ဟောင်စီ၏ အသံက မိုးခြိမ်းသံလို ထွက်ပေါ်လာခဲ့ကာ နန်တော်ရာ အတွင်းမှ လူတိုင်းအား တုန်လှုပ် ချောက်ချားစေသည်။ ရှီဟွာတောင်မှ ရှန့်ထိုမှာ ပြင်းထန်စွာ ရိုက်နှက်ခံရပြီး မြေပြင်ပေါ်သို့ ကျသည်ကို မြင်လျှင် ရှေ့သို့ တိုက်ခိုက်ရန် အားယူနေသော ရှန့်ထိုကျဲမှာ တုံ့ခနဲ ရပ်လိုက်သည်။
ဟောင်စီကား ရုပ်တုနှင့် လုံးဝ ပေါင်းစပ် သွားဟန်ရကာ သူ၏ အသွေးအသားနှင့် စိတ်တို့အားလုံးမှာ ရုပ်တုနှင့် တစ်သားတည်း ဖြစ်နေလေပြီ။ သူက ရန်ဟောင် ဘိုးဘေးအနေဖြင့် ပြန်လာသည့်အလား ဖြစ်သည်။
သူ၏သွေးများက ရုပ်တုနှင့် ပေါင်းစပ် သွားသောအခါ ဟောင်စီက ရုပ်တုမှာ ရန်ဟောင်၏ သွေးများဖြင့် ပြုလုပ် သန့်စင်ထားခြင်း ဖြစ်ကြောင်း ကောင်းကောင်း ခံစားရသည်။ သူ့ခန္ဓာကိုယ် အတွင်းမှာ သွေးများမှာ ရန်ဟောင် ရုပ်တုသွေးများဖြင့် ပေါင်းစပ်စေလျက် ရုပ်တု၏ စိတ်အသိကို ပြန်လည် အသက်ဝင် စေခဲ့သည်။ သူတို့အကြား ဆက်နွှယ်မှုကို သူကောင်းကောင်း ခံစား၍ရကာ တူညီသော သွေးမျိုးရိုးများ ဖြစ်သည့်တိုင် ဘိုးဘေးများ၏ သွေးများမှာ မည်သည့်အခါမှ ခန်းခြောက် အားနည်း သွားခဲ့ခြင်း မရှိပေ။ သည်အရာကပင် သူတို့ ဘိုးဘေး၏ စွမ်းပကား ဖြစ်ပေသည်။ သူတို့ဘိုးဘေး ချန်ထားခဲ့သော ရုပ်တုပင် ရှန့်ထိုများအား မှင်တက် အံ့အားသင့် စေနိုင်သည်။
ဟောင်မိသားစုကား အမှန်ပင် ရန်ဟောင်မျိုးဆက်များ ဖြစ်ကြသည်။ ဟောင်စီကား သူ့ဘိုးဘေး၏ စွမ်းအားများကို ခံစားမိနိုင်ခဲ့ရာ သူ့ဘဝတွင် နောင်တရစရာ မရှိတော့ပေ။ ကျူဂီနှင့် ဖူရှင်းတို့မူကား သူတို့၏ ကံတရားက အဆုံးအဖြတ် ပေးသွား ပေလိမ့်မည်။ အနည်းဆုံး သူက သည်နေရာကို စောင့်ကြပ်ကာ ရှန့်ထိုများ အတွင်းသို့ မဝင်နိုင်စေရန် တားဆီး နိုင်ပေသည်။ သူနှင့် ရီဖူရှင်းတို့က မြေပုံကို ကြည့်ရှုပြီး ဖြစ်ကာ သည်နေရာမှာ အမှန်တကယ် နန်းတော်ရာ၏ ဗဟိုချက်မ ဖြစ်ကြောင်း သိခဲ့ကြ၏။ သူ၏ဘိုးဘေးများ ကျူဂီကို ကောင်းချီး ပေးစေရန် သူ ဆုတောင်းသည်။
ဂူတုံးလျို၊ ယူချင်း၊ ဟွာဂျီယူနှင့် တခြား လူများအားလုံး တိုက်ခိုက် နေသည်ကို ရပ်တန့်ကာ ရုပ်တုရှေ့သို့ ဆုတ်လာကြသည်။ တော်ဝင်ကျဲ နန်းတော်မှ လူများအားလုံး ဟောင်မိသားစု အတွက် တိုက်ခိုက် နေကြသည်။ ရီဖူရှင်းနှင့် ဟောင်ကျူဂီတို့က အတွင်း၌ တိုက်ခိုက် နေကြပြီး ဟောင်စီက အုတ်ဂူကို ပိတ်ဆို့ထားရာ သူတို့အနေဖြင့် နောက်ထပ် ဆက်လက် တိုက်ခိုက်စရာ အကြောင်းတော့ မရှိတော့ပေ။
ထိုအခိုက်တွင် ရန်ဟောင် ရုပ်တုကြီး၏ ကြီးမားသော မျက်လုံးများက လျူကျောင်းဘက်သို့ ကြည့်ကာ ပြောသည် … “သွားစမ်း…”
ဟိန်းဟောက်သံကား ကမ္ဘာမြေကို တုန်ခါစေဟန် ရသည်။ ရန်ဟောင် ရုပ်တု၏ ဖိအားတွင် လျူကျောင်း၏ ရုပ်တုမှာ တုန်ယင် သွားသည်။ လျူကျောင်းက ရှန့်ထိုစွမ်းအားကို ထိန်းချုပ်ကာ ရူးသွပ်စွာ ခုခံလျက် နောက်ကို မြန်ဆန်စွာ ဆုတ်သည်။
နောက်ထပ် ကျယ်လောင်သော အသံတစ်သံနှင့်အတူ လျူကျောင်းကား မီတာ တစ်ထောင်ခန့် အဝေးသို့ လွင့်စဉ်သွားကာ ပါးစပ်မှ သွေးများ အဆက်မပြတ် ယိုစီးကျသည်။ သူက ထိုနေရာတွင်ပင် မလှုပ်မယှက် လဲလျောင်းကာ သူ၏စိတ်ဝိညာဉ်မှာလည်း ပြိုလဲ ပျက်စီးလုနီးပါး ဖြစ်သွားသည်။
ဟောင်စီက တခြားလူများအား ကြည့်ကာ တွန့်ဆုတ်ခြင်း မရှိဘဲ နောက်ဆုတ်သည်။ မည်သူကမှ ရုပ်တုအနီးသို့ မကပ်ရဲကြတော့။ ဟောင်စီကား ရှီတန်ခိုးရှင် တစ်ယောက်သာ ဖြစ်ကာ သူကား မည်သူ့ကိုမဆို တိုက်ခိုက်၍ ရသည်။ ထို့အပြင် သူကား သေခါနီး အခြေအနေသို့ ရောက်နေကာ နောက်ထပ် ဆုံးရှုံးစရာ မရှိတော့ပေ။ အခွင့်အရေး ရပါက သူကား ရှန့်ထိုများကိုပင် သတ်ဖြတ်မည် ဖြစ်သည်။
ကြည့်ရသည်မှာ နောက်ထပ် မည်သူမှ မဝင်နိုင်တော့။
အဝေးမှ ရှန့်ထိုများ ရောက်လာခဲ့ကြကာ ဦးဆုံး ရောက်လာသူကား ရှန့်ထိုကျိ ဖြစ်သည်။ ကျိမို အသတ်ခံခဲ့ရသည်ကို သူသိ၏။ ထို့ကြောင့် ဘုရားကျောင်းမှ ထွက်ခွာလာကာ သည်နေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သူ့ထံမှ အလင်းများ ဖြာထွက်လာကာ နတ်ဘုရား တစ်ပါးအလား ထင်မြင်ရစေသည်။ သူ၏စွမ်းအားများ ဖိနှိပ်ခံရသော်လည်း သူကား မည်သို့ဆိုစေ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ နံပါတ်(၂)တွင် ရှိပေသည်။
အဆုံးအစမဲ့သော အလင်းများက ဓားတစ်လက်အဖြစ် ပြောင်းလဲ လာခဲ့ကာ သူနေရာ ယူထားသော လေဟာနယ်ပင် အစိတ်စိတ် အမြွှာမြွှာ ကွဲအက်တော့မည်လား ထင်မှတ် ရသည်။ ရှန့်ထိုကျိက လက်နှစ်ဖက်အား ပူးကပ်ကာ ရှေ့သို့ တက်လာသည်။ လေထဲတွင် ဓားရောင် တစ်ချက် ဝင်းလက်သွားကာ ရန်ဟောင် ရုပ်တုထံသို့ ဦးတည်သွားသည်။
ရုပ်တု၏ မျက်လုံးများမှာ ရန်ဟောင်၏ မျက်လုံးအစုံအလား ထင်မှတ်ရသည်။ ကောင်းကင်၏ အရှိန်အဝါ ကျဆင်းလာလျှင် ဓား၏ အမြန်နှုန်းမှာလည်း လျော့ကျ လာခဲ့ရသည်။ ဟောင်စီ၏လက်၌ ပုံရိပ်ယောင် လက်အစုံပေါ်လာကာ ရန်ဟောင်ဓားမှာ လင်းလက် တောက်ပစွာ ဖြစ်ပေါ်လာပြီး အရာအားလုံးကို ဖိနှိပ်လျက် အလင်းဓားထံသို့ ဦးတည် သွားသည်။ အလင်းဓားမှာ ချက်ချင်း ပျက်စီးသွားပြီး ဧရာမဓားက ရှန့်ထိုကျိထံသို့ ဆက်လက် တိုးဝင်လာသည်။
သို့သော်လည်း ရှန့်ထိုကျိကား ကြီးမားသော အမြန်နှုန်းအား ပိုင်ဆိုင်သည်။ သူက ကြီးမားသော ဖိအားအောက်တွင် ရှိနေသေးသော်လည်း ခြေတစ်လှမ်းမျှဖြင့် သူ၏နေရာမှ ပျောက်ကွယ်နိုင်စွမ်း ရှိကာ နောက်တစ်နေရာ၌ ပေါ်လာသည်။ သို့သော်လည်း သူကား ရုပ်တုကို ဘာမှ မလုပ်နိုင်သည့် အတွက် စိတ်ပျက်ဟန် ရနေသည်။ တခြား လူများကလည်း ရုပ်တုများ အနီးသို့ မကပ်လိုဘဲ ဝေးဝေးမှသာ ကြည့်နေကြသည်။
ဟောင်စီ၏ အမူအရာမှာ အလွန် လေးနက်နေသည်။ တော်ဝင် ဖိအားမှာ ရုပ်တုရှေ့၌ ဖြစ်တည်လာဟန် ရသည်။ ရန်ဟောင် ကိုယ်တိုင် အသက်ဝင် လာသည့်အလား ကြီးမားသော ဖိအားတစ်ခု ဖြစ်တည်လာသည်။
ဘုန်း…
ရန်ဟောင်ဓား တစ်လက် ဖွဲ့စည်း ဖြစ်ပေါ် လာပြန်သည်။ ထိုအရာကား ဟောင်စီ၏ သက်စောင့်ဝိညာဉ် ဖြစ်ကာ ဓားက စစ်မှန်သော ရန်ဟောင်ဓား ဖြစ်လာဟန် ရသည်။ ဓားမှာ အရွယ်အစား အဆမတန် ကြီးမားလာခဲ့ကာ အနီး၌ လေမုန်တိုင်းများ ထန်လာခဲ့သည်။ ဓားက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ပိတ်ဆို့ထားသော လေဟာနယ်၏ အမြင့်ဆုံးသို့ ရောက်လာခဲ့သည်။ ထိုနေရာ တစ်ခုလုံး ပစ်မှတ်အောက်သို့ ရောက်သွားဟန်ပင် ရသည်။ ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် မုန်တိုင်းများ ရိုက်ခတ်လာ၏။ ဖိအားများကို ခံစားရကာ ရှန့်ထိုကျိ၏အမူအရာ ပြောင်းလဲ သွားသည်။
“ဟောင်မိသားစုရဲ့ ဟောင်စီက ဘိုးဘေးတွေရဲ့ဓားကို ငှားရမ်းပါတယ်…” ဟောင်စီက အော်ဟစ်သည်တွင် လေထဲတွင် ရန်ဟောင်ဓား တစ်လက် ပေါ်လာသည်။ ဓားထံမှ ပေးသော ဖိအားကား အလွန်အမင်း ကြီးမားနေသည်။
သူ၏ဘိုးဘေးထံမှ ဓားကို ဟောင်စီ ငှားရမ်းခဲ့သည်။
ဓားက ကျဆင်း လာသည်တွင် ရှန့်ထိုကျိက ရူးသွပ်စွာ ခုခံသည်။ ကြောက်မက်ဖွယ် မုန်တိုင်းများ အဆက်မပြတ် ရိုက်ခတ် ကျဆင်းလာခဲ့ကာ သူ့အဝတ်အစားများ အစိတ်စိတ် အမြွှာမြွှာ ကွဲအက် စုတ်ပြတ်သွားပြီး သူက နောက်ဆုတ် ထိတ်လန့်တကြား ဆုတ်ရသည်။
ဓားကား အောက်သို့ အတားအဆီး ကင်းမဲ့စွာ ကျဆင်းလာဟန် ရသည်။ ကျယ်လောင်သော အသံနှင့်အတူ ရှန့်ထိုကျိမှာ နောက်သို့ လွင့်စဉ်သွားပြီး ဖွဲအိတ် တစ်အိတ်အလား မြေပြင်သို့ ကျသည်။ သူ၏ အတွင်းကလီစာများမှာ အစိတ်စိတ် ကွဲကြေသွားပြီဟု သူခံစားရ၏။
ဟောင်စီ၏ မျက်လုံးများ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ ရန်ဟောင်ဓားကို ဆက်လက် သုံးစွဲသည်။ သို့သော် လူတစ်ယောက် ဖျတ်ခနဲ ရောက်လာကာ ရှန့်ထိုကျိအား သယ်ဆောင်လျက် အဝေးသို့ ဆုတ်သွားသည်။ သူကား ကျိရာဖြစ်သည်။
ထိုမြင်ကွင်းက မရေမတွက်နိုင်သော လူများအား တုန်လှုပ်စေသည်။
တော်ဝင်ကျဲ နန်းတော်မှ ဟောင်စီကား ရှီအဆင့်အမြင့်ဆုံး၌ ရှိသူဖြစ်သည်။ သို့တိုင်အောင် ယနေ့တွင် သူကား ဘိုးဘေးများ၏ စွမ်းအားများကို ငှားရမ်းသုံးစွဲကာ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ နံပါတ်(၅)ချိတ်သော ရှန့်ထိုကျိအား သတ်ဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။
တော်ဝင်ကျဲ နန်းတော်မှ လူများက ဟောင်စီအား စိတ်မကောင်းစွာ ကြည့်နေကြသည်။ သည်တိုက်ပွဲမှာ ဟောင်စီအတွက် နောက်ဆုံးဖြစ်ကြောင်း ခန့်မှန်းမိကြသည်။ သို့သော်လည်း သည်တိုက်ပွဲမှာ သူ့အတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။ အဝေးမှ ရှန့်ထိုများ နောက်ထပ် ရောက်လာ သော်လည်း သူတို့လည်း ဟောင်စီအား ဘာမှ မလုပ်နိုင်ပေ။
***
ရီဖူရှင်းနှင့် ဟောင်ကျူဂီတို့ အုတ်ဂူအတွင်းသို့ ရောက်လာခဲ့သည်။ အတွင်း၌ကား ဟာလာဟင်းလင်း ကမ္ဘာဖြစ်ပြီး သင်္ချိုင်းတစ်ခုနှင့် မတူဘဲ မြင့်မြတ်သော အရောင်အဝါများ ဖြင့်သာ ရစ်သိုင်း နေသည်။ သူတို့မှာ အတွင်း၌ ထူးဆန်းသော အရာတစ်ခုအား သတိထား မိကြသည်။ ရီဖူရှင်းနှင့် ဟောင်ကျူဂီတို နှစ်ယောက်သား ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ် သွားကြ၏။
ထိုနေရာ၌ကား အပြင်မှ ရန်ဟောင်ရုပ်တုထက် ပိုမိုကြီးမားသော မြင့်မြတ် ထည်ဝါသော ရုပ်တုတစ်ခု ရှိသည်။ ထိုရုပ်တုကား အသွေးအသားများဖြင့် ထုဆစ်ထားသော ရုပ်တုတစ်ခုနှင့် တူနေသည်။ သူတို့က ရပ်နေသူမှာ တကယ့် လူသားတစ်ဦးဟုပင် တွေးမိကြသည်။ ရုပ်တုကား အသက်ဝင်လွန်းရာ လူသားတို့ မျက်လုံးကိုပင် လှည့်စားနိုင်၏။
ရီဖူရှင်းက ယခင်နှစ်များစွာ အကြာက ဧကရာဇ်ရီချင်၏ ရုပ်တုကို ပြန်သတိရမိသည်။ ထိထုစဉ်က ရီဖူရှင်းကြောင့်ပင် ထိုရုပ်တုမှာ အသက်ဝင်လာခဲ့၏။
သည်ရန်ဟောင်ရုပ်တုကား ဓားတစ်လက်ကို လက်နှစ်ဖက်ဖြင့် ကိုင်စွဲထားဟန် ထုဆစ်ထားပြီး ကြီးမား ထည်ဝါသော အငွေ့အသက်များ ရစ်သိုင်းထား၏။ သူ၏ ဘေးနားတွင်လည်း လေးတစ်လက်ကို မြင်ရသည်။ လေးကား မည်သည့် အရောင်အဝါမှ ထုတ်လွှတ်ခြင်း မရှိဘဲ သည်အတိုင်း ကျနေသည်။ သို့သော်လည်း ထိုအရာကား ရန်ဟောင်တစ်ပါး၏ ချန်ထားရစ်သော အရာဖြစ်ရာ မည်သို့သော သိဒ္ဓိဝင်လက်နက် ဖြစ်မည်ကို တွေးမိကြသည်။
မှန်နန်းတော် သခင်မကား နန်းတော်ရာ အတွင်းသို့ ဝင်ရန် အရာအားလုံးကို လောင်းကစား လုပ်ခဲ့ရသည်။ ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့က လက်ထပ်ပွဲဖြင့် မဟာမိတ် ပြုခဲ့ကြသည်။ ရှန့်ထိုကျဲက တော်ဝင်စစ်ပွဲထဲသို့ ဝင်မည်ဟု ကြေညာခဲ့၏။
မှန်နန်းတော် သခင်မကား သန့်စင်ကာ မြင့်မြတ်သည်ဟု ထင်မြင်ရသော်လည်း သူမ၏စိတ်ထဲ ဘာရှိသည်ကို မည်သူမှ မသိပေ။ သူမနှင့် ကျောက်ပြည်ထောင် ဘုရင်တို့အကြား တစ်ယောက်သာ အသက်ရှင်ရမည် ကိုတော့ သူမ ကောင်းကောင်း နားလည် ထားပေသည်။
ထို့ကြောင့် စစ်မှန်သော တော်ဝင်စစ်ပွဲ ရောက်မလာမီကပင်၊ ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော်အား မကြံစည်မီကပင် သူမက ယွီချန်းအား တော်ဝင်ကျဲ နန်းတော်သို့ စုံစမ်းရန် စေလွှတ် ထားခဲ့သည်။ ကျင့်ယွီချန်းကား ကျုံးကျိုးမြို့၌ တိတ်တဆိတ် ရှိနေခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၏အစေခံ တစ်ဖြစ်လဲ တပည့်မက ယွီကလန်မှ တန်ခိုးရှင်များကို သတ်ဖြတ်ခဲ့သည်ကို သိရက်နှင့်ပင် မှန်နန်းတော် သခင်မက အပြစ်မတင်ခဲ့ပေ။ ကျင့်ယွီချန်းကား သူမ၏ အစေခံဖြစ်သလို တပည့်မလည်းဖြစ်ပြီး ညီမဟု ဆိုလျှင်လည်း ရသည်။ ယွီချန်း လုပ်သမျှက မိမိအတွက်ဖြစ်ကြောင်း မှန်နန်းတော် သခင်မ သိသည်။
ထိုအခိုက်တွင် ရုပ်တု အောက်ခြေ၌ ထောင့်တစ်ခုစီတွင် ရှိနေကြသော ပုံသဏ္ဌာန် နှစ်ခုအား မြင်သည်။ သူတို့ထံမှ ကိုယ်ရောင် ကိုယ်ဝါများ ထွက်နေ၏။ သူတို့နှစ်ဦးမှာ မှန်နန်းတော် သခင်မနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်လုံး မှာလည်း ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရထားဟန် ရနေသည်။
နှစ်ယောက်လုံးက အချင်းချင်း ပြင်းထန်သော ဒဏ်ရာများ ပေးထားကြပြီး ဖြစ်သည်။ မှန်နန်းတော် သခင်မ၏ သံယောဇဉ်မဲ့ဓားမှာ ကျောက်ပြည်ထောင် ဘုရင်၏ ခန္ဓာအတွင်းသို့ ဖောက်ထွင်း ထား၏။ ရှန့်ထိုများပင် အဆင့်တူအတွင်းမှ တစ်စုံတစ်ယောက် ပေးသော ဒဏ်ရာကို ခံနိုင်ရည် မရှိပေ။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ အချင်းချင်း တိုက်ခိုက်ပြီး ပြင်းထန်စွာ ဒဏ်ရာ ထားကြသည်။
သို့သော်လည်း ယခုကား သူတို့နှစ်ယောက်က ငြိမ်သက်စွာ ထိုင်နေကြသည်။
ရီဖူရှင်းက သူတို့ နှစ်ယောက်အား ကြည့်ကာ ဖြည်းညင်းစွာ တိုးကပ် သွားသည်။ သူတို့ကား ရှန့်ထို ဖြစ်သည်။ ဒဏ်ရာ မည်မျှ ရနေပါစေ သူတို့အကြား အဆင့်ကွာဟမှုက မိုးနှင့်မြေ ဖြစ်သည်။
“ရန်ဟောင် အမွေအနှစ်က မျက်လုံးရှေ့မှာပဲ … ဘာလို့ ခင်ဗျားတို့ မယူကြသေးတာလဲ” ရီဖူရှင်းက သူတို့ နှစ်ယောက်လုံးအား ပြောသည်… “ခင်ဗျား ဒဏ်ရာ ရထားလား… အစ်မတော် သခင်မ…” သူက ထိုစကားကို ပြောစဉ် အေးစက်နေကာ သူမ လုပ်ခဲ့သည်များကို သဘောမကျသော ဟန်ပင်များ တွေ့ရသည်။ ကျင့်ယွီချန်း၏ စွမ်းအင်များကို သူခံစားမိသည့် အခိုက်အတန့်၌ပင် ဖြစ်ပျက်ခဲ့သည်များ အားလုံးမှာ ရှင်းလင်းခဲ့သည်။ သို့သော်လည်း ယခုအချိန်၌ သူက မှန်နန်းတော် သခင်နှင့် မဟာမိတ်ပြု ရပေမည်။ သူမ တစ်ယောက်တည်းသာ ကျောက်ပြည်ထောင် ဘုရင်နှင့် ရှီဟွာတောင် ရှန့်ထိုတို့ ပူးပေါင်းမှုကို ခုခံနိုင်သည်။
မှန်နန်းတော် သခင်မက ရီဖူရှင်းအား ကြည့်သည်။ ထိုအခိုက်တွင် လှပသော မျက်လုံးများထဲ၌ အလွန် ထူးဆန်းသော အနီရောင် အလင်းတစ်ချက် လက်သွားသည်။
***