အပိုင်း (၉၄၄)

ကျိရှမ်းကမ်းပါးတိုက်ပွဲ

ကျိရှမ်းကမ်းပါးမှ အကြီးအကဲ ၁၈ယောက်သည် ရှုပ်ထွေးနေသော တိုက်ပွဲနှင့် မသက်ဆိုင်သည့်အလား ရပ်နေကြသည်။

သူတို့ထံမှ မည်သည့် ကိုယ်ရောင်ကိုယ်ဝါမှ မထွက်ပေါ် လာခဲ့သလို သူတို့၏ ခန္ဓာကိုယ်ထံမှာလည်း ပေါ့ပါးပြီး ငြိမ်သက်ခြင်းများ ရှိသည်။ သူတို့က တိုက်ပွဲအား သိပ်စိတ်ဝင်စားဟန် မရဘဲ ရီဖူရှင်းရှိနေရာ အနီးတစ်ဝိုက်၌ပင် ရှိနေကြ၏။

ဧရာမခေါင်းကိုးလုံး နဂါးတစ်ကောင် ဖြစ်ပေါ်လာကာ အကြီးအကဲ အုပ်စုထံသို့ တိုးဝင်သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော တိုက်စားခြင်း လောကဓာတ်မှာ ပြင်းထန်လွန်းရကား လေထုကပင် အနက်ရောင် အငွေ့အသက်များ အဖြစ် ပြောင်းလဲသွား၏။

သို့သော်လည်း မည်သည့် အကြီးအကဲကမှ ထိုသတ္တဝါဆန်းအား သတိ မထားမိသည့်အလား ရှေ့သို့ ဆက်တိုး လာကြသည်။ သူတို့က မျက်လုံးများကိုပင် ပိတ်ထားကြကာ မမြင်ရသော စိတ်စွမ်းအားများမှာ သူတို့ရှိနေရာ ပတ်ဝန်းကျင်အား ခြုံလွှမ်း နေရာယူထား ကြလေသည်။

အနက်ရောင် အငွေ့အသက်များမှာ ရုတ်တရက် ပိတ်ဆို့ တားဆီးခံရဟန် တူသည်။ ပိုဆိုးသည်ကား ခေါင်းကိုးလုံးနဂါးက အလွန်ကြီးမားသော အန္တရာယ် အငွေ့အသက်အား ခံစားမိပြီး ထိတ်လန့်တကြား အသံပေး အော်ဟစ်သည်။

မမြင်ရသော စိတ်စွမ်းအားများ သူ့ထံသို့ အတားအဆီးမရှိ ဝင်ရောက် လာသည်ကို ခံစားမိသည်တွင် ခေါင်းကိုးလုံးနဂါးက နောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစား၏။

ထိုအခိုက်တွက် မျက်လုံးများအား မှိတ်ထားသော အကြီးအကဲများသည် ပတ်ဝန်းကျင်၌ မမြင်ရသော စိတ်စွမ်းအားများကို ရိုက်ခတ်စေလျက် ပါးစပ်မှလည်း ထူးဆန်းသော အသံများအား ရွက်ဆိုကြသည်။

ခေါင်းဆောင် ဖြစ်ဟန်တူသူ အကြီးအကဲက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်တွင် ထူးဆန်းသော အသံတစ်ခုက စိတ်စွမ်းအင်လှိုင်းနှင့်အတူ ရှေ့သို့ ရိုက်ခတ်သွား၏။ ပတ်ဝန်းကျင်သို့ ဖုံးလွှမ်းထားသော အနက်ရောင် အငွေ့အသက်များမှာ ချက်ချင်း ပျက်ပြယ် သွားကြတော့သည်။ ခေါင်းကိုးလုံး နဂါးက နာကျင်စွာ အော်ဟစ်၏။ သူ၏ခေါင်းကိုးလုံးမှာ တွန့်လိမ်သွားပြီး ခန္ဓာကိုယ်ကြီး တစ်ခုလုံး မြေပြင်ပေါ်သို့ ပြိုလဲကျသည်။

အကြီးအကဲ ၁၈ယောက်က ရှေ့သို့ ဆက်လက် ပျံသန်းလာကြ၏။ ခေါင်းဆောင်ဖြစ်ဟန် တူသူက တဖန် မျက်လုံးကို မှိတ်လိုက်ပြန်သည်။ မမြင်ရသော စိတ်စွမ်းအားများ ပတ်ဝန်းကျင်သို့ ရိုက်ခတ် လာပြန်၏။

“စိတ်စွမ်းအား ပညာရှင်တွေ…။ သတိထားကြ…” ထို့ကျန်းက ပြောသည်။ သူနှင့် တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင် အများအပြား ရီဖူရှင်း ဘေးတွင်ရပ်ကာ ကာကွယ် ထားကြ၏။

ဟွာဂျီယူလည်း တစ်ဖက်လူများအား လှမ်းကြည့်ကာ သူတို့မှာ သူမနှင့် ဆင်တူသော စွမ်းရည်များ ရှိကြောင်း သိသည်။ သူတို့ ၁၈ယောက်မှာ တူညီသော စိတ်စွမ်းအားကို အခြေပြုကြပြီး အချင်းချင်း ဆက်နွယ်ထားကာ ဝင်္ကပါတစ်ခု ဖြစ်တည်စေပြီး ရန်သူများအား တိုက်ခိုက်၏။

သူတို့ကား ကျိရှမ်းကမ်းပါး၏ လျှို့ဝှက် ပညာရှင်များ ဖြစ်ကြကာ ကျိရှမ်းကမ်းပါး လုံးဝ ပျက်စီးမည့် အရေးကြောင့်သာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုအခိုက်တွင် မမြင်ရသော စိတ်စွမ်းအားတစ်ခု တော်ဝင်ကျဲနန်းတော်မှ လူများထံသို့ ဆင်းသက် လာသည်။

“သူတို့ ရောက်လာပြီ…” ထို့ကျန်းက ပြောသည်။ ကု့ချင်း တီးခတ်နေသော ရီဖူရှင်းလည်း သူ့ထံသို့ ရိုက်ခတ်လာသော၊ အလွန် အားကောင်းသော စိတ်စွမ်းအားများကို ခံစားမိ၏။

သူ၏သံစဉ်ကလည်း ချက်ချင်းပင် စိတ်စွမ်းအားများ အဖြစ် ပြောင်းလဲသွားကာ တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုများကို ခုခံ၏။

စိတ်စွမ်းအင် တိုက်ခိုက်မှုများမှာ သဏ္ဌာန်မဲ့ပြီး သာမန် မျက်လုံးဖြင့် မတွေ့မမြင်နိုင်ပေ။ စိတ်စွမ်းအား အခြေပြု လောကဓာတ်များမှာ ရန်သူများအား သတိပင် မထားမိစေဘဲ သတ်ဖြတ် နိုင်စွမ်းအောင် ကြောက်မက်ဖွယ် ကောင်း၏။

“ငါ သူတို့ကို ရင်ဆိုင်မယ်” ဟွာဂျီယူက ရှေ့သို့ တက်သွားလျှင် သူမထံမှ အားကောင်းသော စိတ်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် သူမ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ထူးကွဲခြားနားနေပြီး ထူးထူးခြားခြား ဆွဲဆောင်မှု ရှိစေသည်။

“ကောင်းပြီ” ရီဖူရှင်း ခေါင်းညိတ်၏။ ကု့ချင်းသံစဉ်က ဟွာဂျီယူ၏ စိတ်နှင့်တစ်သားတည်း ဖြစ်သွားသည်။ ဂီတဝင်္ကပါက သူ့အနီးမှ လူများအား၏ စိတ်စွမ်းအားများကို ပေါင်းစုစေကာ ဟွာဂျီယူအတွက် အကန့်အသတ်မဲ့သော စိတ်စွမ်းအင် အထောက်အပံ့များ ဖြစ်စေသည်။

ပိုမို အားကောင်းသော စိတ်စွမ်းအားများ ဟွာဂျီယူထံမှ ဖြစ်ပေါ်လာခဲ့ပြီး သူမကိုမူတည်၍ ပုံရိပ်တစ်ခုမှာလည်း ဖွဲ့စည်း ဖြစ်ပေါ်လာသည်။

ဟွာဂျီယူကား လက်ရှိတွင် အလယ်အလတ် မိုရှီ၌ရှိပြီး ရှန့်ထိုစွမ်းအားကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်စွမ်း ရှိလာသည်။ ထို့အပြင် ဂီတဝင်္ကပါကလည်း သူမအား အကန့်အသတ်မဲ့သော စိတ်စွမ်းအားများ ထောက်ပံ့ ပေးထားသည်။ သူမ၏လက်ထဲ၌ နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ် ဖြစ်ပေါ်လာကာ လေထုသို့ ဝှေ့ယမ်း လိုက်သည်။ အက်ကွဲသံများ အဆက်မပြတ် ကြားရကာ တိုးဝင်လာသော စိတ်ဝိညာဉ် အားလှိုင်းများ အားလုံး အရိုက်နှက် ခံရသောကြောင့် နောက်သို့ ဆုတ်သွား ကြရသည်။

တစ်ဖက်စွန်းမှ အကြီးအကဲကား ထူးဆန်းသော အသံများအား ဆက်လက် ရေရွတ်နေသည်။ ပိုမိုအားကောင်းသော စိတ်ဝိညာဉ် အားလှိုင်းတစ်ခု ရိုက်ခတ်လာပြန်၏။ လေထဲတွင် ပီအန့်သတ္တာဝါဆန်း (တရုတ်ဒဏ္ဍာရီလာ သတ္တာဝါဆန်း တစ်မျိုး) တစ်ကောင်၏ ပုံရိပ်ဖြစ်တည် လာခဲ့သည်။ သတ္တဝါဆန်းက သူ၏ပါးစပ်ကို ဟလျှင် ထူးဆန်းသော အသံလှိုင်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာ၏။ အနီးမှ တိုက်ခိုက်နေကြသော တန်ခိုးရှင်များ အားလုံးမှာ သူတို့၏ဝိညာဉ်များ အစိတ်စိတ် အမြွှာမြွှာ ကွဲအက် သွားတော့မည်ဟု ခံစားကြရသည်။

ဟွာဂျီယူ၏ တော်ဝင်သရဖူမှာ ရောင်စဉ်ရောင်ဝါများ လင်းလက် လာသည်။ သူမအနီး၌ ထူးဆန်းသော စွမ်းအင်များ ဖြစ်တည်လာ၏ သူမ၏နောက်၌ အလွန်လှပကာ တော်ဝင် မြင့်မြတ်သော ပုံရိပ်အသွင်တစ်ခု ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့၏။ မြည်ကြွေး အော်ဟစ်သံများ အဆက်မပြတ် ကြားရကာ မမြင်ရသော စိတ်စွမ်းအားများ ဟွာဂျီယူထံသို့ အဆက်မပြတ် ရိုက်ခတ် တိုက်ခိုက် လာခဲ့တော့သည်။ သို့သော်လည်း ဟွာဂျီယူကား မည်သို့မှ ထိခိုက်ဟန်မရှိပေ။

ထိုအခိုက်တွင် ဟွာဂျီယူ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ ပျံသန်းလာခဲ့ပြီး ခေါင်းအား အနည်းငယ် ယမ်းလိုက်သည်။ ချက်ချင်းပင် သူမ၏လှပကာ တောက်ပသော မျက်လုံးအစုံက အဆုံးစွန်သော လှပခြင်း၏ စိတ်ဝိညာဉ် မုန်တိုင်းများသို့ ပြောင်းလဲသွားသည်။ အကန့်အသတ်မဲ့ စိတ်စွမ်းအား မုန်တိုင်းများ၏ ရိုက်ခတ်မှုတွင် အကြီးအကဲများ၏ စိတ်စွမ်းအားများ ပြိုလဲ ကြရတော့သည်။ ခုခံနိုင်စွမ်းငှာ မတတ်သာသော စိတ်စွမ်းအားများကို ခံစားမိပြီး အကြီးအကဲများ၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ သူတို့ကား မိမိတို့၏ စိတ်စွမ်းအားများကိုပင် ပြန်ရုပ်သိမ်း၍ မရတော့ပေ။

ဟွာဂျီယူ၏ စိတ်စွမ်းအားများက ချက်ချင်းပင် လျှပ်စီးမုန်တိုင်းများ အသွင်သို့ ပြောင်းသွားပြီး တစ်ဖက်လူများအား တိုက်ခိုက် ထိုးနှက်၏။ တိုက်ခိုက်မှုများက အကြီးအကဲများ၏ စိတ်စွမ်းအားများကို ထိမိသည်တွင် ဧရာမပီအန့် သတ္တဝါဆန်းမှာ ပြင်းထန်စွာ တုန်ယင်၏။

အကြီးအကဲ ၁၈ယောက်၏ မျက်လုံးများက မြန်ဆန်စွာ ပြောင်းလဲ လာသည်။ သူတို့အားလုံးက လွန်စွာ ညို့ငင်ဆွဲဆောင် အားကောင်းနေသာ ဟွာဂျီယူ၏ လှပသော မျက်လုံးများအား ကြည့်မိကြသည့် အခိုက်တွင် အကြည့်အား လွှဲရန် မတတ်နိုင် ကြတော့ပေ။ ထိုမျက်လုံးများ၌ ခုခံခြင်းငှာ မစွမ်းသာသော စိတ်စွမ်းအားများ ပါဝင်နေဟန်ရ၏။

ထိုအခိုက်တွင် သူတို့၏နယ်ပယ်မှာ စိုးမိုးခြယ်လှယ် ခံရတော့သည်။ မျက်လုံးအစုံက သူတို့၏ စိတ်နယ်ပယ်သို့ အထိ တိုးဝင်လာနိုင်ဟန် ရပြီး ပြင်းထန်စွာ တိုက်ခိုက်သည်။ လျှပ်စီး စိတ်စွမ်းအားများ သူတို့ထံသို့ လာရောက် ရိုက်ခတ်လျှင် အကြီးအကဲ ၁၈ယောက်၏ စိတ်စွမ်းအားများမှာ ပြင်းထန်စွာ တုန်ယင်သည်။ သူတို့အားလုံးမှာ ပြင်းထန်သော တိုက်ခိုက်မှုများ၏ အောက်၌ စိတ်ဝိညာဉ်များပင် အပိုင်းပိုင်းအစစ ဖြစ်လာတော့သည်ဟု ခံစားကြရတော့သည်။

သူတို့အားလုံး မြေပြင်ပေါ်သို့ ဖွဲအိတ်များပမာ အသက်ဝိညာဉ် ကင်းမဲ့လျက် ကျသွားတော့သည်။

ဟွာဂျီယူ၏ မျက်လုံးများ ပုံမှန် အနေအထားသို့ ပြောင်းလဲ လာခဲ့သည်။ သူမ၏ သက်စောင့်ဝိညာဉ်နှင့် ပုံရိပ်တို့မှာလည်း ပျောက်ကွယ် သွားကြတော့သည်။ ရီဖူရှင်း၏ သံစဉ်မှာလည်း ပျောက်ကွယ် သွားသည်။

ရီဖူရှင်း၏ မျက်လုံးများက စိတ်ဝင်စားမှုကြောင့် အရောင်တစ်ချက် လက်သွားသည်။ ဂျီယူကား အထက်ဘုံသို့ လေ့ကျင့်ရေး ခရီးသွားပြီးနောက်ပိုင်း အလွန်တရာ ကြိုးစား အားထုတ်မှုများ ရှိခဲ့သည်။ ယခု သူမ၏ စွမ်းရည်များမှာ အလွန်တရာ အားကောင်းလာသည်ကို ထူးဆန်းဖွယ် မြင်တွေ့ရသည်။ ရီဝူချင်းကဲ့သို့ပင် သူမသည်လည်း ကံကောင်းမှုအချို့ ရှိခဲ့ဟန်ရ၏။

“ဂျီယူနဲ့ ဦးလေးထို့ကျန်းတို့ ဘေးမှာရှိရင် အဆင်ပြေတယ်။ တခြားလူတွေက လွတ်လွတ်လပ်လပ် သွားပြီး တိုက်ခိုက်ကြပါ” ရီဖူရှင်းက ဘေးနားမှ လူများအား ပြောသည်။ အစ်ကို၃နှင့် တခြားလူများမှာ အထက်ဘုံသို့ လေ့ကျင့်ရေး ခရီးစဉ်သို့ သွားပြီး အလွန်အားကောင်း လာခဲ့ကြသည်။ သူတို့ကား တိုက်ပွဲကြီးများ အတွက်ပင် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ ယနေ့ ကျိရှမ်းကမ်းပါး တိုက်ပွဲက သူတို့အတွက် လေ့ကျင့်စမ်းသပ်မှု တစ်ခုလည်း ဖြစ်ပေမည်။

ရီဖူရှင်းမူကား တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။

ရှီဟွာတောင်၌ သူက လျူကျောင်းအား တမင် အရှုံးပေးခဲ့ပြီး တစ်ဖက်လူများ သတိပေါ့လျော့စေ၏။ ထို့နောက် သူက ကျိရှမ်းကမ်းပါးသို့ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

သည်နေ့တွင် သူ၏တိုက်ခိုက်ရေး စွမ်းရည်များအား ထပ်မံ ကွယ်ဝှက် ထားရပေဦးမည်။ သူ၏ တကယ့် စွမ်းရည်များအား ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ မသိလေလေ ပိုကောင်းလေလေ ဖြစ်သည်။

သူ ပါဝင်မတိုက်ခိုက်သော နောက်ထပ် အကြောင်းအရင်း တစ်ခုမှာ သူတို့ တော်ဝင်ကျဲ နန်းတော်သည် ကျိရှမ်းကမ်းပါးအား အပြတ်အသတ် အသာစီးနေခြင်းပင်။

အကြီးအကဲ၁၈ယောက် ကျရှုံးသွားခြင်းက ကျိရှမ်းကမ်းပါးမှ လူများအတွက် ပိုမိုဆိုးဝါးသော အခြေအနေသို့ တွန်းပို့ခဲ့သည်။ သူတို့၏ စိတ်ဓာတ်များမှာ ပြိုလဲခဲ့ရပြီး ဖြစ်သည်။

ထို့အပြင် ဓားသခင်၏ သတ်ဖြတ်ခြင်းများ ကိုလည်း မည်သူမှ တားဆီးနိုင်ဟန် မရှိပေ။ သူဖြတ်သန်းသွားရာ နေရာတိုင်း၌ အလောင်းများ ချန်ရစ်ထားခဲ့၏။

ကီဖုန်း၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ကျန်ကျောင်းတို့ နောက်ဆုတ် သွားရသည်။ သို့သော် အမှန်တကယ်တမ်းတွင် ကျန်ကျောင်းတို့က ကီဖုန်းအား ကောင်းမွန်စွာ ထိန်းချုပ် ထားနိုင်ပြီး အသာစီးပင် ရနေသည်။

ကျန်ကျောင်းနှင့် တခြားသော ရှစ်ယောက်က စက်ဝန်းပမာ ဝင်္ကပါ၌ နေရာယူထားကြသည်။ မရေမတွက်နိုင်သော ဓားအသိများ သူတို့ရှေ့တွင် ဖြစ်တည်လာခဲ့ကာ ဓားတစ်လက်စီက ဓားပန်းချီ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲ၌ ပြင်းထန်စွာ လည်ပတ်ကြသည်။

ကျန်ကျောင်းကား ဓားဝင်္ကပါ၏ဗဟို၌ ရပ်နေသည်။ သူကား ဓားသမား ကိုးယောက်၏ အလယ်ဗဟို၌ ရပ်နေသည်။ ထို့ကြောင့် သူက ဓားဝင်္ကပါ၏ ပင်မစွမ်းအားများကို ထမ်းပိုး ထားသည်မှာ ထင်ရှား၏။

သူ၏အမူအရာမှာ တည်ကြည် လေးနက်နေသည်။ ကီဖုန်းကား ရူးသွပ်သွားဟန်ရကာ သူ၏ အားအကောင်းဆုံး တိုက်ခိုက်မှုအား ထုတ်သုံးရန် ပြင်နေ၏။ သူ့ရှေ့၌ တော်ဝင်ရတနာမှ ဖြစ်တည်လာသော လျှပ်စီးမုန်တိုင်းများ စုစည်းလာနေသည်။

ထိပ်သီး တန်ခိုးရှင်များက တော်ဝင် ရတနာများအား ကိုင်စွဲတိုက်ခိုက်လျှင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းပေသည်။ ကီဖုန်းကိုယ်တိုင်က ပြည်နယ်ကိုးခု ရှီအဆင့်ဝင်ဖြစ်ကာ ယခု တော်ဝင်ရတနာအား ကိုင်စွဲထားလျှင် သူမည်မျှ အားကောင်းမည်ကို ခန့်မှန်းနိုင်သည်။

“ဓားဝင်္ကပါ…” ကျန်ကျောင်းက ဆိုသည်။ သူ၏အနီးမှ ဓားအသိများ အားလုံး တစ်ခုတည်းအဖြစ် ပြောင်းလဲသွားကာ သူနှင့်ပေါင်းစပ် သွား၏။ ထိုအခိုက်တွင် သူ့ရှေ့မှ ဓားပန်းချီကား ကောင်းကင်ကိုပင် ထက်ခြမ်းခွဲနိုင်ဟန် ရ၏။

“သေစမ်း…” ကီဖုန်းက ရှေ့သို့တက်လာကာ အော်ဟစ်ပြီး သူ၏ သုံးခွမှိန်းဖြင့် ထိုးနှက် တိုက်ခိုက်သည်။ သည်တိုက်ခိုက်မှုတွင် သူ၏စွမ်းအားကုန် ပါဝင်နေပြီး ခုခံရန်ပင် ခွန်အားများ မချန်ထားခဲ့တော့ပေ။ သုံးခွမှန်းက အရာခပ်သိမ်းအား ဖျက်ဆီးကာ ရှေ့သို့ တိုးဝင်လာခဲ့သည်။

ကျန်ကျောင်းလည်း လှုပ်ရှား လိုက်သည်။ ဓားပန်းချီက သူနှင့်ပေါင်းစပ် သွားဟန်ရကာ မူနေရာမှ ရုတ်တရက် ပျောက်ကွယ် သွား၏။ လှပသော ဓားအလင်းတန်း တစ်ချက် ဖြစ်ပေါ်လာခဲ့ကာ ကီဖုန်း၏မျက်နှာက ပျက်ယွင်း သွားသည်။

ကီဖုန်းက ခေါင်းငုံ့ကာ ကြည့်လျှင် သူ၏ရင်ဘတ်၌ ကြောက်မက်ဖွယ် လေဟာနယ် လောကဓာတ်တို့ဖြင့် တည်သော ဓားအငွေ့အသက်များ ဖောက်ထွင်း သွားခဲ့သည်ကို မြင်သည်။ ဓားဒဏ်ရာမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ကာ သွေးများ ထိုနေရာမှ ဒလဟော စီးဆင်း လာခဲ့သည်။

“မဟုတ်ဘူး…”

သူက ကြောက်လန့်တကြား အော်ဟစ်သော်လည်း ဓားအလင်းတန်းများ စုဆုံရာမှ ပေါက်ကွဲမှုတွင် သူ၏ ခန္ဓာကိုယ်မှာလည်း အမှုန်အမွှားများ အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ် သွားရတော့သည်။

ကီဖုန်း ပျောက်ကွယ်သွားရာ နောက်ဘက်၌ ပုံသဏ္ဌာန် တစ်ခုအား မြင်တွေ့ရပြီး သူကား ကျန်ကျောင်း ဖြစ်သည်။ သူက ဓားပန်းချီနှင့် ပေါင်းစပ်ပြီး သတ်ဖြတ်ခြင်းကို အလွန်မြန်ဆန်စွာ လုပ်ဆောင်နိုင်ခဲ့၏။

ကျန်ကျောင်းသည်လည်း မသက်သာပါ။ ပြင်းထန်သော လျှပ်စီး မုန်တိုင်းများအား ဖြတ်သန်းခဲ့ရသော သူသည်လည်း အတွင်း ဒဏ်ရာများကြောင့် ပါးစပ်မှ သွေးများ ယိုစီးကျနေသည်။

သို့သော် တစ်ဖက်တွင် ကျိရှမ်းကမ်းပါးမှ ကီဖုန်းကား ပျက်စီး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကျန်ကျောင်းက ကီဖုန်း ချန်ထားရစ်ခဲ့သော သုံးခွမှိန်းရတနာအား ဆုပ်ကိုင်လိုက်၏။

ယနေ့တိုက်ပွဲတွင် တော်ဝင်ကျဲနန်းတော်က ကျိရှမ်းကမ်းပါးမှ လူများအား အမြုတ်ဖြုတ် သုတ်သင်ရန်သာမက သူတို့၏ တော်ဝင် ရတနာများကိုပါ အပိုင်စီး သိမ်းဆည်းရန် ရည်ရွယ်ချက် ရှိပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset