တော်ဝင်မြေမှ လူများသည်လည်း နှစ်ရက် ကြိုတင် ရောက်ရှိ လာခဲ့ကြကာ ယာယီနန်းဆောင် အတွင်း၌ စတည်းချကြသည်။ သူတို့က နှိမ့်ချနေထိုင်ကြရာ လူအများအား သိပ်သတိမထား မိစေခဲ့ပေ။
ဟွာထျန်းမြို့ကား ရှီဟွာတောင်၏ ထိန်းချုပ်မှုအောက်တွင် ရှိကာ ယခု ရှီဟွာတောင်က ကျောက်ပြည်ထောင်နှင့် မဟာမိတ် ပြုတော့မည်ဖြစ်ရာ တောဝင်ကျဲ နန်းတော်က ငြိမ်သက်စွာ နေခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
သို့တိုင်အောင် ရီဖူရှင်းနှင့် သူ့လူများမှာ ထိုနေရာ၌ တည်ရှိကြောင်း မြို့မှလူများက မြန်ဆန်စွာပင် သတိထားမိခဲ့ကြ၏။ လတ်တလောတွင် သူနှင့်ပတ်သက်၍ လူအများအပြားက ပြောဆို ဆွေးနွေး နေခဲ့ကြ၏။ ရီဖူရှင်းသည် အထက်ဘုံသို့ သွားရောက် လေ့ကျင့်ရန် အခွင့်အရေးအား လွဲချော်ခဲ့ကြောင်း လူအများအပြားက ပြောဆို ဆွေးနွေးခဲ့ကြသည်။ ပြည်နယ်ကိုးခုမှ ထိပ်သီးပါရမီရှင် အတော်များများသည် ကောင်းကင် ရွေးချယ်သူများ ဖြစ်လာခဲ့ကြ၏။ အတိတ်မှ ရီဖူရှင်းနှင့် ယခု ရီဖူရှင်းတို့ တူညီ နိုင်ပါဦးမည်လား။ လူတစ်ယောက်က မျိုးဆက် တစ်ခုလုံးအား ဖိနှိပ်နိုင်သည် ဆိုခြင်းမှာ ရူးသွပ်မှုသာ ဖြစ်ပေသည်။ ယခု သူက ထိုအချက်ကို သက်သေ ပြနေသည်။ သုံးနှစ် ကြာပြီးနောက် ရီဖူရှင်းသည် မည်သည့်အဆင့်၌ ရှိမည်ကို မည်သူမှ မသိကြပေ။ သို့သော်လည်း လျူကျောင်းကား ကွန်းရှီအဆင့်သို့ တက်ရောက်ခဲ့ပြီး ဖြစ်ရာ သူသည် ရီဖူရှင်းထက် အားကောင်း ရပေမည်။
ယနေ့တွင် ရီဖူရှင်းနေထိုင်ရာ ယာယီ နန်းဆောင်သို့ လူအချို့ လာရောက် လည်ပတ်ကြသည်။ သူတို့မှာ နွေဦးပြည်နယ်၊ ယွီကလန်မှ လူများဖြစ်ကြပြီး ရီဖူရှင်း ယခင် တွေ့ဆုံခဲ့ဖူးသော ပြည်နယ်ကိုးခု ရှန့်ထိုနှင့် ရှီအဆင့်၌ ပါဝင်သော ယွီကျင့်လျူနှင့် ယွီကလန်၏ သမီးပျို ယွီလင်းရှောင် တို့လည်း လိုက်ပါ လာကြ၏။ ရီဖူရှင်းက ယွီကလန်နှင့် ကြောင်းလမ်းခြင်းကို သဘော မတူခဲ့သော်လည်း သူတို့က ကောင်းမွန်သော ဆက်ဆံရေးအား ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ ရီဖူရှင်းက သူတို့အား ကိုယ်တိုင် လက်ခံ တွေ့ဆုံပေသည်။
သူတို့က ခန်းဆောင် တစ်ခုထဲ၌ တွေ့ကြသည်။ ရီဖူရှင်းက လူတစ်ယောက်အား စေလွှတ်၍ အစားအသောက်များနှင့် သေရည်များအား စီစဉ်စေသည်။
အားလုံးက ထိုင်လိုက်ကြသည်။ ယွီလင်းရှောင်၏ မျက်လုံးများက ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ဆီသို့သာ ရောက်နေသည်။ သူမက အသာအယာ ပြုံးကာ ပြောသည် … “ဒီသုံးနှစ်မှာ အရှင်ရီနဲ့ ပတ်သက်ပြီး ကျွန်မက ဘာသတင်းမှ မရခဲ့ပါဘူး … အရှင်ရီက ပြည်နယ်ကိုးခုမှာ ဟိုဟိုဒီဒီ ပေါ်လာတဲ့ ကောလာဟလတွေတော့ ကြားရပါတယ် … ဒီကောလာဟလတွေက မှန်ပါသလား…”
“ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ အစ ပထမပိုင်းတွင် သူက ပြည်နယ်ကိုးခုသို့ သွားခဲ့ပြီး တစ်နေရာပြီး တစ်နေရာ ခရီးနှင်ပြီးမှ အဆုံးမဲ့ပင်လယ်သို့ သွားခဲ့သည်။ သူကား အမှန်ပင် နေရာစုံသို့ ရောက်ခဲ့၏။
“ဒါဆို ဒီသုံးနှစ်မှာ အရှင်ရီက အတွေ့အကြုံတွေ အများကြီး ရခဲ့မှာပေါ့…” ယွီလင်းရှောင်က ပြုံးလျက် မေးသည်။
“သိပ်အများကြီးတော့လည်း မဟုတ်ပါဘူး … ကျုပ်က အချိန်အများစုကို ကျင့်ကြံနေတာက များတယ် ဆိုတော့… ကျုပ်က အန္တရာယ်ရှိတဲ့ အခြေအနေတွေ အများကြီး ရှိခဲ့ပေမဲ့လည်း ဘေးကင်း ရန်ကင်းပဲ ကျော်ဖြတ် နိုင်ခဲ့ပါတယ်…” ရီဖူရှင်းက ပြောသည်။
ယွီလင်းရှောင်က ထပ်မေးရန် ဟန်ပြင် လိုက်သည်။
“လင်းရှောင် … မင်းက တော်တော် စပ်စုတာပဲ … မင်းက အရှင်ရီ ကိုယ်တိုင် ထိုင်ပြီး ဒီသုံးနှစ် အတွေ့အကြုံတွေ အားလုံးကို အသေးစိတ် ရှင်းလင်းပြတော့မှ ကျေနပ်မဲ့သဘော ရှိနေတယ်…” ယွီကျင့်လျူက ရယ်မောကာ ပြောသည်။
ယွီလင်းရှောင်၏ မျက်နှာက နီရဲသွား၏။ သူမက စကားပြော လောနေခဲ့သည်ကို သတိထားမိ လိုက်ကာ ရီဖူရှင်းအား မြန်ဆန်စွာပင် တောင်းပန် လိုက်သည်… “ကျွန်မက အရမ်း စပ်စုမိပြီ…”
ရီဖူရှင်း ဘာမှ မပြောရသေးမီတွင်ပင် ဟွာဂျီယူက ပြုံးလျက် ပြောသည်… “ဒီလောက်လည်း မဟုတ်ပါဘူး … မေးချင်တာရှိရင် အားမနာဘဲ မေးပါ… ကျွန်မ ယောက်ျားခရီးက ပြန်လာပြီး နောက်ပိုင်း မိန်းကလေးယွီ ဘယ်လောက် ချောကြောင်း တော်ကြောင်းတွေ မကြာမကြာ ပြောလေ့ရှိတယ်…”
ယွီကျင့်လျူနှင့် ယွီလင်းရှောင်တို့က ဟွာဂျီယူအား ကြည့်ကာ အမှန်တကယ် အံ့အားသင့် သွားကြသည်။ ယွီကျင့်လျူကား သူတို့ နှစ်ယောက်ထက် ပိုမို ရင့်ကျက်သူဖြစ်ရာ ယွီလင်းရှောင်ထက် ပိုမိုအရိပ်အကဲ နားလည်ပေသည်။ ရီဖူရှင်းဘေး၌ ထိုင်နေသော ဟွာဂျီယူကား အမှန်တကယ် နန်းထိုက်တော်ဝင်သော ပြိုင်စံရှား အလှပိုင်ရှင် ဖြစ်သည်။ သူမ ကိုယ်တိုင်မှာလည်း နန်းတော်သခင်၏ ဇနီးမယား တစ်ယောက်တွင် ရှိသင့် ရှိအပ်သော ကျက်သရေနှင့် ဂုဏ်ရည်တို့အား ပိုင်ဆိုင်ပေသည်။
ဟွာဂျီယူ၏ စကားများနောက်မှ ထူးခြား လေးနက်သော အဓိပ္ပာယ်ကို သူမည်သို့ နားမလည်ဘဲ နေမည်နည်း။
“ကျွန်မကို ချီးကျူးဖို့ မလိုပါဘူး … သခင်မ … သခင်မရှေ့မှာ ကျွန်မက မထိုက်တန်သလို ခံစားရပါတယ် … ကျွန်မက သခင်ရီရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်တွေကို လေးစား အားကျလို့သာ သူနဲ့ပတ်သက်တဲ့ ကိစ္စတွေကို အရမ်း စိတ်ဝင်တစား မေးမြန်း မိတာပါ … ကျွန်မကို အပြစ်မမြင်ပါနဲ့…” ယွီလင်းရှောင်က ခေါင်းငုံ့ကာ ပြောသည်။ သူမသည်လည်း ရှားပါး မိန်းမလှတစ်ဦး ဖြစ်သည့်တိုင် ဟွာဂျီယူ၏ ရှေ့တွင် နိမ့်ကျသလို ခံစားရ၏။
“ကျွန်မက ရှင့်ကို ဘာလို့ အပြစ်တင်ရမှာလဲ မိန်းကလေးယွီ … အခုကစပြီး ညီမက တစ်ခုခု သိချင်ရင် ကျွန်မကို တိုက်ရိုက် မေးမြန်းလို့ ရပါတယ် … ကျွန်မသိတာ အကုန်လုံးကို ပြောပါ့မယ်… ကျွန်မ ယောက်ျားကလည်း ရှင့်ရဲ့လေးစား အားကျမှုနဲ့ တကယ်တမ်း ထိုက်တန်တဲ့သူပါပဲ…” ဟွာဂျီယူက သူမအား ညီမဟုပင် ရည်ညွှန်း ပြောဆိုခဲ့သည်။
ဟွာဂျီယူ၏စကားက ယွီလင်းရှောင်၏ စိတ်နှလုံးကို ပြင်းထန်စွာ တုန်ခါစေသည်။ သူမက ဟွာဂျီယူ၏ မျက်လုံးများကိုပင် တိုက်ရိုက် မကြည့်ရဲတော့ပေ။ ဟွာဂျီယူ၏ သဘောကို သူမက မည်သို့ နားမလည်ဘဲ နေမည်နည်း။ ဟွာဂျီယူသည် ရီဖူရှင်း၏ ဇနီးဖြစ်လာခြင်းမှာ မထူးဆန်းတော့ဟု သူမတွေးသည်။ သူမကား ထူးခြား ထက်မြက်သော မိန်းမတစ်ယောက် ဖြစ်ပေ၏။
“အင်း … ကျွန်မမှာ သိချင်တာရှိခဲ့ရင် သခင်မကို သေချာပေါက် မေးပါ့မယ်…” ယွီလင်းရှောင်က တိတ်ဆိတ်စွာ ပြောသည်။
ရီဖူရှင်းက မိန်းမနှစ်ယောက်၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေသည်။ သူက အနည်းငယ်ပင် ရှက်ရွံ့သလို ခံစားရ၏။ သူ သည်နေရာတွင် ရှိနေသည်ဟုပင် မထင်ရပေ။
ဟွာဂျီယူက ဘာတွေ တွေးနေသည်း။
“အခု လက်ထပ်ပွဲ မဟာမိတ်ကိစ္စကို သခင်ရီက ဘယ်လို တွေးထင်ပါသလဲ…” ယွီကျင့်လျူက ကသိကအောက် အခြေအနေအား စကားလမ်းကြောင်း ပြောင်းကာ သက်သောင့်သက်သာ ဖြစ်စေသည်။
“ကျုပ် မပြောတတ်ဘူး…” ရီဖူရှင်းက သေရည်ခွက်အား မြှောက်ကာ တစ်ကျိုက် သောက်လိုက်သည်… “ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင် အကြားက လက်ထပ်ပွဲ မဟာမိတ်အပေါ် ကျုပ်က ဘာပြောနိုင်မှာလဲ … တစ်ခုတော့ ရှိတယ် … လျူကျောင်းက ကျောက်ပြည်ထောင်ကို သွားမလား … ကျောက်စီရီကပဲ ရှီဟွာတောင်သို့ သွားမလား သိချင်တယ်…”
“နန်းတော် သခင်ရီက ဒီကိစ္စမှာ အရမ်း တည်ငြိမ်နိုင်တာပဲ… တော်ဝင်မြေတိုင်းက ရှန့်ထိုတွေ ဒီလက်ထပ်ပွဲသို့ တက်ရောက် လာကြတယ်လို့ ကျုပ်ကြားတယ်… လျူကျောင်းနဲ့ ကျောက်စီရီက ဒီကိစ္စမှာ တကယ်တမ်း သိပ်အရေးမပါဘူး … ပိုအရေးကြီးတာက သူတို့ရဲ့ နောက်ခံ အင်အားတွေပဲ…. ဒါက သာမန် လက်ထပ်ပွဲ တစ်ခု မဟုတ်ဘူး ဆိုတာ အကုန်လုံး သိကြတယ် … အထူးသဖြင့် မြေရိုင်းပြည်နယ် အတွက် မကောင်းဘူး … နန်းတော်သခင်ရီက ဂရုစိုက်ဖို့ လိုလိမ့်မယ်…”
“ကျွန်တော် မှတ်ထားပါ့မယ် … စီနီယာ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“နောက်တစ်ခုက … ကျိရှမ်းကမ်းပါးလည်း ဟွာထျန်းမြို့သို့ လာတယ်လို့ ကြားတယ်… ကျိရှမ်းကမ်းပါးရဲ့ ခွန်ယိုက ရှီဟွာတောင်နဲ့ အထိအတွေ့ တော်တော် များနေတယ်… နန်းတော် သခင်ရီက သူ့ကို စောင့်ကြည့်ဖို့ လိုလိမ့်မယ်…” ယွီကျင့်လျူက ပြောသည်။
ရီဖူရှင်း၏ မျက်လုံးများထဲ၌ အေးစက်သော အရိပ်အငွေ့များ ယှက်သန်း သွားသည်။ မှန်သည်… ကျိရှမ်းကမ်းပါးက တစ်ကိုယ်တည်းတော့ ရပ်တည်မည် မဟုတ်ပေ။ နောက်ပိုင်း နှစ်များတွင် မြေရိုင်းပြည်နယ် တိုးတက် မြင့်မားလာခြင်းကို မလိုလားဆုံး အင်အားစုကို ပြပါဆိုလျှင် ကျိရှမ်းပါး ဖြစ်ပေမည်။ အင်အားစုနှစ်ခု အကြားမှ ရန်ငြိုးမှာ အားလုံးသိသော ကိစ္စဖြစ်သည်။ သူတို့ကသာ မြေရိုင်း ပြည်နယ်အား ဖျက်ဆီးရန် အခွင့်အရေး ရပါက နောက်တွန့် နေမည် မဟုတ်ပေ။
ရီဖူရှင်းက ထိုအချက်ကို သံသယ မဝင်ပေ။ သို့သော်လည်း ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင် တို့က သူတို့အား ပြီးပြည့်စုံသော အခွင့်အလမ်းများ ပေးနေ၏။
“ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ယွီကျင့်လျူအား ပြောသည်။
မြေရိုင်းပြည်နယ်တွင် ဖိအားများစွာ ရှိနေပေသည်။ ယခု သူကား မိုရှီအဆင့်၌ ရှိနေပြီဖြစ်ကာ တော်ဝင်ကျဲ နန်းတော်မှာလည်း ကျောက်ပြည်ထောင်ထက် အားမနည်းတော့ပေ။ အချိန်နှင့်အမျှ သူတို့မှာ ပိုမိုအားကောင်း လာရန်သာ ရှိပေသည်။ သို့သော်လည်း သူတို့က ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်အား တစ်ပြိုင်နက်တည်း ရင်ဆိုင်ရမည် ဆိုခြင်းကား အလွန် အန္တရာယ်များသော ကိစ္စဖြစ်ပေသည်။ ထို့အပြင် သူသိပ်မတွေးသော ရှန့်ထို တန်ခိုးအဆင့်လည်း ရှိနေသေးသည်။ ၅နှစ်ကျော်သောအခါ သူ ဘာလုပ်ရမည်နည်း။
လက်ရှိတွင် ကျောက်ပြည်ထောင် ဘုရင်အား ယှဉ်နိုင်သော မရှိသေးပေ။ ဆရာက သုံးနှစ်ကျော် လေ့ကျင့်ခဲ့ပြီး ဖြစ်သော်လည်း ထိုမျှလောက်က မလုံလောက်ပေ။ သူ၏ တန်ခိုးအဆင့်ဖြင့် သုံးနှစ်ကာလ လေ့ကျင့်ခြင်းက ခရီးသိပ်မတွင် နိုင်တော့ပေ။
ယွီကျင့်လျူက အတန်ကြာ စကားပြောပြီးနောက် နှုတ်ဆက်ကာ ထွက်သွားသည်။ သူက ဘာမှ မပြောခဲ့သော်လည်း ရီဖူရှင်းသာ ယွီကလန်ဖြင့် မဟာမိတ်ပြုလိုပါက သူတို့ လက်ခံမည်သာ ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက ထုတ်မပြောခဲ့ရာ သူကလည်း ဘာမှ ပြောမည် မဟုတ်ပေ။ ယွီကလန်ကား ရှေးဟောင်း တော်ဝင်မြေ တစ်ခုဖြစ်ရာ သူတို့တွင် ကိုယ်ပိုင်မာန ရှိပေသည်။
“လင်းရှောင်က ဉာဏ်ရည် ထက်မြက်ပြီးတော့ လှတယ်… နင့်ကိုလည်း သဘောကျပုံပဲ… သူမကို နင့်ဘေးမှာထားရင် သေချာပေါက် လိမ်လိမ်မာမာ နေလိမ့်မယ်…” ဟွာဂျီယူက ရီဖူရှင်းအား ပြောသည်။
“သွားရအောင်…” ရီဖူရှင်းက ဟွာဂျီယူအား ဆွဲခေါ်သည်။
“ဘယ်ကိုလဲ…” ဟွာဂျီယူက နားမလည်စွာ မေးသည်။
“မင်းယောက်ျားက မင်းကို အပြစ်ပေးဖို့လိုတယ်…”
***
မျက်လုံးတစ်မှိတ် အတွင်း၌ နှစ်ရက် ကုန်ဆုံးသွားကာ သည်နှစ်ရက်အတွင်း ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့က သူတို့အား ဘာမှ လာလုပ်ခဲ့ခြင်း မရှိခဲ့ပေ။ တတိယမြောက် နေ့၌ ဟွာထျန်းမြို့ကား လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။ မနက်ပိုင်း ကတည်းက မရေမတွက်နိုင်သော လူများမှာ ရှီဟွာတောင်ခြေ၌ လာရောက် စုစည်းနေကြ၏။
ယနေ့ ရှီဟွာတောင်၏ အတော်ဆုံး တပည့်ဖြစ်သော လျူကျောင်းမှာ ကျောက်ပြည်ထောင် မင်းသမီးကျောက်စီရီနှင့် လက်ထပ်တော့မည် ဖြစ်သည်။ ပြည်နယ်ကိုးခုမှ တော်ဝင်မြေတိုင်း သူ့အား လာရောက် ဂုဏ်ပြုကြကြောင်း ကောလာဟလများ ဖြစ်လာခဲ့သည်။ တော်ဝင်မြေများမှ ရှန့်ထိုများပင် ကိုယ်တိုင် ရောက်လာခဲ့ကြ၏။
ဤသို့သော သတင်းများက မည်သို့ မလှုပ်ခတ်ဘဲ နေမည်နည်း။ ထို့ကြောင့်ပင် လူအများအပြားက စောစီးစွာ ရောက်လာခဲ့ကြသည်။
တောင်၏ လှေကားဆင်းလမ်းတွင် လှပသော မိန်းမချောလေးများက ရပ်နေကြသည်။ တောင်ပေါ်သို့ ကောင်းကင်မှ တိုက်ရိုက် ဆင်းသက်နိုင်သူများမှာ တော်ဝင်မြေများမှ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ လေးစားမှုများဖြင့် သူတို့က တောင်ပေါ်သို့ တိုက်ရိုက် ဆင်းသက်ခြင်း မရှိဘဲ လှေကားပေါ်သို့ ဆင်းသက်ပြီးမှ တောင်ပေါ်သို့ တက်ကြသည်။
ယနေ့ ပြည်နယ်ကိုးခုမှ လူများအားလုံးမှာ ဧည့်သည်များ ဖြစ်ကြသည်။
“အဲဒါက အဆုံးမဲ့ပင်လယ်က တန်ခိုးရှင်တွေ မဟုတ်ဘူးလား …”
“ချီပြည်နယ်က တော်ဝင်မြေတွေလည်း ရောက်လာပြီ … ကြည့်လိုက် … ရှီနဲ့ရှန့်ထိုအဆင့်က နံပါတ်ငါး ရှန့်ထိုဖြစ်တဲ့ ရှန့်ထိုကျိလည်း ရောက်လာပြီ…” တစ်ယောက်က ရှန့်ထိုကျိအား ကြည့်ကာ ပြောသည်။ သူက ရှန့်ထိုကျိအား ကြည့်လျှင် ရုတ်တရက် ရှန့်ထိုကျိက နောက်ပြန် လှည့်ကြည့်ရာ သူ့အကြောင်း ပြောနေကြသူများ အားလုံးမှာ အလွန်တရ အေးစက်သော အငွေ့အသက်များအား ခံစားလိုက်ရပြီး ပါးစပ်များအား ပိတ်လိုက်ကြ၏။
သူကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၅ဖြစ်ကာ အလွန် အားကောင်း ပေသည်။
“ဗာဂျာရာဒေသ၊ အရပ် ဆယ်မျက်နှာ ဘုရားကျောင်းရဲ့ တန်ခိုးရှင်တွေလည်း ရောက်လာကြပြီ…” ကောင်းကင်ထက်မှ လူတစ်အုပ် ဆင်းသက် လာကြသည်။
“အရှေ့ဘက် ပြည်နယ်က မှန်နန်းတော်သခင်မ…” ထိုအခိုက်တွင် ကောင်းကင်၏ အရောင်ပင် မှေးမှိန် စေနိုင်စွမ်းသော မိန်းမလှတစ်ယောက် ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ ရောက်လာသည်။
“မှန်နန်းတော် သခင်မ…” အဝေးမှ အသံတစ်သံနှင့်အတူ ဓားကြီး တစ်လက်ကို စီးနင်းလာသော လူတစ်စုအား မြင်ကြရသည်။ ဓားပေါ်တွင်ကား လွတ်လပ်ပေါ့ပါးသော ဟန်ပင်ဖြင့် လူငယ်တစ်ယောက်က မှန်နန်းတော်သခင်အား ပြုံးလျက် ကြည့်နေသည်။
မှန်နန်းတော်သခင်မက ပြန်လှည့်ကြည့်လျှင် ရီဖူရှင်းအား မြင်သည်နှင့် ပြုံးလျက် ပြောသည်… “ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ … သခင်ရီ…”
“ကျုပ်က သခင်မကို မတွေ့တာ ကြပြီဆိုပေမဲ့ အခု ပြန်တွေ့တော့လည်း အရင်ကထက်တောင် ပိုလှလာတာပဲ… ကျုပ်က သခင်မရှေ့မှာ မထိုက်တန်သလို ခံစားရတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“သခင်ရီက ပြည်နယ်ကိုးခု စင်မြင့်ထက်မှာ ဒီလောက် နှိမ့်ချပြီး မနေခဲ့ပါဘူး…” မှန်နန်းတော် သခင်မက ပြုံးလျက် ပြောသည်။ သူမ၏အပြုံးကား မြင်သူတကာကို အသက်ရှူ မှားစေသည်။
အားလုံးက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်သည်။ သည်အကောင်ကား မှန်နန်းတော် သခင်မနှင့်ပင် ရပ်ကာ စကားပြောရဲသော ယုံကြည်မှုများ ရှိပေသည်။ ထို့အပြင် မှန်နန်းတော် သခင်မကလည်း သူနှင့်ရပ်ကာ စကားပြန်ပြော၏။
“ပြည်နယ်ကိုးခု စင်မြင့်ထက်မှာ ကျုပ်က တခြားလူတွေကို လက်ထပ်ပွဲ မဟာမိတ်ပြုပြီး အနိုင်ကျင့်ဖို့သာ တတ်တဲ့ ကျောက်ပြည်ထောင် ဘုရင်ကို ရင်ဆိုင်နေရတာ ဖြစ်တယ် … ပြည်နယ်ကိုးခုမှာ အလှဆုံး မိန်းမတစ်ယောက်နဲ့ သူ့ကို ဘယ်လို ယှဉ်တွဲပြီး ပြောဖို့ တန်ပါ့မလဲ…” ရီဖူရှင်းက ကျယ်လောင် ပြတ်သားစွာ ပြောသည်။
သူ၏ စကားကိုကြားလျှင် လူအများအပြားမှာ ထိတ်လန့် သွားကြသည်။ ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော် သခင်အား စိတ်ဝင်စားသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ ယခု မှန်နန်းတော် သခင်မရှေ့တွင် ရီဖူရှင်းက ကျောက်ပြည်ထောင် ဘုရင်၏သိက္ခာကို ပြောင်ပြောင်တင်းတင်း ချရဲပေသည်။
သည်အကောင်ကား အလွန်ပင် ရဲတင်းလွန်း၏။
***