Switch Mode

အပိုင်း (၉၅၆)

ထောင်ချောက်ဆင်ခြင်း

ရှန့်ထိုနှစ်ပါး ထုတ်လွှတ်သော အရှိန်အဝါမှာ ပြင်းထန်ပေသည်။ သည်ရှေးနန်းတော်ရာ၌ ယခင် ရန်ငြိုးဟောင်းများ အမှန်တကယ် ပေါက်ကွဲ ထွက်လာသည်မှာ မထင်ထားသည့်ကိစ္စ ဖြစ်သည်။

မှန်နန်းတော် သခင်မ၏ လက်ထဲ၌ ဓားတစ်လက် ပေါ်လာသည်။ ဓားကား အေးစက်ကာ ဆောင်းရာသီ၌ ပေါ်ထွက်လာသော ငွေစန္ဒာလမင်းအလား ထင်မှတ်ရပြီး မည်သူ့ ဝိညာဉ်ကိုမဆို အေးခဲစေနိုင်သည်။

မှန်နန်းတော် သခင်မက ရေခဲဓာတ်ပညာရှင် ဖြစ်သော်လည်း သူမက ဓားပညာကိုလည်း လေ့ကျင့်သည်ကို မည်သူမှ မသိပေ။

“သံယောဇဉ်ဖြတ်ဓား…” ကျောက်ပြည်ထောင် ဘုရင်က သူမ၏လက်ထဲမှ ဓားကို ကြည့်သည်။ ထိုရတနာဓားဖြင့်ပင် သူမက သူမ၏ သတို့သားဟောင်းကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုဓားက လူတစ်ဦး၏ စိတ်ခံစားချက်များကို ဖြတ်တောက်နိုင်စွမ်း ရှိသလို လောကဓာတ်များ ကိုလည်း ပယ်ဖျက်နိုင်၏။

သူမက ကျောက်ပြည်ထောင် ဘုရင်နှင့် ရှီဟွာတောင် ရှန့်ထိုတို့အား မကြည့်ဘဲ ရှေ့သို့ ဆက်သွားနေသည်။

ကျောက်ပြည်ထောင် ဘုရင်၏ခန္ဓာမှ ဖီးနစ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုရာက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေဟန် ရကာ ပတ်ဝန်းကျင်အား ရောင်စဉ်များ ဖြာထွက် စေသည်။ သူတို့က နန်းတော်ရာ အတွင်း၌ လောကဓာတ်များဖြင့် ဖိနှိပ်ခံရသည့်တိုင် ရှန့်ထိုများကား သူတို့ကိုယ်တိုင် လောကဓာတ်များကို မွေးဖွားနိုင်သူများ ဖြစ်ကြပေသည်။

ခေါင်းမော့ကာ ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော် သခင်မထံသို့ ဦးတည်ကာ ရိုက်လိုက်သည်။ မီးနစ်ငှက်က အော်မြည်သံပေးကာ ပြင်းထန်စွာ တိုက်ခိုက် လိုက်သည်။ ကောင်းကင်နှင့် မြေပြင်အကြား လှပသော အလင်းတန်းတစ်ခု ပေါ်လာကာ မှန်နန်းတော် သခင်မထံသို့ ဦးတည် သွားခဲ့သည်။

မှန်နန်းတော် သခင်မက သံယောဇဉ်မဲ့ဓားအား ဝှေ့ယမ်း လိုက်သည်။ ဓားက စိတ်ခံစားချက်များအား ဖြတ်တောက် နိုင်သလို မဟာလမ်းစဉ် စွမ်းအားများကိုလည်း ဖျက်ဆီးနိုင်၏။ ငွေရောင်လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ မီးငှက်အား ဖြတ်သန်း သွားသည်။

ကျောက်ပြည်ထောင် ဘုရင်က နောက်ထပ် လက်ဝါး ရိုက်ချက်တစ်ချက် ထုတ်လွှတ်ကာ ဓားအလင်းအား တားဆီးသည်။ သို့သော်လည်း ဓားချက်က သူ၏စိတ်နယ်ပယ် အတွင်းသို့အထိ တိုးဝင်ကာ တိုက်ခိုက်မှု ဒဏ်အား သူခံစားရသည်။

သူတို့နှစ်ယောက်အကြား ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာခဲ့သည်။ တန်ခိုးရှင်များစွာက နောက်ဆုတ် ကြသည်။ နှစ်ယောက်လုံးမှာ သူတို့၏ကိုယ်စီ စွမ်းအားများ ဖိနှိပ်ခံထားရ သော်လည်း တိုက်ပွဲကား ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။

သူတို့အုပ်စု ရှေ့သို့ သွားနေမြန်ဆန်စွာ ရွေ့လျားနေဆဲ ဖြစ်သည်။ တိုက်ပွဲကြား၌ပင် ကျောက်ပြည်ထောင်နှင့် မှန်နန်းတော် သခင်မတို့မှာ မြန်ဆန်စွာ ရှေ့ဆက် သွားနေကြသည်။

နန်းတော်ရာရှေ့တွင် ရှေးဟောင်း ဘုရားကျောင်း တစ်ခုရှိပြီး သုံးဆင့်ခွဲထားဟန် ရသည်။ ဘုရားကျောင်း ရှေ့တွင်ကား ရုပ်သေးရုပ်တုနှစ်ခု စောင့်ကြပ် နေကြသည်။ ရှေးဟောင်း ဘုရားကျောင်း အပေါ်တွင်ကား ဧရာမ ရွှေခေါင်းလောင်းကြီး တစ်ခုရှိပြီး ရန်ဟောင် ခေါင်းဆောင်းအလား ရောင်စဉ်များ ဖြာထွက်ကာ လည်ပတ် နေသည်။

ရှေးဘုရားကျောင်း အောက်၌ကား မရေမတွက်နိုင်သော ရုပ်သေးစစ်သည်များ ရှိပြီး သူတို့အားလုံးမှာ ဘုရားကျောင်းကို စောင့်ကြပ်နေဟန် ရသည်။ သူတို့ရှေ့တွင်ကား ရှစ်မြှောင့်ဝင်္ကပါ အစီအရင် တစ်ခုရှိပြီး ထိုအရာက ဘုရားကျောင်းသို့ သွားရန် တားဆီးထားသည်။

ရှားရှင်းယွန်၊ လီယောင်နှင့် တခြား လူများကလည်း ဝင်္ကပါအစီအရင်အတိုင်း ဝင်သွားကြကာ ဘုရားကျောင်းဆောင် အတွင်းသို့ဝင်ရန် ကြိုးစားကြသည်။ သို့သော်လည်း ဘေးတစ်ဖက် တစ်ချက်တွင် ရပ်စောင့်နေကြသော ရုပ်သေးစစ်သည် နှစ်ဦးက နတ်ဘုရားများအလား သူတို့ထံသို့ လာရောက် တိုက်ခိုက်သည်။ လီယောင်၏ဘေးမှ သက်လတ်ပိုင်း လူကြီးက သူ၏လက်ထဲမှ ဓားကို ဝှေ့ယမ်းကာ ရုပ်သေးအား ခုခံတိုက်ခိုက်သည်။

ဓားက ရုပ်သေးအား တားဆီး နိုင်သော်လည်း သူ့အား ထိခိုက်အောင် မတတ်နိုင်ပေ။ ရုပ်သေးများအား ရောင်ခြည်များ ခြုံလွှမ်းထားပြီး အလွန်မာကျောသော ချပ်ဝတ်များ ဖြစ်စေသည်။ သူတို့က ကောင်းကင်ထက်သို့ လက်မြှောက်လိုက်လျှင် ကောင်းကင်ထက်မှ ရောင်ခြည်များ စုစည်းလာကာ လက်ဝါးတံဆိပ်များ အဖြစ် လူကြီးထံသို့ ကျဆင်းလာသည်။ လူကြီးက အန္တရာယ်၏ အငွေ့အသက်များအား ခံစားမိဟန်ရကာ နောက်ကို မြန်ဆန်စွာ ဆုတ်သည်။ သို့သော်လည်း လက်ဝါး တံဆိပ်တော်ကား အရိပ်အသွင်ဖြင့် သူ့နောက်သို့ လိုက်ပါ ကျဆင်းသည်။ သူက ပြင်းထန်စွာ မာန်သွင်း အော်ဟစ်လျက် သူ့ခန္ဓာကိုယ်အား လှည့်ပတ်ကာ ဓားတစ်ထောင် တိုက်ကွက်အား ထုတ်သည်။ တစ်လောကလုံးတွင် သူ၏ဓားများသာ တည်ရှိဟန်ရသည်။

ဘန်း … ဘန်း…

တံဆိပ်တော်နှစ်ခု ကျဆင်းလာသည်တွင်  လူကြီးကလည်း တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် နောက်ဆုတ်သည်။

နောက်ထပ် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့ ကျသည်။ သူ၏ခြေထောက်များက မြေပြင်ပေါ်သို့ နှစ်မြှုပ်သွားကာ ရောင်ခြည်များ တိုက်စားသွားခြင်းကို အဆက်မပြတ် ခံစားရပြီး သူ၏နာကျင်စွာ အော်သံများသာ ကြားရသည်။

ရုပ်သေးနှစ်ခုက နောက်ဆုတ်သွားကာ ဘုရားကျောင်းအား ဆက်လက်၍ စောင့်ကြပ်ကြသည်။

မှန်နန်းတော် သခင်မနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်ကာ ထိုစဉ် ရှီဟွာတောင်ရှန့်ထိုထံမှ အေးစက်သော အငွေ့အသက်များ ထွက်လာသည်။

“သတိထား…” ရီဖူရှင်းက မြန်ဆန်စွာ သတိပေးသည်။

ရှီဟွာတောင်ရှန့်ထိုကား အလွန်မြန်သည်။ သူက အရိပ်အသွင် ပြောင်းသွားကာ မှန်နန်းတော် သခင်မ၏ နောက်သို့ ရောက်လာခဲ့သည်။ နန်းတော်ရာ အတွင်း၌ သူတို့၏စွမ်းအင် အကန့်အသတ်ရှိကာ အနီးကပ် တိုက်ခိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

မှန်နန်းတော် သခင်မက အေးစက်သော အငွေ့အသက်တစ်ခု နောက်မှ ကပ်လာသည်ကို ခံစားရသည်။

သူမက ဓားကို ဝှေ့ယမ်းလိုက်လျှင် ကျောက်ပြည်ထောင် ဘုရင်မှာ နောက်ဆုတ် သွား၏။

ရှီဟွာတောင်ရှန့်ထိုထံမှ ထောင်ပေါင်း များစွာသော လက်ဝါးများ ပေါ်လာကာ သူမအား အဆက်မပြတ် ရိုက်ခတ်လာဆဲ ဖြစ်သည်။ ထိုအခိုက်တွင် မှန်နန်းတော် သခင်မမှာ လက်ဝါးရိုက်ချက် အတော်များများ ခံလိုက်ရကာ ပါးစပ်မှ သွေးတစ်ပွက် အန်သည်။

အနီးမှ လူများအားလုံးက ရှီဟွာတောင် ရှန့်ထိုမှာ အလွန်ယုတ်မာသူ ဖြစ်သည်ဟု တွေးလိုက်ကြသည်။ သူကား တော်ဝင်မြေ ခေါင်းဆောင် ဖြစ်သည့်တိုင် ကျောက်ပြည်ထောင် ဘုရင်နှင့်ပေါင်းကာ တစ်ဖက်လူအား အလစ် လုပ်ကြံခဲ့သည်။

“မှန်နန်းတော်သခင်မ … ကျောက်ပြည်ထောင် ဘုရင်က မင်းကို နှစ်သက်နေတာ ကြာပြီ… ဘာလို့ သူနဲ့ လက်မထပ်တာလဲ…” ရှီဟွာတောင်ရှန့်ထိုက မှန်နန်းတော် သခင်မအား တည်ငြိမ်စွာ ကြည့်သည်။ သို့သော်လည်း သူမ၏မျက်နှာတွင် မည်သည့် ခံစားချက်မှ မတွေ့ရပေ။ သူမက ဓားကို တင်းတင်း ဆုပ်ထားကာ ငြိမ်သက်စွာ ရပ်နေသည်။ သို့သော်လည်း သူမ၏ မျက်လုံးများက အလွန်ခိုင်မာသော စိတ်ဓာတ်အား ဖော်ပြနေ၏။

“မင်းသမီး … ခေါင်းဆောင်းက ထူးဆန်းသလိုပဲ … ဘာလို့ မစမ်းကြည့်တာလဲ… ။ ရီဖူရှင်းက ရှားရှင်းယွန်ကို ပြောသည်။

“အစ်မတော်သခင်မ… ခေါင်းလောင်းမြည်တဲ့အခါ အားလုံး အတိုက်ခိုက် ခံရလိမ့်မယ်… ။ ဒီအခွင့်အရေးကိုယူပြီး ပြန်တိုက်လို့ ရတယ်” ရီဖူရှင်းက မှန်နန်းတော် သခင်မအား စိတ်ဖြင့် ပြောသည်။

ရှားရှင်းယွန်က သူမဘေးမှ လူအား အမိန့်ပေး လိုက်သည်။ ရုတ်တရက် ရှန့်ထိုတစ်ပါးက အပေါ်သို့ ပျံတက်သွားကာ ခေါင်းလောင်းအား ကန်လိုက်သည်။

ဒေါင်…

ကျယ်လောင်သော ခေါင်းလောင်းသံသည် ရောင်စဉ်များ ဖြာထွက်လာခဲ့ကာ ကြီးမားသော ဖိအားတစ်ခု ပတ်ဝန်းကျင်သို့ ရိုက်ခတ်လာသည်။ ရှီများနှင့် ရှန့်ထိုများအားလုံး ကလီစာများ ကြွေကျတော့မည့်အလား ခံစားကြရကာ တုန်ယင် သွားကြသ်ည။ ရန်ဟောင် ခေါင်းလောင်းသံက သူတို့အားလုံးကို ပြင်းထန်စွာ ထိခိုက်စေသည်။

ရှန့်ထိုများအားလုံး နာကျင်စွာ အော်ညည်းမိကြပြီး သူတို့၏ခေါင်းမှာ ချာချာလည် သွားကြသည်။ ခေါင်းလောင်းအား ကန်လိုက်သော ရှန့်ထိုမှာလည်း မြေပြင်သို့ တိုက်ရိုက် ကျသည်။

ကျောက်ပြည်ထောင် ဘုရင်လည်း ထိုနည်းတူ ဖြစ်သည်။ ဖီးနစ်ပုံရိပ်မှာ ကြေပျက်သွားကာ သူစိတ်မှာလည်း ဟာလာဟင်းလင်း ဖြစ်သွားသည်။ ထိုအခိုက်တွင် ကျောက်ပြည်ထောင် ဘုရင်က ကြီးမာသော အန္တရာယ် အငွေ့အသက်အား ခံစားမိသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာမှာ ရေခဲများ လာရောက် ရစ်ပတ်သည်ကို ခံစားလိုက်ရ၏။ ကျောက်ပြည်ထောင် ဘုရင်၏ စိတ်ထဲသို့ ဓားတစ်လက် ဝင်ရောက် လာခဲ့သည်။ မှန်သည် … ထိုဓားကား သံယောဇဉ်မဲ့ဓား…။

ဓားက အရာခပ်သိမ်းကို ဖျက်ဆီးကာ သူ၏ခန္ဓာကိုယ် အတွင်းသို့ တိုးဝင် လာခဲ့သည်။ ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများက လောင်ကျွမ်းနေဟန် ရသည်။ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ လက်ဝါးဖြင့် နောက်ပြန် ရိုက်လိုက်သည်။

ဘန်းခနဲ မြည်သံနှင့်အတူ မှန်နန်းတော် သခင်မမှာ နောက်သို့ အတော်ဝေးဝေး လွင့်စဉ် သွားသည်။ သူမ၏လက်ထဲမှ ဓားမှာ ရွှေရောင်သွေးများ စီးကျနေ၏။ ရုတ်တရက် အဖြစ်အပျက်က အနီးမှ လူများကိုပင် မှင်တက် သွားစေသည်။ သူတို့က လှမ်းကြည့်လျှင် ကျောက်ပြည်ထောင် ဘုရင်၏ အသက်ရှူသံမှာ လွန်စွာ လေးလံ သွားသည်ကို သိလိုက်ကြသည်။ သူ၏ ဒဏ်ရာများမှာ မြန်ဆန်စွာ ပျောက်ကွယ် သွားသော်လည်း သူ၏မျက်နှာကား ပြာနှမ်းနေသည်။ သူက ကြီးစွာ ဒဏ်ရာ ရခဲ့သည်မှာ ထင်ရှား၏။

ကျောက်ပြည်ထောင်မှ လူများ သူတို့၏ ဘုရင်မင်းမြတ် ဘေးသို့ မြန်ဆန်စွာ ရောက်လာခဲ့သည်။ ကျင့်ယွီချန်းကလည်း မှန်နန်းတော် သခင်မအား ဆီးဖမ်း လိုက်သည်။ သူမ၏ ပါးစပ်မှလည်း သွေးများ စီးကျနေ၏။ သို့သော်လည်း သူမ၏ဒဏ်ရာမှာ ကျောက်ပြည်ထောင် ဘုရင်ထက် နည်းပေသည်။

ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ မှန်နန်းတော် သခင်မက သူ့အား မည်သို့ အချိန်ကိုက် တိုက်ခိုက်ရ သနည်း။ ရီဖူရှင်းက နန်းတော်ရာနှင့် ပတ်သက်၍ သေချာပေါက် အချို့အရာများအား သိနေရပေမည်။

ရှီဟွာတောင်ရှန့်ထို၊ ရှန့်ထိုကျိနှင့် တခြား လူများကလည်း ရီဖူရှင်းအား ကြည့်ကြသည်။

“သူ့နောက်ကို လိုက်…” ရှန့်ထိုကျိက ကျိရာအား စိတ်ဖြင့် ပြောသည်။ ကျိရာကလည်း ခေါင်းညိတ်ကာ သူ ဘာလုပ်ရမည်ကို နားလည်လိုက်သည်။ လက်ရှိ အခြေအနေတွင် ခွန်ယိုတို့က တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များအား တားဆီးထားရာ သူ့အတွက် ရီဖူရှင်းအား သတ်ဖြတ်ရန် အလွန် လွယ်ကူပေသည်။ သည်အရာက ရှီဟွာတောင် ရှန့်ထိုနှင့် ရှန့်ထိုကျိတို့ သဘောတူထားသော ကိစ္စရပ် ဖြစ်ပေသည်။

ထို့ကြောင့်ပင် ရီဖူရှင်းက နန်းတော်ရာထဲသို့ ဝင်လာကတည်းက ရီဖူရှင်းမှာ သေလူ ဖြစ်သည်ဟု ရှီဟွာတောင် ရှန့်ထိုတို့က သတ်မှတ်ထားခြင်း ဖြစ်သည်။ သူတို့က ရီဖူရှင်းအတွက် ထောင်ချောက်ကို ဆင်ထားပြီးသား ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset