အပိုင်း (၉၅၄)

ကျောက်ပြည်ထောင်နှင့် မှန်နန်းတော် သခင်မ

ပုံမှန်အားဖြင့် ရီဖူရှင်းက ရှန့်ထိုကျဲနှင့် တခြားလူများကို မြင်ပေသည်။ တော်ဝင်စစ်ပွဲ ဖြစ်နေသော အချိန်အတွင်းတွင် သူတို့က မိမိအား မည်သည့် နည်းဖြင့်မဆို သတ်ဖြတ်နိုင်ရန် ကြိုးစားမည် ဖြစ်သည်။

သူတို့အတွက်မူ သည်အခွင့်အရေးကား အလွန် ကြီးမားပေသည်။

သူ၏ အချိန်အများစုကို တော်ဝင်ကျဲ နန်းတော်၌ လေ့ကျင့်နေခဲ့ရာ နန်းတော်တွင်ကား အစီအရင်များ နေရာတိုင်းတွင် ရှိပြီး သွားရောက် သတ်ဖြတ်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။ သို့သော် ရှေးနန်းတော်ရာ အတွင်း၌ကား များစွာ လွယ်ကူပေမည်။

မြေရိုင်း ပြည်နယ်မှ လူများက ရီဖူရှင်းအား ဝန်းရံကာ တော်ဝင်မြေသုံးခု ဝိုင်းဝန်း ရန်ပြုခြင်းမှာ ကာကွယ် ထားသည်။

“သွားရအောင်…” ရီဖူရှင်း ရှေ့သို့ ဆက်ရွေ့လျား သွားသည်။ သူတို့က သည်နေရာသို့ ခြေချမိသည်နှင့် ရုပ်သေး စစ်သည်များမှာ အသက်ဝင်လာဟန် ရကာ သူတို့ထံသို့ တိုးဝင် လာနေကြသည်။

ကျန်ကျောင်းနှင့် တခြားလူများက ဓားကိုယ်စီ ကိုင်ဆောင်ကာ ရှေ့တွင် ရပ်နေကြသည်။ ရုပ်သေးများမှာ လေဟာနယ် ဓာတ်စွမ်းအား ဓားချက်များဖြင့် အဆက်မပြတ် ဖြတ်တောက် ခံရသည်။ ကျန်ကျောင်းက ပြောသည်… “ဒီနေရာက ရောင်ခြည်တွေနဲ့ ဖိနှိပ်ပိတ်ဆို့ ထားပြီးတော့ ပြင်ပနဲ့ မသက်ဆိုင်တဲ့ သီးခြားနေရာ ဖြစ်စေတယ်”

ရီဖူရှင်းကလည်း ထိုအချက်ကို ခံစားမိကာ ခေါင်းညိတ်သည်။ ရှေးနန်းတော်ရာ၏ အပေါ်ပိုင်းကား ရောင်ခြည် စွမ်းအားများဖြင့် ဖုံးလွှမ်းနေကာ ပြင်ပမှ အရာအားလုံးကို ဖြတ်တောက် ထားသည်။ တန်ခိုးရှင်များက သူတို့၏ပတ်ဝန်းကျင်မှ စွမ်းအားများကို အများအားဖြင့် အခြေပြုရသည်။ သူတို့က ထိုသို့ မလုပ်နိုင်ပါက ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများကို အသုံးပြုရပေမည်။ ဤနည်းဖြင့် သူတို့က အဆက်မပြတ် တိုက်ခိုက်ရပါက သူတို့ အသုံးပြုသော စွမ်းအားများမှာလည်း တဖြည်းဖြည်း လျော့နည်း လာပေလိမ့်မည်။ သိုင်းပညာ မလေ့ကျင့်သူများမှာ ပိုမိုဆိုးဝါးသော အခြေအနေတွင်ရှိကာ သူတို့၏ စိတ်စွမ်းအားများမှာ အသုံးမဝင် ဖြစ်ရသည်။

“စွမ်းအားတွေကို ချွေတာပြီးတော့ သိုင်းပညာရှင်တွေကို တိုက်ခိုက်ခိုင်းပါ…” ရီဖူရှင်းက ပြောသည်။ ကျန်ကျောင်းနှင့် ယန်ဟောင်တို့က တခြား လူများအတွက် လမ်းဖွင့် ပေးကြသည်။ ကျန်ကျောင်းနှင့် ယန်ဟောင်တို့၏ ပြင်းထန်သော တိုက်ခိုက်မှုများတွင် ရုပ်သေးများ အဆက်မပြတ် ပျက်စီးရသည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များအား ရှန့်ထိုများက အားကောင်းစွာ စုပ်ယူကြရာ ကြောက်မက်ဖွယ် ကောင်းသော လေပွေမုန်တိုင်းများ အလား သဘာဝ စွမ်းအားများမှာ သူတို့ထံသို့ စီးဆင်း သွားနေသည်။ ရှန့်ထိုများကလည်း စွမ်းအား အကန့်အသတ်ကို ခံစားမိကာ သည်နေရာမှ စွမ်းအားများကို အလုအယက် စုဆောင်းခဲ့ကြသည်မှာ ထင်ရှားသည်။

ရှန့်ထိုများ စုတ်ယူမှုကြောင့် မိုင်တစ်ထောင် အတွင်း၌ သဘာဝစွမ်းအင်များ ပြန်လှန် စီးဆင်းလာကာ ပတ်ဝန်းကျင်၌ သဘာဝစွမ်းအင်များ ပါးလျ နည်းပါး လာခဲ့သည်။ အများစုမှာ သဘာဝ စွမ်းအင်များကို အာရုံခံရန်ပင် ခက်ခဲလာခဲ့သည်။

သူတို့က ရောင်ခြည်ဓာတ်များ လျော့ပါး လာနေသော နေရာတစ်ခု ရှိသည်။ ထိုအရာက မြစ်အလယ်တွင် မျောနေသော လှေတစ်စင်းနှင့် ဆင်တူသည်။ မဟာပိတ်ဆို့ခြင်း အစီအရင်ကား နန်းတော်ရာကို အတွင်း၌ ပိတ်ဆို့ ထားသည့်ပုံဟန် ဖြစ်သည်။

သူ၏ဆရာ မရှိသည်မှာ နာသည်ဟု ရီဖူရှင်းက တွေးမိသည်။ ခန္ဓာကိုယ် တည်ဆောက်ခြင်းဖြင့် ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့သော ထောင်ကျန်းအတွက် သည်နေရာတွင် သေချာပေါက် တခြား ရှန့်ထိုများထက် အလေးသာ ပေမည်။

ဘုန်း…

ထိုအခိုက်တွင် ရီဖူရှင်းကား ပြေးလွှားနေသော လျှပ်စီးတန်းအလား ထင်မှတ်ရကာ ရုပ်သေး စစ်သည်များအား အဆက်မပြတ် တိုက်ခိုက်နေပြီး အတွင်းပိုင်းသို့ ဆက်လက် တိုးဝင်နေသည်။ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက မြန်ဆန်စွာ ရွေ့လျား နေကြသည်။ လမ်းမှ ရုပ်သေးများမှာ သူတို့အား တားဆီးနိုင်စွမ်း မရှိပေ။ သို့သော်လည်း တဖြည်းဖြည်း သူတို့ ရင်ဆိုင်တွေ့ရသော ရုပ်သေးများမှာ အလွန်စွမ်းအား ကြီးလာခဲ့သည်။ အလှမ်းဝေးသော တစ်နေရာမှ အလွန် အားကောင်းသော စိတ်အသိတစ်ခုကိုပင် သူတို့ ခံစားမိကြသည်။

ရှားရှင်းယွန်နှင့် သူမ၏လူများမှာ ရှေ့မှ မြေပြန့်တစ်နေရာသို့ ဦးဆုံး ရောက်လာသူများ ဖြစ်ကြသည်။ ထိုနေရာတွင်ကား အရှေ့၌ ရွှေလှေကားတစ်ခု ရှိနေပြီး အမြင့်ဆုံး၌ ပုံသဏ္ဌာန်တစ်ခု ရပ်နေသည်။ သူကား လှံတစ်ချောင်းကို ကိုင်ဆောင်ထားသော ဧရာမရုပ်သေးကြီးတစ်ခု ဖြစ်သည်။ သူ၏အနီးမှ ရစ်သိုင်းနေသော မုန်တိုင်းများမှာ အောက်မှ လူများကိုပင် လာရောက် ရိုက်ခတ်သည်။ သူတို့အနီးတွင် ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်ယောင်များ ပေါ်လာကာ ရုပ်သေးစစ်တပ်က သူတို့ထံသို့ ဦးတည် လာသည်။ ထိုအထဲတွင် ရွှေရောင် စစ်ရထားများပင် ပါဝင်သည်။

ဧရာမရုပ်သေးကြီးကား ထောင်သောင်း များစွာသော စစ်သည်များအား အမိန့်ပေးသော စစ်သူကြီးတစ်ပါးဟု ထင်မှတ်ရသည်။

ဟောင်စီက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ လက်သီးကို တင်းတင်း ဆုပ်သည်။ သူ၏ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် သူ၏မျက်လုံးများ နီရဲလာခဲ့သည်။ သည်နည်း စနစ်များကား သူတို့ ဟောင်မိသားစု ဘိုးဘေးများ၏ ပညာရပ်များ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားက ကြီးမားလွန်းရကား နှစ်ပေါင်းပဝေသဏီနီ ကြာမြင့်ခဲ့သည့်တိုင် တည်တံ့ကာ ရှီများနှင့် ရှန့်ထိုများအာ တားဆီးနိုင်နေဆဲ ဖြစ်သည်။

လီယောင်နှင့် သူ့လူများ တဖြည်းဖြည်း ရှေ့သို့ တက်လာ နေကြသည်။ လူကြီး တစ်ယောက်က သူ၏လက်မှ ဓားကိုကိုင်ကာ လေထဲတွင် ဓားတစ်ချက် ထုတ်လွှတ်သည်။ သို့သော်လည်း ကောင်းကင်မှ ကြီးမားသော အသိမှာ လှုပ်ခတ်ခြင်း ကင်းမဲ့ကာ သူတို့အား နောက်သို့ ဆုတ်စေသည်။

ရီဖူရှင်းနှင့် တခြား လူများကလည်း ပုံမှန်အားဖြင့် ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာ အသိအား ခံစားမိကြသည်။ ထို့အပြင် တန်ခိုး အဆင့်မြင့်လေလေ ဖိအားမှာ ကြီးမားလေ ဖြစ်သည်။

ဟောင်ကျူဂီ သည်လည်း ရီဖူရှင်းဘေးတွင် ရှိနေကာ ရှေ့သို့ တိုးသွားနေရင်း သူ၏ သိုင်းအသိအား ထုတ်လွှတ် ထားသည်။ တစ်နေ့တွင် သူသည်လည်း ဤသို့ စစ်တပ်ကြီးအား သိုင်းအသိ တစ်ခုတည်းမျှဖြင့် အမိန့်ပေးစေခိုင်းကာ ရှန့်ထိုနှင့် ရှီများအား ဖိနှိပ် နိုင်မည်လားဟု သူတွေးနေမိသည်။

ဘုန်း…

အသံတစ်သံနှင့်အတူ တော်ဝင်ကျဲနန်းတော်မှ လူတစ်ယောက် သွေးတစ်ပွက် အန်သည်။ သူ၏ ခြေလှမ်းများက လုံးဝ ရပ်တန့်သွား၏။ သူ့အား သိပ်မဝေးသော တစ်နေရာမှ လူတစ်ယောက်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုလူကား ခွန်ယို ဖြစ်သည်။ သူကား တော်ဝင်ရတနာကို ကိုင်ဆောင်ထားကာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထုတ်လွှတ် ထားသည်။

မြေရိုင်းပြည်နယ်မှ လူများ အားလုံးလည်း ရပ်တန့် လိုက်ကြသည်။ သူတို့အားလုံး၏ မျက်နှာမှာ တင်းမာ နေကြသည်။

ခွန်ယို တစ်ယောက်တည်း မဟုတ်ပေ။ ကျောက်ပြည်ထောင်မှ ပြည်နယ်ကိုးခု ရှီအဆင့်တွင် ရှိသော ကျောက်မင်၊ ကျောက်ဟောင်နှင့် နေ့ခိုင်တို့ အားလုံးမှာ ရီဖူရှင်းအား မျက်ခြည်မပြည် ကြည့်နေကြပြီး တိုက်ခိုက် သတ်ဖြတ်ရန် အဆင်သင့် လုပ်ထားကြသည်။ သူတို့အပြင် ရှီဟွာတောင်မှ လူများလည်း ပါဝင်ပေသည်။ သူတို့ကား ကျွမ်းခွေ၊ လီတောက်ချူတို့ ဖြစ်ကြပြီး ရှီဟွာတောင်တွင် လျူကျောင်း ပြီးနောက် ပါရမီ အမြင့်ဆုံးအဖြစ် သတ်မှတ် ခံထားရသည်။

ရှီဟွာတောင်က တော်ဝင်ကျဲ နန်းတော်အား တိုက်ခိုက်သည်မှာ ယခုတစ်ကြိမ် ပထမဆုံး ဖြစ်ပေသည်။ သူတို့၏ အလိုဆန္ဒအား ထိန်းချုပ် ကွယ်ဝှက်လိုသော သဘောများ မရှိတော့ပေ။ ကျိရှမ်းကမ်းပါးကိစ္စက သူတို့အား ကောင်းကောင်း သင်ခန်းစာပေးသည်။ ရီဖူရှင်းကား တစ်နေ့တခြား အင်အားကြီး လာ၏။ သူတို့ သည့်ထက် စောင့်၍ မရတော့ပေ။

ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ရှီခြောက်ပါးနှင့် တခြား ထိပ်သီးတန်ခိုးရှင်များ အရန်သင့်ပြင်ဆင် ထားခြင်းက သည်တစ်ကြိမ်တွင် ရီဖူရှင်းအား အပြတ် ဖြတ်တော့မည့် သူတို့၏ အစီအစဉ်ကို သိသာစေသည်။

လစန္ဒာရှန့်ထိုက အားလုံးကို ပြောသည် … “ဒီနေ့ မင်းသမီးက အားလုံးကိုခေါ်ပြီး ရှေးနန်းတော်ရာကို ဝင်ရောက် ရှာဖွေတယ်…။ ခင်ဗျားတို့တစ်တွေက ဘာလုပ်နေတာလဲ”

“မင်းသမီးက ကျုပ်တို့အကြား ရန်ငြိုးကို သိပြီးသားပဲ။ လူငယ်တွေ သူတို့ကိစ္စကို ဖြေရှင်းကြလိမ့်မယ်။ ကျုပ်တို့ ရှေ့ဆက်သွားမယ်” ရှီဟွာတောင်ရှန့်ထိုက ပြောကာ ရှေ့သို့ ဆက်သွားသည်။

ရှားရှင်းယွန်ကား တစ်ချက်မျှပင် လှည့်ကြည့်ခြင်း မရှိဘဲ သွားနေသည်။ သူမကား ထိုကိစ္စကို အနည်းငယ်မျှပင် စိတ်မဝင်စားပေ။ ဓားသခင်၊ ကျန်ကျောင်း၊ ယန်ဟောင်နှင့် တခြား စွမ်းအားမြင့် တန်ခိုးရှင်များက ရပ်လိုက်ကာ ရီဖူရှင်းရှေ့သို့ သွားလိုက်ကြသည်။ ထိုအခိုက်တွင် ထိုနေရာ၌ ကြီးမားသော လေထုဖိအားတစ်ခု ဖြစ်လာသည်။

ထို့ကြောင့် ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့က သူတို့၏ အင်အားစုများ အားလုံးကို သည်ခရီးအတွက် ခေါ်ဆောင် လာခဲ့ကြသည်။ ရီဖူရှင်းနှင့်အတူ လိုက်ပါ လာကြသူများ မှာလည်း တော်ဝင်ကျဲနန်းတော်မှ လက်ရွေးစင်များချည်း ဖြစ်ကြ၏။

“ရှေ့ကို ဆက်သွား … ညီငယ်လေး…” ဓားသခင်က ပြောသည်။ သူ၏ဓားကို ဆွဲထုတ်လိုက်လျှင် မိစ္ဆာအသိက အသက်ဝင်လာကာ ထိုနေရာ တစ်ခုလုံးအား ရိုက်ခတ် လာခဲ့သည်။ မိစ္ဆာစွမ်းအားများမှာလည်း တစ်ဖက် ရန်သူများအား သွားရောက် ရိုက်ခတ်၏။ ထို့အတူ ကျန်ကျောင်းတို့ ကလည်း ရပ်လိုက်ကာ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင် တို့အား ရင်ဆိုင်ကြသည်။

“တော်ဝင်မြေသုံးခုက ပူးပေါင်းပြီးတော့ တော်ဝင်ကျဲ နန်းတော်ကို တိုက်ခိုက်တယ်… အထင်ကြီးစရာပဲ…” လစန္ဒာရှန့်ထိုက ယွီကျင့်လျူတို့အား ပြောသည်… “ကျန်နေရစ်ပြီးတော့ ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင်တို့ ဘယ်လောက် စွမ်းလဲ ကြည့်လိုက်…”

“ကောင်းပါပြီ…” ယွီကျင့်လျူ ခေါင်းညိတ်သည်။ နောက်ထပ် တန်ခိုးရှင်တစ်စု ထွက်လာကာ တိုက်ပွဲထဲ ဝင်လာသည်။

“ကျေးဇူးတင်ပါတယ် … စီနီယာ…” ရီဖူရှင်းက လစန္ဒာရှန့်ထိုအား ပြောသည်။ ရှီဟွာတောင်ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့၏မျက်နှာများက တင်းမာ ခက်ထန်သွားသည်။

“မှန်နန်းတော်လည်း အရှေ့ဘက်ပြည်နယ်ရဲ့ တော်ဝင်မြေတစ်ခုပဲ… သွားပြီးတော့ မင်းတို့ရဲ့စွမ်းရည်ကို သွားစမ်းသပ်ကြ…” မှန်နန်းတော် သခင်မက သူမလူများအား ပြောသည်။ ဤတွင် မှန်နန်းတော်မှ တန်ခိုးရှင်များ ကလည်း တိုက်ပွဲထဲဝင်ပါကာ တော်ဝင်ကျဲ နန်းတော်အား ကူညီသည်။ သို့သော်လည်း မှန်နန်းတော် သခင်မဘေးမှ ကျင့်ယွီချန်းမူကား ဝင်ပါခြင်း မရှိပေ။

“ကျေးဇူးတင်ပါတယ် … အစ်မတော် သခင်မ…” ရီဖူရှင်းကလည်း ပြုံးလျက် ပြောသည်။ သည်မျှသော အင်အားဖြင့် သူတို့ကား ရန်သူများကို ရင်ဆိုင်ရန် လိုသည်ထက် ပိုနေပေသည်။

“ဟင်း.. မိစ္ဆာဓား အသုံးပြုပြီးတော့ စွမ်းအားကို မြှင့်ထားတယ်ပေါ့… အရင်နှစ်တွေတုန်းကနဲ့ ယှဉ်ရင် ဘယ်လောက် တိုးတက်လာလဲ ကြည့်ရတာပေါ့…” ခွန်ယိုက သူ၏ တော်ဝင်ရတနာကို ကိုင်စွဲကာ ဓားသခင်ထံသို့ တိုးဝင်လာသည်။

ဓားသခင်ကလည်း မိစ္ဆာဓားအား မြှောက်လိုက်သည်။ ဓားထံမှ ကြီးမားသော စွမ်းအားများ ကွဲထွက်လာခဲ့ကာ တစ်ဖက်ရန်သူအား ခုခံသည်။

“အစ်ကိုကြီး … စီနီယာတို့ … သတိထားကြပါ…” ရီဖူရှင်းက ရှေ့သို့ ဆက်သွားရင်းဖြင့် ပြောသည်။ သူ၏စိတ်ထဲတွင် ရှေးနန်းတော်ရာ မြေပုံကား ထင်ရှားစွာ ရှိသည်။ သူတို့ကား နန်းတော်ရာ၏ဗဟိုကို ရောက်ရန် များစွာ လိုသေးပေသည်။ ယွီကလန်နှင့် မှန်နန်းတော်တို့ ပူးပေါင်း တိုက်ခိုက်ပေးခြင်းက တော်ဝင်ကျဲ နန်းတော်အတွက် စိုးရိမ်စရာ မရှိတော့။

ရှန့်ထိုများ ရှေ့သို့ တက်လာကြသည်။ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ဘေးမှ မှန်နန်းတော် သခင်မအား ကြည့်သည် … “မင်းသိလား … ကျုပ်က ကျောက်ပြည်ထောင်ရဲ့ ဧကရီနေရာကို မင်းအတွက် ချန်ထားတာ … အရင်တုန်းက ကိစ္စတွေကို ဘာလို့ မမေ့ပျောက် သေးတာလဲ…”

မှန်နန်းတော် သခင်မ၏ မျက်နှာက ပြုံးနေသည်။ သို့သော်လည်း သူမ၏စကားများက ဓားသွားများအလား အေးစက်စွာ ထွက်ပေါ်လာခဲ့သည်… “ကျောက်ကျိမင်… ရှင်မသေဘဲ ကျွန်မ စိတ်အေးမှာ မဟုတ်ဘူး”

ကျောက်ပြည်ထောင် ဘုရင်က အရှေ့ဘက် ပြည်နယ်၏ အလှဆုံး မိန်းကလေးအား ကြည့်ကာ ပြောသည်… “ငါ့နန်းတော်မှာ မင်းအတွက် သီးသန့် မှန်နန်းတော် တစ်ခု တည်ဆောက် ထားတယ်”

မှန်နန်းတော် သခင်မ၏မျက်လုံးများက ပိုမို အအေးစက် လာခဲ့ကာ သူမထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာလည်း ကြောက်မက်ဖွယ် ကောင်းလာ၏။ အနီးမှလူများက ရှန့်ထိုနှစ်ပါးအား ကြည့်ကာ နောက်ဆုံးတွင် သည်နှစ်ယောက်မှာ သူတို့၏ ဟန်ဆောင် မျက်နှာဖုံးများအား ချွတ်လိုက်ကြပြီဟု တွေးလိုက်ကြသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset