အပိုင်း (၉၅ဝ)

ဘုံနှစ်ခုအား လှုပ်ခတ်စေလျက်

ယနေ့၌ ကျုံးကျိုးမြို့တွင် မြေငလျင်တစ်ခု ရှိခဲ့သည်။

ဟောင်ကလန်၏ နန်းတော်ဟောင်း ဖြစ်သော၊ ကျုံးကျိုးမြို့၏ အင်အား အကြီးဆုံးကလန် ဖြစ်ခဲ့သော နေရာမှ အလင်းတန်း တစ်ခုမှာ ကောင်းကင်ဘုံ ကိုးလွှာသို့အထိ ထိုးတက် သွားခဲ့သည်။ တစ်မြို့လုံးမှာ အလင်းတန်း တစ်ခု ကောင်းကင်သို့ ထိုးတက် သွားသည်အား မြင်ကြသည်။

ကျုံးကျိုးမြို့မှ မရေမတွက်နိုင်သော တန်ခိုးရှင်များ ကောင်းကင်ထက်သို့ ကြည့်ကြသည်။ သူတို့၏ စိတ်နှလုံးများမှာ ပင်လယ်၌ မုန်တိုင်း ထန်သည့်အလား ထင်မှတ်ရ၏။ ထို့နောက် သတင်းများ ရှေးဟောင်းမြို့သို့ ရိုက်ခတ် လာတော့သည်။ ဟောင်ကလန်၏ အောက်ခြေ၌ ကြီးမားသော အစီအရင်များ ရှိနေပြီး ရှေးနန်းတော်ရာ ဂူသင်္ချိုင်းတစ်ခု မြှုပ်နှံထားပေသည်။ ယခု အစီအရင်မှာ အသက်ဝင်လာခဲ့ပြီ ဖြစ်သလို ဂူဟောင်းမှာလည်း ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ သူတို့က အနီးတစ်ဝိုက်မှ အဆောက်အဦများ အားလုံးကို ဖြိုဖျက် တူးဖော်ခဲ့ပြီးဖြစ်ရာ နောက်ဆုံးတွင် သူတို့ရှေ့မှ ရှေးနန်းတော်ရာ ဂူတစ်ခုသာ ကျန်ရစ်ပြီ ဖြစ်သည်။ နန်းတော်ရာဂူမှာ ကြီးမြတ်သော အရောင်အဝါများ ရှိနေပြီး ရန်ဟောင် အပျက်အစီး နယ်မြေဖြစ်သည်ဟု လူအများက ယုံကြည်ကြသည်။

သတင်းသည် မြေရိုင်းပြည်နယ် တစ်ခုလုံးသို့ မြန်ဆန်စွာ ရိုက်ခတ်သွားခဲ့ပြီး ပြည်နယ်ကိုးခုသို့ ဆက်လက် စီးဆင်း သွားခဲ့သည်။

တော်ဝင်ကျဲ နန်းတော်မှာလည်း ကျုံးကျိုးနယ်တွင် တည်ရှိပေသည်။

ထိုအခိုက်တွင် ရီဖူရှင်းကား တော်ဝင်ကျဲ နန်းတော် အပေါ် လေထဲတွင် ရပ်နေသည်။ သူ့ဘေးသို့ လူအများအပြား ရောက်ရှိလာခဲ့ကာ အဝေးဆီမှ ကောင်းကင်ယံသို့ ထိုးတက်နေသော ရောင်စဉ်တန်းကြီးအား မြင်ကြသည်။ ကောင်းကင်တွင် ကြီးမြတ်သော ပုံသဏ္ဌာန်များက နဂါးများအား စီးနှင်ထားကြပြီး ချပ်ဝတ် စစ်သည်များနှင့် စစ်ရထားများ ဝန်းရံ ခစားကြသည်။ သူတို့ကား တစ်လောလုံးကို အုပ်စိုးသူများ အဖြစ် ထင်မှတ် ရပေသည်။

ထိုမြင်ကွင်းကား စိတ်အသိမှသည် ကောင်းကင်သို့ ဖန်ဆင်းခြင်းကြောင့် မြင်လာရခြင်း ဖြစ်သည်။ ကြည့်သ ူမြင်သူတိုင်းမှာ အံ့သြဘနန်း ဖြစ်ရသည်။ ဤသို့သော လုပ်ဆောင်ရန် တစ်စုံ တစ်ယောက်က မည်သို့သော စွမ်းရည်မျိုးအား ပိုင်ဆိုင် ရမည်နည်း။

ထိုနေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက် နေလေပြီ။

ထိုအခိုက်တွင် ဓားအလင်း တစ်ခုအား မြင်တွေ့ကြရပြီး ကျန်ကျောင်းသည် ဓားတစ်လက်အား စီးနင်း၍ ရီဖူရှင်းနှင့် တခြား လူများရှေ့သို့ ရောက်လာသည်။

“ဟောင်ကလန် နန်းတော်ရာ အောက်မှာ အစီအရင်တစ်ခု ရှိပြီးတော့ တစ်ခုခု ပွင့်ထွက်သွားပုံ ရတယ်။ အဲဒီနေရာကပဲ အခုလို ပုံရိပ်တွေကို ထုတ်ပြန် လင်းလက် စေခဲ့တာပဲ” ကျန်ကျောင်းက ရီဖူရှင်းအား ပြောသည်။ ကျန်ကျောင်းကား မြန်ဆန်စွာ သွားလာနိုင်ရာ ထိုနေရာသို့ သွားရောက် ကြည့်ရှုပြီးမှ ရီဖူရှင်းထံသို့ ပြန်လာပြောခြင်း ဖြစ်သည်။

ရီဖူရှင်း ဘေးတွင် ဟောင်စီမှာ အနည်းငယ် တုန်ယင် သွားဟန်ရ၏။ သူ၏အကြည့်က ကောင်းကင်မှ ပုံရိပ်များထံသို့ စူးနစ်စွာ ရောက်နေခဲ့ပြီး ရင်းနှီးသော ခံစားချက်များအား ရနေသည်။ သည်ပုံရိပ်ယောင်များမှာ ဟောင်ကလန်၏ ကျင့်ကြံခြင်း ပညာရပ်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

“အဖေ…” ဟောင်ကျူဂီက ဟောင်စီအား ခေါ်သည်။ သူသည် ဟောင်စီ၏ဘေးသို့ လျှောက်လှမ်း သွားရင်း သူ၏ စိတ်နှလုံးမှာလည်း တုန်ယင် နေသည်။ ဟောင်ကလန်၏ အိမ်တော်အောက်၌ အစီအရင် တစ်ခုရှိပြီး ရှေးအုတ်ဂူမှာ တူးဖော်ခံရသည်။ ဟောင်ကလန်မှာ ရန်ဟောင် တန်ခိုးရှင်၏ မျိုးဆက်များ ဖြစ်သည်ဟု ပြောကြကာ ထိုအချက်ကိုပင် သူတို့မှာ ကြီးစွာ ဂုဏ်ယူခဲ့ကြ၏။ အမှန်တကယ် အားဖြင့် နှစ်ပေါင်းများစွာ နိမ့်ပါးသော အခြေအနေသို့ ရောက်ခဲ့ပြီးသော ဟောင်ကလန်မှာ ရန်ဟောင်များ၏ မျိုးဆက် ဖြစ်သည်ဟု ယုံကြည်ခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် … ယခုကား …

ဘုရားသည် သူ့အား လှည့်စား နေခဲ့သည် များလား။

ရီဖူရှင်းလည်း ဟောင်စီကို ကြည့်သည်။ ဟောင်ကျူဂီ၏ သက်စောင့်ဝိညာဉ်များမှာ ထူးခြား ဆန်းကြယ်လွန်း ပေသည်။ သူ့တွင် သက်စောင့်ဝိညာဉ် သုံးခုရှိပြီး ထိုအရာများမှာ ရန်ဟောင်ခန္ဓာ၊ ရန်ဟောင်လေးနှင့် ရန်ဟောင်ဓားတို့ ဖြစ်ကြပြီး ပေးထားသော နာမည်များ မှာလည်း ရန်ဟောင် ဟူသော စကားလုံး ပါဝင်သည်။

ဟောင်ကလန်မှာ မိမိတို့ကိုယ်ကိုယ် အလွန် အထင်ကြီးလွန်း သည်ဟု အတိတ်တွင် လူအများက တွေးထင်ခဲ့ကြသည်။ သူတို့က မည်သို့ ရန်ဟောင် မျိုးဆက်များ ဖြစ်မည်နည်း။ ရန်ဟောင် ဆိုသည်မှာကား ထိတွေ့မြင်တွေ့ခွင့် မရသော ဒဏ္ဍာရီဖြစ်သည်။ သို့သော်… ယခု ထိုသက်စောင့် ဝိညာဉ်များ၏ နာမည်များမှာ တိုက်ဆိုင်မှု တစ်ခု မဟုတ်တော့ပေ။

သာမန် လူအများစုမှာ သက်စောင့်ဝိညာဉ် မပိုင်ဆိုင်ခြင်းကား သူတို့ ဘိုးဘေးများတွင် သက်စောင့်ဝိညာဉ် မရှိသောကြောင့် ဖြစ်ပေသည်။ သက်စောင့်ဝိညာဉ် အများစုမှာ မျိုးရိုးအရ ဆက်ခံခြင်း ဖြစ်၏။ ယခု ဟောင်ကလန်၏ သက်စောင့်ဝိညာဉ် သုံးခုမှာ ဟောင်ကလန်၏ နက်နဲသော နောက်ခံ သမိုင်းကြောင်းအား ထင်ဟပ် စေပေသည်။

“အစီအရင်ကို ဘယ်သူတွေ ချိုးဖျက်ခဲ့တာလဲ” ရီဖူရှင်းက ကျန်ကျောင်းအား မေးသည်။

နှစ်ပေါင်းများစွာ ကြာသည့်အထိ ဟောင်ကလန်ကား သူတို့အိမ်အောက်၌ အစီအရင်များ ရှိသည်ကို မသိခဲ့ကြပေ။ ယခု ထိုအစီအရင်များမှာ အသက်ဝင် လာခဲ့သည်။ ထိုသို့ဖြစ်အောင် လုပ်ခဲ့သူများမှာ မိမိတို့ထက် ထိုနေရာကို သိနေသည်ဟု ထင်ရ၏။ ထိုလူများမှာ သာမန်များ မဟုတ်နိုင်ပေ။

“သူတို့က သူစိမ်းတွေပဲ။ သူတို့ နောက်ခံသမိုင်းနဲ့ ပတ်သက်ပြီး မသိရဘူး။ ပြီးတော့ သူတို့နဲ့အတူ ရှန့်ထိုတွေ အတော်များများ ပါလာတယ်” ကျန်ကျောင်းက ပြောသည်။ ရီဖူရှင်း၏မျက်နှာမှာ လေးနက် လာခဲ့သည်။

“ဒါက တကယ်ပဲ ရန်ဟောင် အပျက်အစီး နယ်မြေဆိုရင် အထက်ဘုံနဲ့ အောက်ဘုံတွေကို လှုပ်ရှား စေလိမ့်မယ်။ အင်ပါယာရှားက ဒီကို တစ်စုံတစ်ယောက် စေလွှတ် လိုက်လိမ့်မယ်” ရီဖူရှင်းက ပြောသည်။ သူ့တွင် ထိုအတွက် ရည်မှန်းချက် တစ်စုံတစ်ရာ မရှိပေ။ တော်ဝင်ကျဲ နန်းတော်ကား တော်ဝင်စစ်ပွဲကို ဆင်နွှဲနေရကာ နောက်ထပ် ပြဿနာများ အတက်မခံနိုင်ပေ။

သည်နေရာတွင် ရန်ဟောင် အပျက်အစီးနယ်မြေ ရှိသည် ဆိုသည့်တိုင် သူ၏လက်တွင်းသို့ ကျဆင်းစေမည် မဟုတ်ပေ။ ဟောင်းကလန်က ထိုအမွေအနှစ်များကို တွေ့လျှင်ပင် သူတို့အတွက် ကောင်းသော လက္ခဏာ မဟုတ်ပေ။ ဟောင်မိသားစုကား ကျုံးကျိုးမြို့တွင် ထိပ်သီးအင်အားစု ဖြစ်သော်လည်း မည်သည့် တော်ဝင်မြေကမဆို သူတို့အား အလွယ်တကူ ပျောက်ကွယ် သွားအောင် လုပ်နိုင်ပေသည်။ ထို့အပြင် ပြည်နယ်ကိုးခုမှာ အင်ပါယာရှား လက်အောက်ခံနေ မြေများဖြစ်ရာ သူ့သဘောတူညီချက် မပါဘဲ မည်သူမှ ရမည် မဟုတ်ပေ။

ဟောင်စီလည်း ရီဖူရှင်းကဲ့သို့ တွေးသည်။ သူက ကောင်းကင်ထက်ကို ကြည့်ကာ မျက်လုံးများထဲမှ အေးစက်သော အငွေ့အသက် တစ်ခုနှင့် မလိုလားသော စိတ်များ ဖြစ်လာနေသည်။ ဟောင်ကလန်အတွက် နောက်ထပ် မျှော်လင့်ချက် မရှိတော့ပေ။ သူတို့က ရန်ဟောင်၏ မျိုးဆက်များဟု မိမိကိုယ်ကို မထင်ကြတော့သည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း အပျက်အစီးနယ်မြေ ဆိုသောအရာက ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ သူတို့ မယုံကြည်တော့သော ဒဏ္ဍာရီမှာလည်း အမှန်တကယ် ဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုအမွေအနှစ်များအား သူတို့ရပိုင်ခွင့် မရှိတော့။

မလိုလားသော်လည်း သူတို့ ဘာမှ မတတ်နိုင်။

“ကျုပ် သွားကြည့်ချင်တယ်” ဟောင်စီက ပြောသည်။ ဟောင်ကလန်မှ မဟုတ်သော သူများမှာ သူ၏စိတ်ကို နားလည်ကြမည် မဟုတ်ပေ။

“ကောင်းပြီ” ရီဖူရှင်း ခေါင်းညိတ်ကာ အားလုံးကို စုရုံးစေသည်။

သိပ်မကြာခင် တော်ဝင်ကျဲ နန်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်တစ်စု အတူတူစုဝေးကာ ဟောင်ကလန်ထံသို့ သွားကြသည်။ ထိပ်သီး တန်ခိုးရှင်များ အတူ စုဝေးသွားလျှင် ရန်သူများ အလွယ် လာရောက် တိုက်ခိုက်၍ မရပေ။ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ လာရောက် တိုက်ခိုက်မည် ဆိုပါကလည်း သူတို့၏ စစ်တပ်များအား ခေါ်ဆောင်လာရန် လိုပေလိမ့်မည်။ ထို့အပြင် ရီဖူရှင်းကား ယခု မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်ရာ သိပ်စိုးရိမ်စရာ မရှိတော့ပေ။

ဟောင်ကလန် နန်းတော်မှာ တော်ဝင်ကျဲ နန်းတော်နှင့် သိပ်ဝေးကွာခြင်း မရှိပေ။ မည်သို့ဆိုစေ သူတို့အားလုံးမှာ ကျုံးကျိုးမြို့၌ တည်ရှိခြင်း ဖြစ်ပေသည်။ ယခု ယခင် ဟောင်ကလန်ဟောင်းကား လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ကာ အပျက်အစီး နေရာကြီး ဖြစ်နေလေပြီ။

ကျုံးကျိုးမြို့မှ တန်ခိုးရှင်များ အားလုံး သည်နေရာတွင် လာရောက် စုစည်းကြပြီး ထိုအထဲတွင် ထိပ်သီး အင်အားစုများ ပါဝင်ပေသည်။ မြို့၏ ထိပ်သီး အင်အားစုများ ဖြစ်ကြသော ဟောင်ကလန်နှင့် ထင်းဆွေကလန်တို့မှာ တော်ဝင်ကျဲ နန်းတော်သို့ ဝင်ခဲ့ကြသော်လည်း စီမင်ကလန်နှင့် မိုးကြိုးကလန်တို့ မူကား သီးခြား ရပ်တည်နေကြဆဲ ဖြစ်သည်။

ကလန်နှစ်ခုမှ လူများမှာလည်း ယနေ့ ရောက်လာကြ၏။ သို့သော်လည်း သူတို့မှာ နန်းတော်ရာကြီးအား ကြည့်ကာ တုန်လှုပ် မိကြရသည်။

စီမင်ကလန် ခေါင်းဆောင်ကား အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ထားပြီး နောက်ကျောတွင် ဓားတစ်လက်ကို လွယ်ပိုးထားသည်။ နန်းတော်ရာဟောင်းအား ကြည့်ကာ သူ၏အတွေးများ ပြေးလွှားနေသည်။ ယနေ့တွင် တော်ဝင်ကျဲ နန်းတော်ကား မြေရိုင်းပြည်နယ်ကို အုပ်ချုပ်ကာ သူတို့၏အင်အားမှာ ပြည်နယ်အတွင်း၌ ပြိုင်ဘက်ကင်းသည်။ အင်အားကြီး ကလန်များစွာ နန်းတော် လက်အောက်သို့ ဝင်ရောက်သွားကြပြီး ဖြစ်သည်။ ယခု သူတို့တွင် ပြောဆိုခွင့် မရှိပေ။ သူတို့မှာ တည်ရှိသည်ဟုပင် မပြောနိုင်တော့ပေ။

ယနေ့ခေတ်တွင် တခြားပြည်နယ်မှ လူများ ဂရုစိုက်သည်မှာ တော်ဝင်ကျဲ နန်းတော် တစ်ခုတည်း ဖြစ်သည်။ သို့သော် သူတို့မိသားစု၌ ရှန့်ထိုတစ်ပါး ထွက်ပေါ်လာပါက အရာအားလုံး ကွဲပြား ခြားနား သွားပေမည်။

စီမင်ဟန်ကျင့်သည် ဘေးနားတွင် ရပ်နေပြီး သူ၏မျက်လုံးများမှာ လင်းလက်နေ၏။ သူကား တစ်ချိန်တစ်ခါက တော်ဝင်ကျဲနန်းတော်၌ နာမည် ကျော်ကြားခဲ့ဖူးကာ ပါရမီရှင် အဆင့်(၁) ရခဲ့ဖူးသည်။ သို့သော်လည်း နန်းတော်ကား သူ၏တည်ရှိမှုကို မေ့လျော့ သွားခဲ့သည်မှာ ကြာခဲ့လေပြီ။ သူကား အမြဲတမ်းအားဖြင့် ဇွဲကောင်းသူ ဖြစ်သော်လည်း ရီဖူရှင်း၏ အောင်မြင် ကျော်ကြားမှုကား သူကျော်လွှား မရနိုင်သော တောင်ကြီးတစ်လုံး ဖြစ်နေခဲ့၏။

ထိုအခိုက်တွင် လူအများအပြား၏ တီးတိုး ပြောဆိုသံများနှင့်အတူ အဝေးမှ လေတိုးသံများအား ကြားကြရသည်။

“တော်ဝင်ကျဲ နန်းတော်ကလူတွေ ရောက်လာကြပြီ”

“အဲဒါ ရီဖူရှင်းပဲ…။ နန်းတော်ကို ပြန်လည် ထူထောင်ပြီးတော့ တော်ဝင်ကျဲ နန်းတော်စစ်တပ်ကို ဦးဆောင်ပြီး ကျိရှမ်းကမ်းပါးကို ဖျက်ဆီးခဲ့တဲ့သူပေါ့”

တီးတိုး ပြောဆိုသံများ ထွက်လာလျှင် စီမင်အိမ်တော်မှလူများ အဝေးမှ ပျံသန်းလာသော လူများကို ကြည့်သည်။ ဦးဆောင်လာသူကား အလွန်ချောမောသော လူငယ်တစ်ယောက် ဖြစ်ကာ သူ့ဘေး၌ လိုက်ဖက်ညီစွာ လှသော မိန်းမပျို တစ်ယောက် ပါလာသည်။ သူတို့ကား နတ်ဖက်သည့် စုံတွဲဟု ပြောနိုင်ပေသည်။

သူတို့အနီးတွင် တန်ခိုးရှင်များမှာ တိမ်များအလား စုဝေးကြ၏။

စီမင်ဟန်ကျင့်၏ မျက်လုံးများမှာ အလွန်စူးရှသွားပြီး လက်ကို တင်းကျပ်စွာ ဆုပ်၏။ သို့သော်လည်း သူကား ရီဖူရှင်းကိုထား၊ သူ့ဘေးမှ လက်တစ်ဖက်ပြတ် ဓားသမားကိုပင် အနိုင်မယူနိုင်ပေ။

“သွားရအောင်…” စီမင်ကလန် ခေါင်းဆောင် ရှေ့သို့တက်သွားကာ ရီဖူရှင်းအား ဦးညွှတ်သည်… “စီမင်အိမ်တော်က ရီဖူရှင်းနဲ့ဇနီးကို နှုတ်ဆက်ပါတယ်”

ရီဖူရှင်း သူ့အား မကြည့်ပါ။ သူက လေထဲတွင် ပေါ်နေသော နန်းတော်ရာအား ကြည့်နေဆဲ ဖြစ်သည်။ မြင်ကွင်းကား ကြီးကျယ် ခမ်းနားသည်။ ကောင်းကင်တစ်ခွင် ရွှေရောင်များ လွမ်းခြုံထား၏။ အစီအရင်များဖြင့် ဖုံးအုပ်ထားသော အုတ်ဂူအတွင်း၌ကား မရေမတွက်နိုင်သော စစ်သည်များ လှံရှည်ကို ကိုင်ဆောင် ထားသည် အားလည်း မြင်ကြရ၏။ သူတို့မှာ ဖုန်မှုန့်များဖြင့် ဖုံးအုပ်ထား သော်လည်း သူတို့မှာ လူတို့အား အရှိန်အဝါ ကြီးမားသော အငွေ့အသက်များအား ပေးနိုင်ဆဲ ဖြစ်သည်။

ဟောင်စီနှင့် တခြား ဟောင်ကလန်မှ လူများအားလုံး ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ် မိကြသည်။ ဤကား သူတို့ ဘိုးဘေးများ၏ ထည်ဝါခမ်းနားမှု ဖြစ်သည်။ သူတို့၏ဘိုးဘေးများ မည်မျှပင် အားကောင်းခဲ့ သနည်း။

ရီဖူရှင်းက သူတို့အား အရေးမလုပ်သည်ကို စီမင်ကလန်မှ လူများ မြင်တွေ့ရသောအခါ သူတို့မှာ ကြီးစွာ အရှက်ရကြသည်။ သူတို့၏မျက်နှာများ ရုပ်ဆိုး အကျည်းတန် သွားကြသော်လည်း ဘာမှ ပြန်မပြောရဲကြပေ။ သူတို့၏ မိသားစု ခေါင်းဆောင်က ရီဖူရှင်းအား ကိုယ်တိုင် နှုတ်ဆက်သော်လည်း ရီဖူရှင်းကား သူ့ကို တစ်ချက်မှ ပြန်မကြည့်ပေ။

စီမင်ဟန်ကျင့်က လက်သီး တင်းတင်းဆုပ်ကာ ရီဖူရှင်းအား ကြည့်သည်။ ရီဖူရှင်းကား သူ့ကို အလေးအနက်ပင် မထားတော့ပေ။

ထိုအခိုက်တွင် အလွန် အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ အရာအားလုံးသို့ လွှမ်းခြုံလာသည်။ ရီဖူရှင်းက နောက်လှည့်ကာ ပြန်ကြည့်၏။ လေထဲတွင် အနက်ရောင် ဝတ်စုံဝတ် အဘိုးအို တစ်ယောက် ရပ်နေသည်။ သူ့ထံမှ အလွန် အေးစက်သော အငွေ့အသက်များ ပျံ့လွင့်နေသည်။

“ရှန့်ထိုကျဲ…” ကြည့်ရသည်မှာ ရှန့်ထိုကျဲကား မြေရိုင်းပြည်နယ်၌ တစ်ချိန်လုံး ရှိနေခဲ့ဟန် ရသည်။ သို့သော်လည်း သူကား အင်ပါယာရှား၏ စည်းမျဉ်းများ အောက်၌ တော်ဝင်ကျဲ နန်းတော်ကို တိုက်ခိုက်၍ မရပေ။

ထိုအခိုက်တွင် ကောင်းကင်ထက်၌ အလွန်လှပသော အရောင်အဝါများနှင့်အတူ လူတစ်စု ဆင်းသက် လာသည်။

ဦးဆောင်လာသူကား ယောက်ျား အဝတ်အစားများအား ဝတ်ဆင်ထားကာ အလှဆုံးသော မိန်းမများထက် ချောမောလှပသူ ဖြစ်သည်။ သူတို့ကား မြန်ဆန်စွာပင် ရောက်လာခဲ့၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset