အပိုင်း (၉၄၃)

သွေးကြွေး ပြန်တောင်းခြင်း

တော်ဝင်ကျဲ နန်းတော်၏ ဘေး၌ ယန်ဟောင်ကား ကောင်းကင်ဝင်္ကပါ၌ အဆုံးမဲ့ဓားကို ကိုင်စွဲကာ ဝှေ့ယမ်း တိုက်ခိုက်နေသည်။ သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကား ရှန့်ထိုအဆင့် အောက်၌ အမြင့်ဆုံးတွင် ရှိသည်။

ပိုဆိုးသည်ကား ယန်ဟောင်မှာ တစ်ဖက်လူများ အပေါ် ကြီးစွာ မုန်းတီးနေခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုတိုင်းသည် သနားငဲ့ညှာခြင်း ကင်းမဲ့ရကား တစ်ဖက်လူများ အတွက် ကမ္ဘာပျက်နေသလို ထင်မှတ် ရလေ၏။

“ဝင်္ကပါတည်ကြ…” ကီဖုန်းက ကျန်းကျောင်း၏ ဝင်္ကပါနှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် သူ့လူများအား သတိပေးရန် မမေ့လျော့ပေ။ ကျန်ကျောင်းနှင့် သူ့လူများက တော်ဝင် ရတနာဓားဖြင့် ပူးပေါင်း တိုက်ခိုက်ရာတွင် မည်သူကမှ သူတို့အား တားဆီးနိုင်စွမ်း မရှိပေ။ ယခု သူ့တွင် တော်ဝင်ရတနာဓား မရှိသည့်တိုင် တော်ဝင် ရတနာအား ကိုင်စွဲ တိုက်ခိုက်နေသာ ကီဖုန်းအား ကောင်းကောင်း ယှဉ်နိုင်သည်။

ကျိရှမ်းကမ်းပါး ရှီတန်ခိုးရှင်များက အရှုပ်အထွေးကြားထဲ မပြန့်ကျဲစေဘဲ သူတို့၏တိုက်ခိုက်ရေး ဝင်္ကပါများအား စတင် ဖွဲ့စည်းကြသည်။

ဂါး…

ယန်ဟောင်၏ မာန်သွင်းသံသည် ကောင်းကင်တစ်ခွင်သို့ မြည်ဟည်းသွားသည်။ သူ၏ ရွှေရောင် ခန္ဓာကိုယ်မှာ ပိုမို ကြီးမားလာခဲ့၏။ ခြေတစ်လှမ်းက အနီးမှ လေထုအား တုန်ခါစေသည်။ သူ၏လက်ထဲမှ အဆုံးမဲ့ဓားမှာလည်း ကြီးမား ရှည်လျားလာခဲ့၏။ ယန်ဟောင်က ဝူလျန်အဆုံးမဲ့ လောကဓာတ်ကို မကျွမ်းကျင်သော်လည်း ဓားကိုယ်တိုင်၌ အဆုံးအစမဲ့သော စွမ်းအားများ ခိုအောင်း နေပေသည်။

ကောင်းကင် တစ်ခုလုံး ပိတ်မိုးကာ ဆင်းသက်လာသော အဆုံးမဲ့ဓားအား ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များ ခံစားကြရသည်။ တော်ဝင် ရတနာများအား ကိုင်စွဲထားသော ထိပ်သီး ကွန်းရှီများပင် ထိုတိုက်ခိုက်မှုများအား ခုခံနိုင်မည် မဟုတ်ပေ။

တဝုန်းဝုန်း မြည်ဟည်းသံများနှင့် အတူ နောက်ထပ် တန်ခိုးရှင် တစ်စုမှာ အပိုင်းအပိုင်း အစစအဖြစ် ပြောင်းလဲ သွားရသည်။

ကျိရှမ်းကမ်းပါး တောင်ထိပ် တစ်နေရာ၌ တန်ခိုးရှင် တစ်စုက ဝင်္ကပါတစ်ခုအား ပြင်ဆင် နေကြသည်။ ဦးဆောင်သူကား ငွေရောင် ဆံပင်ရှည်များဖြင့် အဘိုးအို တစ်ယောက်ဖြစ်သည်။ သူသည်လည်း ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တစ်ယောက် ဖြစ်၏။

သူ့အား ဗဟိုတည်၍ အဆုံးမဲ့သော စိတ်စွမ်းအားများ စုစည်းလာခဲ့ကာ ကျိရှမ်းကမ်းပါး၏ တော်ဝင် ရတနာများထဲမှ တစ်ခုအား သူကိုယ်တိုင် ကိုင်စွဲထား၏။ ကြောက်မက်ဖွယ် ကိုယ်ရောင် ကိုယ်ဝါများ သူ့ထံမှ ထွက်ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်အား ရိုက်ခတ် လာခဲ့၏။

မကြာခင် ပတ်ဝန်းကျင်၌ ကျောက်သား ကျောက်ဆောင်များ ဖြစ်ပေါ်လာခဲ့ကာ နန်းတော်နှင့် အဆောက်အဦများအား ကာကွယ် သွားသည်။ ရှီတန်ခိုးရှင်များက တိုက်ခိုက်နေစဉ် နိုဘယ်များမူကား ဘာမှ မလုပ်နိုင်ပေ။ သူက ထိုလူများအား ကျိရှမ်းကမ်းပါး၏ တိုက်ပွဲနေရာနှင့် သီးခြား ဖြစ်စေကာ အကာအကွယ် များပေး၏။

“မြေကမ္ဘာ အစောင့်အရှောက်…” အဘိုးအိုက ရေရွတ်သည်။

သူ၏ ကိုယ်ရောင် ကိုယ်ဝါမှာ ကြောက်မက်ဖွယ် ကောင်းပေသည်။ ယန်ဟောင်က သူ့အား တစ်ချက် လှမ်းကြည့်ကာ သူ့ထံသို့ မြန်ဆန်စွာ လှမ်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ပတ်ပတ်လည်၌ ဧရာမသားရဲကြီးများ အဆက်မပြတ် ပေါ်လာခဲ့သည်။ နဂါးနက်ကြီးက မာန်ဖီလျှင် ဧရာမရေမြွေကြီးက အနက်ရောင် အငွေ့များ မှုတ်ထုတ်ပြီး လိပ်နက်ကြီးက ရေခဲစွမ်းအားများဖြင့် ရိုက်ခတ်စေသည်။ တခြားသော ထိပ်သီး သားရဲများကလည်း တိုက်ပွဲထဲသို့ ဝင်ပါကြ၏။

ရီဖူရှင်းကား တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များသာ ခေါ်လာသည် မဟုတ်ဘဲ၊ စွမ်းအားမြင့် သားရဲများအားလည်း ခေါ်ဆောင် လာခဲ့သည်။ တော်ဝင်ကျဲ နန်းတော်ကား သားရဲများကို ထိန်းချုပ်ရာတွင်လည်း ကျွမ်းကျင် ကြပေသည်။

“လူသား အစောင့်အရှောက်…” အဘိုးအိုက ရေရွတ်သည်တွင် ကျောက်ဘီလူး များစွာ ဖြစ်ပေါ်လာပြီး ကျိရှမ်းကမ်းပါးအား ကာကွယ်ကြသည်။

ဘုန်း…

ယန်ဟောင်က ရှေ့သို့ ပြေးလာလျှင် မြေငလျင်များ လှုပ်သည့်အတိုင်း ကမ္ဘာမြေက တုန်ခါသည်။ ယန်ဟောင်က ကောင်းကင်ဝင်္ကပါအား အတူခေါ်ဆောင် လာခဲ့ကာ သူနှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လျှင် ငွေဆံရှည် အဘိုးအိုက သူ၏ စိတ်စွမ်းအားကို အဆုံးစွန်အထိ မြှင့်တင် လိုက်သည်။ ကောင်းကင်တွင် ကြောက်မက်ဖွယ် မုန်တိုင်းများ ဖြစ်ပေါ်လာပြီး နတ်ဘုရား အလင်းများ တောက်ပလာခဲ့သည်။ ကောင်းကင်မှ ဆင့်ခေါ် သောကြောင့် ထင်၏ … နတ်ဘုရားအလား သဏ္ဌာန်တစ်ခု မုန်တိုင်းများထဲမှ ဖြစ်တည် လာခဲ့သည်။

“ကောင်းကင် အစောင့်အရှောက်…” အဘိုးအို၏ အသံနှင့်အတူ ဆင့်ခေါ်နတ်ဘုရား သဏ္ဌာန်က ရောင်စဉ်များ တလက်လက် တောက်ပလာခဲ့သည်။

အဘိုးအို၏ မျက်လုံးများ ညိုမှိုင်းသွားခဲ့သည်။ ကောင်းကင် အစောင့်အရှောက်၏ မျက်လုံးများလည်း ပွင့်လာခဲ့သည်။ အဘိုးအိုသည် သူ၏လက်ကို ဆန့်တန်းလိုက်လျှင် ကျိရှမ်းကမ်းပါးမှ အလင်းတန်းတစ်ခု လေထုကို ခွင်းကာ ကောင်းကင် အစောင့်အရှောက် ထံသို့ ရောက်လာသည်။ သူ၏လက်ထဲတွင် တော်ဝင်ရတနာ တူတစ်လက် ဖြစ်ပေါ်လာ၏။

“အိုး…” ရီဖူရှင်းက ကြီးမြတ်သော ရောင်စဉ်များ လင်းလက်နေသော နတ်ဘုရားအလား သဏ္ဌာန်အား ကြည့်သည်။ ကျိရှမ်းကမ်းပါးကား ယွီပြည်နယ်တွင် နံပါတ်တစ် တော်ဝင်မြေ ဖြစ်သည်။ သူတို့က ကျောက်ပြည်ထောင်နှင့် ယှဉ်လျှင် အင်အား နည်းသော်လည်း ရီဖူရှင်းက သူတို့အား လျှော့မတွက်ပေ။ မဟုတ်လျှင် သူက သားရဲများအား ခေါ်ဆောင်လာခဲ့မည် မဟုတ်ပေ။

ထိုအခိုက်တွင် ကောင်းကင် အစောင့်အရှောက်မှ သူ၏ရတနာတူအား ဝှေ့ယမ်းလျက် ယန်ဟောင်အား ရင်ဆိုင် တိုက်ခိုက်သည်။ ယန်ဟောင်ကလည်း ရှောင်တိမ်းခြင်း မပြုပေ။ ဝင်္ကပါမှ စွမ်းအားများ သူ့ထံသို့ အဆက်မပြတ် စီးဆင်းစေလျက် သူကလည်း အဆုံးမဲ့ဓားဖြင့် ပြင်းထန်စွာ တိုက်ခိုက်သည်။ ရတနာနှစ်ခု ရင်ဆိုင်မိလျှင် နတ်ဘုရား အလင်းများ ဘေးပတ်ပတ်လည်သို့ ဖြာထွက် သွားသည်။ ပေတစ်ရာ ပတ်လည်မှာ ပြင်းထန်သော အားလှိုင်း၏ ရိုက်ခတ်မှုကြောင့် တဝုန်းဝုန်း ပြိုလဲကြ၏။

ကျိရှမ်းကမ်းပါး အပြင်ဘက်တွင် တိုက်ပွဲ ဖြစ်ပွားနေသည်ကို သတိထားမိကြသော တန်ခိုးရှင်များ အများအပြား လာရောက် ကြည့်ရှုကြသည်။ ပြင်းထန်သော တိုက်ပွဲများ တွေ့မြင်ကာ သူတို့အားလုံး စိတ်လှုပ်ရှား ကြသည်။ လာရောက် တိုက်ခိုက်သူများကား မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်မှ ဖြစ်ကြသည်။ ယခု ကျိရှမ်းကမ်းပါးကား အမှန်တကယ် သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့ နေရသည်။

ရီဖူရှင်းဘေးမှ ဓားသခင် ရှေ့သို့ တက်သွားလျှင် သူ၏လက်ထဲ၌ မိစ္ဆာဓား ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာစွမ်းအားများ ဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်သို့ စီးဆင်း လာကြတော့သည်။

ချက်ချင်းပင် ဓားသခင်၏ ကိုယ်ရောင် ကိုယ်ဝါကပင် ပြောင်းလဲသွားဟန် ရသည်။ သူ၏ မျက်လုံးများကပင် မှော်နက်အရောင်များ လင်းလက်နေပြီး သူ၏ စိတ်အသိက ဓားနှင့်လုံးဝ ပေါင်းစပ် သွားခဲ့သည်။

သူကား သည်ဓားကို ကိုင်ကာ ခွန်ယိုအား ယှဉ်ပြိုင် တိုက်ခိုက်ဖူးသည်။ ထိုစဉ်က သူကား ရှီအဆင့်မျှသာ ရှိသေးပြီး ယခု သူ၏အဆင့်မှာ ကွန်းရှီဖြစ်သည်။ ယခု သူ ထုတ်လွှတ်နိုင်သော စွမ်းအားမှာ ယခင်ထက် များစွာ အားကောင်း လာခဲ့သည်။

ကျိရှမ်းကမ်းပါး ကောင်းကင်၌ အနက်ရောင် အငွေ့တန်းတစ်ခု မြန်ဆန်စွာ လှုပ်ရှား သွားသည်ကိုသာ မြင်ကြရပြီး ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက်က မြေပြင်ပေါ်သို့ ကျသည်။ ထိပ်သီး တန်ခိုးရှင်များမှာ ထိုမြင်ကွင်းအား ကြည့်လျက် ကြီးစွာ ထိတ်လန့် ကြရသည်။ သူတို့အားလုံးမှာ ထိုကြောက်မက်ဖွယ် ကောင်းသော ဓားပညာအား ကြည့်ပြီး မှင်တက် နေကြ၏။

စစ်မှန်သော တိုက်ပွဲများမှာ အရေအတွက်နှင့် မသက်ဆိုင်ပေ။ တန်ခိုးရှင် လောက၌ မြင့်မားသော တန်ခိုးစွမ်းရည်က အရာခပ်သိမ်းကို ကျော်လွှား နိုင်ပေသည်။ ယခု ဓားသခင်အား တားဆီးနိုင်သူ မရှိပေ။

တိုက်ပွဲဝင်္ကပါများနှင့် ရင်ဆိုင်နေရသော ကီဖုန်းနှင့် နေ့ရန်တို့မှာလည်း ဓားသခင်ဘက်သို့ အာရုံမရောက်နိုင်ပေ။ ထို့အပြင် ကျိရှမ်းကမ်းပါး၏ နံပါတ်တစ် ရှီတန်ခိုးရှင်ခွန်ယိုမှာ ယခု ကျိရှမ်းကမ်းပါး၌ မရှိပေ။

ကောင်းကင် အစောင့်အရှောက် များအား ဆင့်ခေါ်နိုင်သော အဘိုးအိုမှာ အလွန် အားကောင်း ပေသည်။ သူက ယန်ဟောင်အား အပြင်းထန် ခုခံတိုက်ခိုက် နေ၏။

ကီဖုန်းမှာလည်း ကျန်ကျောင်းတို့နှင့် တိုက်ခိုက်နေသည်။ သူတို့အကြား တိုက်ပွဲမှာ ပြင်းထန်လွန်းရကား အမှားပြုသူက သေပွဲဝင်ရမည်မှာ မုချဖြစ်သည်။

နေ့ရန်ကိုကား ရေခဲနန်းတော် သခင်မ ယွန်ရှင်း၊ ဟောင်စီတို့က ရင်ဆိုင် တိုက်ခိုက်နေကြသည်။ သူတို့အပြင် ယူစီ၊ ကျူးကော့ချန်းဖန်နှင့် တခြား ထိပ်သီးသားရဲများ ကလည်း တိုက်ပွဲမြေပြင်၌ ပြင်းထန်စွာ တိုက်ခိုက် နေကြ၏။

ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များ သွေးလွှမ်းသော တိုက်ပွဲအား ဆင်နွှဲနေကြစဉ် တိုက်ပွဲ အပြင်ဘက်၌ မလှုပ်ရှားရသေးသော လူတစ်စုလည်း ရှိပေသည်။ သူတို့အားလုံးမှာ ကျိရှမ်းကမ်းပါး၏ လူကြီးမျိုးဆက်များ ဖြစ်ကြပြီး ရီဖူရှင်းအား အကဲခတ် နေကြသည်။

ပုံမှန်အားဖြင့် ရီဖူရှင်းလည်း ထိုလူများအား သတိထားမိပေသည်။ သူတို့၏ ရည်ရွယ်ချက်မှာ မိမိကို ဖြစ်ရပေမည်။ သူတို့က တော်ဝင်ကျဲ နန်းတော်သခင်အား သတ်ဖြတ်နိုင်လျှင် အရာအားလုံး အဆုံးသတ် သွားပေလိမ့်မည်။

သို့သော်လည်း ရီဖူရှင်းက ဘာမှ သတိမထားမိသလို ပြုမူသည်။ သူက လေထဲတွင်ပင် ထိုင်လိုက်လျှင် ရှေ့၌ ကု့ချင်းတစ်လက် ပေါ်လာ၏။ သူက ခေါင်းငုံ့ကာ ကု့ချင်းအား စတင်တီးခတ်၏။ မကြာမီ စစ်မြေပြင်၌ သံစဉ်တစ်ခုအား ကြားကြရတော့သည်။

သံစဉ်ကား ဒေါသမုန်တိုင်းများ ရိုက်ခတ်နေပြီး တစ်ဖက်တွင် အဆုံးအစမဲ့သော ဝမ်းနည်း ပူဆွေးမှုများ ကပ်ငြိနေသည်။ ရုန့်ရင်းကြမ်းတမ်းမှု၊ နာကျင် ကြေကွဲမှုများမှာ စစ်မြေပြင်၏ အထင်ဟပ်ဆုံး စိတ်ခံစားချက်များ ဖြစ်သည်။

တော်ဝင်ကျဲ နန်းတော်နှင့် နဂါးပတ်တောင်တို့မှ အဖြစ်အပျက်မျာအား ပြန်အမှတ်ရမိရင်း ရီဖူရှင်းက ကု့ချင်းကြိုးများအား တီးခတ်သည်။ သူ၏ အတွေးများသည် သံစဉ်များအဖြစ် ပြောင်းလဲပြီး ယန်ဟောင်၊ ဓားမိစ္ဆာနှင့် တခြား လူများ၏စိတ်ကို ပိုမိုတက်ကြွကာ ဒေါမာန်များ ထစေသည်။ သူတို့အားလုံး မှာလည်း ရီဖူရှင်းနှင့် ထပ်တူသော ခံစားချက်များအား ရကြသည်။

ယနေ့တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့အပေါ် တင်နေသော ကျိရှမ်းကမ်းပါး၏ အကြွေးများအား ပြန်ပေးဆပ် စေရပေမည်။ တော်ဝင်မြေသုံးခုက ပူးပေါင်းကာ တော်ဝင်ကျဲ နန်းတော်အား မဖယ်ရှားမီ သူတို့အား ပြန်လည်၍ သွေးစွန်း စေမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset