Switch Mode

အခန်း ( ၆၁ )

လူသတ်သမားများ ရောက်ရှိလာခြင်း

ဝမ်ပေါင်လဲ့ ရရှိခဲ့သော ကျောင်းသို့ ပြန်ဆင့်ခေါ်သည်စာတွင် နောက်ထပ် စာရွက်စာတမ်းတစ်ခုလည်း ပါ၏။ ထိုစာရွက်စာတမ်းထဲတွင် လွန်ခဲ့သော သုံးရက်ခန့်က ကောင်းကင်တာအိုကျောင်း၏ ဓမ္မလက်နက်ဌာနထဲ၌ အိပ်မပြန်ဘဲ ကျောင်းတွင်နေရစ်ခဲ့သော ကျောင်းသားများ အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု ရေးသားထားသည်။

ထိုကိစ္စမှာ အလွန် အရေးကြီးသောကြောင့် ကျောင်းစည်းကမ်း ထိန်းသိမ်းရေးဆောင်မှ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ဌာန၏ ကျောင်းသားခေါင်းဆောင်ဖြစ်နေသည် ဖြစ်ရာ ကျောင်းသို့ ပြန်လာရန် လိုအပ်ပေသည်။

အကယ်၍ ထိုကဲ့သို့သော ကိစ္စမျိုးမှာ အခြားဌာနများတွင် ဖြစ်ပွားခဲ့မည်ဆိုပါက ကျောင်းနှင့် အနီးဆုံးတွင်နေသော ကျောင်းသားခေါင်းဆောင်တစ်ယောက်ယောက်ကိုသာ ပြန်လာရန် ညွှန်ကြားလိုက်မည်ဖြစ်သော်လည်း ဓမ္မလက်နက်ဌာနထဲတွင်မူ ဝမ်ပေါင်လဲ့မှာ ရာထူးအာဏာနှင့် လုပ်ပိုင်ခွင့်များစွာကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ၏ တာဝန်မှာလည်း အလွန် ကြီးမားနေ၏။

၎င်းမှာ သူ၏တာဝန်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်လိုက်သည်။

” ဒါ ကျောင်းသားခေါင်းဆောင်တစ်ယောက် ကြုံရတဲ့ စိန်ခေါ်မှုတွေပဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကို စွန့်လွှတ်ပြီးတော့ အများအကျိုးအတွက် သယ်ပိုးပေးရတာ ”

သူသည် အချိန်ဆွဲမနေတော့ဘဲ ထိုနေ့မှာပင် သူ၏ မိဘများကို အကြောင်းစုံ ရှင်းပြလိုက်သည်။ သူ၏ မိဘများမှာ သူ့ကို မခွဲချင်ကြပါသော်လည်း သူတို့၏ သားဖြစ်သူမှာ ရင့်ကျက်နေပြီဖြစ်ကြောင်း သိထားသောကြောင့် သူ့အား လေဆိပ်သို့ လိုက်၍ပို့ဆောင်လိုက်သည်။

စာသစ်နှစ်အသစ် စတင်ရန်အတွက် ရက်အနည်းငယ် လိုသေးသည်ဖြစ်ရာ ကောင်းကင်တာအိုကျောင်းမှ သင်္ဘောပျံကြီးမှာ ဆိုက်ရောက်မလာသေးပေ။ ဝမ်ပေါင်လဲ့က ကောင်းကင်တာအိုကျောင်းသို့ အမြန်ဆုံးနည်းဖြင့် ပြန်လိုသောကြောင့် ကောင်းကင်မြို့တော်သို့ ပြန်မည့် အသေးစား သင်္ဘောပျံတစ်စင်းကိုသာ ရွေးချယ်လိုက်၏။

လက်မှတ်စျေးများမှာ ဈေးမချိုပါသော်လည်း သူသည် ကုန်ကျစရိတ်များကို တာအိုကျောင်းမှ ပြန်၍ ထုတ်ယူခွင့်ရှိသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ မိဘများကို နှုတ်ဆက်ရင်း အစောဆုံးထွက်ခွာမည့် လက်မှတ်ကိုဖြတ်ကာ နာရီဝက်အကြာတွင် သင်္ဘောပျံကြီးပေါ်သို့ ရောက်သွားတော့သည်။

ခရီးသည်များကို မြို့နှစ်မြို့ကြား ပို့ဆောင်ပေးသည့် အသေးစားသင်္ဘောပျံများမှာ ကောင်းကင်တာအိုကျောင်းမှ အကြီးစားသင်္ဘောပျံကြီးများလောက်တော့ ဘေးကင်းလုံခြုံမှုမရှိပေ။ သို့သော် ပြဿနာကြီးကြီးမားမား ပေါ်ပေါက်လာခြင်း မရှိသရွေ့ ခရီးစဉ်အားလုံး ချောချောမွေ့မွေ့သာ ဖြစ်နေမည် ဖြစ်သည်။

ခရီးစဉ်အားလုံးမှာ ပျံသန်းရမည့် လမ်းကြောင်းတစ်လျှောက်တွင် အန္တရာယ်များ ရှင်းလင်းမှုရှိ၊ မရှိ သေချာအောင် စစ်ဆေးပြီးမှသာ ထွက်ခွာလေ့ရှိကြသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ သူ၏အခန်းထဲတွင်ထိုင်၍ သန်းလိုက်၏။

အားလပ်ရက်ရှည်ကြီးကြောင့် သူသည် စိတ်လက်ပေါ့ပါးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် မျက်လုံးများကို ပွတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ ညကောင်းကင်ကြီးကို လှမ်းကြည့်လိုက်၏။

” ဒီ အသေးစားသင်္ဘောပျံရဲ့ ပျံသန်းနှုန်းက ပိုမြန်ရင်တောင် ကျောင်းကိုရောက်ဖို့အတွက် ငါးရက်လောက်တော့ အချိန်ပေးရမှာပဲ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ သင်္ဘောပျံပေါ်ရှိ သူ၏ အိပ်ရာထဲတွင် လဲလျောင်းလိုက်ပြီး တဖြည်းဖြည်းနှင့် အိပ်မောကျသွားတော့သည်။

ဒုတိယနေ့ မနက်ခင်းသို့ ရောက်သောအခါ ဝမ်ပေါင်လဲ့မှာ သူ၏အခန်းအပြင်ဘက်သို့ ထွက်လာပြီး အကြောဆန့်ကာ သင်္ဘောပျံပေါ်မှ အခြားခရီးသည်များကို လှမ်းကြည့်လိုက်၏။

သင်္ဘောပျံပေါ်တွင် ခရီးသည်ဆယ်ယောက်စွန်းစွန်း ရှိနေကြပြီး သူတို့ထဲမှ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ မြို့နှစ်မြို့ကြား ကူးသန်းသွားလာနေကြသည့် ကုန်သည်များ ဖြစ်ကြသည်။ ကျန်ခရီးသည်များမှာ သာမန် အမျိုးသား၊အမျိုးသမီးများသာ ဖြစ်ကြပြီး သူနှင့် အသက်မတိမ်းမယိမ်းတွင်ရှိသော ခရီးသည် နှစ်ယောက်၊ သုံးယောက်ခန့် ရှိ၏။ သင်္ဘောပျံပေါ်တွင် ဖက်တီးတစ်ယောက်လည်း ရှိနေသည်ဖြစ်ပြီး သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ အားရဝမ်းသာနှင့် နှုတ်ဆက်လိုက်သည်။

သူတို့မှာ အပြန်အလှန် နှုတ်ဆက်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ ထမင်းစားရန်အတွက် စားသောက်ခန်းထဲသို့ ဝင်သွား၏။ ထိုကဲ့သို့ စားသောက်ပြီးနောက် သူသည် ပျင်းရိလာသောကြောင့် ကုန်းပတ်ပေါ်တွင် အပန်းဖြေကာ အောက်ဘက်ရှိ ရှုခင်းများကို လှမ်း၍ ငုံ့ကြည့်နေလိုက်တော့သည်။

” ဒီ သင်္ဘောပျံက အခုထက် ပိုမြန်သင့်တယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် သိပ်မကြာခင် မိုးသစ်တောဆီကို ရောက်တော့မှာပဲ ”
ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီး ဖြတ်ကျော်သွားသော တောင်စဉ်တန်းများကို ကြည့်၍ သူ၏ ဖခင်ပြောပြခဲ့သည့် တောင်စဉ်တန်းများ၏ ပုံပန်းသွင်ပြင်ကို ပြန်၍အမှတ်ရသွား၏။

” ငါ သိပ်ပြီးတော့ အစွမ်းမထက်သေးတာ နာတယ်ကွာ။ အဲ့လိုသာမဟုတ်ရင် ငါ အဲဒီနေရာတွေကို သွားလည်နေတော့မှာ အမှန်ပဲ ”
ဝမ်ပေါင်လဲ့မှာ အားမလိုအားမရဖြင့် ခေါင်းယမ်းလိုက်သည်။ ထိုတောနက်ကြီးထဲတွင် ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးများစွာ ခိုအောင်းနေလိမ့်မည်ဖြစ်ကြောင်း သူက သိထား၏။ သူသည် ဖွံ့ထွားသွေးကြောအဆင့်တွင် ရှိနေပါသော်လည်း ထိုကဲ့သို့ သားရဲကြီးတစ်ကောင်နှင့် ကြုံလိုက်ရမည်ဆိုပါက သေဆုံးသွားနိုင်မည့် ရာခိုင်နှုန်းမှာ အတော်အသင့် မြင့်နေဆဲပင် ဖြစ်သည်။ သူ၏ အဖေ အလုပ်လုပ်သည့် နေရာဖြစ်သော ရှေးဟောင်းသုသေသန အဆောက်အအုံမှာ ယခုဆိုလျှင် ဝန်ထမ်းပေါင်းရာနှင့်ချီ၍ ရှိနေလောက်ပြီဖြစ်ပြီး သူတို့၏ ခရီးစဉ်တစ်လျှောက် ဘေးကင်း‌စေရန်အတွက် အစောင့်အရှောက်မြောက်မြားစွာ ပါရှိနေမည်မှာ အမှန်ပင်။

နောက်ထပ်လူအင်အားများစွာ ထပ်၍လိုအပ်ကြောင်း ဝမ်ပေါင်လဲ့က ကောင်းကောင်းသိထားသော်လည်း အခြားသူများကို ထိုနေရာအကြောင်း အသိမပေးလိုပေ။ ထို့ကြောင့် သူသည် သက်ပြင်းချလိုက်ပြီး ဖွံ့ထွားသွေးကြော အမြင့်ဆုံးအဆင့်သို့ ရောက်ကာ ဓမ္မအဆောင်နှင့် ဆေးလုံးမြောက်မြားစွာ ပြင်ဆင်ထားပြီးသောအခါမှသာ ထိုနေရာသို့ သွားရန် ဆုံးဖြတ်လိုက်၏။

သူသည် သူ၏ အခန်းဆီသို့ပြန်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို အရှေ့ဘက်ရှိ ကောင်းကင်ယံတွင် အလင်းရောင်ခြုံလွှာကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။

အရှိန်အဟုန်ဖြင့် ပျံသန်းနေသည့် သင်္ဘောပျံကြီး၏ ရှေ့တည့်တည့်တွင် မှောင်မိုက်သော အလင်းရောင်ခြုံလွှာကြီးတစ်ခု ရှိနေပြီး ၎င်းမှာ မိုင်ဝက်ခန့် ရှည်လျားနေသောကြောင့် ဧရာမ သတ္တုပြားကြီးတစ်ခုနှင့် တူနေ၏။

၎င်းမှာ ရုတ်ချည်းဆိုသလို ပေါ်ပေါက်လာသည်ဖြစ်ရာ သင်္ဘောပျံမှာ ၎င်းအား ရှောင်တိမ်းရန် အချိန်မရှိလိုက်ပေ။ ထို့ကြောင့် ထိုသင်္ဘောပျံမှာ ၎င်းအား ဝင်တိုက်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးပြူးသွားရတော့သည်။

ထိုဝင်တိုက်မှုကြောင့် ပေါ်ထွက်လာသည့် အသံကြီးမှာ ကမ္ဘာမြေကြီးကိုပင် တုန်ရီသွားစေ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် သင်္ဘောပျံထဲမှနေ၍ ဖော်ပြ၍မရနိုင်လောက်အောင် အားပြင်းသော ပေါက်ကွဲသံကြီးတစ်သံ ပေါ်ထွက်လာ၏။

” ဘာဖြစ်သွားတာလဲဟ ”

” သင်္ဘောပျံကို ဒီလိုမောင်းရလားကွ ”

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် သင်္ဘောပျံပေါ်ရှိ လူများအားလုံး သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းနေကြတော့သည်။ တချိန်တည်းမှာပင် ထိုဝင်တိုက်မှုဒဏ်ကြောင့် သင်္ဘောပျံ၏ ဦးပိုင်းမှာ ထပ်ခြမ်းကွဲသွား‌၏။

သင်္ဘောပျံကြီးမှာ လျင်မြန်စွာ ပျံသန်းနေခဲ့သည်ဖြစ်ရာ ကျိုးပဲ့ကာ လွင့်ထွက်လာကြသော အပိုင်းအစများမှာ ကြယ်ပျံများကဲ့သို့ အရှိန်အဟုန်ပြင်းစွာ သင်္ဘောပျံကြီး၏ အခြားသောအစိတ်အပိုင်းများကိုပါ ရိုက်ခတ်သွားကြသဖြင့် နေရာအနှံ့အပြားတွင် အပေါက်များ ပေါ်ထွက်လာတော့သည်။

ဝမ်ပေါင်လဲ့၏ အမူအရာမှာလည်း ချက်ချင်းပင် ပြောင်းလဲသွား၏။ ကျိုးပဲ့ကာ လွင့်စင်လာသော အပိုင်းအစတစ်ခု သူ၏ ဘေးမှ ဝီခနဲ ဖြတ်သွား၏။ ၎င်း၏နောက်မှ လိုက်လာသော လေပြင်းကြီးကြောင့် သူ၏ တစ်ကိုယ်လုံး တောင့်တင်းသွားရတော့သည်။

အကယ်၍သူသည် လက်ရန်းကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်းမရှိပါက သင်္ဘောပျံပေါ်မှ လွင့်ထွက်သွားမည် ဖြစ်သည်။

” ဘာတွေဖြစ်နေတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများကျဉ်းသွားပြီး ကယောင်ချောက်ချား ဖြစ်နေရပြီ ဖြစ်သည်။ အဖြစ်အပျက်အားလုံးမှာ အလွန် မြန်ဆန်‌နေပြီး အနက်ရောင် အလင်းတန်းကြီး ပေါ်လာသည့်အချိန်မှစ၍ သင်္ဘောပျံနှင့် ဝင်တိုက်သွားသည့် အချိန်ကြားတွင် စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်သွားခဲ့သည်။ ဝမ်ပေါင်လဲ့မှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သေခြင်းတရားနှင့် သီသီကလေး ကပ်လွဲသွားသလို ခံစားလိုက်ရ၏။

သင်္ဘောပျံ၏ ကိုယ်ထည်ပိုင်းမှာ တောင့်တင်းခိုင်မာမှုရှိပြီး ထိုအနက်ရောင် အလင်းတန်းကြီးမှာ မာကျောနေခြင်း မရှိသောကြောင့်သာ ကံကောင်းသွား၏။ ထို့ကြောင့် ထိုသင်္ဘောပျံမှာ လုံးဝ ပျက်စီးသွားခြင်း မရှိပေ။ သို့သော် ထွက်ပေါ်လာသော တုန်ခါလှိုင်းများကမူ ပြင်းထန်နေဆဲပင်။

သင်္ဘောပျံကြီးမှာ အနက်ရောင် အလင်းတန်းကြီးအား ဝင်တိုက်သွားပြီးနောက် ဆက်၍ မပျံသန်းနိုင်တော့ပေ။ ထိုကဲ့သို့ အလွန် လျင်မြန်စွာ ပျံသန်းနေခဲ့သည့် သင်္ဘောပျံကြီး ရုတ်တရက် ရပ်တန့်သွားရာမှ သင်္ဘောပျံပေါ်ရှိ လူတိုင်း သူတို့ ထိုင်ခုံများပေါ်မှ လွင့်ထွက်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်မိသွားကြတော့သည်။

တချိန်တည်းမှာပင် ကျယ်လောင်သော အလန့်တကြား အော်ဟစ်သံများမှာ သင်္ဘောပျံကြီးထဲတွင် ပဲ့တင်ထပ်သွား၏။

” တိုက်ကြ‌ဟေ့ ”

” ရန်သူတစ်ယောက် ရှိနေတယ်ဟ ”

သင်္ဘောပျံကြီး၏ ဝန်ထမ်းများနှင့် အစောင့်များ၏ မျက်နှာများပေါ်တွင် ဖော်ပြ၍ မရနိုင်သော တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွား၏။ သူတို့မှာ ဘေးဘီးဝဲယာကိုကြည့်ကာ အသက်ပင် မှန်မှန် မရှုနိုင်တော့ဘဲ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်အားငယ်နေသော အ‌ရိပ်အယောင်များ အတိုင်းသား ပေါ်လာကြတော့သည်။

သင်္ဘောပျံပေါ်မှ ခရီးသည်များမှာလည်း မည်ကဲ့သို့ လုပ်ရမည်မှန်း မသိလောက်အောင် ဖြစ်သွားကြသည်။ တချို့မှာ ပုန်းကွယ်ရန် ကြိုးစားလိုက်ကြပါသော်လည်း အများစုမှာမူ အခန်းအပြင်ဘက်သို့ ပြေးထွက်သွားကာ ကုန်းပတ်ပေါ်သို့ တက်သွားကြပြီး ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ကြတော့သည်။ ထိုအခါ ချက်ချင်းဆိုသလိုပင် သူတို့မှာ ကျောချမ်းသွားကြပြီး အော်ဟစ်မြည်တမ်းရန် ပါးစပ်များကို ဟလိုက်ကြသည်။ သို့သော် အသံတစ်သံပင် ပေါ်ထွက်မလာခဲ့ပေ။

သူတို့ကား ဝေဟင်ဓားပြများ ဖြစ်ကြသည်။

ဝမ်ပေါင်လဲ့၏ အသက်ရှူသံများမှာလည်း အမှားမှားအယွင်းယွင်း ဖြစ်လာ၏။ ထို ရုတ်ချည်းပြောင်းလဲမှုများမှာ ပုံရိပ်ယောင်နယ်မြေထဲတွင် ရင်ဆိုင်ခဲ့ရသော ဝင်ခွင့်စာမေးပွဲနှင့် လုံးလုံး မတူပေ။ ထို့အပြင် သင်္ဘောပျံငါးစင်မှာ သူတို့၏ အထက်ရှိ ကောင်းကင်းယံတွင် ဝဲပျံနေကြပြီး သူတို့အနားသို့ ချဉ်းကပ်လာနေသည်ကို သူက သတိထားမိလိုက်သည်။

ထို သင်္ဘောပျံငါးစင်း၏ အရောင်မှာ သွေးစက်များကဲ့သို့ ရဲရဲနီနေ၏။ ထို သင်္ဘောပျံများ၏ ကိုယ်ထည်ပေါ်တွင် ဝေဟင်ဓားပြများ၏ အမှတ်တံဆိပ်တစ်ခုကိုပင် ရေးထွင်းထားသည်ကို မြင်နိုင်၏။ ထိုအမှတ်တံဆိပ်များမှာ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခုကို ပိတ်မိနေသည့် သင်္ဘောပျံဆီသို့ ထုတ်လွှတ်နေသကဲ့သို့ပင်။

ထိုမျှလောက်သာဆိုလျှင် ပြန်၍ တိုက်ခိုက်နိုင်ဦးမည်ဖြစ်သည်။ သို့သော် ထို သင်္ဘောပျံငါးစင်း အနီးသို့ရောက်လာသော အချိန်တွင် အနက်ရောင်အဝတ်အစားများ ဆင်မြန်းထားသည့် လူဆယ့်ခုနစ်ယောက်၊ ဆယ့်ရှစ်ယောက်ခန့်က သတ်ဖြတ်လိုသော အမူအရာများဖြင့် ခုန်ထွက်လာကြ၏။ သူတို့မှာ သွေးထွက်သံယိုကိစ္စများနှင့် စိမ်းနေကြသူများ မဟုတ်သည်ကို အထင်အရှား မြင်နိုင်သည်။ အထူးသဖြင့် သူတို့၏ အကြည့်များထဲတွင် ကိန်းကောင်းနေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် သွေးအေးမှု အရိပ်အယောင်များမှာ မည်သူ့ကိုမဆို ကျောချမ်းသွားစေနိုင်၏။

သူတို့အားလုံး ဖွံ့ထွားသွေးကြောအဆင့်တွင် ရှိနေကြသည်ဖြစ်ပြီး တချို့မှာ ဖွံ့ထွားသွေးကြော နောက်ဆုံးအဆင့်အထိ ရောက်နေကြပြီဖြစ်သည်။ သင်္ဘောပျံ၏ အစောင့်များမှာ မျှော်လင့်ချက်များ ကင်းမဲ့နေသလို ခံစားနေရပြီဖြစ်ပြီး ခရီးသည်များမှာ မကြာခင် သေရတော့မည်ဖြစ်ကြောင်း တွေးမိလိုက်ကြသဖြင့် အော်ဟစ်ငိုယိုနေကြတော့သည်။

ထိုအချိန်တွင် လူအုပ်ကြီးထဲမှ သင်္ဘောပျံ၏ တာဝန်ရှိသူဖြစ်သော သက်လတ်ပိုင်း လူကြီးတစ်ယောက်မှာ ကတုန်ကယင် ဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်၏။
” ငါတို့က တုန်းလင် လေကြောင်းက လူတွေ…. ”

သို့သော် သူ စကားမဆုံနိုင်ခင်မှာပင် သင်္ဘောပျံထဲသို့ ဝင်လာသော အနက်ရောင်ဝတ်အစားနှင့် လူများက ကြားဖြတ်ပြောလိုက်၏။

” ပါးစပ်ပိတ်ထားစမ်း ”

ထိုအနက်ရောင် အဝတ်အစားနှင့်လူများမှာ သင်္ဘောပျံထဲသို့ တစ်ယောက်ချင်းစီ ဝင်လာကြပြီး တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား လူတိုင်းကို ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူတို့မှာ တိုက်စစ်ရန်အတွက် ကျောက်စိမ်းပေလွှာတစ်ခုကိုပင် ထုတ်ယူလိုက်ကြသည်။ ထို့နောက် ဝမ်ပေါင်လဲ့နှင့် အသက်မတိမ်းမယိမ်းတွင်ရှိသော ဖက်တီးလေးကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများမှာ ဝင်းလက်သွား၏။ သို့သော် သူတို့က ကျောက်စိမ်းပေလွှာနှင့် တိုက်စစ်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားကြတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး သူ၏ သွေးခုန်နှုန်းများ အလွန် မြန်ဆန်လာ၏။ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း သူက သတိထားမိလိုက်သည်။ ၎င်းမှာ လက်တွေ့လောကထဲတွင် ဖြစ်နေခြင်းဖြစ်ပြီး ပုံရိပ်ယောင်နယ်မြေ စမ်းသပ်ပွဲထဲမှ မြင်ကွင်းတစ်ခု မဟုတ်ပေ။ လက်ရှိတွင် သူသည် အသက်အန္တရာယ်နှင့် ကြုံနေရပြီဖြစ်ရာ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူ၏ အင်္ကျီလက်ထဲသို့ နှိုက်ကာ သိုလှောင်လက်ကောက်ထဲမှ ဓါးပျံတစ်လက်ကို ထုတ်ယူလိုက်၏။

သူ၏ မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ဖုံးလွှမ်းနေပြီး သူသည် ကတုန်ကယင်နှင့် သူ၏ လက်ထဲမှ ဓားပျံကို ဝှက်ထားလိုက်၏။ ထို့နောက် သူသည် သူ့အား စိုက်ကြည့်နေကြပြီဖြစ်သော ဖွံ့ထွားသွေးကြောအဆင့်ရှိ အနက်ရောင်အဝတ်အစားများနှင့် လူများကို ပြန်၍ကြည့်လိုက်၏။

ထိုအချိန်တွင် သူတို့သည် ဝမ်ပေါင်လဲ့အား ရှာတွေ့သွားကြသဖြင့် မျက်လုံးများ ဝင်းလက်သွားကြ၏။ သူတို့၏ သတ်ဖြတ်လိုစိတ်များမှာလည်း အထင်အရှား ပေါ်ထွက်လာပြီး အခြားမည်သူ့ကိုမှ သူတို့ ဂရုစိုက်မနေတော့ပေ။ သူတို့က သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသောအခါ ထိုဓားပြများ၏ ပစ်မှတ်က သူ ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သဘောပေါက်သွားတော့သည်။

” အဲ့ မျိုးမစစ်ကောင်က ဒီမှာဟေ့ ”
သူတို့ထဲမှ တစ်ယောက်က လှောင်ပြောင်သည့်လေသံဖြင့် ဆိုလိုက်၏။ ထို အနက်ရောင်အဝတ်အစားများနှင့်လူများ ချဉ်းကပ်လာသည့် အချိန်တွင် သူ ကွယ်ဝှက်ထားခဲ့သော ဓားပျံမှာ ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် သူ ဖန်တီးထားသော ဓမ္မအဆောင်တစ်ခုဖြစ်သည့် အော်လန်ကြီးတစ်လုံး ပေါ်လာ၏။ သူသည် ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် ထိုအော်လန်ကြီးကို မြှောက်လိုက်သောအခါ သူ၏ တစ်ကိုယ်လုံးတွင် သွေးကြောကြီးများ ထောင်လာတော့သည်။ ထို့နောက် သူသည် သူ့တွင် ရှိသမျှ စွမ်းအင်အကုန်လုံးကို ထုတ်သုံးကာ အော်လန်ကြီးထဲသို့ အော်ဟစ်လိုက်တော့သည်။
” မင်းတို့ကမှ မျိုးမစစ်ကောင်တွေကွ ”

ထိုအော်ဟစ်သံကြီးမှာ ကျယ်လောင်လွန်းလှသည်ဖြစ်ပြီး သူ ဖန်တီးထားခဲ့သော ထိုဓမ္မအဆောင် အော်လန်ကြီးမှာလည်း အလွန် အစွမ်းထက်၏။ ၎င်းမှာ သူ၏ အော်ဟစ်သံကို အဆမတန် ချဲ့ပေးလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် ထိုအသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ ဖြစ်သွားပြီး ဧရာမအသံလှိုင်းကြီးတစ်လှိုင်း အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့နှင့် အနီးဆုံးတွင်ရှိနေသော အနက်ရောင်အဝတ်အစားများနှင့် လူကြီးမှာ မျက်လုံးများပြူးသွားပြီး စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသွား၏။ သူ၏ နားစည်များမှာ ချက်ချင်းပင် ကွဲသွားသဖြင့် သူသည် သနားစဖွယ်ကောင်းစွာ အော်ဟစ်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း ထိုပေါက်ကွဲမှုဒဏ်ကြောင့် လွင့်စင်သွားတော့သည်။

အနက်ရောင်အဝတ်အစားများနှင့် အခြားလူများမှာလည်း ထိုအသံလှိုင်းများကြောင့် ဝေဒနာများ ခံစားလိုက်ရသည်။ ထိုအသံလှိုင်း၏ ရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားလိုက်ရသူများမှာ သွေးများ အန်ထွက်လာကြပြီး သိပ်၍ မခံစားလိုက်ရသူများပင် ရှေ့သို့ဆက်၍ မသွားနိုင်တော့ဘဲ ရောက်နေသည့်နေရာတွင် ရပ်တန့်လိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဖြစ်သွားမည်ကို သိထားသောကြောင့် ကြိုတင်ပြင်ဆင်ထားခဲ့ပါသော်လည်း သူ၏နားစည်များမှာ တုန်ရီနေဆဲပင်။ ထိုအချိန်တွင် သူသည် အနက်ရောင်အဝတ်အစားများနှင့် လူများ ထပ်၍ရောက်ရှိလာသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ အနက်ရောင်အဝတ်အစားများနှင့် လူများ တစ်ခဏမျှ တုံ့ဆိုင်းသွားသည့် အချက်ကို အခွင့်ကောင်းယူ၍ လက်ရန်းကို ခုန်ကျော်လိုက်ပြီး အောက်ဘက်ရှိ မြေပြင်ပေါ်သို့ ခုန်ဆင်းသွားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset