အပိုင်း(၉၄၆)

အခြေအနေ

ကျိရှမ်းကမ်းပါး။ ယခု တိုက်ပွဲရလဒ်ကား ရှင်းလင်းနေပြီ ဖြစ်သည်။

ဓားသခင်၏ မိစ္ဆာဓားကို မည်သူမှ မတားဆီးနိုင်သလို ကျန်ကျောင်းနှင့် သူ့အဖွဲ့ကလည်း ကီဖုန်းကို သတ်ဖြတ်ကာ နေ့ရန်အား သွားရောက် သတ်ဖြတ်ရန် ကြိုးစားနေကြသည်။

စစ်ပွဲတွင် တရားမျှတမှု ဟူသည်မရှိပေ။

ကျန်ကျောင်းနှင့် သူ့လူကိုးယောက်က ကီဖုန်းအား သတ်ဖြတ်နိုင်ခဲ့ကြသလို တော်ဝင် ရတနာများ ပိုင်ဆိုင်သော ယွန်ရှင်းနှင့် ဟောင်စီတို့ဖြင့် ပူးပေါင်း တိုက်ခိုက်လျှင် နေ့ရန်မှာ မည်သို့မှ ခုခံနိုင်စွမ်း မရှိပေ။ သူကား တဖြည်းဖြည်း အားပြတ်လာခဲ့ပြီး နောက်ပိုင်းတွင် ယွန်ရှင်း၏ ရေခဲများထဲ၌ ပိတ်လှောင် ခံရ၏။ ကျန်ကျောင်း၏ ဓားရောက် လာသောအခါ သူကား ဖြတ်တောက်ခြင်း ခံရကာ သူ၏ တော်ဝင် ရတနာမှာလည်း ယူဆောင် သွားခြင်း ခံခဲ့ရသည်။

ကျိရှမ်းကမ်းပါး၏ အတော်ဆုံး ရှီတန်ခိုးရှင် သုံးယောက်ထဲတွင် နှစ်ယောက်မှာ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး လျှို့ဝှက် အကြီးအကဲ ၁၈ယောက်မှာလည်း သေဆုံးသွားခဲ့ပြီး ဖြစ်သည်။ သူတို့၏ လူများမှာ တစ်ယောက်ပြီး တစ်ယောက် ကျသွားခဲ့ပြီး ကျိရှမ်းကမ်းပါးမှာ သွေးချောင်း စီးခဲ့တော့သည်။ တိုက်ပွဲကား သေချာပေါက် တစ်ဖက်သတ် ဖြစ်ပေသည်။

“အားလုံး အဆုံးသတ်ပြီ” ကျိရှမ်းကမ်းပါးမှ လူတိုင်းမှာ မျှော်လင့်ချက်မဲ့မှုအား ခံစားကြရသည်။ ကျိရှမ်းကမ်းပါး တိုက်ပွဲတွင် သူတို့ ရှုံးနိမ့်ခဲ့ပြီကို သူတို့အားလုံး သိနေကြပြီ ဖြစ်သည်။ ယခင် ရှန့်ထိုမရှိခဲ့သော မြေရိုင်းပြည်နယ်က မည်သည့် အချိန်၌ ဤသို့ အားကောင်း လာခဲ့သနည်း။

ကောင်းကင်ထက်၌ ရုန့်ရင်း ကြမ်းတမ်းသော ပေါက်ကွဲသံများ အဆက်မပြတ် ကြားရသည်။ ယန်ဟောင်နှင့် ကောင်းကင် အစောင့်အရှောက်တို့ တစ်ဖန် ထိပ်တိုက် ရင်ဆိုင်မိကာ သည်တစ်ကြိမ်ကား ယန်ဟောင်၏ တိုက်ခိုက်မှုများက အဆုံးမဲ့ဓားဖြင့် ထိတ်လန့်ဖွယ် ကောင်းနေသည်။ သူက အဆုံးမဲ့ဓားကို အသုံးပြုနေသော်လည်း နည်းစနစ်မှာ ကောင်းကင်ဘုံ ကိုးဆင့် ရိုက်ချက် ဖြစ်သည်မှာ ထင်ရှား၏။ ဓား တစ်ချက်စီတိုင်းက ပထမတစ်ချက်ထက် ဆတိုးအားကောင်း လာခဲ့သည်။ ထိုအရာက ကောင်းကင်၏ စွမ်းအားများကို စုဆောင်းပြီး ဝင်္ကပါ၏စွမ်းအားနှင့် ပေါင်းစပ်ကာ တိုက်ခိုက်သည်။

ကြောက်မက်ဖွယ် ပေါက်ကွဲသံများနှင့်အတူ လူအများ၏ နားစည်များမှာ တုန်ခါသည်။ ကောင်းကင် အစောင့်အရှောက်များ၏ နတ်ဘုရားအလား သဏ္ဌာန်များမှာ ယခု လွန်စွာ ကြွပ်ဆတ် ပျော့ညံ့နေ၏။ ထိုအရာများအား ထိန်းချုပ်နေသော အဘိုးအိုမှာလည်း ညည်းသံ တစ်ချက်နှင့်အတူ ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။

“သွားတော့… အခု ကျိရှမ်းကမ်းပါးက သွားကြတော့” ကမ်းပါးတစ်ခု ထက်တွင် ငွေရောင်ဆံရှည် အဘိုးအိုက အော်ဟစ်သည်။ နောက်ထပ် မျှော်လင့်ချက် မရှိတော့သည်ကို သူ သိလိုက်ပြီးဖြစ်ရာ တခြားလူများအား ဆုတ်ခွာရန် သူက အခွင့်အရေးပေး၏။ မဟုတ်လျှင် လူတိုင်း သေရပေတော့မည်။

ဘုန်း…

နောက်ထပ် ထိတ်လန့်ဖွယ် အသံတစ်သံအား ကြားကြရသည်။ ယန်ဟောင်၏ အဆုံးမဲ့ဓားက ကောင်းကင် အစောင့်အရှောက်၏ ခန္ဓာကိုယ်အား နှစ်ပိုင်း ဖြစ်သွားစေသည်။ အကြီးအကဲမှ သွေးများ အဆက်မပြတ် အန်ပြီး သူ့နောက်မှ လူများ၏ အသက်ရှူသံများမှာ တိုက်ရိုက် ကွယ်ပျောက် သွားကြပြီး တော်ဝင်ရတနာမှာ ယန်ဟောင်၏လက်ထဲသို့ တိုက်ရိုက် ကျဆင်းလာခဲ့သည်။

“ဆံဖြူ အဘိုးအိုလည်း ရှုံးသွားပြီ။ သွားကြစို့” ကျိရှမ်းကမ်းပါး တန်ခိုးရှင်များထဲမှ နောက်ထပ် အော်ဟစ်သံတစ်ခု ကြားကြရကာ ရှီတန်ခိုးရှင်များ အားလုံးက စစ်မြေပြင်အား စွန့်ခွာကာ ထွက်ပြေး ကြတော့သည်။

ဘန်း…

ယန်ဟောင်၏ အဆုံးမဲ့ဓား ကျဆင်းလာသည်တွင် များစွာသော တန်ခိုးရှင်များမှာ ချက်ချင်း အစအန ပျောက်သွားကြသည်။

ဓားသခင်၏ ဓားမှာလည်း ရန်သူများအား အဆက်မပြတ် ဖြတ်တောက် နေသည်။ ယနေ့ သည်လူများ ထွက်ပြေး လွတ်မြောက် သွားပါက နောက်တွင် ကျောက်ပြည်ထောင် စစ်တပ်နှင့်အတူ တော်ဝင်ကျဲနန်းတော်သို့ လာရောက် တိုက်ခိုက်မည် ဖြစ်သည်။ သည်လူများအား နောက်တစ်ခါ အခွင့်အရေး ပေး၍ မရပေ။

ကျန်ကျောင်းလည်း လှုပ်ရှားသည်။ သည်တစ်ကြိမ်ကား သူက ဝင်္ကပါ၏ စွမ်းအားကို မစုစည်းတော့ဘဲ လေဟာနယ်ကို တိုက်ရိုက် ဖြတ်သန်းကာ ရန်သူများအား အဆက်မပြတ် သတ်ဖြတ် တော့သည်။

စုရှမ်းလည်း ထိုနည်းတူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကား အရိပ်အလား နေရာစုံသို့ ဖြတ်သန်း သွားပြီး သူရောက်ရှိရာ နေရာတိုင်း၌ ရန်သူများ တဖြုတ်ဖြုတ် ကြွေကျသည်။

သည်တိုက်ပွဲတွင် ကျိရှမ်းကမ်းပါးကား လုံးဝ လက်လျှော့ လိုက်ပြီးဖြစ်ကာ သတ်ဖြတ်ခြင်းကား တစ်ဖက်သတ် ဖြစ်သည်။

ဧရာမ လူဝံကြီးက ကမ်းပါးပေါ်သို့ ဆင်းသက်လာပြီး ကျိရှမ်းကမ်းပါးမှ အကြီးအကဲများအား အေးစက်စွာ ကြည့်သည်။

ဆံဖြူအဘိုးအိုက ယန်ဟောင်အား ကြည့်ကာ အေးစက်စွာ ပြောသည်… “မကောင်းဆိုးဝါးကောင်… ဒီနေ့ မင်း သတ်ဖြတ်ခဲ့တာတွေ အတွက် မင်းရဲ့ကလန်လည်း ပြန်ခံစား ရလိမ့်မယ်”

ယန်ဟောင်က အဆုံးမဲ့ဓားအား သိမ်းဆည်းလိုက်ကာ တစ်ဖက်ရန်သူများ အသုံးပြုခဲ့သော နတ်ဘုရားတူအား ကိုင်စွဲလိုက်၏။ သူ၏လက်ကို မြှောက်လိုက်သည်တွင် ကြီးမားသော ဖိအားတစ်ခု ဆင်းသက်လာသည်။ ဆံဖြူအဘိုးအိုနှင့် တခြားလူများ အားလုံး မျက်နှာများ ဖြူရော် သွားကြသည်။ ကောင်းကင်နှင့် မြေပြင် အစောင့်အရှောက်များ အားလုံးမှာ ပျက်စီးသွားပြီဖြစ်ရာ သူတို့၏ စိတ်နယ်ပယ်များ မှာလည်း ပြင်းထန်စွာ ထိခိုက်ထား၏။ ယခု ယန်ဟောင်၏ တိုက်ခိုက်မှုအား မည်သို့ တားဆီး ရမည်နည်း။ သူတို့အတွက် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

“ကျိရှမ်းကမ်းပါးက လူတွေ ထိုက်ဟန်တောင်ကို လာပြီး သတ်ဖြတ်တုန်းက ခင်ဗျားတို့ မတားခဲ့တဲ့အပြင် စစ်ကူတွေတောင် ပို့လိုက်သေးတယ်။ ဒီလို နေ့ရက် ရောက်လာမယ်လို့ ခင်ဗျား တွေးထင်ဖူးလား” ယန်ဟောင်၏ မျက်လုံးများက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။ တစ်ဖက်လူ ပြန်ပြောသည်ကို စောင့်ဆိုင်းခြင်းပင် မပြုတော့ဘဲ သူ၏ နတ်ဘုရားတူဖြင့် ထုရိုက်ချလိုက်သည်။ ဘုန်းခနဲ မြည်သံနှင့်အတူ တောင်ကုန်းများ ပြိုကွဲ ကြေပျက်သွားပြီး တန်ခိုးရှင်များလည်း ထိုနေရာ၌ပင် ပျောက်ကွယ် သွားတော့၏။

နောက်ထပ် သူတို့လုပ်ရမည်ကား အရှုပ်အထွေးများအား ရှင်းရန်ဖြစ်သည်။

ရီဖူရှင်းကား ကု့ချင်းကို တီးခတ်နေဆဲ ဖြစ်သည်။ နေလုံးကြီးကား ဝင်လုဆဲဖြစ်ကာ ကောင်းကင်အနီးမှာ အတိတ်မှ ထိုက်ဟန်တောင်၏ ဝမ်းနည်း ကြေကွဲဖွယ်ရာ အဖြစ်အပျက်အား ပြန်သတိရ စေသည်။

ကု့ချင်းသံ ရပ်တန့်သွားသည်။ ကျေးရွာ ခေါင်းဆောင်နှင့် ထောင်ကျန်းတို့လည်း ပြန်ရောက် လာခဲ့ကြသည်။ သူတို့က ရီဖူရှင်းဘေး၌ ရပ်ကြသည်။ မြေကမ္ဘာ အစောင့် အရှောက်လည်း ပျောက်ကွယ်သွားပြီး ဖြစ်သည်။ ကျိရှမ်းကမ်းပါး မြေပြင်၌ မရေမတွက်နိုင်သော လူများက ကြောက်ရွံ့ခြင်း ကြီးစွာ ဖြစ်နေကြသည်။

“သွားစို့…” ရီဖူရှင်းက အောက်မှ လူများအား ထူးမခြားနားစွာ တစ်ချက် ကြည့်လျက် နောက်လှည့်ကာ ထွက်ခွာသည်။ စစ်တပ်ကာ ဆုတ်ခွာသလို သားရဲများကလည်း အဝေးသို့ ဖြန့်ကြက်ကာ ပျောက်ကွယ် သွားကြတော့သည်။

“အဘ … ဆရာ … အခု အင်ပါယာရှားက ပြည်နယ်ကိုးခုမှာ စစ်ပွဲတွေကို လွတ်လွတ်လပ်လပ် တိုက်ခိုက်စေတယ်။ ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင်တို့ မဟာမိတ်လည်း ပြုပြီးပြီ။ အခု ဆရာတို့က ဘာလုပ်မှာလဲ” ရီဖူရှင်းက ထောင်ကျန်းနှင့် ကျေးရွာ ခေါင်းဆောင်တို့အား မေးသည်။

“ဖူရှင်း … မင်း ဘယ်လိုတွေးလဲ” ထောင်ကျန်းက မေးသည်။ သို့သော်လည်း လက်ရှိ အခြေအနေကို သူခန့်မှန်းမိပြီး ဖြစ်သည်။ သူက တော်ဝင်ကျဲ နန်းတော်သို့ ပြန်၍ မရပေ။ တစ်ဖက်လူများ တော်ဝင်ကျဲ နန်းတော်သို့ လာကာ သူ့အား လာသတ်မည်အား စောင့်နေ၍ မရပေ။

“အဆုံးမဲ့ပင်လယ်က ကျယ်ပြောတယ်။ မရေမတွက်နိုင်တဲ့ ကျွန်းစုတွေ တည်ရှိပြီးတော့ လေ့ကျင့်ဖို့ အတွက်လည်း သင့်တော်တယ်။ ဆရာက အထက်ဘုံကိုလည်း သွားလေ့ကျင့်လို့ ရတယ်။ သားရဲတစ်ကောင်ကို ဆရာနဲ့ ခေါ်သွားပါ။ ကျွန်တော်က အမြဲဆရာ့ကို အဆက်အသွယ် လုပ်လို့ရမယ်” ရီဖူရှင်းက ပြောသည်။

ယခု အင်ပါယာရှား၏ စည်းမျဉ်းမှာ ပြည်နယ်ကိုးခု တစ်ခုလုံးအား သက်ရောက်စေပြီ ဖြစ်ရာ မည်သည့် အင်အားစု၏ ရှန့်ထိုကမှ တော်ဝင်ကျဲ နန်းတော်မှ ရှီတန်ခိုးရှင်များအား သတ်ဖြတ်၍ မရတော့ပေ။

“ကောင်းပြီ…” ထောင်ကျန်းက ခေါင်းညိတ်သည်… “ကျေးရွာ ခေါင်းဆောင်ကရော…”

“ကျုပ် ဂရုမစိုက်ဘူး။ ရီဖူရှင်းတို့ကို အရင် နန်းတော်သို့ ပြန်ပို့လိုက်မယ်။ ကျုပ်က သူတို့နဲ့ ထိပ်တိုက် ရင်ဆိုင်လို့ပဲ မရတာ။ သူတို့ ကျုပ်ကို မီအောင် မလိုက်နိုင်ဘူး” ကျေးရွာ ခေါင်းဆောင်က ယုံကြည်ချက် မြင့်မားစွာ ပြောသည်။

“အရမ်း ကောင်းတယ်။ ဆရာ သွားလို့ရပြီ။ တခြားလူတွေ အကုန်လုံးက ကျုပ်နဲ့အတူ နန်းတော်ကို ပြန်မယ်” ရီဖူရှင်းက ပြောသည်။

“အရမ်း ကောင်းတယ်” ထောင်ကျန်းက ခေါင်းညိတ်သည်… “သတိထား။ တိုက်ပွဲကို အတတ်နိုင်ဆုံး ရှောင်…”

“ကျွန်တော် နားလည်ပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။

ထောင်ကျန်းက သားရဲပေါ်သို့ တက်ကာ ထွက်သွားသည်။ ရှန့်ထိုတစ်ပါးက တမင် ပုန်းရှောင်နေလျှင် မည်သူမှ အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ကျေးရွာ ခေါင်းဆောင်က နတ်ဘုရားဓားအား ဆင့်ခေါ်ကာ ရီဖူရှင်းတို့အား သယ်ဆောင်၍ မြေရိုင်းပြည်နယ်သို့ ဦးတည် လိုက်တော့သည်။

***

ရှန့်ထိုကျဲ ကျိရှမ်းကမ်းပါးသို့ ရောက်လာသောအခါ တိုက်ပွဲကား ပြီးဆုံးခဲ့ပြီဖြစ်ပြီး ရီဖူရှင်းနှင့် သူ့လူများ ထွက်သွားခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ရှီအဆင့်မှ တန်ခိုးရှင်များမှာ အပျက်အစီးများအား ရှင်းလင်း နေကြသည်။ ကျယ်ပြောကာ အဆုံးမဲ့သော ကမ်းပါးကား ယွီပြည်နယ်၏ တော်ဝင်မြေတစ်ခု ဖြစ်သော်လည်း ယခုကား အပျက်အစီး နယ်မြေတစ်ခု ဖြစ်သွားပြီ ဖြစ်သည်။ တောင်များ ပြိုလဲကာ အဆောက်အဦများမှာ အပိုင်းအစများ ဖြစ်နေလေပြီ။ မြေပြင်၌ သွေးစိမ်းများ လောလောလတ်လတ် ဖျန်းပက်ထားကာ လူသေအလောင်းများ ပြည့်နှက်နေပြီး ဆိုးဝါးသော အန္နိဋ္ဌာရုံများ မမြင်ချင်အဆုံး ဖြစ်သည်။

ရှန့်ထိုကျဲထံမှ အလွန် အားကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ် လာခဲ့သည်။ ဖိအားကား ကြီးမားလွန်းရကား မြေပြင်မှ လူများမှာ အသက်ပင် ကောင်းကောင်း ရှူ၍ မရကြတော့ပေ။ သူတို့က မော့ကြည့်လျှင် ရှန့်ထိုကျဲအား တွေ့မြင် ကြရသည်။ သို့သော်လည်း မည်သူကမှ သူ့အား နှုတ်မဆက်ကြပေ။ သူတို့အားလုံး၏ အသိစိတ်ထဲတွင် ဝမ်းနည်း ကြေကွဲမှုများသာ ရှိနေသည်။

လေဟာနယ် တစ်ခုလုံး တိတ်ဆိတ်ခြင်း များဖြင့်သာ ပြည့်နှက် နေခဲ့သည်။ ယနေ့ ကျိရှမ်းကမ်းပါး၌ ဖြစ်ပျက်ခဲ့သည် များကား သူတို့၏ အကြီးအကဲများ အမှားကြောင့် ဖြစ်သည်။ ကျိရှမ်းကမ်းပါး၏ ရှန့်ထိုခေါင်းဆောင် ဖြစ်သည့်သူကား ထိုအရာများ အားလုံးအတွက် တာဝန်ရှိသူ ဖြစ်သည်။ သူကား ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့ဖြင့် မဟာမိတ်ဖွဲ့ကြောင်း လျူကျောင်း၏ လက်ထပ်ပွဲတွင် ကြေညာခဲ့ပြီး တော်ဝင်စစ်ပွဲတွင် ပါဝင်ရန် ကြံရွယ်ခဲ့၏။ သို့သော် သူကား ကျိရှမ်းကမ်းပါးကို ကောင်းကောင်း မကာကွယ်ခဲ့ရာ ယနေ့ ကျိရှမ်းကမ်းပါး ပျက်စီးခြင်း၏ အကြောင်းအရင်း ဖြစ်လာခဲ့ရသည်။

ရီဖူရှင်းက သူ၏လူများအား ဦးဆောင်ကာ သည်နေရာသို့ ရောက်လာသော အချိန်၌ ရှန့်ထိုကျဲ ဘာလုပ်နေ သနည်း။ သူက အခမ်းအနား၌ ပျော်ရွှင် နေခဲ့ပေမည်။

ကျိရှမ်းကမ်းပါးနှင့် တော်ဝင်ကျဲ နန်းတော်တို့အကြား ရန်ငြိုးရန်စမှာ ရှန့်ထိုကျဲ၏ အမိန့်ကြောင့် ဖြစ်တည် လာခဲ့ရခြင်း ဖြစ်ပေသည်။ သူက သူ၏ စိတ်အသိအား အသက်သွင်းကာ တော်ဝင်ကျဲ နန်းတော်အားပင် ဖိအားပေးခဲ့သေး၏။ ယခု သူက တော်ဝင်စစ်ပွဲ၌ ပါဝင်ရန် ကြေညာခဲ့ရာ ယခင် အမုန်းတရားနှင့် ပေါင်းဆုံစေကာ လက်ရှိ အဖြစ်ဆိုးအား ကြုံစေခဲ့သည်။

ယခု လူအများအပြား၏ စိတ်နှလုံးထဲတွင် ကြီးမားသော မကျေနပ်မှုများ အမုန်းတရားများ ဖြစ်ပေါ်နေကြသည်။ ယခု ယွီပြည်နယ်၏ နံပါတ်၁ တော်ဝင်မြေကား လုံးဝ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

ပုံရိပ်များ တစ်ခုပြီးတစ်ခု ဆင်းသက် လာကြသည်။ သူတို့ကား ရှီဟွာတောင်မှ ခရီးနှင် လာခဲ့ကြသော ရှန့်ထိုများ ဖြစ်ကြသည်။ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ သူတို့အားလုံး တိတ်ဆိတ် နေကြသည်။

ရီဖူရှင်းကား အမှန်တကယ်ပင် ကျိရှမ်းကမ်းပါးအား ဖျက်ဆီးခဲ့သည်။

“ဘာဖြစ်ခဲ့တာလဲ…” ရှန့်ထိုကျဲကား အမုန်းတရားများအား ချုပ်တည်းနေခိုက်တွင် ရှီဟွာတောင် ရှန့်ထိုက အေးစက်စွာ ပြောသည်။

ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများ၌လည်း သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။ အမှန်တကယ်အားဖြင့် ယခု ဖြစ်ပျက်ခဲ့သည်များ အားလုံး သူ့အတွက် အခွင့်အရေးပင်။ ယခု ရှန့်ထိုကျဲကား ရီဖူရှင်းကို ရသည့်နည်းဖြင့် သတ်ဖြတ် ပေတော့မည်။

“ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်က စစ်တပ်ကို ဦးဆောင်ပြီး ဒီကို လာတိုက်ခိုက်တယ်” လူတစ်ယောက်က အပေါ်သို့ မော့ကြည့်ကာ ပြောသည်။

“တော်ဝင်ကျဲ နန်းတော်က စစ်တပ် ရောက်လာတာလား” ရှန့်ထိုများအားလုံး အံ့အားသင့် သွားကြသည်။ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။ ရီဖူရှင်းက လက်ထပ်ပွဲသို့ မတက်ရောက်မီ ကတည်းက အစီအစဉ်ချခဲ့မှသာ ဖြစ်ပေမည်။

“အင်ပါယာရှား ရောက်လာခဲ့တယ်” ရှန့်ထိုကျဲက ကျိရှမ်းကမ်းပါး၏ အမြင့်ဆုံးတွင် ရှိနေသော ကျောက်တိုင်အား ကြည့်ကာ ပြောသည်။ သူက တစ်စုံတစ်ခုအား ခံစားမိသည်။

“ဟုတ်ကဲ့… တော်ဝင်ကျဲ နန်းတော်က သူတို့ ရှန့်ထိုနှစ်ပါးနဲ့အတူ ရောက်လာခဲ့တယ်။ မီးတောက်ရှန့်ထိုက အင်ပါယာရှား အသိကို အသက်ဝင် စေခဲ့ပြီးတော့ ဖိတ်ကြားခဲ့တယ်” အောက်မှ လူက ဆက်ပြောသည် … “ဒါပေမဲ့ ရှန့်ထိုခေါင်းဆောင်က တော်ဝင်စစ်ပွဲမှာ ပါဝင်မယ်လို့ လျူကျောင်းရဲ့ မင်္ဂလာပွဲမှာ ကြေညာခဲ့တယ်လို့ ရီဖူရှင်းက ပြောသည်။ တော်ဝင်မြေ သုံးခုက လက်တွဲပြီးတော့ မြေရိုင်းပြည်နယ်ကို အနိုင်ကျင့်တဲ့ကိစ္စမှာ သူကိုယ်တိုင် ဘာမှ မတတ်နိုင်ဘဲ ပြန်တိုက်ခိုက် ရတယ်လို့ ပြောတယ်။ အင်ပါယာရှားလည်း ဒါကို လက်ခံပြီးတော့ ဘယ်တော်ဝင်မြေမဆို နောက်ပိုင်း စစ်ခင်းရင် သူ့ခွင့်ပြုချက် မလိုတော့ဘဲ တော်ဝင်စစ်ပွဲတွေရဲ့ စည်းမျဉ်းတွေဖြစ်တဲ့ ရှီတန်ခိုးရှင်တွေက ရှီတန်ခိုးရှင်၊ ရှန့်ထိုက ရှန့်ထိုသို့သာ တိုက်ခိုက်ရမယ်လို့ ကြေညာ အမိန့်တော် ချမှတ်ခဲ့တယ်”

ခွပ်…

ရှန့်ထိုကျဲက လက်သီး နှစ်ဖက်လုံးအား တင်းတင်း ဆုပ်သည်။ သူ၏လည်ပင်းမှ သွေးကြိုးကြီးများပင် ထိုးထိုးထောင်ထောင် ထနေသည်မှာ သူမည်မျှ ဒေါသထွက် နေကြောင်း သိသာစေပေသည်။

“ရီဖူရှင်း…” သူ၏မျက်လုံးများက လေဟာနယ်ကို ခွင်းကာ သတ်ဖြတ်လိုသော အငွေ့အသက်များ အဝေးသို့ ဖြတ်သန်း သွားဟန်ရသည်။ ကျိရှမ်းကမ်းပါးကား ရီဖူရှင်း၏ အသုံးချခြင်းကို ခံခဲ့ရကြောင်း ကောင်းကောင်း နားလည်လိုက်သည်။ သူကား ကျိရှမ်းကမ်းပါးကို အမြစ်ပြုတ် သုတ်သင်ရန် ကြိုတင် စီမံထားခဲ့သည်။

ယခု အင်ပါယာရှား၏ အမိန့်တော်ဖြင့် သူကား တော်ဝင်ကျဲနန်းတော်သို့ သွားရောက် သတ်ဖြတ်၍ မရတော့ပေ။ တော်ဝင်ကျဲ နန်းတော်မှ ရှန့်ထိုများမှာလည်း သူ လာရောက် တိုက်ခိုက်မည်ကို စောင့်စား နေကြမည် မဟုတ်သည်မှာ သေချာ၏။

ကျိရှမ်းကမ်းပါးကား ပျက်စီးသွားပြီ ဖြစ်သော်လည်း သူကား လက်စားချေ၍ မရပေ။ ရီဖူရှင်းကား အင်ပါယာရှား၏ စည်းမျဉ်းများအား လိုက်နာသည်။ သူကလည်း အင်ပါယာရှား၏ အမိန့်တော်ကို လျစ်လျူရှု၍ မရပေ။

မှန်နန်းတော် သခင်မကား ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အလွန် ထိတ်လန့်မိသည်။ သူ မထွက်သွားမီ ရီဖူရှင်း မေးခဲ့သော မေးခွန်း၏ ရည်ရွယ်ချက်ကိုလည်း နားလည် လိုက်သည်။ သူကား သည်မတိုင်မီ ကတည်းကပင် အင်ပါယာရှားအား အသုံးချကာ စည်းမျဉ်းများ ချမှတ်စေရန် ကြံစည်ထားခဲ့သည်။ လက်ရှိ၌ မြေရိုင်း ပြည်နယ်ကား အလေးနိမ့် နေသော်လည်း ရီဖူရှင်း၏ လုပ်ဆောင်မှုက အကောင်းဆုံး နည်းလမ်းလည်း ဖြစ်သည်။

ကျိရှမ်းကမ်းပါး၏ အောက်ခြေ အင်အားများ အားလုံးကို နှိမ်နင်းခဲ့ကာ တော်ဝင်ကျဲနန်းတော်မှ ရှန့်ထိုမျာ ယာယီ ရှောင်တိမ်းစေသည်။ သည်နည်းဖြင့် တော်ဝင်ကျဲ နန်းတော်ကား တော်ဝင်မြေနှစ်ခုမှ ရှီစစ်တပ်များကိုသာ ရင်ဆိုင်ရပေတော့မည်။ သူတို့၏ ရေမြေအနေအထား အသာစီးဖြင့် ဆိုလျှင် သူတို့တွင်  အခွင့်အရေးများ ရှိနေသေးသည်။

ရှန့်ထိုများ အားလုံး တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ရီဖူရှင်းကား အမှန်ပင် ခက်ခဲသော ပြိုင်ဘက် ဖြစ်ကြောင်း သူတို့အားလုံး နားလည် လိုက်ကြသည်။ ရှန့်ထိုကျဲကား ပြည်နယ်ကိုးခုမှ လူငယ် တစ်ယောက်၏ အရူးလုပ်ခြင်းအား ခံရသည်။ နှစ်ပေါင်း များစွာအတွင်း ပြည်နယ်ကိုးခု၌ ပထမဆုံး ဖယ်ရှားခံရသော တော်ဝင်မြေမှာ တော်ဝင်ကျဲ နန်းတော်မဟုတ်ဘဲ ကျိရှမ်းကမ်းပါး ဖြစ်နေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset