အပိုင်း (၉၅၁)

တော်ဝင်အမွေအနှစ်မြေပုံ

တော်ဝင် အမွေအနှစ် အပြင်ဘက်၌ လီယောင်က ကောင်းကင်ထက်မှ ဆင်းသက်လာသော ရှားရှင်းယွန်အား မော့ကြည့် လိုက်သည်။ သူမကား မြန်ဆန်စွာ ရောက်လာခဲ့၏။

မည်သို့ဆိုစေ ဤနေရာကား အင်ပါယာရှား၏ ထိန်းချုပ်မှု အောက်တွင် ရှိသော ပြည်နယ် ဖြစ်သည်။ ရှေးဟောင်း အုတ်ဂူ ပေါ်လာသော အချိန်၌ ဤမျှ ထူးဆန်း အံ့ဩဖွယ် ကောင်းသော ဖြစ်ရပ်ဆန်းများ ပေါ်လာလိမ့်မည်ဟု သူ တခါမှ မထင်မှတ်ခဲ့ချေ။ ယခုတော့ တောင်ဝင် အပျက်အစီး နယ်မြေကို ထိန်းချုပ်ရန် အလွန် ခက်ခဲသွားခဲ့ချေပြီ။

လေထဲတွင် ပျံဝဲနေရင်း လီယောင်က ရှားရှင်းယွန်ကို ပြောလိုက်၏… “ငါတို့ နောက်ဆုံး မတွေ့ရတော့ ကတည်းက အဆင်ပြေမယ်လို့ မျှော်လင့်ပါရဲ့ မင်းသမီးလေး…”

ရှားရှင်းယွန်က လီယောင်ကို ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် သူမက သူ့ကို မှတ်မိသည်။ သူသည် အင်ပါယာလီဘုံမှ မင်းသားတစ်ပါး ဖြစ်၏။

အင်ပါယာလီဘုံနှင့် အင်ပါယာရှားဘုံတို့သည် နယ်နိမိတ်ချင်း ထိစပ်နေသော နယ်မြေများ ဖြစ်သည်။ အင်ပါယာလီ အုပ်ချုပ်သော အောက်ဘုံသည် ပြည်နယ်ကိုးခုနှင့် မတူဘဲ တာလီပြည်ထောင်ဟု ခေါ်သော အင်အားစု တစ်ခုသာ ရှိလေသည်။ ကျောင်းတော် အားလုံးနှင့် မိသားစု အားလုံးသည် အင်ပါယာလီ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိပြီး ၎င်းထံမှ ဆင်းသက်လာသူများ အဖြစ် မှတ်ယူနိုင်လေသည်။

တိမ်တိုက် ပြည်နယ်တွင် လီနန်းတော်ဟု ခေါ်တွင်သော တော်ဝင်မြေတစ်ခု ရှိသည်။ ၎င်းနန်းတော်မှ လူအားလုံးသည် တာလီပြည်ထောင်မှ ဆင်းသက် လာသူများ ဖြစ်၏။ ၎င်းတို့၏ ဘိုးဘေးများသည် အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး နယ်နှင်ဒဏ် ခံခဲ့ရလေသည်။ ထို့ကြောင့် အားလုံး ပြည်နယ်ကိုးခုသို့ ပြောင်းရွှေ့လာခဲ့ရ၏။ တစ်ကြိမ်တွင် မျိုးနွယ်ထဲမှ တစ်ယောက်က ရှန့်ထိုအဆင့်သို့ ရောက်ရှိခဲ့လေသည်။ ထိုအချိန်မှစ၍ သူတို့က တိမ်တိုက်ပြည်နယ်၌ လီနန်းတော်ကို တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

တာလီ နန်းတော်ကလည်း ထိုကိစ္စကို စိတ်မဝင်စားပေ။ ပြောရလျှင် တာလီနန်းတော်က သူတို့ကို နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ကြားမှ ဆက်ဆံရေးမှာ ပြတ်စဲသွားပြီလည်း ဖြစ်၏။

“လီယောင် … ပြည်နယ်ကိုးခု ဆိုတာ အင်ပါယာရှားရဲ့ လက်အောက်ခံ နယ်မြေတွေပဲ”… ရှားချင်းယွန်က လီယောင်ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ သူမ၏ အသံမှာ အေးစက် မာကျောလှ၏။

“နောက်ဆုံးတစ်ခေါက် တာလီ နန်းတော်ကို မင်း လူတွေ ခေါ်လာတုန်းက ကျုပ်တို့ မင်းကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့တယ်။ ကျုပ် တစ်ယောက်တည်း ဒီတော်ဝင် အမွေအနှစ်ကို စူးစမ်းရှာဖွေနေတာ ဆိုပေမဲ့ အခု မင်းသမီး ရောက်လာတော့လည်း …  ကျုပ်မှာ အနိမ့်ဆုံးအနေနဲ့ ယှဉ်ပြိုင်ခွင့် ရှိတယ် မဟုတ်ဘူးလား…”

လီယောင်က ရှေ့မှ လှပချောမောသော မျက်နှာလေးကို ကြည့်ကာ မေးလိုက်လေသည်။ ရှားချင်းယွန်သာ မိန်းမတစ်ယောက်လို ဝတ်ဆင်ထားမည် ဆိုလျှင် သူမ၏ အလှအောက်၌ မြို့နိုင်ငံ အပေါင်းတို့ ပြိုဆင်း ခယရမည် မဟုတ်လော။

သို့သော် အင်ပါယာရှား၏ အနှစ်သက်ဆုံး သမီးတော်သည် မည်သည့်အခါမျှ မိန်းကလေး တစ်ယောက်လို မဝတ်ဆင်ဟု လူအများက ပြောတတ် ကြလေသည်။ ပြောသံအရ အကယ်၍ တစ်စုံ တစ်ယောက်သာ ဂုဏ်မောက်သော မင်းသမီးချောလေးကို အနိုင် တိုက်နိုင်မည်ဆိုလျှင် သူမ၏ တောက်ပသော အဆင်းကို ဖော်ပြနိုင်မည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ပြီး ထိုအောင်နိုင်သူ၏ ရှေ့တွင် ရပ်ပြလိမ့်မည်ဟု ဆိုတတ် လေသည်။

ရှားချင်းယွန်က လီယောင်ကို မတူမတန်သလို လျစ်လျုရှုကာ နေလိုက်၏။ သူမက တောင်ဝင် အမွေအနှစ်မြေသို့သာ စူးစိုက်ကြည့် နေလေသည်။ လီယောင်ဆိုသော သူသည် အင်ပါယာရှား ပြည်နယ်တွင် ရှိနေသမျှ သူမနှင့် ယှဉ်ပြိုင်စွမ်းအား နည်းပေသည်။

“သွားကြည့်စမ်း”

ရှားချင်းယွန်က ဘေးမှ လူကို အမိန့်ပေး လိုက်၏။ ရန်ဟောင် အပျက်အစီး နယ်မြေသည် ပြည်နယ်ကိုးခု အတွင်းမှ နယ်မြေတစ်ခု ဖြစ်သည်။ ၎င်းနယ်မြေသည် သူမဖခင် မအုပ်စိုးခင် ရှေးပဝေသဏီ ကတည်းက တည်ရှိခဲ့သော နယ်မြေဖြစ်ကာ အနည်းဆုံး နှစ်ထောင်ချီ တည်ရှိခဲ့သော နယ်မြေလည်း ဖြစ်သည်။ ရန်ဟောင်ပျက်စီး နယ်မြေ၏ အနွယ် တော်ဝင်များပင် (မှ ဆင်းသက် လာသူများပင်) အုတ်ဂူ တည်ရှိနေသည်ကို မသိနိုင်ပေ။

“တော်ဝင် အမွေအနှစ်တွေကို အစီအရင်တစ်ခုနဲ့ မြေကြီးအောက်မှာ နှစ်မြှုပ်ထားတာ။ အစီအရင်ကို ဖွင့်လိုက်တော့ အမွေအနှစ်တွေ ပေါ်လာတာပဲ။ အမွေအနှစ်တွေက ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွန်းလာပြီ ဆိုပေမဲ့ အစီအရင် စွမ်းအားတွေ ကတော့ ရှိနေသေးတယ်။ အလင်းဟာ နယ်မြေကိုးခုလုံးကို ဖောက်ထွင်း ဝင်ရောက်နေပြီ။ အခုအချိန် ဝင်လို့ မရလောက်ဘူး။ မင်းတို့ စိတ်ရှည်မှ ရမယ်”… လီယောင်က ပြောလိုက်၏။

ရှားချင်းယွန်က သူ့ကို ဆက်လက် လျစ်လျူရှုထားပြီး တိတ်ဆိတ် ငြိမ်သက်နေသော တော်ဝင် အမွေအနှစ်မြေသို့သာ စိုက်ကြည့်နေသည်။ ၎င်းသည် ရွှေရောင်အဆင်းရှိသည့် မြို့တော် တစ်ခုနှင့် အမှန်တကယ် ဆင်တူပေသည်။ တစ်စုတစ်စည်းတည်းနှင့် ၎င်းမြို့မှ ထွက်ပေါ်နေသော အရောင်အဝါကြီးတွင် ကြောက်မက်ဖွယ်ရာ ရွှေရောင်ချီများ စီးဆင်းနေပြီး နယ်မြေကိုးခုသို့တိုင် ရောက်ရှိနေလေ၏။ ထို့ကြောင့် ကျုံးကျိုးမြို့မှ လူတိုင်း မြင်ရသော ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

“မင်းသမီး”

အခြေအနေကို သွားစုံစမ်းသော ရှန့်ထိုသည် အလျင်အမြန် ပြန်လာပြီး ရှားချင်းယွန်ကို ဂါရဝပြုလိုက်၏… “နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့ တော်ဝင် အမွေအနှစ်တွေကြောင့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြီး တစ်ခု စီးဆင်းနေခြင်း ဖြစ်ပါတယ်။ အဲဒီ အရှိန်အဝါကြီးဟာ လွယ်လွယ်နဲ့လည်း မပျောက်ပျက် သွားပါဘူး။ အဲဒီအထဲကို ရှန့်ထိုတစ်ယောက် ဝင်သွားရင်တောင် အစိတ်စိတ် အမြွှာမြွှာ ပေါက်ကွဲ ပျက်စီး သွားပါလိမ့်မယ်။ ဒါကြောင့် ခဏလောက် စောင့်ကြည့် သင့်တယ် ထင်ပါတယ်…”

ထိုသတင်းပို့ချက်ကို နားထောင် ပြီးသည်နှင့် ရှားချင်းယွန်က တော်ဝင် အမွေအနှစ် နယ်မြေသို့ လျှောက်သွား လိုက်သည်။ သူမနောက်တွင် ကျန်လူများက နီးနီးကပ်ကပ် လိုက်လာကြ၏။ သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် နတ်ဘုရား စွမ်းအင်များ စီးဆင်းနေသော သိဒ္ဓိဝင် လက်နက်တစ်ခု ပေါ်လာပြီး အုတ်ဂူထံသို့ ကြောက်မက်ဖွယ်ရာ အရှိန်နှင့် လေဟုန်ခွင်းလျက် ပြေးဝင် သွားလေသည်။

နတ်ဘုရား လက်နက်သည် အုတ်ဂူနှင့် ထိမိ သွားလေသည်။ သို့သော် အားလုံး အလန့်တကြား ကြည့်နေသည့်အခိုက် ရွှေရောင် သဘာဝ စွမ်းအင်စီးကြောင်း တစ်ခုသည် လက်နက်ကို လွှမ်းခြုံရမည့်အစား လက်နက်ထဲတွင် ဖြတ်သန်း စီးဆင်း သွားလေသည်။ ထို့နောက် သိဒ္ဓိဝင် နတ်ဘုရား လက်နက်မှာ ကွဲကြေ သွားလေတော့၏။

အားလုံး၏ စိတ်နှလုံး တုန်ရီ သွားလေတော့သည်။ ကြောက်စရာ စီးဆင်းနေသော သဘာဝ စွမ်းအင်များကို ကြည့်ရုံဖြင့် ၎င်း အရောင်အဝါသည် အလွန် အန္တရာယ်များ လှကြောင်း သိသာနိုင်ပေသည်။ ထို့ကြောင့် ဤအင်ပါယာ အမွေအနှစ်တွင်း၌ ကြောက်စရာ ကောင်းသော တစ်စုံတစ်ခု ရှိရလိမ့်မည်။ ပြောရလျှင် ရှားချင်းယွန်၏ လုပ်ရဲသော သတ္တိကိုကြည့်ပြီး တချို့လူများ တုန်လှုပ် သွားကြလေသည်။ သူမသည် ဂူကို ဖျက်ဆီးရန် နတ်ဘုရား လက်နက်ကိုပင် လောင်းကြေး ထပ်၍ ပစ်လွှတ်ခဲ့သည်။ သို့တိုင် သူမမှာ မျက်တောင် တစ်ချက်မှ မခတ်။ သူမသည် ရန်ဟောင် မျိုးဆက် ပီသလှပေသည်။ ရှန့်ထို တစ်ယောက်က ရှီအဆင့် သိဒ္ဓိဝင် လက်နက်တစ်ခုကို ဖြုန်းတီးပစ် သကဲ့သို့ပင်။

သို့သော် တော်ဝင် ရတနာကား ပြည်နယ်ကိုးခုတွင် အလွန် တန်ဖိုးရှိသော လက်နက် ဖြစ်သည်။

လူအများစုက ယခုနေရာသည် ရန်ဟောင် မျိုးနွယ်စု၏ အုတ်ဂူဖြစ်မည် ဆိုလျှင် အထဲတွင် အင်ပါယာအဆင့် လက်နက်များ ရှိလိမ့်မလားဟု တွေးနေ ကြလေသည်။

ထိုသို့ စဉ်းစား မိလိုက်သည်နှင့် လူတိုင်း၏ နှလုံးခုန်သံမှာ မြန်ဆန် သွားတော့သည်။ သို့သော် ရှားချင်းယွန်ကို ကြည့်ပြီး သူတို့စိတ်ကူးကို ရပ်တန့် လိုက်ကြ၏။ အထဲ၌ သူတို့ ထင်သလို ဖြစ်နေမည် ဆိုလျှင်ပင် သူတို့ ရနိုင်မည် မဟုတ်ပေ။

ပြည်နယ် ကိုးခုတွင်းမှ စွမ်းအား အကြီးဆုံး လူသာလျှင် စွမ်းအား အကြီးဆုံး တော်ဝင် လက်နက်များကို ပိုင်ဆိုင်ခွင့် ရှိပေမည်။ ယင်းမှာ အင်ပါယာ အဆင့် လက်နက်များ အတွက်လည်း မှန်ကန်ပေသည်။ အကြီးမားဆုံးသော ခွန်အား မရှိလျှင် စွမ်းအား အကြီးဆုံးသော ရတနာကို မည်သို့ ပိုင်ဆိုင်မည်နည်း။ ထိုသို့လုပ်ခြင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်း ဖြစ်သည်။

ဟောင်ကလန်မှ လူများမှာလည်း အတော်ကလေး စိတ် ကသိကအောက် ဖြစ်နေရသည်။ ကလန်ခေါင်းဆောင် ဖြစ်သည့် ဟောင်စီပင် ဝေခွဲမရ ဖြစ်နေသည်။ ဟောင်ကလန်က လူများသည် ၎င်းတို့ကိုယ်၎င်းတို့ ရန်ဟောင် မိသားစုမှ ဆင်းသက်လာသူများ အဖြစ် အခိုင်အမာ ဆိုခဲ့ကြသည်။ သို့သော် အချိန်များ ကုန်ဆုံးပြီး သက္ကရာဇ်များ ကျော်လွန် လာသည်နှင့် သူတို့သည်ပင် ယင်းသို့ ဆင်းသက် လာသည် ဆိုသော စကားကို မယုံကြည် ကြတော့ချေ။ သို့သော် ယခုတော့ ထိုစကား မှန်နေလေပြီ။ သူတို့သည် ရန်ဟောင်မျိုးနွယ်မှ ဆင်းသက် လာသူများ ဖြစ်၏။ ယင်းသည် ဂုဏ်ယူစရာလည်း ဖြစ်သည်။ သူတို့၏ အသွေးအသားထဲ၌ ရန်ဟောင် မျိုးနွယ်သွေးများ စီးဆင်းနေလေ၏။

အုတ်ဂူတွင် စီးဆင်းနေသော သဘာဝ စွမ်းအားများက တော်ဝင် ရတနာများကိုပင် ဖျက်ဆီးနိုင်သည်ထိ စွမ်းအား ပြင်းထန်လှကြောင်း မြင်တွေ့ လိုက်ရသည်နှင့် သူတို့ နှလုံးခုန်နှုန်း မြန်သွား ကြလေသည်။ အလွန် စွမ်းအားကြီးသော ဘိုးဘေးများ ပင်တည်း။ သို့သော် ယခုအချိန်၌ သူတို့သည် အပြင်လူများ ဖြစ်နေသည်။ ဘေးမှသာ ရပ်ကြည့်နေရုံ တတ်နိုင် ကြသည်။ စကားပင် ဝင်မဆိုရဲကြ။ သူတို့ကြောင့် ဘိုးဘေးများ စိတ်ပျက် တော့မည်။ ဤကား သူတို့ ပိုင်ဆိုင်သော အရာများ ဖြစ်၏။ တခြားလူများက သူတို့အား အသေလှအောင် မသေတတ်သည့် ငတုံးငအများ အဖြစ် ကြည့်နေမည်လားဟုပင် စိုးရိမ် သွားကြလေ တော့သည်။

ရီဖူရှင်းက ဘေးမှ ဟောင်စီအား ကြည့်လိုက်သည်။ ယခုအချိန် သူ ဘယ်လို ခံစားနေရမည်ကို သူ နားလည်နိုင်ပေသည်။ ယခုကိစ္စအတွက် သူတို့ အတော်လေး ခံရခက်ပေလိမ့်မည်။

“ဟောင်ကလန် ပေါ်လာတဲ့နေ့မှာ ငါ့သွေးကိုသုံးပြီး အင်ပါယာ အမွေအနှစ် မြေပုံကို ဆေးဆိုးခဲ့တယ်…”

ဟောင်စီက အတိတ်က အဖြစ်အပျက် များကို စဉ်းစား မိလိုက်သည်။ ရုတ်တရက် သူ့စိတ်တွင် လျှပ်စီးလက်သလို အတွေးတစ်ခု ပေါ်လာပြီး စိတ်ကူး မှတ်ဉာဏ်များ တွင်းမှ ရှေးဟောင်း အသံတစ်ခု ပဲ့တင် ထွက်လာ လေသည်။ ထိုအသံမှာ မျိုးဆက်တစ်ခုပြီး တစ်ခု ဖြတ်သန်း လာခဲ့ကြသော ရန်ဟောင် ဘိုးဘေးတို့၏ အသံနှင့် တစ်ထပ်တည်း တူလေသည်။

“ဟောင်ကလန် ပေါ်လာတဲ့နေ့ … ဟောင်ကလန် ပေါ်လာတဲ့နေ့ …”

ရှေ့မှ အင်ပါယာ အမွေအနှစ်ဂူကို စိုက်ကြည့်ရင်း ဟောင်စီ၏ စိတ်တွင် အထက်က စကားလုံးများ ထပ်ကာ ထပ်ကာ ပေါ်လာ လေသည်။ သူ၏ နှလုံးမှာ ဆတ်ခနဲ တုန်ခါ သွားလေသည်။ ယခင်က ထိုစကားလုံးများမှာ ဘာကို ဆိုလိုသည်ကို သူမသိခဲ့ချေ။ ယခုတော့ ထိုအဓိပ္ပာယ်ကို သူ ကောင်းကောင်း နားလည်ခဲ့ချေပြီ။

သူက ဟောင်ကလန်၏ တပည့်များကို ကြည့်လိုက်၏။ ပြီးလျှင် ဟောင်ကျူဂီ၊ ရီဖူရှင်းတို့ကို ဆက်ကာ ကြည့်လိုက်သည်။ သူ့ဘဝကို ရီဖူရှင်းလက်သို့ ဝကွက်အပ်ပြီး နန်းတော်အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့၏။ သို့သော် ဘိုးဘေး အမွေဆက်ခံမှုများနှင့် ပတ်သက်လာသည့် အခါတွင်တော့ သူဘာလုပ်ရမှန်း မသိနိုင်အောင် ဖြစ်နေရလေသည်။

“နန်းတော်သခင်” သူက ရုတ်တရက် ပြောလိုက်၏။ ရီဖူရှင်းက သူ့ကို မေးခွန်းထုတ်သလို ကြည့်လိုက် လေသည်။

“ကျုပ်အထင် ဟောင်ကလန်ရဲ့ ဘိုးဘေးတွေက ကျုပ်တို့ မိသားစုအတွက် တစ်ခုခု ချန်ထားခဲ့တယ်နဲ့ တူတယ်။ ဒါကို နန်းတော်သို့ ပေးအပ်ချင်တယ်။ ကျုပ်တို့ အတူတူ စစ်ဆေးချင်တယ်”

ရီဖူရှင်းက အင်ပါယာ အမွေအနှစ်ဂူကို ကြည့်လိုက်သည်။ အုတ်ဂူကို ကြည့်လိုက်သည့် သူ့စိတ်တွင် အတွေးတစ်ခုခု ပေါ်လာ၍လော။

“ကောင်းပြီလေ…”

သူက ပြောလိုက်၏… “နန်းတော်ကို ပြန်ကြတာပေါ့…”

ထိုသို့ ပြောပြီးသည်နှင့် သူက တစ်ဖက်သို့ လှည့်လိုက်၏။ အားလုံးက စိတ်ပျက်သလို သူ့အား ကြည့်လိုက် လေသည်။ သို့သော် တောင်ဝင်ကျဲ နန်းတော်သို့ သူ့နောက်မှ လိုက်သွား ကြလေ၏။

သူတို့ ပြန်ရောက်သည်နှင့် ရီဖူရှင်းက တောင်ဝင် ရှီနန်းဆောင်သို့ ရောက်လာပြီး တခြားလူများ အားလုံးကို ထွက်သွားခိုင်းသည်။ နန်းဆောင်တွင်းတွင် သူ၊ ဟောင်စီနှင့် ဟောင်ကျူဂီတို့ သုံးဦးသာ ကျန်ရစ်ခဲ့တော့၏။ ဟောင်စီတွင် ပြောစရာ လျှို့ဝှက်ချက်တစ်ခု ရှိလေသည်။ ထို့ကြောင့် သူက ကျန်လူအားလုံးကို ထွက်သွားခိုင်း လိုက်ခြင်း ဖြစ်၏။

“ဦးလေး … အခုကိစ္စက အင်ပါယာ အမွေအနှစ်တွေနဲ့ ဆိုင်နေလို့လား”… ရီဖူရှင်းက မေးလိုက်လေ၏။

“အင်း…”

ဟောင်စီက ခေါင်းညိတ် ပြလိုက်သည်… “ကျုပ်မိသားစုမှာ မျိုးဆက်တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်း လာတဲ့ ပုစ္ဆာတစ်ပုဒ် ရှိတယ်။ ဒါပေမဲ့ ကျုပ်မိသားစုက ဒီကိစ္စကို မေ့ထားကြတော့ အချိန်တွေ ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ မေ့လာကြတာပေါ့။ ကျုပ်တို့ကလည်း ဒါတွေ တကယ် မဟုတ်တော့ဘူးလို့ သတ်မှတ်ခဲ့ကြတယ်။ ဟောင်ကျူဂီကို နောက်ပိုင်း မျိုးဆက်တွေမှာ ငါတို့ဟာ ရန်ဟောင် မျိုးနွယ်က ဆင်းသက်လာတဲ့ လူတွေဆိုတာ မျိုးဆက်တွေကို နောက်ထပ် မပြောမိဖို့တောင် တိုက်တွန်း ထားတယ်။ ကျုပ်စိတ်ထင် ဒါက အကောင်းဆုံး ဖြစ်မယ်ပေါ့…”

“ဒါဖြင့် ဦးလေးက တစ်ခုခုကို စဉ်းစား မိလိုက်တာပေါ့…” ရီဖူရှင်းက မေးလိုက်၏။

ဟောင်စီက ခေါင်းညိတ် ပြလိုက်၏။ လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲ၌ မြေပုံလိပ်တစ်ချပ် ပေါ်လာလေ၏။

“ဒါ အင်ပါယာမြေပုံလို့ ခေါ်တဲ့ တောင်နှင့်မြစ် မြေပုံပဲ။ စွမ်းအားကြီးတဲ့ သိဒ္ဓိဝင် လက်နက်တစ်ခုပဲ။ တိုက်ခိုက်ဖို့လည်း သုံးနိုင်တယ်။ ဒါပေမဲ့ ဒါက ဒီထက် ပိုအသုံးချလို့ရတယ်”

ဟောင်စီက သဘာဝ စွမ်းအင်ကို ဓားတစင်းအဖြစ် ထုတ်သုံးပြီး လက်ချောင်းကို လှီးလိုက်ကာ သွေးထွက် စေလိုက်၏။ မြေပုံပေါ်တွင် လက်ကိုတင်ပြီး သွေးစက် ချလိုက်၏။ သို့သော် မည်သည့် ပြောင်းလဲမှုမျှ မဖြစ်ပေါ်လာချေ။

ဟောင်စီက မျက်မှောင်ကြုတ် လိုက်သည်။ လက်ချောင်းထိပ်မှ သွေးစက်များသည် မြေပုံပေါ်သို့ စီးကျသွားပြီး တစ်ကွက်လုံး စွန်းထင်း သွားတော့၏။ မြေပုံနှင့် သူ၏ သဘာဝ စွမ်းအင်များ စိမ့်ဝင်သွားသည်နှင့် မြေပုံမှာ ဖြည်းဖြည်းချင်း ပြောင်းလဲ လာလေ၏။

မြေပုံမှ သွေးနီရောင် အလင်းတန်း တစ်ခု တောက်ပလာ၏။ သွေးနီရောင် အလင်းတန်းမှာ တဖြည်းဖြည်း တောက်ပလာပြီး ရွှေရောင်အဖြစ် ပြောင်းလဲသွားကာ ခန်းမ တစ်ခုလုံးအား ဖုံးလွှမ်းသွား၏။ ထို့နောက် သူတို့ရှေ့တွင် ကြီးမားသော သုံးဖက်မြင် မြေပုံတစ်ခု ပေါ်လာလေတော့၏။

မြေပုံကြီးကို ကြည့်ရင်း သူတို့၏နှလုံးခုန်သံ မြန်လာကြ၏။

“အင်ပါရီယာ အမွေအနှစ် မြေပုံ…” ရီဖူရှင်း၏ နှလုံးသားမှာ တုန်ခါသွား၏။ ကြည့်ရသည်မှာ “ရန်ဟောင် မျိုးနွယ်စုဝင်များ” ဟူသော ဂုဏ်ပုဒ်သည် အဓိပ္ပာယ်မဲ့ ချန်ထားခဲ့ခြင်း ဖြစ်ဟန် မတူချေ။

အင်ပါရီယာ အမွေအနှစ် မြေပုံသည် ထူးကဲစွာ တောက်ပ နေလေ၏။ ကြည့်ရင်းနှင့် မြေပုံအား တဖြည်းဖြည်း နားလည် လာကြသည်။ ထို့နောက် အလင်းတန်း တစ်ခုသည် နဖူးရှေ့မှ စီးဝင်ပြီး သူတို့၏ စိတ်ထဲ၌ မြေပုံကို ထင်းခနဲ မြင်လိုက် ကြလေတော့၏။ သူတို့စိတ်ထဲမှ မြေပုံသည် သက်ရှိ တစ်ယောက်အလား အရေးကြီးသော သတင်း အချက်အလက်များ ပါဝင်လေ၏။

ကြည့်ရသည်မှာ ဟောင်ကလန် ဘိုးဘေးများသည် သူတို့၏ သားမြေးမြစ်များ ကိုယ်တိုင် အမွေဆက်ခံ နိုင်မည့်နေ့ကို စောင့်မျှော်နေဟန် တူလေသည်။ လွန်ခဲ့သော နှစ်များစွာက မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့၍ မည်သည့် အကြောင်းကြောင့် သားမြေးမြစ်များကို ဘိုးဘေးများ ကိုယ်တိုင် လက်ဆင့်မကမ်း နိုင်ခဲ့သည်ကိုတော့ မသိသေးပေ။

များမကြာခင် တောက်ပသော မြေပုံမှာ အမှောင်ကျသွားပြီး ဟောင်စီ၏ လက်ထဲသို့ ပြန်ဝင်သွား လေတော့၏။

ရီဖူရှင်းက သူ့အား ကြည့်လိုက်၏။ သူလည်း စိတ်လှုပ်ရှား နေလေ၏။

“ဦးလေး၊ ဒါကို ရှားချင်းယွန်ကို ပေးလိုက်ရင် ကျူဂီကို အထက်ဘုံ ခေါ်သွားပြီး သူမနဲ့အတူ လေ့ကျင့်ခိုင်း နိုင်လောက်တယ်။ အနိမ့်ဆုံးတော့ ဒီပြဿနာထဲ ဦးလေး ကျုပ်ကို ဝင်ပါခိုင်းစရာ မလိုတော့ဘူး”… သူက သက်ပြင်းချရင်း ပြောလိုက်၏။

“ငါ ရှားချင်းယွန် အကြောင်းတော့ မသိဘူး…။ ဒါပေမဲ့ မင်း အကြောင်းတော့ သိတယ်။ အဲဒီမှာ ရှားချင်းယွန်နဲ့ ပြင်ပနယ်မြေက လာတဲ့သူတွေ ရှိနေကြတော့ ကျားပါးစပ်ထဲက အစာနှိုက်သလို ခက်ခဲမှာပဲ”… ဟောင်စီက ပြောလိုက်၏။

“တော်ဝင်ကျဲ နန်းတော် ဆိုတာ မြေရိုင်း ပြည်နယ်မှာ နံပါတ်တစ် တော်ဝင်ပြည်နယ်တစ်ခု ဖြစ်တယ်။ ဒါပေမဲ့ ကျုပ်တို့မှာ ရှားရှင်းယွန်ကို စိန်ခေါ်နိုင်စွမ်း မရှိဘူး။ အထက်ဘုံနဲ့ အောက်ဘုံက မငြိမ်သက်မှုတွေက တန်ခိုးရှင် အမြောက်အမြားကို ဆွဲဆောင် နေတယ်။ ဒါကိစ္စကိုတော့ တတ်နိုင်သမျှ ဖုံးထားမှ ဖြစ်မယ်”… ရီဖူရှင်းက ပြောလိုက်၏။ ဟောင်စီက သူ့စကားကို နားလည် လိုက်၏။

ရီဖူရှင်း ခန့်မှန်းထားသည့် အတိုင်းပင် နောက်ရက် အနည်းငယ် အကြာ၌ အန္တရာယ်ကြီးသော အရှိန်အဝါ ပြယ်ပျောက်ရန် စောင့်ဆိုင်း နေကြသော တန်ခိုးရှင်များနှင့် တော်ဝင်မြေမှ လူများ အားလုံးတို့သည် ထိုသတင်းကို ကြားသည်နှင့် ရှေးနန်းတော်ရာသို့ ရောက်ချ လာသည်။ ယခုအချိန်၌ ရှန့်ထိုအဆင့်များ အပါအဝင် တော်ဝင်မြေမှ လူအကုန်နီးပါး ရောက်နေကြပြီ ဖြစ်၏။

ပြည်နယ်ကိုးခုမှ စွမ်းအားကြီးသော တန်ခိုးရှင်များ အားလုံးသည် ကျုံးကျိုးမြို့၌ ဆုံတွေ့နေကြပြီ ဖြစ်၏။ ထိုမျှ များပြားလှသော တန်ခိုးရှင်များ လာရောက် စုဝေးသည်ကို မြေရိုင်းပြည်နယ်မှ လူများ တစ်ခါမျှ မမြင်ဖူးချေ။ မရေမတွက် နိုင်အောင် များပြားလှသော တန်ခိုးရှင်များသည် အင်ပါယာ အမွေအနှစ် အုတ်ဂူအပြင်၌ စုရုံးနေကြ၏။

ထိုသူတို့သာမက အထက်ဘုံမှ လူများလည်း ရောက်နေကြ၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset