Switch Mode

အပိုင်း (၉၅၉)

ကျုပ်က ရန်ဟောင်မျိုးဆက်ပဲ

အားလုံးက ရီဖူရှင်းအား လှမ်းကြည့် ကြသည်။ သူ့နောက်မှ ရုပ်တုမှာ အသက်ဝင် လာကာ မဟာလမ်းစဉ် စွမ်းအားများ ပြင်းထန်စွာ ထုတ်လွှတ်သည်။ ထိုအရာက အလွန်ကြီးမားသော ပုံရိပ်တစ်ခု အသွင်သို့ ပြောင်းလဲကာ ရီဖူရှင်း၏ စိတ်အသိဖြင့် ပေါင်းစပ် သွားဟန် ရသည်။ ကြည့်ရသည်မှာ ရုပ်တု၃၆ခုမှာ လူအများအား ဖိအားများသာ ပေးနိုင်သည် မဟုတ်ဘဲ သူတို့၏ အသိအမှတ်ပြုခြင်း ခံရသူများအားလည်း သူတို့၏စွမ်းအင်များအား ထောက်ပံ့ ပေးနိုင်ဟန် ရသည်။

ရှီဟွာတောင် ရှန့်ထိုက ထိုစကားများအား မကြားသည့်အလား ရှေ့သို့ တက်လာသည်။ သူက ရန်ဟောင် ရုပ်တု၏ရှေ့တွင် ရပ်နေသော ဟောင်စီအား ကြည့်သည်။ အုတ်ဂူ ဝင်ပေါက်က မည်သည့် နေရာ၌ ရှိသည်ကို သူရိပ်မိသည်။

ရှီဟွာတောင် ရှန့်ထိုကလည်း မဟာလမ်းစဉ် စွမ်းအားကို ထုတ်လွှတ်သည်။ ရှေးနန်းတော်ရာ အတွင်း၌ သူ၏ စွမ်းအားများမှာ ဖိနှိပ်ခံရသော်လည်း သူကား ရှန့်ထိုတစ်ပါး ဖြစ်ကာ ရှန့်ထိုတစ်ပါး၏ စွမ်းအားများ ရှိပေသည်။ ရုပ်တုက မဟာလမ်းစဉ် စွမ်းအားများကို ထုတ်လွှတ် နိုင်သော်လည်း သူကိုယ်တိုင်က ရှန့်ထိုတစ်ပါး ဖြစ်သည့်အလျောက် ကြောက်ရွံ့စရာ အကြောင်းတော့ မရှိပေ။

သူကား ရီဖူရှင်းကို တိုက်ခိုက်ရန် တားမြစ် ခံထားရသော်လည်း အကယ်၍ ရီဖူရှင်းသာ အကူစွမ်းအားဖြင့် သူ့အား တားဆီးရန် ကြိုးစားပါက သူက စည်းမျဉ်းများအား လိုက်နာနေစရာ မလိုတော့ပေ။

“ရှေးခေတ်က အမွေအနှစ်တွေ ဆိုတာ အစွမ်းရှိတဲ့ သူတွေကပဲ ရယူနိုင်တာ…။ မင်းတို့ တော်ဝင်ကျဲ နန်းတော်က ဒီအတွက် အဆင့်မီတယ် ထင်လို့လား…” ရှီဟွာတောင် ရှန့်ထိုက ဟောင်စီထံသို့ လှမ်းသွားရင်း ပြောသည် … “ဟာသပဲ…”

ရှန့်ထိုတစ်ပါးက ဦးဆောင်မှတော့ တခြား လူများကလည်း လက်ပိုက် ကြည့်နေစရာ အကြောင်း မရှိတော့။ သူတို့အားလုံးက ဟောင်စီအား ဝိုင်းဝန်း တိုက်ခိုက် ကြတော့သည်။

“ခင်ဗျားက ကျုပ်ကို ကူညီမှာလား … သခင်မ…” ရီဖူရှင်းက မှန်နန်းတော် သခင်မအား စိတ်ဖြင့် လှမ်းပြောသည်။ မှန်နန်းတော် သခင်မက ခေါင်းညိတ်ကာ ရုပ်တုရှေ့သို့ ရောက်လာပြီး ရှီဟွာတောင် ရှန့်ထိုနှင့် တခြားလူများအား ရင်ဆိုင်သည်။

“မှန်နန်းတော် သခင်မ … မင်းက ငါတို့ကို တားနိုင်မယ် မထင်ဘူး…” ရှီဟွာတောင်ရှန့်ထိုက ပြောကာ ရှေ့သို့ တက်လာသည်။ ကျောက်ပြည်ထောင် ဘုရင်နှင့် ရှန့်ထိုကျဲတို့လည်း ရှေ့သို့ တက်လာကြ၏။ ရှန့်ထိုကျဲကား ရီဖူရှင်းကို ကြည့်ကာ အခွင့်အလမ်းကို စောင့်နေသည်။ ရီဖူရှင်းက သူ့အား ဦးဆုံး တိုက်ခိုက်သည်နှင့် ကိစ္စပြတ်ပေပြီ။

ဤအရာကား အမှန်ပင် ကောင်းမွန်သော အခွင့်အလမ်း ဖြစ်သည်။

သူတို့ သုံးယောက်ထံမှ မဟာလမ်းစဉ် စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ် လာနေသည်။ သူတို့၏ စိတ်စွမ်းအားများမှာ အလွန် အားကောင်းပေသည်။ မမြင်ရသော အားများက ရုပ်တုထံမှ လာသော စွမ်းအားများကို ရင်ဆိုင် တိုက်ခိုက်နေသည်။

“ကျောက်ပြည်ထောင် ဘုရင်မင်းမြတ် … ကျုပ်တို့ ဒီမိန်းမကို အရင် ဖြတ်ရအောင်…” ရှီဟွာတောင် ရှန့်ထိုက ပြောသည်။ နောက်ထပ် စောင့်၍ မရတော့မှန်း သူသိသည်။

“လုပ်လိုက်…” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ထက်ရှသောအသံဖြင့် ပြောသည်။ ရှန့်ထိုသုံးပါးက မှန်နန်းတော် သခင်မထံသို့ ဦးတည် သွားလိုက်ကြသည်။

“ဝူချင်း…” ရီဖူရှင်းက အော်သည်။ သူက ရှန့်ထိုအသိအား အမြင့်ဆုံးအထိ အသုံးပြုလိုက်ကာ ရုပ်တုရှေ့ လေထဲ၌ ရပ်သည်။ ရုပ်တုစွမ်းအားက ဖြစ်တည် လာခဲ့လျှင် ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာ၏။ သူက လက်သီးဖြင့် ထိုးလျှင် လေဟာနယ်က တုန်ခါသွားသည်။ ကြောက်မက်ဖွယ် ကြယ်တာရာ လောကဓာတ်များက ရှန့်ထိုသုံးပါးထံသို့ မိုးစက် မိုးပေါက်များပမာ ကျဆင်း လာခဲ့သည်။ ရီဝူချင်း၏ သက်စောင့်ဝိညာဉ် ငွေဓားကလည်း ရုပ်တုအသိဖြင့် ပေါင်းစပ်ကာ မဟာလမ်းစဉ် စွမ်းအားများ ထွက်လာပြီး လေဟာနယ်ကို ဖြတ်တောက် သွားသည်။

ကျောက်ပြည်ထောင် ဘုရင်ထံ၌ ကြီးမားသော ဖီးနစ်ပုံရိပ်တစ်ခု ပေါ်လာကာ ရွှေရောင်ဖီးနစ်ဓား တစ်လက်က အလွန် အားကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ရှေ့သို့ တိုးဝင်လာ၏။

“ပုရွက်ဆိတ် တစ်ကောင် သစ်ပင်ကို လှုပ်အောင် ကြိုးစားနေတယ်…” ရှီဟွာတောင် ရှန့်ထိုနှင့် ရှန့်ထိုကျဲတို့ကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြသည်။ သူတို့၏ စွမ်းအားများ ဖိနှိပ်ခံရသည့်တိုင် သူတို့၏ တိုက်ခိုက်မှုများမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။

ရီဖူရှင်းနှင့် ရီဝူချင်းတို့မှာ ရှန့်ထို စွမ်းအားများကို ငှားရမ်း အသုံးပြုနေခြင်း ဖြစ်သော်လည်း တစ်ဖက်မှ သူတို့ ရင်ဆိုင် နေရသူများမှာ ရှန့်ထိုကိုယ်တိုင်များ ဖြစ်ကြသည်။ သည်တိုက်ပွဲက အဓိပ္ပာယ် မရှိပေ။

ရုန့်ရင်း ကြမ်းတမ်းသော အရောင်အဝါများ ဖြစ်ပေါ်လာသည်။ ရီဝူချင်းနှင့် ရီဖူရှင်းတို့ နှစ်ဦးလုံး၏ တိုက်ခိုက်မှုများမှာ လွယ်လင့်တကူ ဖြတ်တောက် ခံရသည်။ သို့သော်လည်း ထိုအခိုက်တွက် မှန်နန်းတော် သခင်မ၏ဓားက လှုပ်ရှားသွားသည်။ ရီဝူချင်းနှင့် ရီဖူရှင်းတို့၏ တိုက်ခိုက်မှုများမှာ အလွယ် တားဆီးခြင်း ခံရသော်လည်း ထိုအခိုက်တွင်ပင် မှန်နန်းတော် သခင်မ လှုပ်ရှားသည်။ မဟာလမ်းစဉ်၏ ရေခဲဓာတ်က သူတို့၏သွေးများ စီးဆင်းမှု ရပ်တန့် သွားစေသလား မှတ်ရသည်။ ဓားတစ်ချက်က အရိုးကွဲမတတ် အေးစက်မှုကို ပေးသည်။ ဓားချက်ကား ဝိညာဉ်အတွင်း ကပ်ငြိနေသော စိတ်ခံစားချက်များအား ပယ်ဖျက်ကာ တော်ဝင် အသိအား တုန်လှုပ်စေသည်။

ရှန့်ထိုသုံးပါးက မှန်နန်းတော် သခင်မအား အလစ်မပေးရဲဘဲ အပြင်းအထန် ခုခံတိုက်ခိုက် ကြသည်။ သို့သော်လည်း ရုပ်တုများထံမှ ပိုမို အားကောင်းသော အရှိန်အဝါများ ဖြစ်ပေါ် လာသည်ကို သူတို့ခံစားရသည်။ ရီဖူရှင်းတို့က ရုပ်တုများ စွမ်းအားဖြင့် ရှန့်ထိုများအား ရင်ဆိုင်နိုင်ရန် မမျှော်လင့်ထားပေ။ သို့သော်လည်း အကယ်၍ သူတို့ကသာ ရှန့်ထိုများ၏ စွမ်းအားများကို သိသိသာသာ ယုတ်လျော့စေလျှင် မှန်နန်းတော် သခင်မအတွက် အကူအညီ ဖြစ်စေနိုင်ပေမည်။

ဟောင်စီ၏ရှေ့မှ ရုပ်တုကား အရွယ်အစား ကြီးမားလာပြီး သူ့ခန္ဓာမှာ ရုပ်တုရှေ့၌ မြင့်တက် လာနေသည်။ သူ၏ စိတ်စွမ်းအားက ရုပ်တုနှင့် ပေါင်းစပ် သွား၏။ နန်းတော်ရာ တစ်ခုလုံး တုန်ခါသွားပြီး အားလုံး၏ မျက်လုံးများ အလွန်အမင်း လေးနက် လာခဲ့သည်။ ရန်ဟောင် အုတ်ဂူကား မကြာခင် ပွင့်လာ ပေတော့မည်။

စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက မြန်ဆန်စွာ ရွေ့လျားကာ ဟောင်စီရှိရာသို့ ဦးတည် သွားနေကြသည်။ သို့သော် ထိုအခိုက်တွင် မဟာလမ်းစဉ် စွမ်းအားက သူတို့ထံသို့ ကျဆင်း လာခဲ့သည်။ သင်္ကေတကိုးခုက သူတို့ရှေ့သို့ ရောက်လာကာ မဟာလမ်းစဉ် စွမ်းအားဖြင့် ခုနကမှ လက်တစ်ဖက် ပြတ်နေသော ကျိမိုထံသို့ ရောက်လာခဲ့သည်။

ဘုန်း..

ကျယ်လောင်သော အသံနှင့်အတူ ကျိမို၏ ခန္ဓာကိုယ်ကား ကွေးကောက် သွားကာ သွေးတစ်ပွက် အန်၏။ သူ၏ ပထမ တိုက်ခိုက်မှုမှာ ရီဖူရှင်းထံ၌ လက်တစ်ဖက် ဖြတ်တောက်ခြင်း ခံခဲ့ရသလို နောက်ထပ် တိုက်ခိုက်မှု မှာလည်း ဂူတုံးလျိုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

“သွားစမ်း…” ဂူတုံးလျိုက တစ်ခွန်းပြောကာ သင်္ကေတကိုးခုက တစ်ပြိုင်နက်တည်း အလင်းများ ဖြာထွက်လာခဲ့ပြီး မဟာလမ်းစဉ် စွမ်းအားနှင့် ပေါင်းစပ်ကာ ဟောင်စီအနီးသို့ ကပ်ရန် ကြိုးစားသူများအား တိုက်ခိုက် လိုက်သည်။ တိုက်ခိုက်မှုများတွင် တစ်ယောက်ပြီး တစ်ယောက် နောက်သို့ လွင့်စဉ်နေသည်။

ကျိမို၏ အမူအရာမှာ ပြာနှမ်းနေသည်။ သူကား တော်ဝင် အလင်းနန်းတော်မှ အတော်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်ကာ ကောင်းကင် ရွေးချယ်ခံလည်း ဖြစ်သည်။ သူကား ဤသို့ အရှက်တကွဲ အဖြစ်မျိုးနှင့် တစ်ခါမှ မကြုံဖူးပေ။ ထို့အပြင် အထက်ဘုံသို့ ခရီးစဉ်၌လည်း သူက ဂူတုံးလျိုနှင့် သိပ်အဆင်ပြေခဲ့သည် မဟုတ်ပေ။

လူအများအပြားက ရှေ့သို့ ဆက်တက်လာလျှင် ဂူတုံးလျို၏ ချောမောသော မျက်နှာက သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက် လာခဲ့သည်။ ထိုလူများမှာ တော်ဝင်မြေများမှ ဖြစ်ကြကာ ရီဖူရှင်းအနေဖြင့် ထိုလူများအား တိုက်ခိုက်ရန် သိပ်အဆင်မပြေကြောင်း သူသိသည်။ ထိုသို့လုပ်ခြင်းက မြေရိုင်းပြည်နယ်အား ပိုမိုရန်မီးပွားစေကာ ပိုမိုကျဉ်းကျပ်သော အခြေအနေသို့ ရောက်လာ နိုင်ပေသည်။ သို့သော်လည်း လက်ရှိ အခြေအနေတွင် ဟောင်မိသားစု အမွေအနှစ်အား ဆက်လက် ထိန်းသိမ်းလိုပါက ကျိုးကြောင်း ဆီလျော်မှုက အသုံးမဝင်ဘဲ သူတို့က သတ်ဖြတ်ရန် လိုပေသည်။ ထို့ကြောင့် သူတို့က ရွေးချယ်စရာ မရှိဘဲ သတိပေးသည့် အနေဖြင့် တစ်စုံ တစ်ယောက်အား သတ်ဖြတ်ရန် လိုပေသည်။

ဂူတုံးလျိုက ကျိမိုအား လှမ်းကြည့်ရင်း သူ၏ သင်္ကေတကိုးခုမှာလည်း စက်ဝန်းပုံစံ လှည့်ပတ်ကာ ရုပ်တုထံမှ မဟာလမ်းစဉ် စွမ်းအားများဖြင့် ပေါင်းစပ်သည်။ သင်္ကေတကိုးခု၌ ဓားအသိများ ကပ်ငြိနေသည်။ ကျိမိုလည်း ဂူတုံးလျို၏ သတ်ဖြတ်လိုသော အငွေ့အသက်များအား ခံစားမိသည်။ သူ၏အမူအရာက မြန်ဆန်စွာ ပြောင်းလဲ လာခဲ့၏။

“ရှေ့ကို တိုးလာတဲ့သူ ဘယ်သူမဆို အသတ်ခံရမယ်” ဂူတုံးလျိုက ကြေညာသည်။ သင်္ကေတကိုးခုက ပြင်းထန်စွာ ထက်ရှသော ဓားကိုးလက်အလား ပျောက်ကွယ် သွားသည်။ ကျိမိုက ဖိအားကို ခံစားမိကာ ရန်ဟောင် အမွေအနှစ်အား မမက်မော နိုင်တော့ဘဲ မြန်ဆန်စွာ နောက်ဆုတ်သည်။

သင်္ကေတကိုးခု အလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်း သွားကာ ကျိမိုမှာ လေထဲတွင်ပင် တွန့်လိမ် ကောက်ကွေးပြီး မြေပေါ်သို့ကျသည်။ တော်ဝင်အလင်း နန်းတော်မှ အထက်မြက်ဆုံး ပါရမီရှင် တစ်ယောက်မှာ ပြည်နယ်ကိုးခု၌ တောက်ပခွင့် မရသေးမီ၌ပင် ကြွေခဲ့ရလေပြီ။

ကျိရာနှင့်ကျိမူတို့မှာ တိုက်ခိုက်နေကြဆဲ ဖြစ်ပြီး ကျိမို အသတ်ခံလိုက် ရသည်ကို မြင်လိုက်ကာ သူတို့၏မျက်နှာများ ပြာနှမ်း သွားကြသည်။ ပိုပြီး ထိတ်လန့်စရာ ကောင်းသည်မှာ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ဖြစ်သော်လည်း မိမိတို့မှာ ယူချင်းနှင့် ဟွာဂျီယူတို့အား အသာစီးရအောင် မတိုက်ခိုက် နိုင်ခြင်းပင်။ အထူးသဖြင့် ပြည်နယ်ကိုးခုရှိ အဆင့်တွင် နံပါတ်၂ဖြစ်သော ကျိရာအတွက် ကြီးစွာ အရှက်ရဖွယ်ရာ၊ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်သည်။

တော်ဝင်ကျဲ နန်းတော်မှ ရှီတန်ခိုးရှင်များ အစွမ်းကုန် တိုက်ခိုက်ပါက မည်မျှရူးသွပ်ဖွယ် ကောင်းလိုက် မည်နည်း။

“ဖွင့်…”

အလင်းများ တဖျတ်ဖျတ် ဖြစ်ပေါ်လာကာ အုတ်ဂူကြီးက တုန်ခါ လာသည်။ အားလုံးက အုတ်ဂူကြီး အလယ်၌ ရှိနေသော ရန်ဟောင် ရုပ်တုအား ကြည့်ကြသည်။ ရှေးအုတ်ဂူ အလယ်၌ အက်ကွဲလာခဲ့ပြီး တံခါးတစ်ခု ပေါ်လာသည်။ သူတို့ ခန့်မှန်းထား သလိုပင် ရန်ဟောင် ရုပ်တုကား ရှေးအုတ်ဂူထဲသို့ ဝင်ပေါက် ဖြစ်သည်။

“မြန်မြန်ဝင်…” ဟောင်စီက ပြောသည်။

ရီဖူရှင်းလည်း အမိန့်ပေးသည် … “နောက်ဆုတ်…”

တော်ဝင်ကျဲ နန်းတော်မှလူများ ရန်ဟောင်ရုပ်တုဘက်သို့ လျှပ်တစ်ပြက် နောက်ဆုတ်သည်။

ဂါး…

မြေကမ္ဘာ တုန်ခါစေသော အော်သံတစ်ခု ကြားရကာ လေထုက ပြင်းထန်စွာ လှိုင်းထ တုန်ယင်သည်။ ဟောင်ကျူဂီနှင့် တခြားလူများမှာ နောက်သို့ လွင့်စဉ်သွားကာ သွေးအန် ကြသည်။

သူတို့က ‌အသံလာရာဘက်သို့ ကြည့်လျှင် ဒေါသအိုး စောင့်ရှောက်သူနှင့် တူသော ရုပ်တုအား မြင်သည်။ လေထဲတွင် ဒေါမာန်ကြီးသော ပုံရိပ်တစ်ခုဖြစ်ပေါ်နေကာ ထိုနေရာ၌ လျူကျောင်း ရပ်နေပြီး သူ၏ သက်စောင့်ဝိညာဉ်က ရုပ်တုနှင့် ပေါင်းစပ်နေသည်။ ရီဝူချင်းတို့က ရုပ်တုနှင့် မည်သို့ ဆက်နွှယ်ရန် ကြိုးစားခဲ့သည်ကို သူမြင်ကာ လျူကျောင်းကလည်း ကြိုးစားခဲ့ရာ အောင်မြင်ခဲ့သည်။

“လျူ‌ကျောင်း…” ရှီဟွာတောင် ရှန့်ထို ပြုံးသည်။ ရှီဟွာတောင်တွင် သူ့နေရာ ဆက်ခံနိုင်သော သူတစ်ယောက် အမှန်တကယ် ရှိနေသည်။ သူကား ရီဖူရှင်းတို့ လုပ်ခဲ့သည် များအား အောင်မြင်အောင် လုပ်ခဲ့၏။

ရီဖူရှင်း၏ မျက်နှာမှာ မည်းမှောင်နေသည်။ သူနှင့် ရီဝူချင်းတို့က မှန်နန်းတော် သခင်မအား ကူညီနေရသော အချိန်၌ လျူကျောင်းအား ရင်ဆိုင်ရန် အချိန်မရှိပေ။ ရှန့်ထိုသုံးပါး၏ တိုက်ခိုက်မှုများမှာ ပိုမို ပြင်းထန်လာခဲ့၏။ အထူးသဖြင့် ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော် သခင်မအား ပြင်းထန်စွာ တိုက်ခိုက်နေရာ ကြောက်မက်ဖွယ် မုန်တိုင်းများ ဖြစ်နေသည်။

“သူ့ကို ငါ့တာဝန်ထား…” ဂူတုံးလျိုက ပြောသည်။ သင်္ကေတကိုးခု အလင်းတန်းက လျူကျောင်းထံသို့ တိုးဝင်သွားသည်။ ဗုဒ္ဓအလင်းရောင်များ လျူကျောင်းကို စီးဆင်း လာခဲ့သည်။ သူက ကွဲပြား ခြားနားသော ပညာရပ်များအား လေ့ကျင့်ကာ ဗုဒ္ဓနည်းစနစ်မှာ ထိုအထဲမှ တစ်ခုဖြစ်သည်။ အဆုံးအစမဲ့သော ရှေးဟောင်း တံဆိပ်တော်တစ်ခု ဖြစ်ပေါ်လာကာ ဂူတုံးလျို၏ သင်္ကေတများဖြင့် ရင်ဆိုင်တွေ့သည်။ သူတို့ နှစ်ယောက်လုံးမှာ ရှန့်ထိုများ၏ စွမ်းအားကို ငှားရမ်း အသုံးပြုကာ တိုက်ခိုက်ကြသည်။

“ကျူဂီ  … မြန်မြန်ဝင်…” ရီဖူရှင်းက ခေါ်သည်။ သူက ရှေးနန်းတော်ရာ၏ အမွေအနှစ်များအား ဆက်ခံရန် အတွေးမရှိပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ ဒုက္ခရောက်နေသော အချိန် ဟောင်မိသားစုကား တော်ဝင်ကျဲ နန်းတော်သို့ ရောက်လာကာ မိမိနှင့်အတူ လက်တွဲ တိုက်ခိုက်ခဲ့သည်။ သူတို့အကြား ဆက်ဆံရေးက စကားအားဖြင့် ပြောရန် မလိုအပ်ပေ။

“စကား တစ်ခွန်းတည်းက ဟောင်ကျူဂီအား ကြီးစွာ စိတ်လှုပ်ရှား ထိခိုက်စေသည်” သူက ဘာမှ မပြောတော့ဘဲ ဟောင်စီ ရှိနေရာသို့ ပျံသန်း သွား၏။

ဘုန်း …

နောက်ထပ် ကျယ်လောင်သော အသံတစ်သံနှင့်အတူ မှန်နန်းတော်သခင်မ နောက်သို့ လွင့်စဉ်သည်။ သူမက ထိုအားကိုပင် ယူကာ လျှပ်စီးအလား ရုပ်တုရှိရာသို့ ဆုတ်သွား၏။ ကျောက်ပြည်ထောင် ဘုရင်လည်း မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် သူမနောက်သို့ လိုက်ပါ သွားသည်။

အလင်းတန်းနှစ်ခု ပျောက်ကွယ်သွားကာ ရှေးအုတ်ဂူဟောင်းထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။ ရှီဟွာတောင် ရှန့်ထိုနှင့် ရှန့်ထိုကျဲတို့မှာ အနည်းငယ် နှေးကွေးနေခဲ့ပြီး သူတို့လည်း အထဲသို့ လိုက်ဝင်ရန် ဟန်ပြင်သည်။ သို့သော်လည်း ရီဖူရှင်းနှင့် ရီဝူချင်းတို့က သူတို့ နှစ်ယောက်အား တိုက်ခိုက် တားဆီးကြသည်။ သို့သော်လည်း ရှန့်ထိုနှစ်ပါးက သိပ်ဂရုမစိုက်ဘဲ သူတို့၏ ရှန့်ထိုစွမ်းအားများ ကိုသာ ထုတ်ကာ ရောက်လာသော တိုက်ခိုက်မှုများအား ပျက်ပြယ် စေသည်။

ရီဖူရှင်းက ရုပ်တုနှင့် ပေါင်းစပ်ကာ လေထဲတွင် အလင်းတန်း အသွင်ဖြင့် တိုက်ခိုက်သည်။ ရီဝူချင်းကလည်း သူ၏ သက်စောင့်ဝိညာဉ်ဓားဖြင့် ထုတ်လွှတ် တိုက်ခိုက်ကာ ရှီဟွာတောင် ရှန့်ထိုနှင့် ရှန့်ထိုကျဲတို့အား နှေးကွေးစေသည်။

ဘုန်းခနဲ မြည်သံနှင့်အတူ ရီဖူရှင်းကား ရုပ်တုရှိရာသို့ လွင့်စဉ်လာခဲ့ပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။ ရီဝူချင်း၏ သက်စောင့် ဝိညာဉ်မှာလည်း သူ၏ ခန္ဓာကိုယ်ထဲသို့ အားနည်းစွာ ပြန်ရောက်လာခဲ့၏။ သူ၏မျက်နှာမှာ ပြာနှမ်း နေသည်။

“အရှေ့ဘက် ပြည်နယ်ရဲ့ နံပါတ်တစ် မိန်းမလှဖြစ်တဲ့ မှန်နန်းတော် သခင်မက မင်းရဲ့အကူအညီ လိုအပ်တယ်လို့ တကယ် ထင်နေတာလား …” ရှီဟွာတောင် ရှန့်ထိုက ရီဖူရှင်းအား ငေါ့တော့တော့ ပြောသည်။

ရီဖူရှင်း၏ မျက်လုံးများ အေးစက်နေသည်။ မှန်နန်းတော် သခင်မက သူ့အား ရောင်းစားခဲ့သည်မှာ သေချာသည်။ မှန်နန်းတော် သခင်မကား ပြည်နယ်ကိုးခု ထိပ်သီး တန်ခိုးရှင်များ အကြားတွင် အလှဆုံးဖြစ်ကာ မှန်နန်းတော်၏ သခင်မလည်း ဖြစ်သည်။ သူမကား ပြင်ပ သွင်ပြင်တွင် ရှိနေသကဲ့သို့ တကယ့်လက်တွေ့တွင် သိမ်မွေ့ကာ စိတ်သဘော နူးညံ့မနေပေ။ သူမက အခွင့်အရေးအား မည်သို့ လက်လွှတ် ခံမည်နည်း။ သူမသာ ရန်ဟောင် အမွေအနှစ်များကို ရရှိနိုင်မည် ဆိုပါက နောက်တစ်ဆင့် တက်ကာ ကျောက်ပြည်ထောင်အား မြေလှန် ပစ်နိုင်ပေမည်။

“ဖူရှင်း  … ကျူဂီနဲ့အထဲကို ဝင်သွား … ဒါတွေကို ငါ့တာဝန်ထား…” ထိုအခိုက်တွင် ဟောင်စီကား ရန်ဟောင် ရုပ်တုရှေ့၌ ရပ်နေကာ ရုပ်တုနှင့် ပေါင်းစပ်နေဟန် ရသည်။

“ဦးလေး…”

“အချိန်မရှိဘူး … တော်ဝင်ကျဲ နန်းတော်က လူတွေကို ငါ ကြည့်ထားပေးမယ်…”

ရှန့်ထိုကျဲနှင့် ရှီဟွာတောင် ရှန့်ထိုတို့ လာနေသည်ကို မြင်လျှင် သူက ပြောသည်။

“အဖေ…” ဟောင်ကျူဂီက ဟောင်စီအား ကြည့်သည်။

“ပိတ်လိုက်တော့…” ဟောင်စီ၏အသံကား ဆွေးမြည့်နေကာ ချက်ချင်းပင် ရှေးဟောင်း ဂူတံခါးမှာ တဖြည်းဖြည်း ပိတ်ဆို့ လာသည်။

“သွား…” ရီဖူရှင်းက နောက်ထပ် ဘာမှ ပြောမနေတော့ဘဲ ဟောင်ကျူဂီအား ဆွဲကာ အတွင်းသို့ ဝင်သည်။ ရှီဟွာတောင် ရှန့်ထိုနှင့် ရှန့်ထိုကျဲတို့က ထိုမြင်ကွင်းအား ကြည့်ကာ အမူအရာ ပြောင်းသွားပြီး မြန်ဆန်စွာ ပြေးဝင် လာခဲ့ကြသည်။ သို့သော်လည်း အပေါ်မှ ဧရာမဓားများ သူတို့ထံသို့ ဆင်းသက် လာကာ တားဆီးသည်။ သူတို့ နှစ်ယောက်မှာ ထိုဓားများ ကြောင့်ပင် နှေးကွေး သွားကာ တံခါးမှာ ပိတ်သွားပြီး ရီဖူရှင်းနှင့် ဟောင်ကျူဂီတို့က နောက်ဆုံး တစ်ချက် ပြန်ကြည့်ကြသည်။

“ဟောင်ကျူဂီ  … အခု ဟောင်မိသားစု တာဝန်တွေက မင်းလက်ထဲမှာ ဖြစ်သွားပြီ…။ ငါ့ကို စိတ်မပျက်စေနဲ့…” နောက်ဆုံး ပြောလိုက်သော ဟောင်စီ၏ အသံက အတွင်းသို့ အထိ စိမ့်ဝင် ရောက်သွားသည် … “ဖူရှင်း … မင်းက ပြည်နယ်ကိုးခုမှာ အမြင်ဆုံး နေရာသို့ တက်လှမ်းတာ ငါကိုယ်တိုင် မြင်ချင်ခဲ့တာ … ဒါပေမဲ့ အခု မဖြစ်နိုင်တော့ဘူးပဲ။ တော်ဝင်ကျဲ နန်းတော်နဲ့ ပူးပေါင်းတဲ့အတွက် ငါနောင်တ မရဘူး” တံခါးက လုံးဝ ပိတ်သွားကာ အတွင်းမှ နှစ်ယောက်က သူ၏ စကားများအား ကြားများလား သူမသိပေ။ ပုံမှန်အားဖြင့် သူသည်လည်း အတွင်းသို့ ဝင်နိုင်ပေသည်။ သို့သော်လည်း ရှန့်ထိုများကလည်း တံခါးသို့ ပြေးဝင် လာချိန်တွင် ထိုလူတို့အား တားဆီးရန် တစ်စုံ တစ်ယောက်တော့ လိုပေသည်။

ဟောင်စီ၏ စိတ်ဝိညာဉ် စွမ်းအားမှာ ဆက်လက်၍ လောင်ကျွမ်းနေပြီး သူ၏ ခန္ဓာကိုယ်မှာ ဝေဝါးလာပြီး ရုပ်တုနှင့်လုံးဝ ပေါင်းစပ် လာတော့သည်။ နန်းတော်ရာ တစ်ခုလုံး တုန်ခါနေကာ ရန်ဟောင် ရုပ်တုမှာလည်း အသက်ဝင် လာသလို ထင်မြင်ရသည်။ မဟာလမ်းစဉ် စွမ်းအား၏ စစ်မှန်သော အရှိန်အဝါမှာ ထိုနေရာ တစ်ခုလုံးအား ခြုံလွှမ်း လာခဲ့၏။ စွမ်းအားကား ရှန့်ထိုမဟုတ်ဘဲ ရန်ဟောင် အဆင့်၌ ရှိနေသည်။

ရှီဟွာတောင် ရှန့်ထိုက ဟောင်စီထံသို့ တန်းတန်းမတ်မတ် ဝင်လာသည်။ သူ့ခန္ဓာကိုယ်မှ ကြီးမား ထည်ဝါသော ရှန့်ထို အရှိန်အဝါများ ထွက်နေသည်။ သူ၏လက်ဝါးက ရန်ဟောင် ရုပ်တုအား ရိုက်နှက်လုနီးပါး ဖြစ်လာသည်။ ထိုအခိုက်တွင် ရုပ်တု၏ မျက်လုံးက ရုတ်တရက် ပွင့်လာ၏။

“ကျုပ်က ရန်ဟောင် မျိုးဆက်ကွ…” အလွန် ကြီးမားသော လက်ဝါး တံဆိပ်တော် တစ်ခု ပေါ်လာကာ ကျယ်လောင်သော အသံတစ်သံ ကြားရသည်။ အရိုးကျိုးအက်သံ သဲ့သဲ့နှင့်အတူ ရှီဟွာတောင် ရှန့်ထိုကား နောက်သို့ ဝေးလံစွာ လွင့်စဉ် သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset