အပိုင်း (၉၃၈)

အဓိက အကြောင်းအရာ

မှန်နန်းတော်သခင်မကား ပိုမို၍ပင် စိတ်ဝင်စားလာခဲ့၏။ သူမက ရီဖူရှင်းအား ပြုံးလျက်ပြောသည်…

“ငါ အထက်ဘုံသို့ မသွားခဲ့ဘူး၊ မင်းလုပ်ခဲ့တာတွေ ဘာလို့ ငါ့ကို မပြောတလဲ။”

ရီဖူရှင်းက မှန်နန်းတော်သခင်မအား ကြည့်သည်။ သူမသည် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ဖြစ်သော်လည်း အရွယ်မှာ (၃၀) ပင် ပြည့်ပုံမရသေး။ ငယ်ရွယ်ခြင်း၊ ချောမောခြင်းများနှင့် ကျက်သရေ အပေါင်းတို့ဖြင့် ပြည့်စုံခြင်းတို့ကြောင့် သူမကား လူအများတို့၏ စိတ်ကို သက်ဝင် ကြည်နူးစေ၏။ ယခု သူမ၏အပြုံးနှင့် ဟန်ပန်အမူအရာများမှာ သူမသည် ရှန့်ထိုအဆင့်ဟုပင် ပြောရခက်အောင် ချစ်စဖွယ် ကောင်းနေ၏။ မှန်၏၊ သူမ၏ ဂုဏ်ကျက်သရေမှာ ထိုအပြုံးကြောင့် ပိုမိုလင်းလက်ရ၏။

ရီဖူရှင်းက သူ၏နဖူးကို ပွတ်ကာ ပြောသည်…

“ဒါက ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော် အထက်ဘုံသို့ တက်ပြီး ကျူးထန် နန်းတော်ကိုးလွှာမှာ တိုက်ခိုက်ခဲ့ပြီးတော့ မင်းသမီး ရှားရှင်းယွန်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ရုံပါပဲ။ ဒါက သခင်မကို ပြောဖို့တောင် မတန်ပါဘူး။”

မှန်နန်းတော်သခင်မမှာ မှင်တက်သွား၏။ သူမသည် ကျူးထန်နန်းတော်ကို မည်သို့ မသိဘဲ နေမည်နည်း။ သူမ၏ လှပသော မျက်လုံးဝိုင်းများထဲ၌ ထူးဆန်းသော အရိပ်အငွေ့များ ယှက်သန်း လာခဲ့ကာ ရီဖူရှင်းအား ပြုံးလျက်ကြည့်သည်။

“ရှန့်ထိုရှားကိုယ်တိုင် ရောက်လာခဲ့တာ မထူးဆန်းတော့ဘူး”

ထို့နောက် သူမ၏ အကြည့်အား တစ်ဘက်သို့ လွှဲသွားသည်။ သူမသိလိုသည်များ သိခဲ့ပြီးဖြစ်ရာ နောက်ထပ် မေးရန် မလိုအပ်တော့။

နတ်မိမယ်ချိန်နီသည် သူမဆရာ၏ မျက်နှာပေါ်မှ ထူးဆန်းသော အမူအရာအား သတိထားမိ၏။ မှန်နန်းတော် သခင်မက ရီဖူရှင်းအား ပြုံးပြသည်ကိုလည်း သူမ သတိထားမိ လိုက်၏။ ထိုအပြုံးသည် သာမန် ယဥ်ကျေးမှုဖြင့် ပြုသော အပြုံးမဟုတ်ချေ။

သူမ၏ဆရာ ဘာဖြစ်နေသနည်း။ သူမက အမှန်တကယ် ရီဖူရှင်းနှင့် ကလူကျီစယ် နေသည်လား။

နတ်မိမယ်ချိန်နီ သတိထားမိလျှင် ဟွာဂျီယူလည်း သတိထားမိပေ၏။ သူမက ရီဖူရှင်း၏ ပခုံး၌ မှီကာ ပြုံးလျက်ပြောသည်…

“နင်က ကိုယ်လုပ်တော် တစ်ယောက်ယူဖို့ အစီအစဥ် လုပ်နေပြီမလား။ “

ရီဖူရှင်း ပခုံးတွန့်လိုက်ကာ သူမ၏ လက်အား ကိုင်လိုက်သည်…

“မင်း ဘာကို ပြောနေတာလဲ။ ငါက မှန်နန်းတော်သခင်မနဲ့ စကားနည်းနည်း ပြောတာပဲ ရှိတာ။”

“စိတ်မပူပါနဲ့၊ ငါက ငါ့ယောကျ်ားကို ထောက်ခံရမှာပေါ့။”

ဟွာဂျီယူ၏မျက်နှာ၌ ဖူးပွင့်လာသော အပြုံးတို့ကား နားလည်ရခက်ပေသည်။

ရီဖူရှင်း၏ လေသံမှာ ပြောင်းလဲခြင်းမရှိပေ…

“ဒါ နားလည်မှု လွဲတာလို့ထင်တယ်…ဂျီယူ။”

“ငါ သဘောတူ ထားပြီးသားပဲ။ ဒါတောင် နင် မရဲဘူးလား။ နင့်နှလုံးက သူခိုးစိတ်ရှိပြီး တကယ်တမ်း ကျတော့ သတ္တိလည်း မရှိဘူး။” ဟွာဂျီယူက အထင်သေးဟန်ဖြင့် ပြောသည်။

“ဒါပေမယ့်… “ရီဖူရှင်းကား ဆွံ့အရ၏။ သူ သည်းမခံနိုင်တော့… “နောင်တမရနဲ့… “ရီဖူရှင်း စိတ်တိုလေပြီ။

“ဟွန့်… “

ဟွာဂျီယူက နှခေါင်းရှုံ့၏။

အကယ်၍ ရှန့်ထိုများသာ သည်စုံတွဲ ဘာပြောနေသည်ကို သိမည်ဆိုပါက သူတို့ မည်သို့ တွေးထင်မည် မသိပေ။ ရီဖူရှင်းတို့ ပြောနေသည့် အကြောင်းမှာ ကျောက်ပြည်ထောင် ဘုရင်၏ အိပ်မက် နတ်သမီးဖြစ်သော မှန်နန်းတော် သခင်မဖြစ်၏။

ထိုအခိုက်တွင် ကောင်းကင်၌ လှပဆန်းပြားသော အရောင်များနှင့်အတူ ဖီးနစ်ငှက် အော်သံတစ်ခု ကြားကြရသည်။ နဂါးနှင့် ဖီးနစ်တို့ အတူ အော်မြည်သည်တွင် ရှီဟွာတောင်ကား တုန်ခါလေ၏။ လူတိုင်းက အပေါ်သို့ မော့ကြည့်လျှင် တိမ်များအကြား ရွှေရောင်များ တလက်လက် ထနေသော နဂါးတစ်ကောင်အား မြင်ကြ၏။ နဂါးက ကောင်းကင်တွင် လှပသော ရောင်စဥ်များ ဖြစ်ပေါ်စေလျက် ကခုန်နေသည်။ တခြားတစ်ဘက်တွင် ရွှေရောင်ဖီးနစ် တစ်ကောင် ဆင်းသက်လာ၏။ ကောင်းကင်မှာ ထိုအခိုက်အတန့်၌ ရောင်စုံများ လင်းလက်နေသည်။ နဂါးနှင့် ဖီးနစ်တို့ နောက်၌ မူကား ရာထောင်ချီသော ရောင်စုံငှက်များ ပျံသန်းလာကြသည်။

ထိုလှပသော မြင်ကွင်းတွင် ရှီဟွာတောင်မှ လူအများ၏ နှလုံးတို့ လှုပ်ယမ်းကြ၏။ လက်ထပ်ပွဲကား အမှန်တကယ်ပင် ရှီဟွာတောင် ဆက်ခံသူ လျူကျောင်းနှင့် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်၏ သမီးတော် ကျောက်စီရီတို့၏ ထိမ်းမြား လက်ထပ်ပွဲဖြစ်ပေသည်။

နဂါးနှင့်ဖီးနစ်တို့ ကခုန်သလို ထိုသတ္တဝါဆန်းတို့၏ ဦးခေါင်းထက်၌လည်း လျူကျောင်းနှင့် ကျောက်စီရီတို့ ပေါ်လာကြ၏။ ကျောက်စီရီကား ရွှေဖီးနစ်ပေါ်၌ ရပ်နေ၏။ သူမက ဖီးနစ်သရဖူကို ဝတ်ဆင်ထားကာ အကောင်းဆုံးသော ပိုးဖဲတို့ဖြင့် တန်ဆာဆင်အပ်သော မင်္ဂလာဝတ်စုံအား ဝတ်ဆင်ထား၏။ ထိုအခိုက်တွင် သူမသည် သာမန် အချိန်များထက် သုံးဆခန့်ပင် ပိုမို လှပနေတော့သည်။

ကျောက်စီရီ၏ ကြယ်ပွင့်ကဲ့သို့ မျက်လုံးများမှာ အပြုံးတို့ဖြင့် ပိုမို လင်းလက်နေဟန်ရ၏။ သူမကား လျူကျောင်းအပေါ်တွင် အချိန်ကြာမြင့်စွာ မေတ္တာ သက်ဝင်ခဲ့သူဖြစ်ရာ ယခုကား သူမ ချစ်ခင်နှစ်သက်သူနှင့် ထိမ်းမြား လက်ထပ်ခြင်း အချိန်အခါဖြစ်သည်။ သူမ မည်သို့ မပျော်ဘဲ နေမည်နည်း။

ယနေ့ပြီးလျှင် သူမကား လျူကျောင်း၏ ဇနီးဖြစ်ပေတော့မည်။

ပြည်နယ်ကိုးခုမှ ပုဂ္ဂိုလ်ကြီး အများအပြားတို့က ကိုယ်တိုင် လာရောက်ခဲ့ကြ၏။ ပြည်နယ်ကိုးခု၌ ဤသို့သော လက်ထပ်ပွဲ နောက်တစ်ခု ရှိရန် ခက်ခဲပေမည်။ သူမ၏ စိတ်ကျေနပ်မှုမှာ အမြင့်ဆုံး၌ ရှိ၏။

ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ ကျောက်စီရီ၏ ပျော်ရွှင်နေသော မျက်နှာအားမြင်ပြီး သူမပေါ် ကရုဏာ သက်ရမည်လော ဝမ်းသာရမည်လော မသိတော့ပေ။ ကျောက်ပြည်ထောင်၏ မင်းသမီးတစ်ပါး အနေဖြင့် ကျောက်စီရီကား မောက်မာကာ ရိုင်းစိုင်းပေသည်။ လျူကျောင်းက သူမအား မည်သို့ သဘောကျမည်နည်း။ သူမမှာ လျူကျောင်းအတွက် အသုံးတော်ခံ တစ်ခုသာ ဖြစ်၏။ ကျောက်စီရီမှာ သူမ၏ ပြီးပြည့်စုံသော လက်တွဲဖော်အား ရှာဖွေတွေ့ရှိခဲ့ပြီဟု တွေးထင် နေသော်လည်း သူမနှင့် အိပ်ရာတစ်ခုတည်း အိပ်မည့် ယောက်ျားမှာ မည်သို့သောသူ ဖြစ်သည်ကို သိဟန်မတူ။

လျူကျောင်းက ကျောက်ပြည်ထောင်မှ တန်ခိုးရှင်များ၊ ရှီဟွာတောင်မှ တန်ခိုးရှင်များနှင့် စစ်တုရင်ရှန့်ထို၏ တပည့်များအား စတေးခဲ့ခြင်းများကို ပြန်တွေးမည်ဆိုလျှင် လျူကျောင်းကား သူ၏ ရည်မှန်းချက် ပြည့်မီရန် ဘာမဆိုလုပ်မည့် သူမျိုးဖြစ်ကြောင်း သိနိုင်ပေသည်။ သို့သော်လည်း လက်ရှိအချိန်ကား ကျောက်စီရီအတွက် အခမ်းနားဆုံးသော အခိုက်အတန့် တစ်ခုသာ ဖြစ်ပေသည်။

“ဂျီယူ… ဒီလက်ထပ်ပွဲနဲ့ ယှဥ်ရင် ငါတို့ရဲ့လက်ထပ်ပွဲက တော်တော် သေးနုတ်တာပဲ၊ တကယ်လို့ ငါတို့မှာ အခွင့်အရေးရှိခဲ့ရင် ထပ်လုပ်ကြမယ်။ “ရီဖူရှင်းက သူမ၏လက်အား ဆုပ်ကိုင်ကာ ပြောသည်။ ချင်းကျူကျောင်းတော်၌ သည်မိန်းမလှ ကလေးက သူနှင့် လက်တွဲ ကတည်းက သူတို့မှာ အခက်အခဲများအား အတူတူ ဖြတ်ကျော်ခဲ့ကြပြီး အဆိုးအကောင်း များကို မျှဝေခဲ့ကြ၏။ ယခု လျူကျောင်းနှင့် ကျောက်စီရီတို့၏ လက်ထပ်ပွဲ ခမ်းနားပုံကိုမြင်လျှင် ရီဖူရှင်းမှာ ဂျီယူအတွက် စိတ်မကောင်း ဖြစ်ရသည်။

ဟွာဂျီယူက ရီဖူရှင်း၏ စိတ်ခံစားချက်ကို နားလည်သည်။ သူမက လှပစွာ ပြုံးလျက် ပြောသည်…

“အဲဒီတုန်းက… နင်က နိုဘယ်အဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ မြေရိုင်းပြည်နယ်က ထိပ်သီး တန်ခိုးရှင်တွေ အကုန်လုံး ငါတို့လက်ထပ်ပွဲသို့ လာရောက် ဂုဏ်ပြုခဲ့ကြတယ်။ ဒါက ဘယ်လို သေးနုတ်စရာ ဖြစ်မှာလဲ။ အဲ့ဒီလက်ထပ်ပွဲက ငါ့ဘဝမှာ စိတ်ကျေနပ်စရာ အကောင်းဆုံးထဲက တစ်ခုပဲ။”

“ဒါပေမဲ့ မင်းက ဒီထက် ပိုထိုက်တန်တယ်။ “ရီဖူရှင်းက ပြုံးသည်။

“ဒါပေမဲ့ ကျောက်စီရီက ကျောက်ပြည်ထောင်ရဲ့ မင်းသမီးပဲ။ “ဟွာဂျီယူက ရီဖူရှင်းအား ကြည့်သည်။ သူကလည်း သည့်ထက် ပိုမို ထိုက်တန်ပေသည်။

“မင်း ဘာကို စဥ်းစားနေတာလဲ။ “ရီဖူရှင်းက သူမ၏ လက်အား အသာ လှုပ်ယမ်းကာ ပြော၏။

“နင် ကိုယ်လုပ်တော် တစ်ယောက် ယူတဲ့အခါ သူမက ကျောက်စီရီထက် နိမ့်ကျမှာ မဟုတ်တဲ့ အကြောင်း ငါတွေးနေတာ။ ဒီနည်းနဲ့ ငါလည်း နည်းနည်း မျက်နှာရတာပေါ့။” သူမက ပြုံးလျက် ပြောသည်။ ရီဖူရှင်းမှာ ဆွံ့အသွားပြီးမှ ခေါင်းယမ်းသည်။

နဂါးနှင့်ဖီးနစ်တို့ အခန်းအနား စင်မြင့်ထက်သို့ ရောက်လာကြ၏။ လျူကျောင်းနှင့် ကျောက်စီရီတို့က အချင်းချင်း မျက်နှာချင်း ဆိုင်ကြည့်ကာ တစ်ယောက်ထံသို့ တစ်ယောက် လျှောက်လာခဲ့ကြ၏။ နဂါးနှင့်ဖီးနစ်တို့ ခေါင်းချင်းဆိုင်မိသလို သူတို့ နှစ်ယောက်ကလည်း လက်ချင်း ယှက်လိုက် ကြသည်။ ကျောက်စီရီက လျူကျောင်းအား ချစ်ခုံ စုံမက်သော မျက်လုံးများဖြင့် ကြည့်၏။

“မိန်းမ… “လျူကျောင်းက ပြုံးလျက်ပြောသည်။

ကျောက်စီရီက ရှက်သွေးဖြန်းသော အမူအရာဖြင့် ခေါင်းညိတ်ကာ တီးတိုးပြောသည်… “ယောက်ျား… “

သူတို့နှစ်ယောက် ထိုသို့ပြောပြီးသည်တွင် နဂါးနှင့်ဖီးနစ်တို့က ကောင်းကင်သို့ ထိုးတက် သွားသည်။ သူတို့ နှစ်ယောက်လည်း စင်မြင့်ရှေ့သို့အထိ လျှောက်လာကြကာ ပရိသတ်တို့အား ဦးညွတ်ကြ၏။

“ဂုဏ်ပြုပါတယ်…. “ရှန့်ထိုရှားက ပြုံးလျက် ပြောသည်။ ချက်ချင်းပင် အားလုံးကလည်း ရယ်မောကာ ဂုဏ်ပြုစကားများ ပြောကြသည်။

ရှီဟွာတောင် ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ အခမ်းအနား စင်မြင့်ထ၌ ပေါ်လာကြသည်။ သူတို့က ထိုစုံတွဲ၏ ဘေးသို့ ရောက်လာကြ၏။ ရှီဟွာတောင်ရှန့်ထိုက လူအုပ်အားကြည့်ကာ ပြောသည်… “တော်ဝင်မြေတွေနဲ့ မိတ်ဆွေတွေ မင်္ဂလာပွဲသို့ တက်ရောက် လာကြတာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။ “

“ရပါတယ်၊ ဒီလို ပျော်စရာနေ့မျိုးကို ကျုပ်တို့ကလည်း ဘယ်လက်လွတ်ခံပါ့မလဲ။ “

တစ်ယောက်က ရယ်မော၍ ပြောသည်။

“ဒါဆိုလည်း ခင်ဗျားတို့အားလုံး မမူးရင် အိမ်မပြန်ရဘူး။ “ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက်ပြောသည်။

“မှန်တာပေါ့… “

“ကျုပ်ကလည်း ဒီအခွင့်အရေးကြုံလာတော့ နောက်တစ်ခု ကြေညာချင်ပါတယ်။ လျူကျောင်းရဲ့ ပါရမီက ထူးခြား ကောင်းမွန်တယ်။ အခု သူက ကွန်းရှီအဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီးတော့ မင်းသမီးကလည်း သူ့ကို ကောင်းကင် ရွေးချယ်သူအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်။ ကျုပ်တို့ ရှီဟွာတောင်က လျူကျောင်းကို ဆက်ခံသူ အဖြစ် သတ်မှတ် လိုက်တယ်။ အခုစပြီး သူဟာ ကျုပ်နေရာကို ဆက်ခံမည့်သူပဲ။ “ရှီဟွာတောင်ရှန့်ထိုက ပြောသည်။

သူ၏ စကားကိုကြားကာ အားလုံးမှာ စိတ်လှုပ်ရှားရသည်။ လျူကျောင်းမှာ ရှီဟွာတောင်တွင် ရှိသော တပည့်များထဲ အထူးချွန်ဆုံးဟု သတ်မှတ်ထားကြကာ လူအများမှာ သူသည် ဆက်ခံသူ ဖြစ်မည်ဟု ထင်မြင်ယူဆ ကြသော်လည်း အပြောင်းအလဲများ ရှိနိုင် သေးပေသည်။ သို့သော် ယခု ရှီဟွာတောင်ရှန့် ထိုကိုယ်တိုင်က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ရာ ယနေ့မှစ၍ လျူကျောင်းမှာ ရှီဟွာတောင်၏ ဆက်ခံသူအဖြစ် တရားဝင်ဖြစ်လာခဲ့၏။

“ဂုဏ်ပြုပါတယ်… “အားလုံးကလည်း ထပ်ပြောကြသည်။ သူတို့၏ မျက်လုံးများက လျူကျောင်းထံသို့ ရောက်လာကြ၏။ အထက်ဘုံသို့ ခရီးစဥ်၌ သူ၏ စွမ်းဆောင်ရည်ကား အမှန်တကယ် ကောင်းမွန်ခဲ့ပြီး ကံကောင်းမှုများလည်း ရှိခဲ့သည်။ ယခု ရှီဟွာတောင်တွင် သူနှင့် ပခုံးချင်း ယှဥ်နိုင်သူ မရှိတော့ပေ။

ခွပ်…

ရီဖူရှင်း၏ နောက်မှ ရန်ရှောင်တစ်ယောက် သူ၏ လက်သီးကို တင်းတင်းဆုပ်သည်။ သူ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေ၏။ သို့သော်လည်း သူကား ကောင်းမွန်စွာ ထိန်းချုပ် ထားနိုင်ဆဲဖြစ်သည်။

သူ၏ဇနီးနှင့် ညီအစ်ကို မောင်နှမမျာအား စတေးခဲ့သော လူကား ယခု အများစု၏ ဂုဏ်ပြု ချီးကျူးခြင်းကို ခံနေရသည်။ ထို့အပြင် လျူကျောင်းကား ကွန်းရှီအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကာ နောင်တွင် သူ့အား သတ်ရန် ပိုမို ခက်ခဲလာတော့မည် ဖြစ်၏။

ရီဖူရှင်းလည်း ထိုအသံကို ကြားကာ နောက်လှည့်ကြည့်ပြီး ပြောသည်.. “စီနီယာ… ကျုပ်တို့ ဒီကို လာတာ ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင်တို့ အခြေအနေကို လာရောက်လေ့လာတာပါ။ ကျုပ်က စီနီယာရဲ့ စိတ်ကို နားလည်ပါတယ်။ ဒါပေမဲ့ ဒီမှာ မဆင်မခြင် လုပ်လို့ မရဘူး”

“ကျုပ် နားလည်ပါတယ်။ “ရန်ရှောင်က ပြန်ပြောသည်။ စိတ်ရှည်ခြင်း၏ အကျိုးကျေးဇူးကို သူကောင်းကောင်း နားလည်ပေ၏။ ယခု သူလှုပ်ရှားလျှင် မည်သူ သေမည်နည်း။ ဤနေရာကား ရှီဟွာတောင် ဖြစ်၏။ သူက လှုပ်ရှားလိုက်လျှင် တစ်ဖက်လူများအတွက် အခွင့်အရေး ပေးသလိုပင် ဖြစ်သွားပေလိမ့်မည်။

“ပြီးတော့ ကျုပ်မှာ နောက်ထပ် ပြောစရာ တစ်ခုရှိသေးတယ်။ “ရှီဟွာတောင်ရှန့်ထိုက ပြောသည်။ သူက ရီဖူရှင်းထံသို့ ကြည့်ကာ ပြုံးလျက်ပြောသည်… “သခင်ရီလည်း ရောက်လာတာပဲ။”

“ခင်ဗျားက ကျုပ်ကို ဖိတ်မှတော့ ကျုပ်လည်း လာရတာပေါ့။ “ရီဖူရှင်းလည်း ပြုံးလျက် ခေါင်းညိတ်၏။ သူသည် မိတ်ဆွေဟောင်း တစ်ယောက်အား တွေ့ရသည့်အလား ယှဥ်ကျေးစွာ ပြန်နှုတ်ဆက်၏။

“သခင်ရီ ရောက်လာတာ ဝမ်းသာစရာပဲ။ ကျုပ်က သခင်ရီနဲ့ ဆွေးနွေးစရာ တစ်ခု ရှိတယ်။ “ရှီဟွာတောင်ရှန့်ထိုက ပြုံးလျှက်ပြောသည်။

“ဘာများလဲ… “ရီဖူရှင်းက မေးသည်။ သူကား နောက်ဆုံးတွင် ဆိုလိုရင်းသို့ ရောက်လာခဲ့ပြီ ဖြစ်၏။

အားလုံး၏ မျက်လုံးများကလည်း ရှီဟွာတောင်ရှန့်ထိုထံသို့ ရောက်လာကြသည်။

“ကျောက်ပြည်ထောင်နဲ့ တော်ဝင်ကျဲ နန်းတော်တို့အကြား တော်ဝင်စစ်ပွဲတစ်ခု ဖြစ်လာခဲ့ပြီး ဆုံးရှုံးမှုတွေ ကြီးမားခဲ့တယ်။ အခု ကျုပ်တို့ ရှီဟွာတောင်ရဲ့ လျူကျောင်းက ကျောက်ပြည်ထောင်က မင်းသမီး ကျောက်စီရီကို လက်ထပ် လိုက်တာ ဖြစ်လို့ သူက အခု ကျောက်ပြည်ထောင်ရဲ့ သားမက်တော် တစ်ပါးလို ပြောနိုင်တယ်။ ပဋိပက္ခတွေကို ရှောင်လွှဲဖို့ရာ ကျုပ်တို့ ရှီဟွာတောင်က ခင်ဗျားတို့အကြား ငြိမ်းချမ်းရေး သံတမန်အဖြစ် ဆောင်ရွက်လိုတယ်။ “ရှီဟွာတောင်ရှန့်ထိုက ရီဖူရှင်းအား ပြောသည်။

အားလုံး၏ မျက်လုံးများထဲ၌ ထူးဆန်းသော အမူအရာများ ဖြစ်လာကြ၏။ ငြိမ်းချမ်းရေး သံတမန်တဲ့လား။ ရှီဟွာတောင်သည် အမှန်တကယ် ထိုအင်အားစု နှစ်အခုအကြား ငြိမ်းချမ်းရေး သံတမန်အဖြစ် ဆောင်ရွက်လိုစိတ် ရှိပါသလော။

မည်သူကမှ မယုံကြည်သလို ရီဖူရှင်းလည်း မယုံပေ။

“စီနီယာက ဘာတွေ ညှိနှိုင်းပေးချင်ပါသလဲ။ “ရီဖူရှင်းက မေးသည်။

“ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ပိုဝါရင့်တော့ မင်းက လျှော့ပေးပြီး မရဏ ဝင်္ကပါ ဓားကို သူ့ဆီပေးအပ်ရင် မကောင်းဘူးလား။ ပြီးတော့ အားလုံးရှေ့မှာ မင်းရဲ့အမှားကို ဝန်ခံပြီးတော့ တောင်းပန်ရင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကလည်း ဒီကိစ္စကို ပြေငြိမ်း ပေးလိမ့်မယ်လို့ ကျုပ်ယူဆတယ်။ နန်းတော်သခင်ရီက ဘယ်လို တွေးထင်ပါသလဲ။ “ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက်ပြောသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset