အခန်း ( ၆၂ )

လက်စားချေဖို့ နည်းလမ်းပဲရှိတယ်

” တောက်ကွာ ”
ဝမ်ပေါင်လဲ့တစ်ယောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သင်္ဘောပျံကြီးပေါ်မှ ခုန်ချသွားသည်ကို မြင်လိုက်ရသောအခါ ဘေးပတ်ပတ်လည်ရှိ သင်္ဘောပျံကြီးများထဲမှ ရောက်လာကြသော အနက်‌ရောင်အဝတ်အစားများ ဆင်မြန်းထားသည့် ဒုတိယအဖွဲ့မှာ အမူအရာများ ပြောင်းလဲသွားကြပြီး သူ့အား တားဆီးနိုင်ရန် နောက်ကျသွားပြီ ဖြစ်ကြောင်း ရိပ်မိသွားကြတော့သည်။

ဝမ်ပေါင်လဲ့သည် အော်လန်ကြီးကိုထုတ်ယူခဲ့သည့် အဆင့်မှ သင်္ဘောပျံကြီးပေါ်မှ ခုန်ချသွားသည့် အဆင့်အထိ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အလျင်အမြန် ပြုမူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အနက်ရောင်အဝတ်အစားများနှင့် လူများ၏ အမူအရာများမှာ တင်းမာသွားကြပြီး သူတို့၏ အကြည့်များမှာလည်း စူးရှသွားကြ၏။

သူတို့သည် ဝမ်ပေါင်လဲ့ ရှိနေခဲ့သည့် နေရာသို့ရောက်သောအခါ အောက်ဘက်ရှိ မြေပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားနေသော ဝမ်ပေါင်လဲ့ကိုသာ မြင်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ် အရွယ်အစားမှာလည်း သူတို့၏ မျက်လုံးများထဲတွင် တဖြည်းဖြည်းနှင့် သေးငယ်သွားနေပြီ ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကြည့်လိုက်သောကြောင့် သူ၏ အေးစက်စက်အမူအရာကို သူတို့ ခပ်ရေးရေး လှမ်း၍မြင်လိုက်ရ၏။

ထိုအကြည့်ကြောင့် အနက်‌ရောင်အဝတ်အစားများနှင့် လူများမှာ မည်သည့် အကြောင်းကြောင့်မှန်းမသိ စိတ်နှလုံးများ တုန်ရီသွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့၏ လုပ်ရပ်များမှာ သူတို့ ထင်မှတ်ထားသည်ထက်ပင် ပို၍ သာလွန်နေသောကြောင့် ဖြစ်သည်။ သူတို့အတွက်မူ ဝမ်ပေါင်လဲ့မှာ လူငယ်လေးတစ်ယောက်သာ ဖြစ်ပါသော်လည်း ထိုလူငယ်လေးမှာ သူတို့ကို နှစ်ကြိမ်တိတိ အံ့အားသင့်သွားစေခဲ့သည့် မဟုတ်ပါလော။

သူတို့မှာ သူ့ကို လျှော့တွက်မိခဲ့ခြင်းဖြစ်သည်။ သူ၏ ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာကြောင့် ပထမဆုံး ဓားပြအဖွဲ့မှာ အမှုမဲ့ အမှတ်မဲ့ဖြင့်သာ ပြုမူခဲ့ခြင်း ဖြစ်သည်။ အောင်မြင်မှုက လက်တစ်ကမ်းအလိုတွင် ရောက်နေပြီဟု သူတို့ ထင်မှတ်နေချိန်တွင် သူသည် သူတို့အား အငိုက်ဖမ်း၍ သူ၏ ဓမ္မအဆောင်ကို ထုတ်ယူခဲ့ခြင်းဖြစ်သည်။ ထို အသံလှိုင်းပေါက်ကွဲမှုကို အသုံးချ၍ သူသည် လူတစ်ယောက်ကို ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့ပြီး အခြားလူများကို နောက်သို့တွန်းထုတ်ကာ လက်ဦးမှုရယူသွားခဲ့သည်။

ထိုကဲ့သို့သော အပြုအမူမျိုးကို သာမန်လူငယ်တစ်ယောက် လုပ်နိုင်မည်မဟုတ်ပေ။ စိတ်တည်တည်ငြိမ်ငြိမ်ထား၍ ချိန်သားကိုက် ပြုလုပ်နိုင်ရန် လိုအပ်၏။ ထို့အပြင် အနက်‌ရောင်အဝတ်အစားများနှင့် လူများ ပို၍အံ့အားသင့်သွားရသည့်အချက်မှာ ဝမ်ပေါင်လဲ့သည် ဒုတိယဓားပြအဖွဲ့နှင့် ရင်ဆိုင်လိုက်ရသည့်အခါတွင် သင်္ဘောပျံကြီးပေါ်မှ ခုန်ဆင်းသွားသည့် အချက်ပင်ဖြစ်သည်။

ထို အနက်‌ရောင်အဝတ်အစားများနှင့် လူများပင် ထိုကဲ့သို့သော အမြင့်တစ်နေရာမှ နေ၍ ခုန်ချရဲကြမည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ အမှန်တကယ်ပင် ခုန်ချသွား၏။

အခြားလူတစ်ယောက်ယောက် ဆိုလျှင်တောင် မခုန်ချခင် တွေဝေတုံ့ဆိုင်းနေဦးမည် ဖြစ်သည်။ သင်္ဘောပျံကြီးမှာ မြေပြင်အထက် ကီလိုမီတာ အနည်းငယ်ခန့်အကွာတွင် ရှိနေသေးသည် မဟုတ်ပါလော။ ထိုကဲ့သို့သော အမြင်မျိုးမှ ခုန်ချပါက အာနာပါနအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်က အသက်ရှင်နိုင်မည်ဖြစ်ပါသော်လည်း ရှေးဟောင်းသိုင်းအဆင့်သာ ရှိသေးသော လူတစ်ယောက်မှာမူ လုံလုံ‌လောက်လောက် ပြင်ဆင်ထားခြင်းမရှိပါက သေချာပေါက် သေဆုံးသွားမည်သာ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာမူ လုံးဝပင် ရပ်တန့်မနေခဲ့ပေ။ ထိုအခြင်းအရာကိုကြည့်၍ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူပင် ငဲ့ညှာနေမည့် လူစားမျိုးမဟုတ်ကြောင်း သိနိုင်ပေသည်။

ထိုအခိုက်အတန့်တွင်လည်း သူ ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းမှာ ထိုနည်းလမ်းတစ်ခုသာ ရှိတော့သည်။

” ကြမ်းလှပါလားဟ။ သူက အသက် နှစ်ဆယ်တောင် ရှိသေးတာ မဟုတ်ဘူး။ ငါတို့သာ သူ အစွမ်းထက်လာဖို့အတွက် အချိန်အလုံအလောက် ပေးလိုက်မယ်ဆိုရင် သူက သွေးအေးတဲ့ လူသတ်သမားတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ ”

” အစတုန်းက ဘာလို့ ငါတို့က လူငယ်လေးတစ်ယောက်ကို သတ်ဖို့လိုတာလဲလို့ ငါ တွေးနေခဲ့တာ။ အခုတော့ ငါ နားလည်သွားပြီ ”

” သူ့ကိုယ်သူတောင် ဒီလောက် ငဲ့ညှာမနေတာ ရန်သူတွေ အပေါ်မှာဆိုရင် သူက ပိုပြီးတော့တောင် ရက်စက်ကြမ်းကြုတ်နေမှာ အမှန်ပဲ ”

သင်္ဘောပျံကြီးပေါ်သို့ ရောက်နေသည့် ဓားပြအဖွဲ့ နှစ်ဖွဲ့မှ အယောက် သုံးဆယ်ခန့်ရှိသော အနက်‌ရောင်အဝတ်အစားများနှင့် လူများမှာ တအံ့တဩ ဖြစ်နေရတော့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဒုတိယဓားပြအဖွဲ့မှ အကြီးအကဲကြီးတစ်ယောက်ကို ဝိုင်း၍ ကြည့်လိုက်ကြသည်။

ထိုအကြီးအကဲကြီးမှာ အခြားသူများကဲ့သို့ ဝတ်ဆင်ထားသည့်အပြင် သူ၏ညာဘက်လက်တွင် အနက်ရောင် လက်အိတ်တစ်ဖက်ကိုပါ စွပ်ထား၏။ ထိုလက်အိတ်ကို သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းမှာ တမူထူးခြားနေ၏။ ထိုလူကြီး၏ အကြည့်မှာ အေးစက်နေပြီး သူ့ထံမှ ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေ၏။ သူသည် ထို အနက်‌ရောင်အဝတ်အစားများနှင့် လူများ၏ ခေါင်းဆောင်ဖြစ်ကြောင်း အထင်အရှားမြင်နိုင်ပေသည်။

” ဒီ ဝမ်ပေါင်လဲ့‌ဆိုတဲ့ကောင်လေးကို…. ငါတို့တွေ အသက်ရှင်လျှက် လွှတ်ပေးလိုက်လို့ မဖြစ်ဘူး။ ဘာပဲ ဖြစ်နေဖြစ်နေ ငါတို့ ဒီနေ့ သူ့ရဲ့ ခေါင်းကို ဖြတ်ပြီးယူသွားရမယ်။ သူ့နောက်ကို လိုက်ကြစမ်း ”
အကြီးအကဲကြီးက ထိုကဲ့သို့ အေးစက်စက်ဆိုလိုက်သောအခါ ပတ်ပတ်လည်ရှိ အနက်‌ရောင်အဝတ်အစားများနှင့် လူများအားလုံးကလည်း ချက်ချင်းပင် သဘောတူလိုက်ကြသည်။

ထို့နောက် သူတို့၏ ပတ်ပတ်လည်ရှိ ကတုန်ကယင်ဖြစ်နေသော ခရီးသည်များကို လျစ်လျူရှုလိုက်ပြီး သူတို့အားလုံး သူတို့၏ သင်္ဘောပျံကြီးများပေါ်သို့ ပြန်တက်သွားကြပြီး ဝမ်ပေါင်လဲ့၏ နောက်သို့ လိုက်သွားကြတော့သည်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ လေထဲတွင်သာ ရှိသေးပြီး မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျနေ၏။ သူသည် ထို အနက်‌ရောင်အဝတ်အစားများနှင့် လူများ သူ့အား သတ်ချင်နေရသည့် အကြောင်းရင်းကို တွေးတောစဉ်းစားနေရန် အချိန်မရှိခဲ့ပေ။ သူသည် စိတ်ထဲတွင် သူ အောက်သို့ပြုတ်ကျနေသည့် အမြန်နှုန်းနှင့် သူနှင့်မြေပြင်ကြားရှိ အကွာဝေးတို့ကိုသာ အရူးတစ်ယောက်လို တွက်ချက်နေ၏။

သူသည် ထိုကဲ့သို့ တွက်ချက်မှုများ ပြုလုပ်ကာ လမ်းကြောင်းကို ပြောင်းလဲနိုင်ရန်အတွက် သူ၏ခန္ဓာကိုယ်အနေအထားကို အလျဥ်းသင့်သလို ပြောင်းလဲနေ၏။ သူ ထိုကဲ့သို့ လုပ်နိုင်ရသည့် အကြောင်းအရင်းမှာ သူ၏ ကမ္ဗည်းစာ တွက်ချက်မှုများကြောင့် သူ၏ အဖြေတွက်ထုတ်နိုင်စွမ်းများမှာ ပို၍ သွက်လက်ထက်မြက်လာသောကြောင့် ဖြစ်သည်။

” ထိခိုက်မှု ဒဏ်ကို လျော့ကျအောင် လုပ်ရမယ်။ ငါ တစ်နည်းနည်းနဲ့ ထိခိုက်မှု ဒဏ်ကို လျော့ကျအောင် လုပ်မှ ဖြစ်မယ်။ အနည်းဆုံး ကိုးဆ ဆယ်ဆလောက်အထိ လျော့ကျသွားအောင် လုပ်ဖို့လိုတယ် ”

အောက်သို့ပြုတ်ကျနေသည့် အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပင် ကောင်းကောင်းမရှုနိုင်တော့ပေ။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တခုလုံး ခြေမွှခံနေရသကဲ့သို့ ခံစားနေရပြီး သူ၏ အမြင်အာရုံမှာလည်း ဝေဝါးကာ မှောင်မိုက်စပြုလာ၏။ သို့သော် သူသည် တွေဝေနေခြင်းမရှိဘဲ အံကြိတ်လိုက်ပြီး သူ၏ အသိစိတ်အာရုံများကို ရှင်းလင်းသွားအောင် လုပ်လိုက်သည်။ အသက်ရှူကြိမ် အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူ၏ ညာလက်ကို လှန်လိုက်သောအခါ တံဆိပ်တော်တစ်ခု ပေါ်လာ၏။

၎င်းမှာ သူ သန့်စင်ခဲ့သော ဓမ္မအဆောင်များထဲမှ တစ်ခုဖြစ်သည်။ သူသည် ၎င်းကို ထုတ်ယူကာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ဟစ်ကြွေးကာ သူ၏ ဝိညာဉ်ချီများအားလုံးကို ထိုဓမ္မအဆောင်ထဲသို့ ထည့်သွင်းလိုက်၏။ သူသည် ထိုဝိညာဉ်အမြုတေအား ဖန်တီးထားသော ကမ္ဗည်းစာလုံးများကို ရှုပ်ထွေးသွားအောင် ပြုလုပ်လိုက်သဖြင့် စွမ်းအင်စီးဆင်းမှု ရပ်တန့်သွားပြီး ပေါက်ကွဲမှုတစ်ခု ပေါ်ထွက်လာတော့သည်။

အခြားလူတစ်ယောက်ယောက်သာဆိုလျှင် ထိုကဲ့သို့လုပ်နိုင်ရန် အခက်တွေ့နေရမည် ဖြစ်သည်။သို့သော် ဝမ်ပေါင်လဲ့မှာ ထို ဓမ္မအဆောင်ကို သူကိုယ်တိုင် ကမ္ဗည်းစာလုံးတိုင်းကို ရေးထိုး၍ သန့်စင်ခဲ့သည်ဖြစ်ရာ ၎င်း၏ တည်ဆောက်ပုံအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ထား၏။ တခဏအကြာတွင် သူ၏ လက်ထဲရှိ တံဆိပ်တော်ထဲမှ မျက်စိကျိန်းမတတ် စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား အောက်သို့ပစ်ချလိုက်သောအခါ ၎င်းမှာ အုန်းခနဲမြည်၍ ပေါက်ကွဲသွား၏။

ဝမ်ပေါင်လဲ့မှာ ထိုပေါက်ကွဲမှုဒဏ်ကို တိုက်ရိုက်ခံစားလိုက်ရရုံသာမက သူ၏ နှုတ်ခမ်းအစွန်းမှ သွေးများစီးကျလာ၏။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ အောက်သို့ပြုတ်ကျနေသော အမြန်နှုန်းမှာ အနည်းငယ်ခန့် လျော့ကျသွား၏။

ဝမ်ပေါင်လဲ့မှာမူ ရပ်တန့်မနေဘဲ သူ၏ အကြည့်များမှာ ပို၍ ရက်စက်ကြမ်းကြုတ်လာတော့သည်။ သူသည် ဓမ္မအဆောင်များကို အဆက်မပြတ်ထုတ်ယူကာ ၎င်းတို့ကို ထပ်ခါထပ်ခါ ပေါက်ကွဲသွားအောင် ပြုလုပ်လိုက်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူသည် အောက်သို့ပြုတ်ကျနေသော အမြန်နှုန်းကို နှေးကွေးသွားအောင် လုပ်လိုက်နိုင်ပြီး သူ ပြုတ်ကျမည့် တည်နေရာကိုပါ လိုသလို ပြောင်းရွှေ့နိုင်သွားတော့သည်။ ထို့ကြောင့် သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ လွင်ပြင်များထဲသို့ ပြုတ်ကျသွားခြင်းမဟုတ်ဘဲ တောင်ကြားတစ်ခုထဲရှိ ချောက်ကမ်းပါးတစ်ခုနှင့်သာ ရိုက်မိသွားတော့သည်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ထိုချောက်ကမ်းပါးထဲသို့ ပြုတ်ကျလာသော အချိန်တွင် သူ၏ အမြန်နှုန်းမှာ သိသိသာသာ လျော့ကျသွားပြီဖြစ်သော်လည်း ရိုက်ခတ်မှုဒဏ်မှာ ပြင်းထန်လွန်းနေဆဲပင်ဖြစ်သည်။ အထူးသဖြင့် သူသည် ကျောက်တုံးများနှင့် သစ်ပင်များ ရှိနေသောနေရာသို့ ပြုတ်ကျနေသည်။ သူ၏ လက်ရှိအမြန်နှုန်းနှင့်ဆိုလျှင် သူ မြေပြင်ပေါ်သို့ ရောက်သွားသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားမည်ဖြစ်ပြီး သေချာပေါက် သေဆုံးသွားရမည်သာဖြစ်သည်။

အရေးကြီးဆုံးအချိန် ရောက်လာပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထား၏။ ထို့ကြောင့် သူသည် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျရန် လက်မတင်လေးသာ လိုတော့သည့်အချိန်တွင် မာန်သွင်းအော်ဟစ်လိုက်သဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။

သူ၏ ဝိညာဉ်စွမ်းအင်များမှာ တစ်မုဟုတ်ချင်း မြင့်တက်လာပြီး သူ၏ အသက်ရှင်လိုသော စိတ်ဆန္ဒများမှာလည်း အလွန် ပြင်းထန်နေသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုချင်းသစ်စေ့မှာ ဘေးဘက်ရှိ ကျောက်နံရံများဆီသို့ အားကောင်းသော စုပ်အားတစ်မျိုးကို ထုတ်လွှတ်လိုက်တော့သည်။

ထို စုပ်အားမှာ အလွန် ပြင်းထန်လွန်းနေသည်ဖြစ်ပြီး ဝမ်ပေါင်လဲ့၏ အမြန်နှုန်းမှာလည်း နှေးကွေးနေခြင်း မရှိသောကြောင့် သူ၏ ခန္ဓာကိုယ်အား တစ်ဖက်တစ်ချက်စီမှနေ၍ ပြိုင်တူဆွဲနေသည့်အလား ခံစားလိုက်ရ၏။ ထိုနာကျင်မှုကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်ထွက်သွားနေသကဲ့သို့ ခံစားလိုက်ရသဖြင့် စူးစူးရှရှ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ သို့သော် သူ၏ အမြန်နှုန်းမှာ စတင်လျော့ကျလာသောကြောင့် ထိုကဲ့သို့ နာကျင်ခံစားလိုက်ရသည်မှာ တန်၏။ စုပ်အားမှ ထွက်ပေါ်လာသော ဆွဲငင်အားများကြောင့် နောက်ဆုံးတွင် သူ၏ အမြန်နှုန်းမှာ လုံးဝ လျော့ကျသွားတော့သည်။

သူသည် မြေပြင်နှင့် ဆယ်ပေအကွာသို့ ရောက်သွားသောအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ လုံးဝ တည်ငြိမ်သွားပြီဖြစ်သည်။ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပါသော်လည်း သူ၏ ကျောင်းသားခေါင်းဆောင် ဝတ်ရုံနှင့် သိုလှောင်လက်ကောက်တို့က သူ့အား ကာကွယ်ပေးလိုက်၏။ သူက မြေပြင်ပေါ်သို့ ဘုန်းခနဲမြည်အောင် ပြုတ်ကျသွားပါသော်လည်း သူ၏ဒဏ်ရာများမှာ ပြင်းထန်မှုမရှိပေ။ သူသည် သွေးပွက်အနည်းငယ်မျှသာ အန်ထွက်လာပြီးနောက် မတ်တတ်ပြန်ထလာ၏။ ထို့နောက် သူသည် သူ၏ ယခင် အမြန်နှုန်းဖြင့် ချောက်ကမ်းပါးတစ်လျှောက် ရှိသော လမ်းအတိုင်း ပြေးသွားလိုက်တော့သည်။

လမ်းတစ်လျှောက်လုံးတွင် ဝမ်ပေါင်လဲ့မှာ ဟောဟဲလိုက်နေ၏။ သူသည် အန္တရာယ်များမှာ ပြီးဆုံးသွားခြင်း မရှိသေးကြောင်း သိထား၏။ သို့သော် သူကြုံခဲ့ရသည့် သေရေးရှင်ရေး စမ်းသပ်မှုများနှင့် ယှဉ်လိုက်မည်ဆိုပါက ထိုအန္တရာယ်များမှာ ပြောပလောက်မည်မဟုတ်ပေ။

အနက်ရောင်အဝတ်အစားများနှင့် လူများမှာ ခက်ထန်နေသော အမူအရာများဖြင့် ရောက်ရှိလာကြသည်။ သူတို့သည် ဝမ်ပေါင်လဲ့၏ အလောင်းကို ရှာမတွေ့သရွေ့ ရပ်တန့်သွားမည့်ပုံမပေါ်ပေ။

” သူတို့က ဘယ်သူတွေလဲ ”

” ဘာလို့ သူတို့က ငါ့ကို သတ်ချင်နေရတာလဲ ”

” ပြီးတော့ ငါ ဒီ သင်္ဘောပျံကြီးပေါ်မှာ ရှိနေမယ်ဆိုတာကို သူတို့က ဘယ်လိုလုပ်ပြီး သိနေတာလဲ ”

ဝမ်ပေါင်လဲ့မှာ သူ၏လက်သီးများကို ဆုပ်လိုက်၏။ သူသည် လူငယ်လေးတစ်ယောက်သာ မဟုတ်ပါလော။ ထိုအချိန်တွင် သူသည် သူ၏ အကြောက်တရားများကို ချုပ်တည်းကာ အသံလွှင့်လက်စွပ်ကို ဖွင့်၍ အကူအညီတောင်းရန် ကြိုးပမ်းလိုက်၏။ သို့သော် ထို အသံလွှင့်လက်စွပ်မှာ အလုပ်မလုပ်တော့သည်ကို သူက သိလိုက်ရသည်။ ထို့ကြောင့် သူ၏ နောက်ဆုံးမျော်လင့်ချက်များမှာ လွင့်ပါးပျောက်ကွယ်သွားရတော့သည်။

ထို့နောက် သူ၏မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များ တဖြည်းဖြည်းနှင့် ပေါ်ထွက်လာတော့သည်။ ထို လုပ်ကြံသတ်ဖြတ်သူများမှာ ထိုကိစ္စကို အချိန်အတော်အတန်ကြာအောင် ပြင်ဆင်ခဲ့ပြီးသားဖြစ်ကြောင်း သူက ရိပ်မိလိုက်၏။ ထိုသို့သာမဟုတ်ပါက သူတို့မှာ ယခုလောက် သေသပ်ကာ စေ့စပ်ပြီး တိကျနေမည် မဟုတ်ပေ။

” ဒီကိစ္စက တာအိုကျောင်းကို ပြန်လာဖို့အတွက် ငါရခဲ့တဲ့ သတိပေးစာနဲ့ ဆိုင်နေလောက်တယ် ”

ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်တွင် ပြတ်သားမှု အရိပ်အယောင်များ ဖျတ်ခနဲ ထင်ဟပ်သွား၏။ သူသည် ထိုအကြောင်းကို တွေးတောနေလည်း ထူးလာမည်မဟုတ်ကြောင်း သိလိုက်သည်။ ထို့အပြင် သူ ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အလမ်းမှာလည်း မရှိလောက်အောင် နည်းပါးနေပြီဖြစ်သည်။

ယနေ့တွင် သူတစ်ယောက်သာလျှင် သူ့ကိုယ်သူ ကယ်တင်နိုင်တော့မည်ဖြစ်သည်။

” အဲဒါဆိုလည်း ပြန်တိုက်ဖို့ နည်းတစ်နည်းပဲ ရှိတော့တာပေါ့ ”
ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ တွေးလိုက်၏။ ထို့နောက် သူသည် ချောက်ကမ်းပါးဘေးရှိ လမ်းတစ်လျှောက် အရှိန်အဟုန်ဖြင့် ပြေးတက်သွားပြီး သိပ်မကြာခင် ချောက်ကမ်းပါး၏ ထိပ်သို့ ရောက်ရှိသွားတော့သည်။

သူသည် ထိုကဲ့သို့ ပြေးလွှားနေရင်း ဆေးလုံးတချို့ကို မျိုချလိုက်၏။ သူ၏ ဒဏ်ရာများမှာ သက်သာလာပါသော်လည်း သူ၏ အသက်ရှူသံများမှာ လေးလံလာ၏။

” ငါ စိတ်ငြိမ်ငြိမ် ထားမှဖြစ်မယ်။ ကြောက်လန့်နေလို့မဖြစ်ဘူး။ စိတ်ငြိမ်နေမှ ရမယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ သူ၏စိတ်ကို တည်ငြိမ်သွားအောင် ပြုလုပ်လိုက်၏။ သူ၏ နှလုံးသားမှာ တုန်ရီနေဆဲ ဖြစ်ပါသော်လည်း အပြင်ပန်းတွင်မူ သူသည် အများကြီးပို၍ တည်ငြိမ်လာ၏။

” သူတို့တွေက ငါ့ကို သတ်ဖြတ်ချင်စိတ်တွေ တော်တော်ပြင်းပြနေကြတာ။ ငါ့ တစ်ယောက်တည်း အတွက်ကို သူတို့က လူအယောက် သုံးဆယ်လောက်ပါတဲ့ သင်္ဘောပျံတွေ အများကြီးသုံးခဲ့တာ။ အဲဒီ သင်္ဘောပျံတွေပေါ်မှာ နောက်ထပ် လူဘယ်နှယောက်လောက် ရှိနေဦးမလဲဆိုတာလည်း ငါ မသိဘူး။ သူတို့ဘက်မှာ လူတွေအများကြီး ရှိနေတဲ့အပြင် သူတို့ထဲမှာ ဖွံ့ထွားသွေးကြောအဆင့် သိုင်းပညာရှင်တွေပါ ပါသေးတယ်။ ငါက တစ်ယောက်ချင်းစီဆိုရင် ယှဉ်နိုင်ပေမဲ့ အများကြီးနဲ့ တိုက်ခိုက်ရမယ်ဆိုရင် သေချာပေါက် သေသွားမှာပဲ ”

” ဒါပေမဲ့ ငါ့မှာလည်း ငါ့ရဲ့ ကိုယ်ပိုင်အားသာချက်တွေ ရှိပါတယ်။ ငါ့ဆီမှာ ဓမ္မအဆောင်တွေ အများကြီးရှိတယ်လေ။ ငါက အာနာပါနအဆင့်ကို မရောက်သေးလို့ အဲဒီအဆောင်တွေကို သာမန်အဆင့်လောက်ပဲ ထိန်းချုပ်နိုင်စွမ်း ရှိသေးပေမယ့် ကမ္ဗည်းစာလုံးတွေကို လိုသလိုပြောင်းလဲပြီးတော့ အဲဒီအဆောင်တွေကို ပေါင်းစပ်အသုံးပြုနိုင်မယ်ဆိုရင် သူတို့ကို တိုက်ခိုက်နိုင်လောက်တယ် ”

” သူတို့ကို ငါ လူစုခွဲဖို့ပဲလိုတာ။ ငါ ချောင်ပိတ်သွားလို့ မဖြစ်ဘူး။ ပြီးတော့ ငါ လူမြင်ကွင်းထဲမှာလည်း နေနေလို့ မဖြစ်ဘူး။ သစ်တော… ငါ သစ်တောထဲကို ဝင်မှရမယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေး၍ ခေါင်းမော့ကာ ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းရှိ မိုးသစ်တောဆီသို့ ဦးတည်၍ ပြေးသွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ သစ်တောနားသို့ ရောက်သွားပြီး အတွင်းသို့ ခြေတစ်လှမ်း လှမ်းလိုက်သောအချိန်တွင် အဝေးတစ်နေရာမှ သင်္ဘောပျံကြီးများ၏ အသံများကို ကြားလိုက်ရသည်။ ထို့ကြောင့် သူသည် ခေတ္တမျှ ရပ်တန့်သွားပြီး နောက်သို့လှည့် ကြည့်လိုက်‌သောအခါ သူ့ဆီသို့ သင်္ဘောပျံ ငါးစင်း ဦးတည်၍ ပျံသန်းလာနေသည်ကို မြင်လိုက်ရ၏။

” မင်းတို့က ငါ့ကို သတ်ချင်တယ်ပေါ့။ အဲဒီလောက်အထိ စွမ်းမလား၊ မစွမ်းဘူးလားဆိုတာ ကြည့်ကြတာပေါ့ကွာ ”
ဝမ်ပေါင်လဲ့မှာ ချောင်ပိတ်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ့ထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်ကာ သစ်တောထဲသို့ ပြေးဝင်သွားတော့သည်။

သူ သစ်တောထဲသို့ ပြေးဝင်သွားပြီး သိပ်မကြာခင် သင်္ဘောပျံ ငါးစင်း ရောက်ရှိလာပြီး မိုးသစ်တော၏ အထက်သို့ ပျံသန်းလာ၏။ ထိုနေရာမှာ ရှင်းလင်းမှုမရှိဘဲ မိုးထိုးနေသော သစ်ပင်များနှင့် ကြီးမားသော သစ်ရွက်ကြီးများဖြင့် ပြည့်နှက်နေသောကြောင့် သူတို့၏ အမြင်အာရုံများကို ဖုံးကွယ်ထားသလို ဖြစ်နေ၏။ ထို့ကြောင့် ထိုသင်္ဘောပျံ ငါးစင်းမှာ အသာစီး မရနိုင်တော့ပေ။ သိပ်မကြာခင် ထို သင်္ဘောပျံ တစ်စင်းချင်းစီမှာ အရပ်မျက်နှာ အသီးသီးဆီသို့ ခွဲထွက်ကာ ပျံသန်းသွားကြ၏။ ထို့နောက် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသော လူအယောက်နှစ်ဆယ်ကျော် ဆင်းသက်လာပြီး ထိုနေရာတစ်ဝိုက်ကို ဝိုင်းကာ ဝမ်ပေါင်လဲ့အား ရှာဖွေလိုက်ကြတော့သည်။

” ငါတို့တွေ ဝမ်ပေါင်လဲ့ကို တွေ့အောင်ရှာရမယ်။ သူ့ကို မြင်တာနဲ့ သတ်ပစ်လိုက် “


Comment

Leave a Reply

Options

not work with dark mode
Reset