး နောက်သို့ ဆုတ်သည်။ ဖီးနစ်က နောက်လှည့်ကာ တစ်ဖက်မှ တိုက်ခိုက်မှုအား တားဆီးရာ ဘုန်းခနဲ မြည်သံနှင့်အတူ ဖီးနစ်တောင်ပံများမှာ ထိုနေရာတွင်ပင် ပိုင်းဖြတ်ခံရဟန် ရှိသည်။ သံယောဇဉ်မဲ့ ဓားမှာလည်း မှန်နန်းတော် သခင်မ၏လက်ထဲသို့ ပြန်ရောက် လာခဲ့၏။

ဖူး…

ကျောက်ပြည်ထောင် ဘုရင်၏ပါးစပ်မှ သွေးတစ်ပွက် အန်သည်။ သူက ရီဖူရှင်းအား မော့ကြည့်ကာ အေးစက်စွာ ပြောသည်… “မင်း ကိုယ့်နေရာကိုယ် မသိဘူး…။ မှန်နန်းတော် သခင်မက စိတ်ခံစားချက် ပတ်သက်တဲ့ လမ်းစဉ်ကို လေ့ကျင့်တယ်။ အရင်တုန်းက သူမရဲ့ သတို့သားကိုတောင် ကိုယ်တိုင် သတ်ဖြတ်ခဲ့ဖူး ပြီးတော့ မင်း အသက်ကိုလည်း သူ ဂရုမစိုက်ဘူး”

“သူ သေသင့်တယ်…” မှန်နန်းတော် သခင်မက အေးစက်စွာ ပြောသည်။

“သူ့မိန်းမကို ငါ့ဆီ ပို့ခဲ့တဲ့အတွက် သူက တကယ်ပဲ သေသင့်တယ်။ ဒါပေမဲ့ မင်းနဲ့ငါက လင်မယားဖြစ်ဖို့ ခြေတစ်လှမ်းအလိုပဲ။ ဘာလို့ ဒီလိုလုပ်ရမှာလဲ” ကျောက်ပြည်ထောင်ဘုရင်က ထပ်ပြောသည်။

“ပါးစပ်ပိတ်ထား… ကျောက်ကျိမင်…” မှန်နန်းတော် သခင်မထံမှ အေးစက်သော အငွေ့အသက်များ ထွက်လာသည်။

“ငါ အမှား ပြောနေတာလား … အမှား ပြောနေတာလား။ အဲဒီတုန်းက ငါ့ကို လက်ထပ်ဖို့အစား မင်းက သေဖို့လမ်းကိုပဲ ရွေးတယ်။ ဘာလို့လဲ။ မင်းကို ငါ့ဆီပို့ခဲ့တဲ့ မင်း သတို့သားကိုလည်း သတ်ခဲ့တယ်။ မင်း အသည်းကွဲ သွားလို့လား” ကျောက်ပြည်ထောင် ဘုရင်က ဆက်ပြောသည်။ မှန်နန်းတော် သခင်မ ဂရုမစိုက်ပေ။ ကျောက်ပြည်ထောင် ဘုရင်မက သူမ၏စိတ်အား ယိမ်းယိုင်စေရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း သူမ ကောင်းကောင်း သိသည်။ ယခု သူတို့ နှစ်ယောက်လုံးမှာ မဟာလမ်းစဉ်၏ စမ်းသပ်မှုကို ခံယူနေရသည်။

မှန်နန်းတော်သခင်မ တိတ်ဆိတ်နေသည်ကို မြင်လျှင် ကျောက်ပြည်ထောင် ဘုရင်က ဆက်ပြောသည်… “ကျုပ်က မှန်နန်းတော်ကို ကျောက်ပြည်ထောင်မှ တည်ထားတာ မင်းသိလား…။ မင်းနဲ့ချွတ်စွပ်တူတဲ့ စီလို့ခေါ်တဲ့ ကိုယ်လုပ်တော် တစ်ယောက် ငါ့မှာ ရှိတယ်။ ငါသူမနဲ့ အိပ်တိုင်း မင်း ငါ့ဘေးမှာ ရှိနေတယ်လို့ ခံစားရပြီးတော့ ငါ့ကို စိတ်ကျေနပ်စေတယ်။ မင်းသာ ဆန္ဒရှိရင် အခု ငါ့နန်းတော်သို့ ပြန်ပြီး သူမကို သတ်ပေးနိုင်တယ်။ မင်းက တစ်ယောက်တည်း နေတာ ကြာလှပြီ။ ဘာလို့ ဒီလို လုပ်ရမှာလဲ။ စိတ်ခံစားချက်ကို ဖိနှိပ်နေမယ့်အစား ငါနဲ့အတူ ပျော်ရွှင်မှုကို ခံစားလိုက်စမ်းပါ”

“ကျောက်ကျိမင်…” မှန်နန်းတော် သခင်မ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူမပါးစပ်မှ နောက်ထပ် သွေးတစ်ပွက် အန်သည်။ သူမထံသို့ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများ သက်ဆင်းလာ၏။ သူမ၏ မျက်နှာမှာ ပြာနှမ်းသွားကာ မကြာခင် ပြိုလဲတော့မည်ကဲ့သို့ ဖြစ်လာသည်။

ထိုမြင်ကွင်းအား ကြည့်ကာ ကျောက်ပြည်ထောင် ဘုရင်က နှာခေါင်းရှုံ့သည်။ သူတို့ နှစ်ယောက်အကြား ဘာဖြစ်နေသည်ကို ရီဖူရှင်း သိလိုက်သည်။ သူက ကျောက်ပြည်ထောင် ဘုရင်အား ကြည့်သည်။ သူကား အမှန်ပင် အဆုံးစွန်အထိ သွားရန် ဆုံးဖြတ်ထားဟန် ရ၏။ လက်ရှိ အခြေအနေကို ရီဖူရှင်း နားလည် လိုက်သည်။ ကျောက်ပြည်ထောင် ဘုရင်၏စကားက ဓားသွားများထက် နာကျင် စေပေသည်။

ရီဖူရှင်းက မှန်နန်းတော် သခင်မ၏ ဘေးနားသို့ ရောက်လာကာ သူမအား ကြည့်သည်။ သူမ၏ပုံစံမှာ သနားစဖွယ် ကောင်းသော်လည်း မျက်လုံးများမှာ ရီဖူရှင်းအား စိတ်ဆုံးဖြတ် ထားဟန်ဖြင့် ကြည့်သည် … “မင်းသာ ကျောက်ကျိမင်ကို သတ်နိုင်မယ်ဆို ငါက ဘယ်လို ပေးဆပ်မှုမျိုးမဆို လုပ်ရဲတယ်။ မင်းငါ့ကိုမုန်းရင် ကျောက်ကျိမင်ကို သတ်လိုက်။ မင်းလိုချင်တာ အကုန် ငါပေးမယ်”

“ကောင်းပြီ…” ရီဖူရှင်း ခေါင်းညိတ်ကာ သူမအား ဆွဲထူလျက် သူ့အပေါ်၌ မှီစေသည်။ သူမ၏ နုညက်သွယ်လျသော ခန္ဓာမှာ အလွန် စွဲမက်ဖွယ် ကောင်းသော်လည်း ယခု ရီဖူရှင်း၏ စိတ်ထဲတွင် ဘာမှမရှိပေ။

ထိုမြင်ကွင်းအား ကြည့်ကာ ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား ဓားသွားတမျှ ထက်ရှစွာ ကြည့်သည်။ ထို့နောက် ရီဖူရှင်းက သူ၏ လက်မောင်းများထဲမှ အရှေ့ဘက် ပြည်နယ်၏ နံပါတ်၁ မိန်းမလှအား ကြည့်သည် … “အစ်မတော် သခင်မ  … သူပြောတာ မှန်တယ်။ ခင်ဗျား သစ္စာဖောက် ခံရတယ် ဆိုပေမဲ့ စိတ်ခံစားချက်ကို ချိုးနှိမ်ပြီး လေ့ကျင့်စရာ မလိုဘူး။ လောကမှာ တန်ဖိုးထားစရာ စွဲလမ်း နှစ်သက်မှုတွေ အများကြီး ရှိတယ်။ ပြောရရင် ကျုပ်က ခင်ဗျားကို အမြဲတမ်း သဘော ကျခဲ့တယ်”

ရီဖူရှင်းက ပြောလျက်ပင် ခေါင်းငုံ့ ကြည့်သည်။ ရီဖူရှင်းမှာ သူမနှင့် လွန်စွာ နီးကပ်လာသည်ကို ကြည့်ကာ မှန်နန်းတော် သခင်မကား တွေဝေ မိန်းမောနေ၏။ သူမက ဘာမှ မလုပ်နိုင်အောင် အားနည်း နေခြင်းလား၊ တားဆီးလိုခြင်း မရှိသည်လား ကတော့ မည်သူမှ မသိနိုင်။ ထိုအခိုက်တွင် သူမ၏ နှုတ်ခမ်းပါးမှာ ကျူးကျော် ခံလိုက်ရပြီး သူမ၏စိတ်မှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လျက် မှောင်မိုက်မဲ နက်သွား၏။

“အတင့်ရဲတယ်…” ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများထဲ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့၏။ ထိုအခိုက်တွင် မဟာလမ်းစဉ်၏ စွမ်းအားက သူ့အပေါ်သို့ ဖိအားပေးလာခဲ့ကာ ပါးစပ်မှ သွေးပွက်ပွက် အန်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါ မှာလည်း ‌ဖျော့တော့ အားနည်းလာခဲ့၏။

ရီဖူရှင်းက သူမ၏ အသက်မဲ့သော မျက်လုံးများအား ကြည့်ကာ စိတ်ဖြင့်ပြောသည် … “ကျောက်ပြည်ထောင် ဘုရင်ကိုသတ်ဖို့ ခင်ဗျားက ဘယ်အရာမဆို ပေးဆပ်နိုင်တယ်လို့  ပြောတယ်။ ကျုပ် သူ့ကို သေချာပေါက် သတ်မယ်။ ဒါဆို ခင်ဗျား စိတ်မကျေမနပ် မဖြစ်တော့ဘူးလို့ ကျုပ် ယူဆတယ်”

ရီဖူရှင်း၏ လက်များမှာ မရောက်လာသင့်သော နေရာများသို့အထိ ကျူးကျော် လာခဲ့ချေပြီ။ အတွေ့အထိကား နူးညံ့ကာ မှန်နန်းတော် သခင်မက သူ့အား မှင်တက်လျက် ကြည့်နေသည်။ သူမ၏ မျက်လုံးထောင့်စွန်းမှ မျက်ရည်စများ ကျဆင်းလာခဲ့ကာ တစ်ဖန် သွေးအန်ပြန်သည်။

ရီဖူရှင်းက လက်ဆန့်ကာ သူမ၏ ပါးပြင်လေးအား ပွတ်သပ်ချော့မြှူလျက် ကျောက်ပြည်ထောင် ဘုရင်အား ပြုံးလျက် ကြည့်သည် … “သူမက တကယ်ပဲ အရှေ့ဘက် ပြည်နယ်ရဲ့ အလှဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်အောင် လှလွန်းတယ်။ ခင်ဗျား ဘယ်လိုထင်လဲ ကျောက်ပြည်ထောင် ဘုရင်”

ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာရင်း ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား ဒေါသတကြီး ကြည့်ကာ မျက်လုံးများအား မှိတ်လျက် တစ်ဖက်သို့ လွှဲသည်။ ကျောက်ပြည်ထောင် ဘုရင်နှင့် မှန်နန်းတော် သခင်မတို့ နှစ်ယောက်လုံးမှာ ကြမ်းကြုတ် ရက်စက်သူများ ဖြစ်သော်လည်း မထင်မှတ်ထားစွာ ရီဖူရှင်းလည်း အလွန် ကြမ်းကြုတ်နေသည်။ သူကား အမှန်တကယ် ကျောက်ပြည်ထောင် ဘုရင်နှင့် မှန်နန်းတော် သခင်မတို့အား သတ်ဖြတ်ရန် ကြိုးစားနေ၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset