Switch Mode

အပိုင်း (၉၅၈)

ကူးခပ်ခြင်း သို့မဟုတ် နစ်မြုပ်ခြင်း

ရီဖူရှင်းကား ရှီဟွာတောင် ရှန့်ထိုအား ပြန်ဖြေကြားရန် အာရုံမရှိပေ။ သူ၏ မျက်လုံးများက မဟာ လမ်းစဉ် စွမ်းအားများ ထုတ်လွှတ်လျက် ရှိသော ရုပ်တုကို စူးစိုက် ကြည့်နေသည်။ ရုပ်တုတစ်ခုစီက မဟာလမ်းစဉ်၏ ကွဲပြားခြားနားသော စွမ်းအင်များ၊ ဓား၊ ခွန်အား၊ ဓားသဘာဝများနှင့် ဖျက်ခြင်း  … စသည်တို့အား ထုတ်လွှတ် နေကြသည်။ အထူးထူး အပြားပြားသော ဖိအားများ လေထုထဲ ပြွတ်သိပ်နေကာ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ထိမိလျှင် ကောင်းကင်ဘုံမှ ဖိအားများ အရာအားလုံးကို လာရောက် ဖျက်ဆီးသည်နှင့် တူ၏။

ထို့အပြင် ကျင့်ကြံခြင်း အဆင့်မြင့်လေလေ သူခံစားရသော ဖိများအား မြင့်လေလေ ဖြစ်သည်။ ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့မှာ ထိုအခိုက်တွင် သူတို့ ခံစားနေရသော ဖိအားများ မည်မျှ ကြီးမားသည်ကို သူတို့သာ သိပေသည်။

ရှီဟွာတောင် ရှန့်ထို၏ အမူအရာက အေးစက် နေသော်လည်း ရီဖူရှင်းကား သူ့ကို လျစ်လျူရှု ထားသည်။

“အားလုံး  … ဒီသင်္ချိုင်းဂူက ရန်ဟောင် တစ်ပါးရဲ့ဂူ ဖြစ်ဖို့များတယ်။ ခင်ဗျားတို့ အားလုံး သူ့နောက်ကို လိုက်လာတာကလည်း သူတို့က ဝင်ပေါက်ကို သိမယ်လို့ သံသယဝင် ကြလို့မလား။ တကယ်လို့ ကျုပ်တို့ ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေရင် နောက်ပိုင်း ကျုပ်တို့အတွက် ဘာမှ ကျန်မှာ မဟုတ်ဘူး….” ရှီဟွာတောင်ရှန့်ထိုက ဆက်ပြောသည် … “ပြီးတော့ တခြားလူတွေ ထပ်ရောက်လာခဲ့ရင် ကျုပ်တို့ ဒီမှာ ဆက်ရှိနေလည်း အလကား ဖြစ်သွားမှာပဲ”

ရှားရှင်းယွန်နှင့် တခြားလူများမှာ ဘုရား ကျောင်းဆောင်၌ ရှိနေကြရာ အကယ်၍ မင်းသမီးသာ သည်နေရာသို့ ရောက်လာပါက သူတို့မှာ ဘာမှ တတ်နိုင်တော့မည် မဟုတ်ပေ။

ထိုအခိုက်တွင် လူတစ်ယောက် ရှေ့သို့ တက်လာ၏။ ပိန်သွယ်ကာ အဖြူရောင် ဝတ်ထားသော ထိုလူ၏ မျက်လုံးများမှာ အလွန်တရာ စူးရှသည်။ သူ့ခန္ဓာက အလင်းတန်းသွင်ဖြင့် ရီဖူရှင်းထံသို့ ပျံသန်း သွားသည်။ သူကား ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ်(၂)တွင် ရှိသော တော်ဝင်အလင်း နန်းတော်မှ ကျိရာ ဖြစ်သည်။

သူ့ဓားချက်မှ ထွက်လာသော အလင်းမှာ ကောင်းကင်တံခါးအား ဖွင့်သည့်နှယ် ထင်မှတ်ရသည်။ တော်ဝင် အလင်းဓားမှာ မြန်ဆန်ကာ ထက်ရှပြီး ဦးတည်ရာသို့ စက္ကန့်ပိုင်းအတွင်း ရောက်နိုင်သည်။ သို့သော်လည်း ရီဖူရှင်းကား ထိုနေရာတွင်ပင် ရွေ့လျားခြင်း မရှိဘဲ ရပ်နေသည်။ သူ့နောက်တွင် လူအချို့ ပေါ်လာသည်။ ဟောင်စီနှင့် ယူချင်းတို့က ရီဖူရှင်း၏နောက်မှ တိုက်ခိုက်လာသော ကျိရာအား ပိတ်ဆို့ ထားကြ၏။

ဘုန်း…

ဟောင်စီ၏ အဝတ်စများ၌ အပေါက်ရာများစွာ မြင်ရ၏။ ရတနာ ပုဆိန်ဖြင့် ကိုင်စွဲခုခံသော ယူချင်းမှာလည်း အကုန်အစင် မပိတ်ဆို့နိုင်ခဲ့ရာ သူ့ကြီးမား တုတ်ခိုင်သော ခန္ဓာကိုယ်ပေါ်၌ ခြစ်ရာများစွာ တွေ့ရသည်။ ကြောက်မက်ဖွယ် ဓားအသိများ သူ့ခန္ဓာကိုယ်အား စီးဆင်း ရိုက်ခတ် သွားကြ၏။

ကျိရာကား ရှန့်ထိုတစ်ပိုင်း ဖြစ်ကာ ပြည်နယ်ကိုးခု ရှီအဆင့်တွင်လည်း နံပါတ်(၂) ဖြစ်သည်။ ရှန့်ထိုအဆင့် အောက်၌ သူ့ထက် အားကောင်းသူမှာ တစ်ဦးတည်းသာ ကျန်ရှိသည်။ သူ့လက်ထဲမှ ဓားမှာလည်း ရတနာရှန့်ထိုဓား ဖြစ်သည်။

“ဝင်ပေါက် ဘယ်မှာလဲ…” ကျိရာ၏ စူးရှသော မျက်လုံးများက ရီဖူရှင်းထံတွင် ရောက်နေသည်။ တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များ ကလည်း သူ့အား အေးစက်စွာ ကြည့်နေကြသည်။ ကျိရာ တစ်ယောက်တည်းသာ သူတို့အား ရန်ရှာလိုသည် မဟုတ်ပေ။ တခြား တန်ခိုးရှင် များစွာကလည်း သူတို့အား မသိမသာ ဝန်းရံထားကြ၏။

ရီဖူရှင်းက နောက်လှည့်ရန် စိတ်ဝင်စားဟန် မရပေ။ သူ့မျက်လုံးများက ရုပ်တုများထံသို့သာ ရှိနေသည်။ မဟာလမ်းစဉ် စွမ်းအားများ ထိုနေရာ တစ်ခုလုံးအား ရိုက်ခတ်နေ၏။ သူကား ထိုအထဲတွင် မဟာလမ်းစဉ် စွမ်းအားများကို ဆင်ခြင်ရင်း စျာန်ဝင်နေဟန် ရသည်။

ထိုအခိုက်တွင် ယူချင်း ရှေ့သို့ တက်လာကာ ကျိရာ၏ရှေ့၌ ရပ်၏။ အလွန်ကြမ်းတမ်း ခက်ထော်သော မိစ္ဆာစွမ်းအားများ သူ့ကို နဂါးငွေ့တန်းအလား ရစ်ပတ်လာသည်။ သူ့ဒဏ်ရာများ မြန်ဆန်စွာ ပျောက်ကွယ် သွားကြကာ သူ့အား ဗဟိုထား၍ မိစ္ဆာစွမ်းအားများ မုန်တိုင်း ထန်သည်။ အရိုး ကျိုးအက်သံများ တဖြောက်ဖြောက် ကြားရကာ ယူချင်း၏ခန္ဓာမှာ အရွယ်အစား ကြီးမားလာပြီး ယခင်ထက် ရုန့်ရင်းကာ ထည်ဝါလာဟန် ရသည်။ နတ်ဆိုး အသွင်သဏ္ဌာန်တစ်ခု သူ့အား ခြုံလွှမ်းလျက် ပေါ်လာပြီး သူ့မျက်လုံးများမှာလည်း နတ်ဆိုးတစ်ပါး၏ မျက်လုံးများ ဖြစ်လာသည်။

ဝုန်း …

ကျယ်လောင်သော အသံနှင့်အတူ ယူချင်း ရှေ့သို့ တက်လာသည်။ ယူချင်းထံမှ အန္တရာယ်၏ အငွေ့အသက်များ ခံစားမိကာ ကျိရာ မျက်မှောင်ကြုတ် လိုက်သည်။ ထို့အပြင် ယူချင်း၏ခွန်အားများ အဆက်မတန် မြင့်တက်လာကာ ကွန်းရှီသို့ ရောက်လာသည်ကို သူခံစားရ၏။ သူက ယူချင်း၏ မျက်လုံးများအား စူးစိုက်ကြည့်သည်။ ထိုအခိုက်တွင် ဘုံဌာနေများစွာအား အမှူးပြု အစိုးရသော နတ်ဆိုး တစ်ပါးအား ကြည့်နေရသလို ခံစားလာရသည်။ နတ်ဆိုး၏ အကြည့် တစ်ချက်က သက်ရှိများ အားလုံးကို ချိုးနှိမ်ရန် လုံလောက်သည် ထက်ပင် ပိုနေသည်။

နောက်ထပ် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ယူချင်း ရှေ့သို့ တက်လာသည်။ ခြေလှမ်းတိုင်းက ဖိများအား တိုးပွားစေခဲ့ပြီး ထိုနေရာအား သူက အပိုင်သိမ်း သွားသကဲ့သို့ ဖြစ်သည်။

ကျိရာ၏ဓားမှာ သူ့ရှေ့၌ ပျံဝဲနေသည်။ သူက ဓားကို ဗဟိုပြုကာ လက်ကို စက်တန်း သဏ္ဌာန် ဝှေ့ယမ်းလိုက်လျှင် သူ့ရှေ့တွင် တော်ဝင်အလင်း ပုံရိပ်တစ်ခု ပေါ်လာပြီး ထိုအရာက ဓားအသိနှင့် ပေါင်းစပ်သွားသည်။ ဓားအလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး အလင်းတန်းတိုင်းက ပြိုင်ဘက် ကင်းအောင် ထက်ရှကြသည်။ စူးရှ လင်းလက်သော အလင်းတန်းများမှာ ကြည့်မိသူတိုင်းကား အမြင်အာရုံ ဝေဝါးစေလောက်ရာ ထိုအထဲတွင် ပါဝင်သော လောကဓာတ်များ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို စဉ်းစားကြည့် နိုင်ပေသည်။ အဆုံးအစမဲ့သော ဓားအလင်းများမှာ ယူချင်းကို ပြစ်မှတ် ထားနေသည်။ ထိုအလင်းတန်းသာ ယူချင်းကို ဖောက်ထွင်း သွားပါက သူ့အား အလင်း အမှုန်အမွှား အဖြစ်သို့ ပြောင်းလဲ သွားစေလောက် ပေသည်။

ဘုန်း …

နောက်ထပ် ကျယ်လောင်သော အသံတစ်သံ ကြားရ၏။ ယူချင်းကား အလင်းတန်းများကို ရှောင်လွှဲခြင်း မပြုပေ။ သူ့နောက်တွင် ကောင်းကင်သို့အထိ လင်းလက်သော ရောင်စဉ် ရောင်ဝါများနှင့်အတူ ဗုဒ္ဓပုံရိပ်တစ်ခု ပေါ်လာ၏။ သူ့ခန္ဓာကိုယ်မှမူကား ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်လာခဲ့ကာ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်လာခဲ့သည်။ မိစ္ဆာနှင့် ဗုဒ္ဓလမ်းစဉ် ပေါင်းစပ်လျှင် သတ်ဖြတ်ခြင်း ဗုဒ္ဓအရှင်သခင် တစ်ပါး ဖြစ်ပေါ် လာတော့သည်။

တော်ဝင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်။

ကလင် …

အနီးတွင် တခြွင်ခြွင် မြည်သံများ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့ကာ အဆုံးအစမဲ့သော ဓားများက ရွှေရောင် မျက်နှာပြင်အား ထိုးနှက် တိုက်ခိုက်ကြသည်။ ဓားအသိများက မျက်နှာပြင်ကို တိုက်ခိုက်နေစဉ် တခြား တစ်ဖက်မှာလည်း မျက်နှာပြင်ကပင် ဓားအသိများကို တတိတိ ဝါးမျိုနေခဲ့သည်။

ကျိရာ၏ အမူအရာမှာ အေးစက်နေဆဲ ဖြစ်သည်။ သူ၏ အလင်းဓားမှာ  အကန့်အသတ်မဲ့သော စွမ်းအင်ကို ပိုင်ဆိုင်သော်လည်း ယူချင်း၏ အရံအတားကို ကျော်လွှားနိုင်စွမ်း မဲ့နေသည်။ သူ၏ပြိုင်ဘက်က လျှို့ဝှက်ဆန်သော ပညာရပ်အား အသုံးပြုကာ သူ၏ စွမ်းအားများအား ဆတိုးပွားစေလျက် ကျိရာ၏ တိုက်ခိုက်မှုများအား ကာကွယ်နေဟန် ရသည်။

ကျိရာက လက်ဆန့်တန်းကာ ဓားကို ကိုင်သည်။ အလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားကာ ယူချင်းက မဆိုင်းမတွ သူ၏ပုဆိန်ဖြင့် ခုတ်သည်။ ဓားအလင်း ကွဲအက်လာခဲ့သလို ပုဆိန်အလင်း ကဲ့သို့ပင် သူကလည်း ကွေးကောက်သော ဓားအလင်း တစ်ချက် ဖြစ်ပေါ်လာစေသည်။ သူတို့နှစ်ယောက် တည်ရှိသော လေဟာနယ် အကန့်အသတ်မှာ အဆက်မပြတ် ပေါက်ကွဲကြပြီး စွမ်းအင် အစုအဝေးများ ပျံ့လွင့် ဖြစ်ပေါ်လာသည်။ ကျိရာကား နောက်ကို ဆုတ်သွားရကာ လေထဲတွင်ပင် ရပ်သည်။

သူတို့အနီးမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး မှင်တက်နေကြသည်။ တော်ဝင်ကျဲ နန်းတော်မှ ယူချင်းကား အမှန်ပင် ပြည်နယ်ကိုးခု ရှီအဆင့်တွင် နံပါတ်(၂)ရှိသော ကျိရာအား ရင်ဆိုင် နိုင်နေသည်။ တော်ဝင် အလင်းနန်းတော်မှ နောက်ထပ် စွမ်းအားမြင့် တန်ခိုးရှင် နှစ်ယောက်က ရီဖူရှင်းထံသို့ လှမ်းလာကြသည်။ သူတို့ကား ပြည်နယ်ကိုးခု ရှီအဆင့်ဝင်များ ဖြစ်ကြသော ကျိမိုနှင့် ကျိမူတို့ ဖြစ်ကြသည်။

ဟောင်စီက သူတို့အား တားဆီးမည်ပြုစဉ် ရီဖူရှင်းက သူ့အား စိတ်ဖြင့်ပြောသည်  … “ဦးလေး … ရန်ဟောင် အုတ်ဂူထဲသို့ ဝင်ဖို့အတွက် ဝင်ပေါက်ကို ကျွန်တော် ဖွင့်လို့မရဘူး…။ ကျွန်တော် ထင်တာ မမှားရင် ဒါက ဟောင်မိသားစုသွေးနဲ့ပဲ ဖွင့်လို့ ရလိမ့်မယ်။ တိုက်ပွဲထဲ မပါပါနဲ့…”

ဟောင်စီက ခေါင်းညိတ်ကာ အလယ်မှ ရုပ်တုထံသို့ လျှောက်လာသည်။ အဆုံးမဲ့သော ဖိအားများက သူ့အပေါ်သို့ ကျဆင်းလာကာ ဟောင်စီ၏ မျက်လုံးများ မှာလည်း အလွန်တရာ လေးနက် လာခဲ့၏။ သည်အုတ်ဂူမှာ သူ၏ဘိုးဘေးများ ဖြစ်ရမည်ဟု သူ ယုံကြည်သည်။

လွန်ခဲ့သော နှစ်တစ်ထောင်၌ ဘာဖြစ်ခဲ့သည်ကို သူမသိပေ။ ဟောင်မိသားစုကား အင်အား ယုတ်လျော့ သွားခဲ့ရကား သူတို့တွင် ရှန့်ထိုများပင် မရှိတော့ပေ။ သူကား မိမိကိုယ်ကို ရန်ဟောင်မျိုးဆက် တစ်ယောက်ဟုပင် မယူဆ၊ မယုံကြည်တော့သော အခြေအနေ အထိ ရောက်ခဲ့၏။ ယခု မထင်မှတ်သည်များ ဖြစ်လာခဲ့ကာ သူ့ဘိုးဘေးများ၏ အမွေအနှစ်မှာ သူ့လက်တစ်ကမ်းသို့ ရောက်လာသော အချိန်၌ သူကား ထိုအရာကို ပိုင်ဆိုင်ရန် ဘာမဆို ပေးဆပ်ပေမည်။

“ဦးလေး … သက်စောင့်ဝိညာဉ်နဲ့ သွေးမျိုးဆက်တွေကပဲ မျိုးရိုးကို ဖြစ်ပေါ်စေတာ  … ရုပ်တုနဲ့ ကြိုးစားပြီးတော့ ဆက်သွယ်ကြည့်ပါ…” ရီဖူရှင်းက ဟောင်စီ၏ ဘေးနားတွင် ရပ်ကာ ပြောသည်။ ရီဖူရှင်းကား ဘေးမှ ရှန့်ထိုရုပ်တုများ အားလုံးနှင့် ဆက်သွယ်၍ရကာ ဤထူးခြားသော၊ အရှိန်အဝါကြီးသော ပင်မရုပ်တုကြီးသာ ထိုသို့လုပ်ရန် မစွမ်းသာခဲ့။ ထို့ကြောင့် သည်ရုပ်တုဖြင့် ဆက်သွယ်ရန်မှာ သွေးမျိုးဆက် သို့မဟုတ် သက်စောင့်ဝိညာဉ် တစ်ခုခုသာ ဖြစ်ရပေမည်။

ဟောင်စီက ခေါင်းညိတ်ကာ သူ၏ သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်သည်။ သူကား ရီဖူရှင်း ဘာကို ဆိုလိုသည်ကို နားလည်ကာ ဆက်လက် ဖုံးကွယ်ရန် ဆန္ဒမရှိတော့။ လက်ရှိ အခြေအနေက ဤသို့ ဖြစ်လာမှတော့ ကူးခပ်ခြင်းနှင့် နစ်မြုပ်ခြင်း နှစ်ခုတည်းသာ ရှိတော့သည်။

“ဒါ အလုပ် မဖြစ်ဘူး…” ဟောင်စီ၏ အမူအရာက ပိုမို၍ လေးနက် လာခဲ့သည်။ ရုပ်တုထံမှ မည်သို့မှ မတုံ့ပြန်ပေ။ သူက ရုပ်တုထံသို့ လျှောက်သွားခဲ့ကာ သူ၏လက်ညှိုးမှ သွေးတစ်စက် ဖောက်ထုတ်ကာ ရုပ်တုအပေါ်သို့ ကျဆင်းစေသည်။ သွေးစက်မှာ ရုပ်တုထံသို့ မြန်ဆန်စွာ ပျော်ဝင် ပျောက်ကွယ် သွားသည်။  သို့သော်လည်း ရုပ်တုမှာ မသိမသာ လင်းလက်လာခဲ့ကာ ရန်ဟောင် ကိုယ်တိုင်က အသက်ဝင် လာသလို ခံစားရသည်။

“မျှော်လင့်ချက် ရှိသေးတယ်…” ဟောင်စီ၏နှလုံး အခုန် မြန်လာခဲ့သည်။ သူ့လက်ညှိုးမှ သွေးများ တစ်စက်ပြီးတစ်စက် ကျလာခဲ့ကာ ရုပ်တုထံမှလည်း ရောင်စဉ်များ ပိုမို လင်းလက် လာခဲ့သည်။

အားလုံးက ဘာဖြစ်နေသည်ကို ရိပ်မိလိုက်ကြပြီ ဖြစ်သည်။ တစ်ယောက်ပြီး တစ်ယောက် လေထဲသို့ ပျံတက်လာကာ ရန်ဟောင် ရုပ်တုထံသို့ ဦးတည် လိုက်ကြသည်။ အမြန်ဆုံး နှစ်ယောက်ကား တော်ဝင်အလင်း နန်းတော်မှ အလင်းလောကဓာတ် ပိုင်ရှင်များ ဖြစ်သော ကျိမိုနှင့်ကျိမူတို့ ဖြစ်ကြသည်။

လေထဲတွင် ဟွာဂျီယူ ပေါ်လာခဲ့၏။ ကျိမူ၏ခန္ဓာမှာ လေထဲတွင်ပင် ရပ်တန့်သွားပြီး သူ၏ စိတ်စွမ်းအားမှာ မမြင်ရသော စွမ်းအား တစ်ခုဖြင့် ရစ်ပတ်ခြင်း ခံရ၏။ သူက ရှန့်ထို စွမ်းအားများ ဖြာထွက်နေဟန် ရသော ဟွာဂျီယူအား စိုက်ကြည့်သည်။

ကျိမိုသည်လည်း အလွန်မြန်သည်။ သို့သော်လည်း နောက်ထပ် ဓားအလင်းတစ်ချက် ပေါ်လာခဲ့သည်။ ကျိမိုကလည်း ပျံသန်းလာသော ဓားအား ရှောင်တိမ်း၏။ သို့သော်လည်း ဓားအလင်းက သူ၏ လက်တစ်ဖက်အား ဖြတ်တောက် သွားသည်ကို ခံစားလိုက်ရလျှင် သူ၏ မျက်လုံးများက ပြင်းထန်သော ဒေါသ အငွေ့အသက်များ ထွက်လာသည်။ သူက ဓားပိုင်ရှင်အား လှမ်းကြည့်လိုက်လျှင် ရီဝူချင်းဖြစ်နေသည်။ ရီဝူချင်း၏ တန်ခိုးအဆင့်ကား သူ့ထက် နိမ့်သော်လည်း သူ၏လက်ကို ဖြတ်တောက် သွားခဲ့သည်။

ရီဝူချင်း၏ အေးစက်သော မျက်လုံးများ ရှေ့သို့ တူရူကြည့်နေသည်။ သူကား ရုပ်တုရှေ့တွင် ရပ်နေကာ သူ၏ သက်စောင့်ဝိညာဉ် လင်းလက်စွာ ဖြစ်ပေါ်နေသည်။ ငွေဓားငယ်က အလွန်ပြင်းထန်သော ဓားအသိများ ဖြာထွက်နေသည်။ ပိုကြောက်မက်ဖွယ် ကောင်းသည်ကား ဓားက ရုပ်တုနှင့် ဆက်နွယ်နိုင်ဟန်ရက ကြီးမားသော ဖိအားများ ပေးနေသည်။ ရုပ်တုထံမှ ဓားအသိမှာ ငွေဓားငယ်ဖြင့် ပေါင်းစပ်နေပြီး ဓားစွမ်းအားက အမှန်တကယ် ကျိမို၏ လက်တစ်ဖက်ကို ဖြတ်တောက် သွားခဲ့သည်။

“နန်းတော်ရာက ဟောင်မိသားစုရဲ့ ဘိုးဘေးအုတ်ဂူပဲ  … သူတို့က အခု တော်ဝင်ကျဲ နန်းတော်ဝင်တွေ ဖြစ်နေကြပြီ။ ဒါကြောင့် ဒါက ဟောင်မိသားစုပဲ ဆက်ခံသင့်တဲ့ အရာဖြစ်လို့ တစ်စံတစ်ယောက်က ကြားဝင်ယူချင်ရင် ကျုပ်ကို အရင် ကျော်ဖြတ်မှ ရလိမ့်မယ်…။ ကျုပ်ကလည်း ခင်ဗျားတို့ကို ညှာနေမှာ မဟုတ်ဘူး” ရီဖူရှင်းက ရုပ်တုရှေ့တွင်ရပ်ကာ ပတ်ပတ်လည်မှ တန်ခိုးရှင်များအား ပြောသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset